← Chapters

စိတ်အားထက်သန်မှု

Vol. 81 Ch. 1236

စိတ်အားထက်သန်မှု

Vol. 81 Ch. 1236

မိုက်ကယ်နှင့် အခြားသူများက အသိပညာ ကြွယ်ဝသူများ ဖြစ်ကြရာ ရာဖယ်ရယ်က မီးလျှံနီလေး အကြောင်း ပြောသည်ကို ကြားသောအခါ အနည်းငယ် အံ့အားသင့်မိသွားသည်။

နတ်သူငယ်လေး သုံးလက်က နတ်သူငယ် မျိုးနွယ်စု၏ ရတနာများ ဖြစ်ကြသည်။ ၎င်းတို့ အားလုံးက အဆောင်ပစ္စည်း အဆင့် ဖြစ်ကြသည်။ ၎င်းတို့ကို လရောင် နတ်ဘုရားမက အသုံးပြုခဲ့သော လက်နက်များဟု ဆို၏။ လရောင်တိမ်ပင်လယ်လေးက အကောင်းဆုံး ဖြစ်ပြီး အခြားသော လေး နှစ်လက်မှာ ဆန်းကြယ်လလေးနှင့် မီးလျှံနီလေးတို့ ဖြစ်ကြသည်။

ဆန်းကြယ်လလေးက နတ်ဘုရားများ၏ တိုက်ပွဲတွင် ပြင်းထန်စွာ ပျက်စီးသွားခဲ့ပြီး ၎င်း၏ စွမ်းအားက များစွာ လျော့ကျသွားခဲ့သည်။ လွန်ခဲ့သော နှစ်၂သောင်းက နတ်သူငယ် မျိုးနွယ်စု ပုန်ကန်မှုအတွင်း နတ်သူငယ် ဘုရင် စပန်က အသူရာချောက်နက် စွမ်းအားကို ယာယီ ချိပ်ပိတ်ရန်အတွက် ဆန်းကြယ်လ လေး၏ စွမ်းအားကို အလွန်အကျွံ ထုတ်ယူရန် အသက်ကို ကြားခံအဖြစ် အသုံးပြုခဲ့၏။ ဆန်းကြယ်လလေးလည်း ၎င်း၏ စွမ်းအား အကုန်နီးပါး ဆုံးရှုံးသွား ခဲ့သည်။ ၎င်းကို သင်္ကေတတစ်ခုအဖြစ်သာ ထိန်းသိမ်းထားခဲ့၏။

ဆန်းကြယ်လလေးက တိုက်ခိုက်ရန် လရောင် စွမ်းအားကို စုစည်းနိုင်ပြီး မီးလျှံနီ လေးက မီးတောက်စွမ်းအား ပစ်နိုင်ကာ လရောင်တိမ်ပင်လယ် လေးက အစွမ်း အထက်ဆုံး ဖြစ်ပြီး ယုံကြည်မှုမြှားကို ပြောင်းလဲ၍ ပစ်နိုင်သည်။ ဆန်းကြယ်လ လေးက အမည်ခံသာ ရှိတော့ပြီး လရောင် တိမ်ပင်လယ် လေးက ခေတ်အဆက်ဆက် နတ်သူငယ် ဧကရီ၏ အမှတ်အသားအဖြစ် လက်ဆင့်ကမ်းခဲ့ကြကာ မီးလျှံနီလေးက လွန်ခဲ့သော ဆယ်စုနှစ်များစွာက ပျောက်ဆုံးသွားခဲ့သည်။ မမျှော်လင့်ဘဲ ၎င်းက အကြောက်တရား အရှင်သခင်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။

ကောင်းကင် တမန်တော် သုံးပါးနှင့် ရာဂူရယ်လ်တို့က အခြား အရာတစ်ခုကို တစ်ချိန်တည်းတွင် နားလည်သွားသည်။ နတ်သူငယ်လေး သုံးလက်ကို အသက် သွင်းဖို့အတွက် နတ်သူငယ် မျိုးနွယ်စု သွေးမျိုးဆက် စွမ်းအားကို လိုအပ်တယ်။ မသွင်မပြောင်းလဲခင်မှာ ဆိုစဘတ်ရဲ့ ပုံစံက နတ်သူငယ်တစ်ပိုင်း ဖြစ်နေတာ အသေအချာပဲ။ ဒါက သူ နတ်သူငယ် တစ်ပိုင်း အခွံကို တမင် ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းထဲက တစ်ခု ဖြစ်မယ်။

“ဒါ အရင်ကတော့ မီးလျှံနီလေးပဲ။ ဒါက မရေမတွက်နိုင်သော အသက်တွေနဲ့ ပျက်စီးခြင်းတွေနဲ့ နှစ်ခြင်း ခံထားရပြီးပြီ။ အခု ဒါကို... အသူရာချောက်နက်လေးလို့ ခေါ်လို့ရတယ်။” ဆိုစဘတ်၏ အပြုံးက ပို၍ ဆိုးယုတ်လာခဲ့သည်။ သူ၏ ဒဏ်ရာ အားလုံးက ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ သူ၏လေသံ ပေါ့ပေါ့တန်တန် ဖြစ်သော်လည်း အကြည့်မှာ လေးနက် နေခဲ့သည်။ ထိုမြှားက သေးငယ်သော ကိစ္စမဟုတ်သည်မှာ အသေအချာပင်။

မီးလျှံနီလေးပေါ်တွင် စုစည်းထားသော ပျက်စီးခြင်း စွမ်းအားသည် ပို၍ပို၍ အားကောင်းလာခဲ့သည်။ ၎င်းကို မလွှတ်ခင်မှာပင် ပတ်ဝန်းကျင်မှ နေရာလွတ်က ထိုကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား၏ စုစည်းမှု အောက်တွင် လေဟာနယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

မိုက်ကယ်နှင့် အခြားသူများတွင်လည်း သူတို့၏ တိုက်ခိုက်မှုကို စတင်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ပေ။ ဖန်တီးခြင်း စာအုပ်၏ လမ်းညွှန်မှု အောက်တွင် မဟာလင်းလက်ဓား အခင်းအကျင်း၏ စွမ်းအားက ထိပ်ဆုံးသို့ မြင့်တက်သွားခဲ့သည်။ ၎င်း၏ စွမ်းအားက ယခင်ကထက် ပို၍ပင် အားကောင်း၍ လာခဲ့သည်။ နောက်ထပ် တစ်ကြိမ် ထောင်ပေါင်းများစွာသော ပြင်းထန်သည့် ဓားအလင်းရောင်များက တစ်ခု အဖြစ်သို့ ပေါင်းစပ်သွားပြီး နှိုင်းယှဉ်၍ မရနိုင်သော ဧရာမ ဓားတစ်လက်ကို ဖွဲ့စည်းကာ ဆိုစဘတ်ထံသို့ ထိုးစိုက်သွားခဲ့သည်။ မီးလျှံနီလေး၏ စွမ်းအားနှင့် ပြောင်းပြန် ဖြစ်နေပြီး ပတ်ဝန်းကျင်မှ နေရာလွတ်တွင် အထူး ပုံပျက်ယွင်းမှု မရှိဘဲ ထိုအစား နေရာလွတ်က ဓားချီစွမ်းအင်ကြောင့် ခဲသွားခဲ့လေသည်။ လောကထဲမှ အရာအားလုံးက ထိုဓား ဖြစ်လာခဲ့သည်။

ဆိုစဘတ်က မရှောင်တိမ်းခဲ့ပေ။ သူ၏ အစိမ်းရင့်ရောင် မျက်ဆံများထဲမှ သတ်ဖြတ်ချင်စိတ် မြင့်တက်လာပြီး သူက တင်းမာနေသော လေးညှို့ကို ရုတ်တရက် လွှတ်လိုက်၏။ သွေးရောင် အလင်းစီးကြောင်းတစ်ခုက တည့်တည့် ဖြတ်သန်းသွားပြီး လမ်းတစ်လျှောက်မှ နေရာလွတ်ကို ကြေမွသွားစေသည်။

နှစ်ဖက်စလုံး၏ တိုက်ခိုက်မှုများက လျှပ်စီးကဲ့သို့ ဖြစ်နေသည်။ အဝေးမှ ကြည့်လျှင် နှင်းကဲ့သို့ ဖြူဖွေးသော ဧရာမ ဓားတစ်လက်က သွေးရောင် အလင်း စီးကြောင်းတစ်ခုနှင့် တိုက်မိသွားခဲ့သည်။ ခဲခြင်းနှင့် ကြေမွခြင်းတို့၏ ဆန့်ကျင်ဘက် အင်အားများ ရောယှက်သွားကြ၏။

နောက်ဆုံးထိတွေ့မှု အခိုက်အတန့်တွင် ကြည့်ရှုသူများက အမြင်အာရုံ ရုတ်တရက် နှေးကွေးသွားသည်ဟု ခံစားလိုက်ရသည်။

ထို့နောက် လောကကြီး တစ်ခုလုံး အပြင်းအထန်ပင် တုန်ခါသွားခဲ့သည်။ မြေပြင်နှင့် တောင်တန်းများ တုန်ခါ၍ သွားခဲ့သည်။ နေရာလွတ် ကြေမွသွား၏။ အသိစိတ်များစွာက ထိုသို့တုန်ခါမှုတွင် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။ အချိန် အတော်ကြာမှသာ တုန်ခါမှု ရပ်တန့်၍ သွားခဲ့သည်။

နောက်မှ တိုးဝင်လာသော အသူရာ ချောက်နက် စစ်တပ်သည် ခုနက ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းတွင် ပျံ ပြာမှုန့်များ အဖြစ်သို့ အငွေ့ပျံသွားခဲ့ပြီး တောင်များက မြေပြင်နှင့် တစ်တန်းတည်း ဖြစ်သွားသည်။ အကာအကွယ် အစီအရင်များဖြင့် ပြည့်နှက်နေသော သိဒ္ဓိအလင်းမြို့တော်က လုံးဝနီးပါးကို ပြိုလဲသွားခဲ့၏။ အကယ်၍ အဓိက တောင်ထိပ် ၃ခု၏ ဖျော့တော့သော အစီအရင် စွမ်းအားသာ သိဒ္ဓိအလင်း မြို့တော်နှင့် ချိတ်ဆက်၍ မထားခဲ့ပါက သိဒ္ဓိအလင်းမြို့တော် တစ်ခုလုံး ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲ၍ သွားလောက်ပြီ ဖြစ်သည်။

ဟိန်းသံတစ်ခုက သိဒ္ဓိအလင်းမြို့တော် အနောက်မှ ထွက်ပေါ်လာခဲ့သည်။ သိဒ္ဓိ ကျောင်းတော်၏ အမြင့်ဆုံး သင်္ကေတ၊ သိဒ္ဓိအလင်းတောင်က ထက်ဝက်ခန့်ပင် အမှန်တကယ် ပြိုကျသွားခဲ့လေသည်။

အသူရာချောက်နက်၏ စီးကြောင်းက အဆုံးမဲ့ ဖြစ်သည်။ ခဏအကြာ သူတို့က နောက်တစ်ကြိမ် ပျံ့နှံ့လာပြန်သည်။ ဆန့်ကျင်ဘက်အားဖြင့် သိဒ္ဓိအလင်း မြို့တော် ဘက်ခြမ်းတွင် သူတို့က ကြီးမားသော သေဆုံး ထိခိုက်မှုများကို ခံစားရရုံသာမက အရေးအကြီးဆုံး‌သော အတားအဆီးပင်လျှင် ပျက်စီးသွားခဲ့သည်။ အခြေအနေမှာ ဆိုးရွားနေ၏။

လေထဲတွင် နှစ်ဖက်လုံးက တစ်ယောက်ကိုတစ်ယောက် အဝေးမှ ရင်ဆိုင်နေကြဆဲ ဖြစ်သည်။

ဆိုစဘတ်က မီးလျှံနီလေးကို ဖြည်းညှင်းစွာ ချလိုက်သည်။ ထိုသို့သော လှုပ်ရှားမှုကြောင့် သက်ရောက်မှု ရှိသဖြင့် ဆိုစဘတ်၏ ခန္ဓာကိုယ် ပတ်လည်မှ ပြင်ပအရိုးစု သံချပ်ကာတွင် အက်ကြောင်း များစွာ ပေါ်လာခဲ့ပြီး သူ၏ မျက်နှာနှင့် ကိုယ်ပေါ်တွင် အစိမ်းရင့်ရောင် သွေးများ စီးထွက်နေသော ရေတွက်၍ မရနိုင်သည့် ဒဏ်ရာငယ်များ ရှိနေခဲ့သည်။

ဆိုစဘတ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်သွားခဲ့လေသည်။ မျက်နှာချင်းဆိုင်မှ မဟာလင်းလက်ဓား အခင်းအကျင်း၏ သလင်းကျောက်က တုန်ခါသွားပြီး ရေတွက်၍ မရနိုင်သော သလင်းကျောက်မှုန့်များ အဖြစ် ပြောင်းလဲ သွားကာ အစအနမကျန် ပျောက်ကွယ်၍ သွားခဲ့သည်။

မဟာလင်းလက်ဓား အခင်းအကျင်း ကြေမွသွားလေပြီ...

မိုက်ကယ်၊ ဂေဘရီရယ်နှင့် ရာဖယ်ရယ်တို့ လေထဲမှ တန်းတန်း မတ်မတ် ပြုတ်ကျလာခဲ့သည်။ သူတို့၏ အငွေ့အသက်သည် အနိမ့်ဆုံး အမှတ်သို့ ကျဆင်းသွားပြီး တိုက်ခိုက်ရေး စွမ်းအား အကုန်လုံး ဆုံးရှုံးသွား ခဲ့သည်။ သူတို့ သုံးဦးလုံး၏ အမူအရာနှင့် အကြည့်များ မျှော်လင့်ချက်မဲ့နေပုံရသည်။ သူတို့ လေးဦး၏ စွမ်းအားကို ပေါင်းစပ်ထားသော မဟာလင်းလက်ဓား အခင်းအကျင်းက ဆိုစဘတ်၏ မြှားတစ်စင်းတည်းဖြင့် ရှုံးနိမ့်သွားခဲ့ရလေသည်။

ကောင်းကင် တမန်တော် သုံးပါးလို မပြုတ်ကျဘဲ မဟာလင်းလက်ဓား အခင်းအကျင်း ပြိုလဲသွားပြီးနောက်တွင် ရာဂူရယ်လ်က လွင့်စင်သွားခဲ့သည်။ သူက မီးလျှံနီလေး၏ ကြီးမားလှသော စွမ်းအားကြောင့် တန်ပြန်၍ ခံလိုက်ရပုံ ရသော်လည်း အမှန်တကယ်တွင် သူက ထိုသို့ အန္တရာယ်များသော စစ်မြေပြင်မှ လွတ်မြောက်ရန် ကြိုးပမ်းလျက် တန်ပြန် ကန်အားကို အသုံးချကာ ပျံသန်း ထွက်ခွာသွားခြင်း ဖြစ်သည်။

ဆိုစဘတ်က မြေပေါ်မှ ကောင်းကင်တမန်တော် သုံးပါးကို ကြည့်လိုက်ပြီး သူတို့ကို ချက်ချင်း မသတ်ဖြတ်ခဲ့ပေ။ ထိုအစား သူက လက်ခနဲ ဖြစ်သွားပြီး ရာဂူရယ်လ် အနောက်သို့ လိုက်ပါသွားခဲ့သည်။ ခုနက မဟာလင်းလက်ဓား အခင်းအကျင်းဆီက ခုတ်ချက်က သာမန် မဟုတ်ဘူး။ အဲဒါက ငါ့ရဲ့မြှားနဲ့ သွေဖယ်ခံလိုက်ရရင်တောင်မှ ဒါက ငါ့ကို ခြိမ်းခြောက်မှု တစ်ခု ခံစားရစေတယ်။ အဲဒီအထဲမှာ နောက်ထပ် အဓိ အချက် တစ်ချက် ရှိနေသေးတယ်။ အဲဒါကတော့ မဟာလင်းလက်ဓား အခင်းအကျင်းက မပြည့်စုံတာပဲ။ အကယ်၍ အဲဒါက အကောင်းဆုံးအဆင့် ဓားအခင်းအကျင်း ဖြစ်ခဲ့ရင် မီးလျှံနီလေး ရှိရင်တောင်မှ ဘယ်သူနိုင်မလဲ ပြောဖို့ ခက်တယ်။

အခု ကောင်းကင်တမန်တော် သုံးပါးက အပြင်းအထန် ဒဏ်ရာရထားပြီးတော့ တိုက်ခိုက်ရေး စွမ်းအား ဆုံးရှုံးသွားပြီ ဆိုတော့ ဘာမှကြောက်စရာ မရှိတော့ဘူး။ ဒီရာဂူရယ်လ်က မဟာလင်းလက်ဓား အခင်းအကျင်းရဲ့ အဓိက ဗဟိုချက် ဖြစ်နေတာ အသေအချာပဲ။ အဲဒါကြောင့် အနာဂတ် ဒုက္ခတွေကို ရှောင်ရှားဖို့ သူ့ကို အရင်ဆုံး ရှင်းပစ်ရမယ်။

ရာဂူရယ်လ် ထွက်ပြေးနေစဉ် အပြာရောင် အလင်းတစ်ခု သူ၏ဘေးတွင် ပေါ်လာခဲ့သည်။ သူက နေရာလွတ် တံခါးထဲသို့ ဝင်ရောက်နှင့်ပြီး ဖြစ်သည်။ မူလ သိဒ္ဓိအလင်းတောင် အစီအရင်က အလွန်အမင်း အားကောင်းသောကြောင့် သာမန် နေရာလွတ် တံခါးများကို လုံးဝ ဖွင့်၍ မရနိုင်သော်လည်း ခုနက လောက တုန်ခါစေသော ထိုးနှက်မှုကြောင့် အစီအရင်၏ စွမ်းအား အတော်လေးကို လျော့ကျသွားခဲ့သည်။ ရာဂူရယ်လ်၏ ထွက်ပြေးရာလမ်းကြောင်းက အစီအရင် အားအနည်းဆုံး နေရာ ဖြစ်သည်။

ရုတ်တရက် ရာဂူရယ်လ်က သူ၏ ပတ်လည်မှ နေရာလွတ် ခဲသွားသည်ကို ခံစားမိလိုက်ရပြီး သူ့ကိုယ်တစ်ခုလုံးသည် အားကောင်းသော စွမ်းအား တစ်ခုကြောင့် နောက်သို့ ဆွဲယူခြင်း ခံလိုက်ရသည်။ သူက နေရာလွတ် တံခါးမှ သိဒ္ဓိအလင်း တောင်သို့ အမှန်တကယ် ပြန်ရောက် လာခဲ့သည်။

ရာဂူရယ်လ် အလွန် တုန်လှုပ်သွားပြီး နောက်မှ ကြောက်မက်ဖွယ် အကောင်းဆုံး အသံကို ကြားလိုက်လေရသည်။ “မင်း မလွတ်မြောက်နိုင်ဘူး။”

ရာဂူရယ်လ်က ကြောက်လန့်တကြား နောက်လှည့် ကြည့်လိုက်ရာ ဆိုစဘတ် သူ၏ အနောက်တွင် ရှိနေသည်ကိုသာ တွေ့လိုက်ရသည်။ သူ၏ မျက်နှာက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီ ဖြစ်ကာ ချပ်ကာမှ အက်ကွဲကြောင်းများကလည်း အလိုအလျောက် ကုစားသွားခဲ့လေပြီ။ သူ မည်သည့် စစ်မှန်သော ထိခိုက်မှုကိုမျှ မခံစားခဲ့ရသည်မှာ အသေအချာပင်။

“မဟာလင်းလက်ဓား အခင်းအကျင်းရဲ့ အဓိက ဗဟိုချက်ချက် အနေနဲ့ မင်းမှာ စွမ်းအား အများကြီး ကျန်နေသေးတာပဲ။ မင်းက ထွက်ပြေးဖို့ အရင်ကတည်းက စီစဉ်ထားတာကိုး။ တကယ်လို့ မင်းက အစွမ်းကုန်ထုတ်သုံးခဲ့ရင် ငါ့ကို စွမ်းအင် နည်းနည်း ပိုကုန်အောင် လုပ်နိုင်မှာ။”

“ကျုပ်က...” ဆိုစဘတ်၏ ဆိုးယုတ်သော အပြုံးက ရာဂူရယ်လ်ကို ချွေးအေးများ ထွက်လာစေခဲ့သည်။ သူ အလျင်အမြန် စဉ်းစားပြီး အလျင်စလို ပြောလိုက်သည်။ “ကျုပ် ဆာ့ဆီမှာ လက်နက်ချပြီး အသူရာချောက်နက်ရဲ့ လက်အောက်ငယ်သား ဖြစ်လာပါ့တယ်။”

ထိုအချိန်တွင် ရာဂူရယ်လ်က သူ၏ အသက်ကို ကယ်တင်ရန် မည်သည့် အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။

“အိုး...” ဆိုစဘတ်က ရာဂူရယ်လ်ကို ကစားစရာသဖွယ် ကြည့်ပြီး ခေါင်းညိတ် လိုက်သည်။ “ဟုတ်သား။ ငါ အစတုန်းက ဒီလိုမျိုး ပြောခဲ့ပုံတဲ့ပုံပဲ။ ကောင်းပြီ။ ငါ မင်း အညံ့ခံတာကို လက်ခံတယ်...”

ရာဂူရယ်လ် သက်ပြင်းချလိုက်သည်။ သူ စကားပြောတော့မည် ပြင်လိုက်စဉ် ရုတ်တရက် သတိပေးချက် တစ်ခု ခံစားလိုက်ရသည်။ သူက ရှောင်တိမ်းရန် အချိန်မရခင်မှာပင် လည်ပင်း တင်းကျပ် လာသည်ကို ခံစားလိုက်ရသည်။ သူ၏ လည်ပင်းက ဆိုစဘတ်၏ လက်သည်းကြောင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခြင်း ခံလိုက်ရပြီ ဖြစ်သည်။

“ဆာ။ ကျုပ်ကို ခွင့်လွှတ်ပါ၊ ကျုပ် စိတ်ရင်းအမှန်နဲ့ အညံ့ခံပါတယ်။” ရာဂူရယ်လ်က လန့်သွားပြီး အလျင်စလို ရှင်းပြလိုက်သည်။

“အဲဒီတော့ ဘာဖြစ်လဲ။” ဆိုစဘတ်၏ လက်သည်းက တဖြည်းဖြည်း တင်းကျပ် လာခဲ့သည်။

ရာဂူရယ်လ်က သေခြင်းတရား၏ ခြိမ်းခြောက်မှုကို သေချာ ခံစားမိသဖြင့် ထိတ်လန့် သွားခဲ့သည်။ သူ ရုန်းကန်ပြီး ပြောလိုက်သည်။ “ဆာ ခုနက ပြောခဲ့တယ် မဟုတ်လား...”

“အဲဒါက တိုက်ပွဲမတိုင်ခင်တုန်းကလေ။ အခုက အချိန် ကုန်သွားပြီ။” ဆိုစဘတ်၏ အပြုံးက ပို၍ပို၍ ရက်စက်လာခဲ့သည်။ သူ အင်အားသုံးလိုက်သည်နှင့် ရာဂူရယ်လ်၏ အကာအကွယ် တိုင်းပြည် စွမ်းအားက ချက်ချင်းကြေမွသွားခဲ့သည်။ သူ အသနား မခံနိုင်ခင်မှာပင် ခန္ဓာကိုယ်က အပိုင်းပိုင်း အစစများအဖြစ် ပေါက်ကွဲသွားခဲ့၏။

ဆိုစဘတ် ရာဂူရယ်လ် အနောက်သို့ လိုက်နေစဉ် ဂေဘရီရယ်က သိဒ္ဓိတေးသံ ဓားဖြင့် ခန္ဓာကိုယ်ကို ထောက်ထားလျက် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏ ငွေရောင်အတောင်ပံ တစ်ဝက် ကျိုးပဲ့သွားခဲ့ပြီ ဖြစ်ကာ သွေးများဖြင့် စိုရွှဲနေခဲ့၏။ သူ စိတ်ပိုင်းဖြတ်လိုက်သည့် အသက်ကို ပြင်းပြင်း ရှူလိုက်သည်။ ဖျော့တော့သော အဖြူရောင်အလင်းတစ်ခု သူ၏ လက်ထဲတွင် ပေါ်လာခဲ့လေသည်။ ဖန်တီးခြင်း ဇစ်မြစ် အငွေ့အသက်ပင်။

“မိုက်ကယ်၊ ရာဖယ်ရယ်။ ရှင်တို့ရဲ့ ဖန်တီးခြင်း ကိုယ်ထည်ကို ဖန်တီးခြင်း စာအုပ်နဲ့ ပေါင်းစပ်လိုက်။”

မိုက်ကယ်လည်း မတ်တပ်ရပ်လိုက်၏။ ဂေဘရီရယ်၏ စကားများကို ကြားရာ သူ ရုတ်တရက် နားလည်သွားသည်။ “မင်း ... အဲဒါကို လုပ်ချင်တာလား။”

“သုံးယောက် သေတာထက် တစ်ယောက် သေတာ ပိုကောင်းတယ်။” ဂေဘရီရယ်၏ ငွေ-နီ မျက်ဆံများက ပြတ်သားသော အလင်းရောင်ကို ပြသခဲ့ပြီး သူ တည်ငြိမ်စွာ ပြောလိုက်သည်။

၎င်းက တည်ငြိမ်သော ဆုံးဖြတ်ချက် တစ်ခုကို သယ်ဆောင်ထား၏။

ရာဖယ်ရယ်က အပြင်းအထန်ပင် အသက်ရှူမဝ ဖြစ်နေသော်လည်း ၎င်းကို ကြားရာ တုန်လှုပ်သွားခဲ့သည်။

“ငါတို့ သုံးယောက်က နတ်ဘုရား တိုက်ပွဲ နှစ်ခုကနေ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ ဒီနေ့ရက်လိုမျိုး ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။” မိုက်ကယ်က ဝမ်းနည်းဖွယ် အပြုံး တစ်ခုဖြင့် ပြောလိုက်သည်။ တူညီသော အဖြူရောင်အလင်းက သူ၏လက်ထဲတွင် ပေါ်လာခဲ့သော်လည်း ၎င်းကို ဂေဘရီရယ် ထံသို့ လက်ကမ်းမပေးခဲ့ပေ။ “တကယ်လို့ တစ်ယောက်ယောက်က လုပ်ရမယ်ဆိုရင် အဲဒါက ထိပ်တန်း ကောင်းကင်တမန် ဖြစ်တဲ့ ငါပဲ ဖြစ်သင့်တယ်။”

“ရှင် ကျွန်မနဲ့ ငြင်းခုံနေစရာ မလိုဘူး။ ဘာလို့လဲဆို ဒါက ကျွန်မရဲ့ ရွေးချယ်မှု မို့လို့ပဲ။” ဂေဘရီရယ်က ရွေးချယ်မှု ဟူသော စကားလုံးကို ပြောလိုက်ချိန် အခြားအရိပ်တစ်ခုက သူ၏စိတ်ထဲတွင် ထပ်ဆင့်နေပုံရသည်။ သူ၏သွေးစွန်းသော မျက်နှာက ပိုမို တည်ငြိမ်အေးချမ်းလာ၏။ “ပြီးတော့ ရှင်က ကျွန်မနဲ့ မတူဘူး။ ရှင့်မှာ တွယ်တာမှုတွေ ရှိနေသေးတယ်။ ဒါပေမဲ့ ကျွန်မက...”

“တီဇန်နီယာ...” ရာဖယ်ရယ်က သူ၏ လက်သီးများကို ဆုပ်ကိုင်ပြီး အသားထဲသို့ နစ်ဝင်သွားသော လက်သည်းများကြောင့် သွေးထွက်နေပြီဖြစ်သည်။

“ကျွန်မကို ဂေဘရီရယ်လို့ခေါ်ပါ။” ဂေဘရီရယ်က ရာဖယ်ရယ်ကို ကြည့်လိုက်သည်။ “အသက်ဆက်ရှင်ပါ။”

ရာဖယ်ရယ်၏ ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ခါ၍ သွားခဲ့သည်။ သူ တစ်စုံတစ်ခု ပြောချင်သော်လည်း ပြောမထွက်ခဲ့ပေ။ သူက ဂေဘရီရယ်ဘေးသို့ တစ်လှမ်းချင်းစီ လျှောက်သွားခဲ့ပြီး အဖြူရောင် အလင်း အလုံးတစ်ခုက သူ၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ ဖန်တီးခြင်း ကိုယ်ထည်၏ သုံးပုံ တစ်ပုံနှင့် ဖန်တီးခြင်း စာအုပ်၏ စာမျက်နှာ တစ်မျက်နှာ ဖြစ်သည်။ ဇစ်မြစ် တူကသော အဖြူရောင် အလင်းအစုအဝေး နှစ်ခုက အလျင်အမြန် ပေါင်းစပ်သွားခဲ့သည်။

ထိုသို့အခိုက်အတန့်တွင် ရာဖယ်ရယ်၏ လက် လှုပ်ရှားသွားခဲ့၏။ သူ၏ ဓားကဲ့သို့ လက်ဖဝါးက ဂေဘရီရယ်၏ လည်ပင်း နောက်ဘက်ကို အပြင်းအထန် ရိုက်ချ လိုက်သည်။

ဂေဘရီရယ်က ရာဖယ်ရယ် ထိုအချိန် သူ့ကို တိုက်ခိုက်လိမ့်မည်ဟု လုံးဝကို မတွေးခဲ့ဖူးပေ။ သူက အပြင်းအထန် ဒဏ်ရာရနေပြီး သူ၏ အကာအကွယ်မှာ အားအနည်းဆုံးဖြစ်ရာ သူ ချက်ချင်းပင် သတိလစ်သွားခဲ့သည်။

ရာဖယ်ရယ်က ဂေဘရီရယ်၏ ပျော့ခွေနေသော ခန္ဓာကိုယ်ကို ပွေ့ပြီး သူက ပေါင်းစပ်ထားသော ဖန်တီးခြင်း စာအုပ်ကို အခြားလက်ဖြင့် ထိန်းချုပ်ကာ အော်ပြောလိုက်သည်။ “မိုက်ကယ်...”

ခုနက ပြောင်းလဲမှုမှာ မိုက်ကယ် မျှော်လင့် ထားသည်များကို လုံးဝပင် ကျော်လွန်နေခဲ့သည်။ သူ့ကို တားဆီးရန် အလွန် နောက်ကျသွားပြီ ဖြစ်သည်။ သူက တအံ့တသြနှင့် ပြောသည်။ “ရာဖယ်ရယ်။ မင်း...”

ရာဖယ်ရယ်က ခေါင်းခါလိုက်သည်။ “ငါတို့မှာ အချိန် မရှိတော့ဘူး။ တကယ်လို့ ငါတို့ နည်းနည်း ထပ်ပြီးတုံ့ဆိုင်းနေရင် လက်စားချေမယ့် လူတောင် ရှိတော့မှာ မဟုတ်ဘူး။”

မိုက်ကယ်က သတိလစ်နေသော ဂေဘရီရယ်ကို ပွေ့ချီလိုက်ပြီးနောက် သူက ရာဖယ်ရယ်ကို ပထမဆုံးအကြိမ် သိကျွမ်းခဲ့သည့်အလား နက်ရှိုင်းစွာဖြင့် ကြည့်လိုက်သည်။ ထို့နောက်တွင် သူက ဖန်တီးခြင်း ကိုယ်ထည်နှင့် ဖန်တီးခြင်း စာအုပ်ကို ရာဖယ်ရယ်၏ လက်ထဲသို့ ပေါင်းစပ်ပေးလိုက်၏။

ရာဖယ်ရယ်က မိုက်ကယ်၏ လက်ထဲမှ ဂေဘရီရယ်ကို ကြည့်နေပြီး မသိရသော အလင်းရောင်တစ်ခု သူ၏ အကြည့်တွင် လက်ခနဲ ဖြစ်သွားသည်။ “သွားတော့...”

မိုက်ကယ် မတွန့်ဆုတ်ခဲ့ပေ။ သူ၏ နောက်ကျောမှ ရွှေရောင် အတောင်ပံများ လောင်ကျွမ်းသွားပြီး ဂေဘရီရယ်ကို သယ်ဆောင်ရင်း အဖြူရောင် အလင်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သူက စွမ်းအားအကုန်ဖြင့် နောက်သို့ ပျံသန်းသွားခဲ့သည်။

ထိုသို့သော လျင်မြန်သည့် အရှိန်ဖြင့် အချို့သော ပုံပျက်ယွင်းမှု နေရာလွတ်တွင် ဖြစ်ပွားခဲ့သည်။ မိုက်ကယ်၏ ပုံရိပ်လည်း ပုံပျက်ပြီး စတင်၍ မှုန်ဝါးလာခဲ့သည်။

ရာဂူရယ်လ်ကို သတ်ဖြတ်လိုက်ရုံ ရှိသေးသော ဆိုစဘတ်က နေရာလွတ် ပြောင်းလဲမှုကို ချက်ချင်းပင် အာရုံခံမိ လိုက်သည်။ သူက ကောင်းကင်တမန် သုံးပါး ထွက်ပြေးခြင်းကို အံ့ဩခြင်း မရှိခဲ့ပေ။ သူက လှောင်ရယ်လိုက်၏။ “ငါ့ရဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အောက်မှာ ထွက်ပြေးချင်တုန်းပဲလား။”

မိုက်ကယ်နှင့် အခြားသူများ၏ စွမ်းအားဖြင့် ဒဏ်ရာမရလျှင်ပင် ဖမ်းမိရန် သေချာနေဆဲ ဖြစ်သည်။ လက်ရှိ အခြေအနေနှင့်မူ ပြောစရာ မလိုတော့ပေ။ ရာဂူရယ်လ်က အကောင်းဆုံး ဥပမာပင်။

ဆိုစဘတ် အမီလိုက်တော့မည့် အချိန် ရုတ်တရက် စိတ်ထဲတွင် အလွန်အမင်း အန္တရာယ်ရှိသော ခံစားချက် တစ်ခုကို အာရုံခံမိလိုက်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအား တစ်ခုဖြင့် အသေမှတ် ခံထားရသလို ခံစားလိုက် ရသည်။ သူက မဆင်မခြင် လှုပ်ရှား လိုက်သည်နှင့် သူပင် ကြောက်ရွံ့သော ထိုစွမ်းအား လုံးဝ ပေါက်ကွဲသွားမည် ဖြစ်သည်။

ထိုခံစားချက် ဇစ်မြစ်မှာ မြေပြင်ပေါ်မှ အဖြူရောင် အလင်းဖြင့် တောက်ပ နေသော ပုံရိပ်ပင်။

ရာဖယ်ရယ် ဖြစ်၏။

“မင်းက ဖန်တီးခြင်း စာအုပ်နဲ့ သိဒ္ဓိအလင်းတောင် တစ်ခုလုံးကို မင်းရဲ့ အသက်စွမ်းအားနဲ့ ပေါင်းလိုက်တယ်လား...” ရာဖယ်ရယ်၏ ရည်ရွယ်ချက်ကို အာရုံခံမိပြီးနောက်တွင် ဆိုစဘတ်က စဉ်းစားမနေဘဲ သွေးရောင် အလင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ရာဖယ်ရယ်ထံသို့ ပြေးဝင်သွားခဲ့သည်။

“ငါက ဖိုက်သွန်ကို အဓိပ္ပာယ် မရှိတဲ့ ခံစားချက်တွေနဲ့ ချည်နှောင်ခံထားရတယ် ဆိုပြီး ရယ်မောခဲ့ဖူးတယ်။” ရာဖယ်ရယ်က ဆိုစဘတ်ကို မကြည့်ဘဲ သူ့ကိုယ်သူ တိုးတိုး ပြောလိုက်၏။ “တကယ်တော့ အဲဒါက ငါ တကယ်တမ်း တောင့်တနေတဲ့ အရာပဲ...”

စကားမဆုံးခင်ပင် သူက အဖြူရောင် ဇစ်မြစ် အလင်း အဖြစ်သို့ လုံးဝကို ပြောင်းလဲသွားပြီး ကမ်းပါးဖြူတစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားတော့သည်။

All Chapters