တောက်ပမှု
Vol. 81 Ch. 1238
ကြည်လင်သော ကောင်းကင်အောက် စစ်သည်တော်အဖွဲ့က ကြမ်းတမ်းသော တောင်ပေါ်လမ်းတစ်လျှောက် မြင်းများကို ဦးဆောင်လျက် ရှိနေကြလေသည်။ ထိုစစ်သည်တော်များသည် တူညီသော အဖြူရောင် အလင်းချပ်ကာ ဝတ်ထားပြီး ရင်ဘတ်ပြားပေါ် သိဒ္ဓိကျောင်းတော်၏ သီးသန့်အမှတ်အသားတစ်ခု ရှိနေသည်။ သူတို့က ကျက်သရေဆောင် စစ်သည်တော်များ ဖြစ်ကြသည်မှာ အသေအချာပင်။
ကျက်သရေဆောင် စစ်သည်တော်မှာ တစ်ချိန်က လူသားလောကတွင် လေးစားစရာ အကောင်းဆုံး စစ်သည်တော် ဖြစ်ခဲ့သည်။ သူတို့တွင် မရေမတွက်နိုင်သော ဂုဏ်ကျက်သရေနှင့် ရောင်လျှံများ ရှိခဲ့သော်လည်း ယခု သူတို့ ယိုယွင်းပျက်စီးနေပြီ ဖြစ်သည်။
သိဒ္ဓိကျောင်းတော် တည်ထောင်ပြီး ကတည်းက ရေတွက်၍ မရနိုင်သော ဆုတ်ယုတ်မှုများနှင့် ကပ်ဘေးများကို ကြုံတွေ့ခဲ့ရသော်လည်း အမြဲတမ်းပင် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့သည်။ သို့သော် ယခုတစ်ကြိမ် ကမ်းပါးဖြူ တိုက်ပွဲတွင် ကောင်းကင်တမန်များမှ ပုပ်ရဟန်းမင်းနှင့် ကျောင်းတော်အထိ အားလုံး အာဇာနည် ဖြစ်သွားခဲ့ကြသည်။ ၎င်းမှာ ကျောင်းတော် တစ်ခုလုံး၏ ဗဟိုချက် ဖျက်ဆီးခံရခြင်းနှင့် ညီမျှပေသည်။ ဝိညာဉ် ဖျက်ဆီးခြင်း ခံထားရသော်လည်း အသွေးအသား ရှိနေသေးသော လူတစ်ယောက် ကဲ့သို့ပင်။ သူတို့က လမ်းလျှောက်နေသော အလောင်းများကဲ့သို့ ဖြစ်နေကြသည်။
ထိုဝိညာဉ်ကို ဆုံးရှုံးပြီးနောက်တွင် ကျက်သရေဆောင် စစ်သည်တော်၏ ဂုဏ်ကျက်သရေ မတည်ရှိတော့ပေ။
စစ်သည်တော်ခေါင်းဆောင်က မျက်နှာမှ ချွေးများကို သုတ်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “မြန်မြန်လုပ်ကြ။ တောင်ကို ကျော်ပြီးရင် ဆိပ်ကမ်းကို မြင်ရပြီ။ ဧကရာဇ် ပါလ်ဂရီစ် ငါတို့အတွက် ပြင်ဆင် ပေးထားတဲ့ သင်္ဘော တစ်စင်း ရှိနေတယ်...”
“ဧကရာဇ် ပါလ်ဂရီစ်က တယ်လီပို့ လမ်းကြောင်းအတွက် အချိန်ကို ကြိုတင် မှာယူဖို့ ပိုက်ဆံအများကြီး သုံးခဲ့တယ်။ ဒါပေမဲ့ ငါတို့မှာ အချိန်ပို မရှိနေဘူး။ ဘာလို့လဲဆို ၃ရက်အတွင်း အရှေ့ဘက်က တယ်လီပို့ လမ်းကြောင်းတွေ အားလုံး အလုပ်လုပ်တော့မှာ မဟုတ်လို့ပဲ။ တကယ်လို့ မင်းတို့တွေ အသက်ရှင်ချင်ရင် လိုက်ခဲ့ကြ...”
ထိုစကားများက စစ်သည်တော်များကို အနည်းငယ် အရှိန်မြှင့်တင်ပေးလိုက်၏။ – တယ်လီပို့လမ်းကြောင်းက အနောက်ဘက် တိုက်သို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။ ၎င်းကို ပိတ်လိုက် သည်နှင့် သူတို့က ပင်လယ်လမ်းမှသာ သွားနိုင်သည်။ လက်ရှိ အခြေအနေအရ ပင်လယ်ဖြူက အနောက်ဘက် တိုက်၏ လူသား မဟာမိတ် စစ်တပ်ကြောင့် အလွှာလိုက် ပိတ်ဆို့ထားခြင်း ခံရသည်။ သင်္ဘော ရနိုင်သည်ဖြစ်စေ၊ မရရှိနိုင်သည် ဖြစ်စေ ထားဦး။ ရလျှင်ပင် ပင်လယ်ဖြူကို အသက်ရှင်လျက် ဖြတ်ကူးရန် မဖြစ်နိုင်။ ထိုမှော်လွင့်ပျံမိုင်းကွင်းများနှင့် အကာအကွယ် အခင်းအကျင်းများကပင် သူတို့ အားလုံးကို သတ်ဖြတ်ရန် လုံလောက်၏။
အရုဏ်ဦးဟု အမည်ရသော ထိုကျက်သရေဆောင် စစ်သည်တော် ဗိုလ်ခြေသည် မူလက ကြယ်အလင်း အင်ပါယာနှင့် ကပ်လျက် အရှေ့ဘက်ရှိ နိုင်ငံတစ်ခုဖြစ်သော တူရေး အင်ပါယာမှ ဗိုလ်ခြေ ဖြစ်သည်။ သူတို့က နှစ်ပေါင်း များစွာ သိဒ္ဓိကျောင်းတော်ကို ကျေနပ် စေရန် ကြိုးစားနေခဲ့ကြသည်။ နယ်မြေက အလယ်အလတ် အရွယ်သာ ရှိသော်လည်း သိဒ္ဓိကျောင်းတော်၏ ပံ့ပိုး မှုစာရင်းတွင် လူသား တိုင်းပြည်တစ်ခုလုံး၏ ထိပ်တန်း ငါးခုအဝင် ဖြစ်သည်။ အင်ပါယာတွင် တပ်စွဲထားသော ကျက်သရေဆောင် စစ်သည်တော် အရေအတွက်မှာ သာမန် တိုင်းပြည်များထက် အဆများစွာ ရှိသည်။
အမှန်တကယ်မှာ တပ်မှူး ပြောခဲ့သော ဧကရာဇ် ပါလ်ဂရီစ်က တူရေး အင်ပါယာ ဘုရင် ဖြစ်သည်။ ကျက်သရေပြာ အင်ပါယာနှင့် အခြားသော အင်ပါယာများ အသူရာချောက်နက်ကြောင့် ရှင်းလင်းခြင်း ခံရပြီးနောက်တွင် တူရေး အင်ပါယာ အပါအဝင် တိုင်းပြည်များက ကြီးမားသော အသက်အန္တရာယ်များ ရင်ဆိုင်နေရသည်။ ပါလ်ဂရီစ်က တိုင်းပြည်မှ ရွှေ့ပြောင်းရန် စစ်သည်တော် ဗိုလ်ခြေ၏ ကောင်းချီးကို ရရှိရန် ရေဖြန်းဘုန်းတော်ကြီး သုံးပါးထဲမှ တစ်ဦးဖြစ်သော ရော်ဂျာကို ကြီးမားသော တန်ဖိုးတစ်ခု ပေးခဲ့ရသည်။
သို့သော်လည်း ရွှေ့ပြောင်းနေစဉ်တွင် ကျက်သရေဆောင် စစ်သည်တော် ဗိုလ်ခြေက ကမ်းပါးဖြူ လုံးဝ ဖျက်ဆီးခြင်း ခံလိုက်ရသည့် အံ့ဩဖွယ်ရာ သတင်းကို ရုတ်တရက် ရရှိခဲ့၏။ ကျက်သရေဆောင် စစ်သည်တော်များက လုံးဝ လမ်းပျောက် သွားခဲ့သည်။
ပါလ်ဂရီစ်လည်း ကောက်ကျစ်သူ တစ်ဦး ဖြစ်သည်။ သူက ထိုအခွင့်အရေးကို ချက်ချင်းဆုပ်ကိုင်လိုက်ပြီး လက်နက်ကိုင် အင်အားစုကို သူ၏ လက်ထဲ သိမ်းယူရန် အခွင့်အရေးယူလိုပြီး အရုဏ်ဦး ဗိုလ်ခြေ၏ ဗိုလ်ခြေမှူး ဒန်ကန်ကို ခေါ်ယူခဲ့သည်။
အသူရာချောက်နက် စစ်တပ်က တူရေး အင်ပါယာကို ကျူးကျော် ဝင်ရောက် လာခဲ့သည်။ အင်ပါယာ ပျက်စီးသွားရန် အချိန်တစ်ခုသာ လိုတော့သည်။ ဘုရင် ဖြစ်သော သူက အရာအားလုံးကို ဆုံးရှုံး သွားလိမ့်မည်။ သို့သော် လက်ထဲတွင် ခွန်အားရှိသ၍ ပြန်လည်ထူထောင်ခြင်းက အထင်မှားခြင်း မဟုတ်ပေ။ ထို့အပြင် ထိုကဲ့သို့ ကမောက်ကမ အခြေအနေတွင် သူ မည်သည်ကို ထွက်ပြေးသည်ဖြစ်စေ စွမ်းအားက ရပ်တည်ရန် အခြေခံ အုတ်မြစ် ဖြစ်သည်။ ထို့ကြောင့် ပါလ်ဂရီစ်က ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆပ်ပြီး ကြယ်အလင်း အင်ပါယာ၏ တယ်လီပို့ လမ်းကြောင်းကို ထိုကျက်သရေဆောင် စစ်သည်တော်များနှင့် သူ့အတွက် အသုံးပြုရန် အချိန်ကာလတစ်ခု ရရှိရန် အသိများကို အသုံးပြုခဲ့၏။ မှန်ပေသည်။ အဓိက အချက်မှာ ကျက်သရေဆောင် စစ်သည်တော်၏ သစ္စာစောင့်သိမှုပင်။
သစ္စာစောင့်သိမှုကို ပြသခဲ့သော ကျက်သရေဆောင် စစ်သည်တော် အများအပြား မရှိသော်လည်း ပါလ်ဂရီစ်က သူတို့ ကြယ်အလင်းအင်ပါယာ တယ်လီပို့ လမ်းကြောင်းသို့ ရောက်ရှိသ၍ သေခြင်း ရှင်ခြင်းကို ရင်ဆိုင်ရာတွင် မည်သူမှ မှားယွင်းသော ရွေးချယ်မှု ပြုလုပ်မည် မဟုတ်ဟု ယုံကြည်ခဲ့သည်။
ရှေ့မှ လမ်းက ပို၍ပို၍ မတ်စောက်ပြီး ကြမ်းတမ်းလာခဲ့သည်။ လက်ရွေးစင် အစောင့်များ၏ ကျောပေါ် သယ်ဆောင် ခံရသော ပါလ်ဂရီစ်ပင်လျှင် ထောင့်ချိုး များစွာတွင် ချွေးအေးများ ထွက်လာ၏။ သူ မြေပြန့်လမ်းကို မရွေးချင်၍ မဟုတ်။ နောက်ဆုံး ထောက်လှမ်းရေး သတင်းက ဖော်ပြခဲ့သည်မှာ အသူရာချောက်နက် စစ်တပ်၏ အရှိန်က အံ့ဩဖွယ်ကောင်းပြီး ဇိုရာ အင်ပါယာနှင့် တူရေး အင်ပါယာရှေ့မှ မြို့နှစ်မြို့ကို ကျော်ဖြတ်ကာ မြို့တော်သို့ တိုက်ရိုက် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ၎င်းက ပါလ်ဂရီစ်အား နောက်တစ်ကြိမ် အတင်းအကျပ် ကြိုတင်ထွက်ပြေးရန် ဖြစ်စေခဲ့လေသည်။ သတင်းရရှိသော အရပ်သားများကလည်း အုပ်စုလိုက် ထွက်ပြေးခဲ့သည်။ အဓိကလမ်းမကြီးက ထွက်ပြေးနေသော ဒုက္ခသည်များဖြင့် ပြည့်နှက်၍ နေခဲ့သည်။ အကယ်၍ သူ အဓိက လမ်းမကြီးကို ရွေးချယ်ခဲ့ပါက ပို၍ပင် နှေးကွေးသွားပေလိမ့်မည်။
ထိုလမ်းငယ်က လျှို့ဝှက် စစ်ရေး ဆိပ်ကမ်း တစ်ခုသို့ ဦးတည်သွားပြီး ထိုနေရာတွင် လုံလောက်သော သင်္ဘောများကို ဟိုးအရင်ကတည်းက ပြင်ဆင်ထားသည်။ သူတို့ နှစ်ရက်အတွင်း ကြယ်အလင်းမြို့တော်သို့ ရောက်နိုင်၏။ မကောင်းဆိုးဝါးများ ထင်ထားသည်ထက် ပိုမြန်ဆန်စွာ မြို့တော်ကို ကျူးကျော် ခဲ့လျှင်ပင် လမ်းပေါ်မှ အရပ်သားများက မကောင်းဆိုးဝါးများကို တားဆီးရန် သဘာဝ အတားအဆီး တစ်ခုလည်း ဖြစ်လာနိုင်ပေသည်။
ကျက်သရေဆောင် စစ်သည်တော် လူငယ် တစ်ဦးက မတော်တဆ ချော်လဲပြီး မြေပြင်ပေါ်သို့ ပြုတ်ကျ သွားခဲ့သည်။ သူက ကျယ်လောင်စွာ ငိုကြွေးလိုက်ရာ စစ်သည်တော်များ မှင်တက်သွားမိသည်။
ဘေးမှ အဖွဲ့ခေါင်းဆောင်က သူ၏ နှင်တံကို ဝှေ့ယမ်းလိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။ “ဂျိုဟန်။ ထစမ်း။ ကျက်သရေဆောင် စစ်သည်တော် တစ်ယောက်က ဘယ်လိုလုပ် အားနည်းသူ တစ်ယောက် ရှိရတာလဲ...”
လူငယ်စစ်သည်တော်က ငိုနေခဲ့သည်။ “ခေါင်းဆောင်။ ကျွန်တော် ငိုနေတာက ဒါကြောင့်မဟုတ်ဘူး။ ကျွန်တော့် ညီမလေး မြို့တော်ထဲမှာ ရှိနေသေးတာ။ သူက ၁၁နှစ်ပဲ ရှိသေးတယ်...”
အဖွဲ့ခေါင်းဆောင်က ထိတ်လန့်သွားပြီး နောက်ထပ် မရိုက်တော့ပေ။
လူငယ်စစ်သည်တော်၏ ဝမ်းနည်းမှုက လျင်မြန်စွာပင် ကူးစက်သွားခဲ့လေသည်။ တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ငါ့အမေလည်း မြို့ထဲမှာ ရှိနေတယ်...”
“ငါ့ မိန်းမနဲ့သားလည်း မလွတ်မြောက် သေးဘူး။”
“ငါ့...”
ခဏတာ အတွင်းပင် ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှု လေထုတစ်ခုက ဗိုလ်ခြေ တစ်ခုလုံးတွင် ပျံ့နှံ့သွား၏။ လူတိုင်း၏ စိတ်က မြူခိုးများဖြင့် ဖုံးလွှမ်းနေပုံရသည်။ သူတို့၏ ခြေလှမ်းများက မသိစိတ်ဖြင့် နှေးကွေးသွားခဲ့လေသည်။
အဖွဲ့၏ အလယ်တွင် ရှိနေသော ပါလ်ဂရီစ်က မူမမှန်ခြင်းကို ချက်ချင်း သတိပြုမိလိုက်သည်။ သူက အော်ပြော လိုက်သည်။ “မြန်မြန်သွားကြလေ။ အသူရာချောက်နက် မကောင်းဆိုးဝါးတွေ နောက်မှာ သိပ်မဝေးတော့ဘူး။ ငါတို့ နောက်ထပ် ကြန့်ကြာနေရင် ထွက်သွားလို့ ရနိုင်မှာ မဟုတ်ဘူး။ အရေးအကြီးဆုံးက အသက်ရှင်နေဖို့ပဲ...”
ပါလ်ဂရီစ်၏ အသံက ကြီးကြီးမားမား အရေးမပါခဲ့ပေ။ ထိုအချိန်တွင် အဖွဲ့၏ ရှေ့ဆုံးမှ တပ်မှူး ဒန်ကန်က သတင်း ရရှိခဲ့သည်။ သူက ခြေထောက်ကို တော့လိုက်ပြီး လေထဲသို့ ပျံတက်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “ဘာဖြစ်လို့လဲ။ သွားကြလေ...”
“ဆာ-ဒန်ကန်...” ခုနက လူငယ် စစ်သည်တော် ဂျိုဟန် ငိုကြွေးလိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြန်သွားပြီး ကျွန်တော့်မိသားစုကို ကာကွယ်ခွင့်ပြုပါ။”
ဒန်ကန်က မျက်လုံးထဲတွင် ရန်လိုမှု လင်းလက်သွားလျက် စစ်သည်တော်ကို ငုံ့ကြည့်ကာ တင်းမာစွာ ပြောလိုက်သည်။ “ပထမဆုံးနေ့ စစ်သည်တော် ဗိုလ်ခြေကို ဝင်ရောက်ခဲ့တုန်းက စစ်သည်တစ်ဦးရဲ့ တာဝန် တစ်ခုပဲ ရှိတယ်လို့ ငါပြောခဲ့တယ်။ အဲဒါက နာခံဖို့ပဲ။ မင်းမှာ ဘယ်လိုမျိုး အကြောင်းပြချက်ပဲရှိရှိ ငါ့မှာ အမိန့် တစ်ခုပဲ ရှိတယ်။ ရှေ့တိုးလာခဲ့...”
ဂျိုဟန် အံကြိတ်ပြီး ခေါင်းကို မော့လိုက်သည်။ “ဆာ။ ကျွန်တော်တို့က ကျက်သရေဆောင် စစ်သည်တော်တွေပါ။ စစ်သည်တော် ဖြစ်လာတုန်းက ပထမဆုံး နေ့ရက်မှာ ကျွန်တော်တို့ရဲ့ မူဝါဒ ကြေညာ စာတမ်းက...”
သူ စကားမဆုံးခင်ပင် သူ၏ရင်ဘတ်က အားကောင်းသော စွမ်းအား ပါဝင်သည့် အဖြူရောင်အလင်းတစ်ခု ထိုးဖောက်ခြင်း ခံလိုက်ရပြီး ချက်ချင်း သေဆုံးသွားသည်။ ဒန်ကန်က သူ၏လက်ကို ဖြည်းညှင်းစွာ ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏မျက်လုံးတွင် သတ်ဖြတ်ချင်စိတ်ဖြင့် လူအုပ်ကြီးကို အေးစက်စက်နှင့် ငုံ့ကြည့်လိုက်သည်။ “အမိန့်ကို မနာခံတဲ့သူတွေ သေရမယ်...”
ဒန်ကန်သည် တပ်မှူးတစ်ဦး အဖြစ် နှစ်ပေါင်းများစွာ ရှိနေခဲ့သည်။ သူ၏ ဂုဏ်သြဇာမှာ အလွန်မြင့်မားသောကြောင့် လူများက ခေါင်းငုံ့ထားကြပြီး သူ့ကို မကြည့်ရဲကြပေ။
ဒန်ကန်က ထိုအချိန်သည် လူများ၏ စိတ်ကို အလွယ်ကူဆုံး ပြောင်းလဲနိုင်သည့် အခိုက်အတန့် ဖြစ်ကြောင်း သိနေရာ သူက သူတို့ကို ချက်ချင်း ဖိနှိပ်ရမည် ဖြစ်သည်။ သူက အော်ပြောလိုက်၏။ “အယ်လ်ဒါရာ...”
“ဟုတ်ကဲ့...”
ယောက်ျားတစ်ယောက်က ရှေ့တန်းမှ ပျံထွက်လာပြီး ဒန်ကန် ဘေးနားတွင် လွင့်ပျံနေခဲ့သည်။ ထိုသူမှာ ပုံမှန်အားဖြင့် မျှတပြီး ရက်စက်သော အစွမ်းထက်ဆုံး လက်ထောက် အယ်လ်ဒါရာ ဖြစ်သည်။ စစ်တပ်တွင် သူ၏ ဂုဏ်သိက္ခာမှာ အလွန် မြင့်မားလှသည်။
“စစ်တပ်တစ်ခုလုံးကို ကြီးကြပ်လိုက်။ ရပ်နေရဲတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်...”
“ဟုတ်ကဲ့...”
ဒန်ကန် ပြန်တော့မည် ပြင်လိုက်စဉ် ရုတ်တရက် သတိပေးချက် တစ်ခုကို ခံစားလိုက်ရသည်။ သူ မတုံ့ပြန်နိုင်ခင်ပင် ဓားတစ်လက်ဖြင့် ထိုးဖောက်ခံလိုက်ရပြီး သူ၏ နှလုံးသား အေးစက်သွားခဲ့သည်။ ဓားကို ကိုင်ထားသူမှာ အယ်လ်ဒါရာ ဖြစ်နေ၏။
ဒန်ကန်က ရင်ဘတ်မှ ထိုးထွက်နေသည့် သွေးစွန်းနေသော ဓားကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်လေသည်။ “အယ်လ်ဒါရာ။ မင်း...”
သူ ယုံကြည်ရဆုံးနှင့် အစွမ်းထက်ဆုံး လက်အောက်ငယ်သားက ထိုအခိုက်တွင် နောက်မှ ဓားတစ်လက်ဖြင့် သူ၏နှလုံးကို အမှန်တကယ် ထိုးစိုက်ခဲ့လေသည်။
ထိုအဖြစ်အပျက် အလှည့်အပြောင်းက လူတိုင်းကို တုန်လှုပ်၍ သွားစေခဲ့သည်။ ပါလ်ဂရီစ်ပင် အပါအဝင် ဖြစ်၏။ အဖွဲ့က ခဏတာ ရပ်တန့်သွားခဲ့သည်။
အေးစက်သော အငွေ့အသက်များက အယ်လ်ဒါရာ၏ ဓားပေါ်တွင် ရစ်ဝဲ၍ နေသည်။ ဒန်ကန်က စကား မဆုံးခင်ပင် ခန္ဓာကိုယ် လျင်မြန်စွာ အေးခဲသွားခဲ့သည်။ ခဏအကြာ ရေခဲရုပ်တု တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ဓားကို လှုပ်လိုက်ရာ ရေခဲရုပ်တု ကြေမွသွားခဲ့သည်။
ပါလ်ဂရီစ်က အမြန်ဆုံး တုံ့ပြန်သည်။ သူက အသံအက်အက်ဖြင့် ပြောလိုက်၏။ “တပ်မှူး အယ်လ်ဒါရာ။ ကျေးဇူးပြုပြီး ဆက်သွားပါ။”
ထိုစကားက အယ်လ်ဒါရာ၏ ရာထူး အသစ်ကို အသိအမှတ် ပြုခြင်းနှင့် တူညီပေသည်။ ဘုရင်တစ်ပါး အနေဖြင့် ပါလ်ဂရီစ်က အာဏာအတွက် ပူးပေါင်း ကြံစည်မှုကို မစိမ်းကားလှပေ။ ထိုအယ်လ်ဒါရာက ဒန်ကန်ကို အစားထိုးရန် ဟိုးကတည်းက စီစဉ်ခဲ့သည်မှာ ရှင်းလင်းပေသည်။ ယခု သူက ဒန်ကန်ကို အငိုက်ဖမ်းခဲ့ပြီး နောက်ဆုံးတွင် အောင်မြင်သွားခဲ့သည်။
ထိုတပ်မှူး အသစ်ကို အမြန်ဆုံး သိမ်းသွင်းရန် အချိန်ရောက်လာပုံ ရသည်။
အယ်လ်ဒါရာက ပါလ်ဂရီစ်ကို လျစ်လျူရှုလိုက်ပြီး စစ်သည်တော် အားလုံးကို အေးစက်စွာ ငုံ့ကြည့်ကာ ပြောလိုက်သည်။ “စစ်သည်တော်ရဲ့ မူဝါဒကြေညာစာတမ်းက ဘာလဲဆိုတာ တစ်ယောက်ယောက် ပြောနိုင်မလား။”
အဖွဲ့က ခဏတာ တိတ်ဆိတ်၍ သွားပြီးနောက်တွင် တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။ “အားနည်းသူတွေကို ကြင်နာစွာ ဆက်ဆံဖို့ ကျိန်ဆိုပါတယ်။”
တစ်စုံတစ်ယောက် ဆက်ပြောသည်။ “ရက်စက်ကြမ်းကြုတ်မှုတွေကို ဆန့်ကျင်ဖို့ ကျိန်ဆိုပါတယ်။”
“အမှား အားလုံးကို ဆန့်ကျင်ဖို့ ကျိန်ဆိုပါတယ်။”
“အကာအကွယ်မဲ့သူတွေအတွက် တိုက်ခိုက်ဖို့ ကျိန်ဆိုပါတယ်။”
“အကူအညီတောင်းတဲ့ ဘယ်သူ့ကိုမဆို ကူညီဖို့ ကျိန်ဆိုပါတယ်။”
“ဘယ်အပြစ်မဲ့သူကိုမှ အန္တရာယ်မပြုဖို့ ကျိန်ဆိုပါတယ်။”
“ညီအစ်ကို စစ်သည်တော်ကို ကူညီဖို့ ကျိန်ဆိုပါတယ်။”
“မိတ်ဆွေတွေ အပေါ်မှာ သစ္စာရှိဖို့ ကျိန်ဆိုပါတယ်။”
“ချစ်ရတဲ့သူအတွက် အသက်သေခံဖို့ ကျိန်ဆိုပါတယ်...”
“ကြည့်ရတာ ငါတို့တွေ မမေ့သေးတဲ့ပုံပဲ။” အယ်လ်ဒါရာက လက်ထဲမှ ဓားကို ဆုပ်ကိုင်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။ “ဒါဆိုရင် ငါတို့တွေ ဘာလုပ်ခဲ့ကြလဲ။ အရှက်ရမှုထဲမှာ နေထိုင်ဖို့ ငါတို့ရဲ့ နှလုံးသားထဲက ယုံကြည်ချက်၊ ငါတို့ ထိန်းသိမ်းထားတဲ့ ကတိသစ္စာနဲ့ ငါတို့ရဲ့ စစ်မှန်တဲ့ ဂုဏ်ကျက်သရေကို စွန့်လွှတ် လိုက်ကြတယ်...”
“ဒီကပ်ဘေးကြီး အထဲမှာ အသက်နဲ့ ဂုဏ်သိက္ခာက ဘာဖြစ်မလဲ ဆိုတာကို ငါ မသိဘူး။ ငါ သိတာက ငါတို့ရဲ့ ဆွေမျိုးတွေနဲ့ လက်နက်မဲ့ အရပ်သားတွေ ရက်စက်တဲ့ မကောင်းဆိုးဝါးတွေကို ရင်ဆိုင်နေရတယ်။ ပြီးတော့ ဓားကိုင်ထားတဲ့ ငါတို့လို စစ်သည်တော်တွေက အရင်ဆုံး ထွက်ပြေးနေကြတယ်...”
စစ်သည်တော် အားလုံးက ရှက်ရွံ့စွာ ခေါင်းကို ငုံ့ထားလိုက်ကြသည်။ အချို့က ငိုပင် ငိုနေကြသည်။
“ငါတို့ရဲ့ ယုံကြည်ရာ ဗဟိုချက်က ဖျက်ဆီးခံလိုက်ရပြီ။ ဒါပေမဲ့ ငါတို့ရဲ့ စိတ်ထဲမှာ ယုံကြည်ချက် ရှိနေတုန်းပဲ...”
“ငါတို့ ချစ်ရတဲ့သူတွေ အတွက်ပဲ ဖြစ်ဖြစ်၊ ရွှေ့ပြောင်းဖို့ အခိုက်အတန့်တစ်ခု ဆွဲထားနိုင်ဖို့ ငါတို့ရဲ့ အကူအညီတွေ လိုအပ်နေသူတွေ အတွက်ပဲ ဖြစ်ဖြစ်...”
အယ်လ်ဒါရာက ဓားကို ဝှေ့ယမ်းပြီး နောက်မှ အနီရောင် ပြောင်းလဲနေသော ကောင်းကင်ကို ညွှန်ပြလိုက်လေသည်။ “ကျက်သရေဆောင် စစ်သည်တော်...”
“ထာဝရ ဂုဏ်ကျက်သရေ...” အောက်မှ စစ်သည်တော်များက ဓားများ တစ်ယောက်ပြီးတစ်ယောက် မြှောက်ပြီး နောက်သို့ ပြန်လှည့်လိုက်ကြသည်။
ပါလ်ဂရီစ်က အတူတူ လှည့်လာသော ကျက်သရေဆောင် စစ်သည်တော်များကို ငေးကြောင်ရင်းနှင့် စိုက်ကြည့်နေပြီး နားမလည်နိုင်သော အမူအရာမျိုးကို ပြသခဲ့သည်။ “မိုက်မဲတဲ့ အရူးတွေ...”
သူက ထိုအမှန်တရားကို ဘယ်တော့မှ နားလည်မည် မဟုတ်လောက်ပေ။
လောကတွင် အမြဲပင် မိုက်မဲသော လူအချို့ ရှိနေတတ်သည်။
လောကကြီးက ထိုကဲ့သို့ မိုက်မဲသော လူများကို အမြဲပင် လိုအပ်သည်။
တူရေးအင်ပါယာ မြို့တော်၌ ဖြစ်သည်။
အရာအားလုံးကို ကြိတ်ချေပစ်သော အသူရာချောက်နက်စီးကြောင်း အရှေ့၌ ငွေရောင် မြင်းတပ်ဖွဲ့များ ပေါ်လာခဲ့သည်။
သူတို့ တွန့်ဆုတ်ခြင်း မရှိဘဲ တိုက်စစ် ဆင်လိုက်ကြသည်။
သူတို့က စီးကြောင်းနှင့် နှိုင်းယှဉ်လျှင် အလွန် နည်းပါလှသည်။
သို့သော် နေရောင်အောက်တွင် သူတို့ အလွန်ပင် တောက်ပနေ၏။
ထိုအရာမှာ အသက်၏ တောက်ပမှုပင်။
စစ်မှန်သော မြင့်မြတ်မှုနှင့် ဂုဏ်ကျက်သရေက လူတို့၏ စိတ်ထဲတွင် အမြဲပင် တည်ရှိနေ၏။ ဘုရားကျောင်း ဆိုသောအရာ မဟုတ်ပေ။