← Chapters

အစွမ်းထက် ပုဂ္ဂိုလ်များ စုဝေးခြင်း

Vol. 81 Ch. 1239

အစွမ်းထက် ပုဂ္ဂိုလ်များ စုဝေးခြင်း

Vol. 81 Ch. 1239

လူအုပ်ကြီးက ရေလွှမ်းမိုး သကဲ့သို့ပင် တယ်လီပို့ လမ်းကြောင်းထဲသို့ ပြေးဝင် သွားသည်။ မူလ တယ်လီပို့ လမ်းကြောင်း ပတ်ပတ်လည်တွင် အစောင့်များစွာ ရှိခဲ့သော်လည်း ယခုအခါတွင် ၎င်းမှာ ဗလာ ဖြစ်နေသည်။ အကြောင်းမှာ စည်းကမ်းထိန်းသိမ်းရေး စစ်သည်များ ကိုယ်တိုင်ပင် ဆုတ်ခွာသွားပြီ ဖြစ်၍ပင်။

လူအုပ်ကြီးက အချင်းချင်း တွန်းထုတ်၊ အော်ဟစ်၊ အော်ခေါ်၊ ငိုကြွေးရင်းနှင့် ရောထွေးနေကြလေသည်။ လူတိုင်းက တယ်လီပို့ လမ်းကြောင်းထဲသို့ အမြန်ဆုံး ပြေးဝင်ပြီး အန္တရာယ်ရှိသော အရှေ့ဘက် တိုက်မှ ထွက်ခွာချင်နေကြသည်။

ယနေ့က တယ်လီပို့ လမ်းကြောင်း ပိတ်မသွားခင် နောက်ဆုံးနေ့ ဖြစ်သည်။

အလင်း လမ်းကြောင်း တဖြည်းဖြည်း မှေးမှိန်သွားနေသည်ကို မြင်သောအခါ လူတိုင်းနီးပါး၏ မျက်လုံးများ နီရဲနေ၏။ သူတို့က အသည်းအသန်နှင့် ရှေ့သို့ ပြေးဝင်သွားကြလေသည်။ ကြီးမားသော ထိခိုက်မှုအောက် သူတို့က အချင်းချင်း နင်းမိခဲ့ကြသည်။ သွေးများ မြေပြင်ပေါ် စီးဆင်းနေရင်း ကွင်းပြင် တစ်ခုလုံးတွင် အော်ဟစ်သံများဖြင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်တွင် နင်းချေခြင်း ခံလိုက်ရသည်မှာ အသက်သာ မကဘဲ လူသားဆန်မှုလည်း ပေသည်။

နောက်ဆုံး တယ်လီပို့လမ်းကြောင်း၏ အလင်းရောင် လုံးဝကို ငြိမ်းသွားခဲ့သည်။ လူတိုင်း၏ မျှော်လင့်ချက်များကလည်း ငြိမ်းသွားခဲ့သည်။

တိုက်၏ အခြားတစ်ဖက်တွင် စိတ်ပျက် အားငယ်မှု ဖြစ်စေရန် စစ်သည်များကို ကွပ်ကဲခဲ့သော နဂါးလင်းလက်အင်ပါယာ ဗိုလ်ချုပ်၊ လူသား မဟာမိတ် စစ်တပ် ပင်လယ်ဝိညာဉ် ဗိုလ်ခြေ၏ ဗိုလ်ခြေမှူး ရေမွန်ဆက်ဒ်က ဖျက်ဆီးခံလိုက်ရသော တယ်လီပို့ လမ်းကြောင်းကို ကြည့်နေပြီး တိတ်ဆိတ်နေခဲ့သည်။ သူက သူ့အမိန့်၏ အကျိုးဆက်ကို ကောင်းစွာ သိရှိသည်။

လူသား မဟာမိတ် စစ်တပ်၏ အမြင့်ဆုံး တပ်မှူး ဧကရာဇ် လက်ဇ်က ထိုလက်အောက်ငယ်သားဟောင်း၏ ခံစားချက်များကို နားလည်သည်။ သူက ရေမွန်ဆက်ဒ်၏ ပခုံးကို ပုတ်ပြီး သက်ပြင်းချလိုက်သည်။ “မှားတာက မင်း မဟုတ်ဘူး။ ငါတို့လည်း မဟုတ်ဘူး။ ဒီလောကကြီးနဲ့ ဒီခေတ်ပဲ။”

ဘေးမှ လန်ဘိစ်နှင့် ဆန်ဒရိုတို့လည်း ခေါင်းညိတ်လိုက်သည်။ ကျက်သရေပြာ အင်ပါယာ ပျက်စီးသွားပြီ ဖြစ်သော်လည်း လန်ဘိစ်တွင် ဆန်ဒရိုနှင့် အယ်လ်တိုစ် ကဲ့သို့သော သစ္စာရှိသော နာမည်ကျော် ဗိုလ်ချုပ်များက ဘေးတွင် ရှိနေဆဲဖြစ်ပြီး လက်ထဲတွင် တပ်ဖွဲ့ အများအပြားလည်း ရှိနေသေးသည်။ အသူရာချောက်နက်ကို တိုက်ခိုက်ခဲ့ဖူးသည့် တန်ဖိုးရှိသော အတွေ့အကြုံရှိခြင်းက ရှားပါးလှသည်။ လန်ဘိစ်က နောက်ဆုံး အခိုက်အတန့်တွင် ပြည်သူများကို လက်မလျှော့ခဲ့ဘဲ အသူရာ ချောက်နက်နှင့် တိုက်ခိုက်ခဲ့လေသည်။ နောက်ဆုံးတွင် သူက လူအများစုနှင့်အတူ အောင်မြင်စွာ ရွှေ့ပြောင်းထွက်ခွာနိုင်ခဲ့ရာ သူ၏ ဂုဏ်သိက္ခာက မကျဆင်းသွားခဲ့ဘဲ မြင့်တက်လာခဲ့သည်။ အနောက်ဘက် တိုက်သို့ ဆုတ်ခွာပြီးနောက် သူသည် အတော်အတန် အာရုံစိုက်မှုကို ရရှိနေဆဲ ဖြစ်ပြီး လူသား မဟာမိတ် စစ်တပ်၏ ပထမဆုံး စစ်ဘက်ဆိုင်ရာ အကြံပေး ဖြစ်လာခဲ့သည်။ ဆန်ဒရိုက ပင်လယ်ဖြူ ကာကွယ်ရေးလိုင်း၏ လူသား မဟာမိတ် စစ်တပ်၏ အရေးအကြီးဆုံး ပထမဆုံး တပ်မှူးအဖြစ် တာဝန်ထမ်းခဲ့သည်။

“ကိစ္စတွေ အားလုံးကို ခေတ်အပေါ်မှာ အပြစ်မတင်ပါနဲ့။ ဘာလို့လဲဆို ကျုပ်တို့က ဒီခေတ်ကို ဖန်တီးခဲ့တဲ့သူတွေ မို့လို့ပဲ။” အသံတစ်သံက သူ၏ အနောက်မှ ထွက်ပေါ်လာခဲ့လေသည်။ လန်ဘိစ်က ထိုသူကို ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်၏။

အကယ်၍ ပြောင်းလဲမှုများ မရှိခဲ့ပါက သူ ထိုယောက်ျား၏ ဇနီးဖြစ်နေလောက်ပြီ ဖြစ်သည်။ သို့သော် လောကတွင် အကယ်၍ မရှိခဲ့ပေ။

“အာသာ...” ဧကရာဇ်လက်ဇ်၏ အကြည့်ကလည်း အနည်းငယ် ရှုပ်ထွေး နေခဲ့သည်။

သူ၏ စွမ်းအားအရ ဆိုလျှင် သူသည် သိဒ္ဓိအင်ပါယာ၏ အုပ်စိုးသူ၊ လူသား မဟာမိတ်စစ်တပ် တပ်မှူးဖြစ်သော်လည်း ထိုသူရှေ့ စကားပြောရန် အရည်အချင်း မရှိပေ။ သူက သာမန် သက်ရှိအဆင့်ကို များစွာ ကျော်လွန်နေပြီ ဖြစ်သည်။ သူ့ကို မော့ကြည့်ရန် လိုအပ်၏။ အထွတ်အထိပ် အဆင့်ရှိနေသော လူနည်းစုသာ သူနှင့် ဘေးချင်းယှဉ် ရပ်တည်နိုင်လေသည်။

မည်သို့ပင် ဆိုစေကာမူ ထိုသူက သူ၏သား ဖြစ်သည်။

“ကျုပ်ကို ချန်လွေ့လို့ ခေါ်ပါ။ ခမည်းတော်။” ချန်လွေ့က အသာလေး ပြုံးလိုက်ပြီး လန်ဘိစ်နှင့် လက်ဇ်တို့ကို မကြည့်ဘဲ ဘေးမှ လူကို ကြည့်လိုက်၏။ “ ကျုပ်တို့ လုပ်နိုင်တာက ကိုယ့်လက်တွေနဲ့ မျှော်လင့်ချက် ပိုဖန်တီးဖို့ပဲ မဟုတ်လား။ မိုက်ကယ်...”

ချန်လွေ့ဘေးမှ ရှိနေသူမှာ အခြားသူ မဟုတ်ဘဲ ကောင်းကင်တမန် သုံးပါး၏ ခေါင်းဆောင်၊ လွန်ခဲ့သော အချိန်များက သိဒ္ဓိအလင်းတောင် ပျက်စီးခြင်းနှင့်အတူ သေဆုံးသွားသည်ဟု ကောလာဟလ ထွက်ပေါ်ခဲ့သော မိုက်ကယ်ပင်။

မိုက်ကယ်၏ ဘေးနားတွင် ဂေဘရီရယ် ရှိနေ၏။ သို့သော် ရာဖယ်ရယ် မရှိတော့။

သိဒ္ဓိအလင်းတောင် တိုက်ပွဲတွင် ရာဖယ်ရယ်က ဖန်တီးခြင်းစာအုပ်၏ ပေါက်ကွဲမှုကို ဖြစ်စေရန် သိဒ္ဓိအလင်း တောင်တွင် စုစည်းထားသော ယုံကြည်မှု စွမ်းအားကို အသုံးချပြီး သူ၏အသက်ဖြင့် ပေးဆပ်ခဲ့သည်။ နောက်ဆုံး သူ့ဝိညာဉ်နှင့် ခန္ဓာကိုယ် ပျက်စီးသွားခဲ့ရသည်။

ကောင်းကင်တမန်တော် သုံးပါးအနက် နှစ်ပါးသာ ကျန်ရှိတော့သည်။

မိုက်ကယ်က ခေါင်းခါလိုက်ပြီး နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။ “ငါတို့က အမုန်းတရားက လွဲပြီးတော့ တခြား ဘာကိုမှ မမြင်နိုင်ဘူး။”

ထိုငါတို့တွင် မျက်လုံး မှိတ်ထားသော ဂေဘရီရယ် ပါဝင်သည်။ သူက အဖွဲ့နှစ်ခု အကြား စကားစမြည် ပြောဆိုမှုကို လုံးဝ မကြားရသကဲ့သို့ လျစ်လျူရှုမှု နေသလိုမျိုး အမြဲပင် နေနေသည်။ ချန်လွေ့က ထိုလျစ်လျူရှုမှုတွင် လုံးဝကွဲကို ပြားပြီး ရှုပ်ထွေးသော အငွေ့အသက် နှစ်ခု ပါဝင်နေကြောင်း ခပ်ရေး‌ရေးလေး အာရုံခံနိုင်သည်။ တစ်ဖက်တွင် ၎င်းမှာ အချိန်မရွေး လောင်ကျွမ်း သွားနိုင်သော မီးတောက်တစ်ခု ဖြစ်ပုံရပြီး အခြား တစ်ဖက်တွင် လောင်ကျွမ်းသွားပြီ ဖြစ်သော ပြာမှုန့်များ ဖြစ်နေပုံရသည်။

“အမုန်းတရား ဖြစ်ဖြစ်၊ မျှော်လင့်ချက် ဖြစ်ဖြစ်၊ တကယ်လို့ အသူရာချောက်နက် အုပ်စိုးသူ သုံးဦးမှာ မင်းပြောသလိုမျိုး စွမ်းအား တကယ် ရှိနေခဲ့ရင် ဒါတွေက အလကားပဲ။” ထိုစကားကို ပြောခဲ့သူမှာ အခြားသော အထူးအဆင့် အစွမ်းထက် ပုဂ္ဂိုလ် စေတန်ပင်။

အခြားသော တစ်ဖက်တွင် ဇိုလာ၊ ကက်သရင်း၊ အက်ဂ်လက်စ်၊ ပါ့ဂ်လီအို၊ အစ်ဇဘယ်လာတို့... ရှိနေကြသည်။

ပျောက်ဆုံးနေသော ဖိုက်သွန်မှ လွဲ၍ နတ်ဆိုးဘုံ၏ အထူး အစွမ်းထက် ပုဂ္ဂိုလ် အားလုံး နီးပါး စုဝေး၍ နေကြလေသည်။ လူသားလောကအတွက်လည်း အတူတူပင်။

အရှေ့ဘက်ခြမ်း အစုလိုက်အပြုံလိုက် ပျက်စီးခြင်း၏ သင်ခန်းစာများနှင့် အတူ လူသားလောကမှ အထူး အစွမ်းထက် ပုဂ္ဂိုလ်များ အားလုံးက ထိုအရာမှာ အမှန်တကယ် အသက်အန္တရာယ်ရှိသော အရေးကြီး အခိုက်အတန့် ဖြစ်ကြောင်း နားလည်ကြသည်။ မည်သူကမှ ၎င်း၏ အပြင်ဘက်တွင် မနေနိုင်ပေ။ ၎င်းတို့က ဉာဏ်ပညာနှင့် ဘေးကင်းလုံခြုံမှုနှင့် မသက်ဆိုင်ပေဟူ၍ ထင်မြင်သူများက သေလမ်းတစ်ခုကိုသာ ရင်ဆိုင်ကြရမည် ဖြစ်သည်။

သိဒ္ဓိအလင်းတောင်မှ သင်ယူခဲ့သော သင်ခန်းစာများနှင့် အတူ နဂါးများလည်း လျစ်လျူရှုရဲခြင်း မရှိကြပေ။ သူတို့သည် နဂါးတောင်ကြားမှ အလျင်စလို ထွက်ခွာ ခဲ့ကြပြီး တယ်လီပို့ လမ်းကြောင်းမှ တစ်ဆင့် မုန်တိုင်းကျွန်းသို့ ရောက်လာကာ ချန်လွေ့ မူလက တည်ဆောက်ခဲ့သော ရှေးအဂ္ဂိရတ်အဖွဲ့အစည်း လူသားလောက အခြေစိုက်စခန်းတွင် ယာယီနေခဲ့သည်။ ပါဂရစ်ဇ် ကိုယ်တိုင် ဦးဆောင်နေသော တိုက်ခိုက်ရေးစွမ်းအား အများအပြားက ပင်လယ်ဖြူ၏ အနောက်ဘက်ကမ်းသို့ ရောက်ရှိလာခဲ့ကြသည်။

နတ်သူငယ် မျိုးနွယ်စုနှင့် လူပုမျိုးနွယ်စု တို့က ကျက်သရေပြာမြို့တော် တိုက်ပွဲ၌ အပြင်းအထန် ထိခိုက်ခဲ့သည်။ သူတို့က အင်အားစုများကို ပြန်လည်၍ ဖွဲ့စည်းပြီး ဗိုလ်ခြေ သုံးခုကို စေလွှတ်ခဲ့သည်။ အော့ခ်မျိုးနွယ်စုသည်လည်း နတ်သူငယ် မျိုးနွယ်စု၏ စစ်တပ်နှင့် ပူးပေါင်းရန် အစွမ်းအထက်ဆုံး ဘီရားမွန်း ဗိုလ်ခြေကို စေလွှတ်ခဲ့သည်။

နတ်ဆိုးဘုံအတွက်မူ အင်ပါယာ သုံးခု မဟာမိတ်အဖွဲ့က ကတ်သရင်းကို ပထမဆုံး တပ်မှူးအဖြစ်နှင့် ဂီရန့်ကို ဒုတိယတပ်မှူး အဖြစ်တွင် ထားရှိကာ စစ်မှန်သော လက်ရွေးစင် ဗိုလ်ခြေ တစ်ရပ်ကို လူသားလောကသို့ စေလွှတ် ခဲ့သည်။ ကြယ်မြို့မှ စေလွှတ်လိုက်သော ဗိုလ်ခြေက ယခင်ထက် များစွာ ကျော်လွန် နေသည်။ ယခင်တစ်ခါ ဆုံးရှုံးသွားသော တပ်ဖွဲ့များကိုလည်း အရင်းအမြစ် အမျိုးမျိုးဖြင့် လျင်မြန်စွာ ပြန်လည်၍ ထုတ်လုပ်ခဲ့သည်။

လူသား လောက၏ အရှေ့ဘက်တိုက် ပျက်စီးခြင်းမှာ ရပ်တန့်၍ မနိုင်တော့ဘဲ အသူရာချောက်နက် မကောင်းဆိုးဝါးများ အနောက်ဘက် တိုက်ကို သေချာပေါက် တိုက်ခိုက်ပေလိမ့်မည်။ အသူရာချောက်နက် စစ်တပ်ကို ဆန့်ကျင်နိုင်သည့် အကောင်းဆုံး အတားအဆီးမှာ ပင်လယ်ဖြူ၏ သဘာဝ အတားအဆီးပင်။

ထိုအချိန်တွင် အကြီးမားဆုံးသော အဆုံးအဖြတ် တိုက်ပွဲ ဖြစ်ပွားလိမ့်မည်ဟု ယူဆ၍ ရနိုင်သည်။ အသူရာချောက်နက် မကောင်းဆိုးဝါးများသာမကဘဲ အုပ်စိုးသူ သုံးဦးလည်း ပေါ်လာနိုင်သည်။

မိုက်ကယ်က ပုံမှန်အတိုင်း စေတန်ကို မငြင်းပယ်ခဲ့သော်လည်း ဝမ်းနည်းသော အမူအရာကို ပြသလျက် ပြောလိုက်သည်။ “တစ်ဦးချင်း စွမ်းအားအရတော့ ငါတို့က အုပ်စိုးသူ သုံးဦးရဲ့ ပြိုင်ဘက် တကယ် မဟုတ်ဘူး။ သိဒ္ဓိအလင်းတောင် တိုက်ပွဲမှာ ဂေဘရီရယ်၊ ရာဖယ်ရယ်၊ ရာဂူရယ်လ်နဲ့ ငါတို့ သိဒ္ဓိအလင်းတောင်ရဲ့ ယုံကြည်မှုစွမ်းအားနဲ့ ဖန်တီးခြင်းစာအုပ် အကူအညီနဲ့ ဆိုစဘတ်ကို တိုက်ခိုက်ဖို့ မဟာလင်းလက်ဓား အခင်းအကျင်းကို အစွမ်းကုန်သုံးပြီး အသက်သွင်းခဲ့ပေမယ့် နောက်ဆုံးမှာ ရှုံးနိမ့်ခဲ့တုန်းပဲ...”

“မဟာလင်းလက်ဓား အခင်းအကျင်းတောင်မှ ဆိုစဘတ်ကို မဖိနှိပ်နိုင်ဘူးလား။” စေတန် မျက်မှောင် ကြုတ်လိုက်ပြီး မဟာလင်းလက်ဓား အခင်းအကျင်း၏ စွမ်းအားကို သိရှိကြောင်း ထင်ရှားနေသည်။

“တိတိကျကျပြောရရင် မပြည့်စုံတဲ့ မဟာလင်းလက်ဓား အခင်းအကျင်းပေါ့။” မိုက်ကယ်၏လက်ထဲတွင် အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေသော စိန်ပုံစံ ရွှေရောင် သလင်းကျောက် တစ်ခု ရှိနေပြီး သူက ပြောလိုက်သည်။ “ငါ သိဒ္ဓိအလင်းတောင် မှာ စုစည်းထားတဲ့ ယုံကြည်မှုစွမ်းအား သုံးပုံ တစ်ပုံကို ပေးဆပ်ပြီး ဒီဓားအခင်းအကျင်း အပြီးသတ်ဖို့အတွက် ရာဂူရယ်လ်ကို အကူအညီတောင်းခဲ့တယ်။ ကံဆိုးချင်တော့ အဲဒီတုန်းက ဒါက ပြီးပြည့်စုံတဲ့ အခြေအနေမှာ မရှိခဲ့ဘူး။ ဒါက သူ့ရဲ့စွမ်းအား တဝက်ကိုတောင် မထုတ်လွှတ်နိုင်ခဲ့ဘူး။ အဲဒါကြောင့် ဒါက နောက်ဆုံးမှာ မီးလျှံနီလေးနဲ့ ဆိုစဘတ်ကြောင့် ရှုံးနိမ့်သွားခဲ့တယ်။”

“နေဦး။” စေတန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။ “တကယ်လို့ ငါတို့ ဒီဓားအခင်းအကျင်းကို ပြုပြင်ပြီး ပြီးစီးအောင် လုပ်နိုင်ရင် ငါတို့မှာ အခွင့်အရေး ရှိနေလောက်သေးတယ်။”

မိုက်ကယ် ခေါင်းခါလိုက်သည်။ “ဒါကို ပြုပြင်နိုင်ရင်တောင်မှ ဒါကို အသုံးချနိုင်တဲ့ ဖန်တီးခြင်းစာအုပ်က အသူရာချောက်နက် လက်ထဲကို ကျရောက်သွားပြီ...”

“မဟာလင်းလက်ဓား အခင်းအကျင်းက ဖန်တီးခြင်း စွမ်းအား တစ်ခုတည်းနဲ့ လည်ပတ်စရာ မလိုပါဘူး။” စေတန်၏ မျက်လုံးများက တောက်ပစွာ လင်းလက်နေ၏။ “ပျက်စီးခြင်းလည်း ရှိသေးတာ မမေ့နဲ့ဦး။”

မိုက်ကယ်၏ မျက်လုံးများ လင်းလက် သွားသော်လည်း စေတန်က ချန်လွေ့ကို ကြည့်လိုက်သည်။ ချန်လွေ့က စေတန်၏ ဆိုလိုရင်းကို နားလည်ပြီး ခေါင်းညိတ် လိုက်သည်။ “ကျုပ် ခင်ဗျားကို ပျက်စီးခြင်း စာအုပ်ရဲ့ အဲဒီစာမျက်နှာ ပေးပါမယ်။”

ယခု အလိုအပ်ဆုံး အရာမှာ သူတို့၏ အင်အားစုများကို အားကောင်းစေရန်ပင်။ အခြားအရာအားလုံးကို လျစ်လျူရှုနိုင်၏။

စေတန်၏ မျက်လုံးတွင် အရိပ် အယောင်တစ်ခု ရှိနေပြီး ခေါင်းညိတ် လိုက်သည်။

လက်ရှိ နတ်သူငယ် ရှေ့ဖြစ်ဟော ခီလန်ယာက မျက်မှောင်ကြုတ်လိုက်ပြီး မိုက်ကယ်ကို မေးသည်။ “ဆာ-မိုက်ကယ်။ ကျွန်မ မေးခွန်းတစ်ခု မေးချင်တယ်။ ရှင် ခုနက ပြောခဲ့တဲ့ မီးလျှံနီလေးက နတ်သူငယ် လေး သုံးလက်ထဲက တစ်လက်လား။ နတ်သူငယ် မျိုးနွယ်စုမှာ မီးလျှံနီလေး ပျောက်ဆုံးနေတာ အတော် ကြာခဲ့ပြီ။ ပြီးတော့ နတ်သူငယ်မျိုးဆက်ပဲ ဒါကို အသက်သွင်း နိုင်တာပါ။ ဘာလို့ ဆိုစဘတ်က ဒါကို သုံးနိုင်တာလဲ။”

“ဒါက တကယ်ပဲ မီးလျှံနီလေးပါ။ ဒါပေမဲ့ အသူရာချောက်နက်ရဲ့ စွမ်းအားနဲ့ တိုက်စားတာ ခံခဲ့ရတာ ဖြစ်နိုင်တယ်။ ဆိုစဘတ်အတွက်တော့... သူ ငါတို့ရှေ့မှာ နတ်သူငယ် တစ်ပိုင်းရဲ့ ခန္ဓာကိုယ်နဲ့ ပေါ်လာခဲ့တာ။” ထိုသို့ပြောပြီးနောက်တွင် မိုက်ကယ်၏ လက်ချောင်းမှ ရွှေရောင် အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားကာ ဆိုစဘတ် ကမ်းပါးဖြူသို့ ရောက်လာ ခဲ့စဉ်က အသွင်အပြင်ကို ပြသလိုက်သည်။

နတ်သူငယ်တစ်ပိုင်းကို မြင်သောအခါ ခီလန်ယာ လွှတ်ခနဲ ပြောလိုက်လေသည်။ “ဆောလ်...”

“ဆောလ်က ဘယ်သူလဲ။” ယခုတစ်ခါ မေးခွန်း မေးလိုက်သူမှာ ချန်လွေ့ ဖြစ်၏။

ခီလန်ယာ ချန်လွေ့ကို ဖျပ်ခနဲ ကြည့်လိုက်သည်။ “သူက ဧကရီအရှင်မ လစ်ဗ်ရဲ့ ဝမ်းကွဲ၊ မင်းသမီး နန်စီရဲ့ ခင်ပွန်းဖြစ်တဲ့... ဘလန့်ချ်ရဲ့ အဖေပါ။”

“ဘလန်ချီရဲ့ အဖေလား...” ချန်လွေ့ အံ့အားသင့်သွားခဲ့လေသည်။ ဘလန့်ချ် ပြောခဲ့သည်မှာ သူ၏ဖခင်က သဘာဝ သစ်ပင်ကို ကယ်တင်ရန် ကြိုးပမ်းရာ အသက်ဓာတ်ရေစင် ရှာရန် အိပ်မက်ဆိုး တောနက်သို့ သွားရောက်ခဲ့ရကြောင်း သူ မှတ်မိသည်။ ကံဆိုးစွာပင် သူသည် အိပ်မက်ဆိုး မီးတောင်ထဲသို့ ပြုတ်ကျ သွားခဲ့ပြီး အလောင်းမကျန်ခဲ့ပေ။

ဒီသေဆုံးသွားတဲ့ လူပျောက်က အကြောက်တရား အရှင်သခင် အဖြစ်ကို ပြောင်းသွားပြီး သိဒ္ဓိအလင်းတောင်ကို ဖျက်ဆီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ဘလန့်ချ်က အမုန်းတရား အရှင်သခင် ဖြစ်လာခဲ့ပြီးတော့ သူ့ရဲ့အဖေက အကြောက်တရား အရှင်သခင် ဖြစ်လာခဲ့တယ်။ ဒီနေရာမှာ ဆက်စပ်မှု လျှို့ဝှက် ဆန်းကြယ်မှု တစ်ခုခုများ ရှိနေမလား။

“ဒါနဲ့ မီးလျှံနီလေးလည်း အဲဒီတုန်းက ပျောက်ဆုံးသွားခဲ့တာ...” ခီလန်ယာက ခဏတာ ပြန်လည်၍ စဉ်းစားလိုက်ပြီး ရုတ်တရက် အမူအရာ တစ်ခုကို ပြသခဲ့သည်။ “ဆောလ်က မီးလျှံနီလေးကို ခိုးယူခဲ့တာများလား...”

“မစ်-ခီလန်ယာ...” ချန်လွေ့ ခဏ စဉ်းစားပြီး ပြောလိုက်သည်။ “ကျုပ်မှာ မေးစရာတစ်ခု ရှိတယ်။ အသူရာ ချောက်နက်က... နတ်သူငယ်မျိုးနွယ်စုနဲ့ တစ်ခုခု ဆက်စပ်နေတာ များလား။ မိုက်ကယ်နဲ့ ကျုပ်တို့ ခီလီယာနာကို တိုက်ခိုက်ခဲ့တုန်းက နတ်သူငယ်တစ်ပိုင်း သုသာန်ပတ်လည် နယ်မြေမှာ သူက ရှိနေတယ်။ ထူးဆန်းတဲ့ ဒဏ်ရာလည်း ရခဲ့တဲ့ပုံပဲ။ ဟုတ်တယ်မလား။ ပြီးတော့ လွန်ခဲ့တဲ့ နှစ်၂သောင်းမှာ ခီလီယာနာက နတ်သူငယ်မျိုးနွယ်စုမှာ တံခါးတစ်ခုဖွင့်ဖို့ တမင် ကြိုးစားခဲ့တယ်။ သူက သဘာဝ သစ်ပင်ကို တိုက်စားစေဖို့ စွမ်းအားတွေ အများကြီးကိုတောင် ကုန်ဆုံးစေခဲ့ပြီး နတ်သူငယ် မျိုးနွယ်စု ကျဆုံးသွားစေတဲ့ ဖရိုဖရဲ ဖြစ်ရပ်တစ်ခု ဖန်တီးခဲ့တယ်...”

“အသူရာ ချောက်နက်နဲ့ နတ်သူငယ် မျိုးနွယ်စုက တိုက်ရိုက် မပတ်သက်ဘူး။” အံ့ဩစရာကောင်းသည်မှာ ထိုမေးခွန်းကို ဖြေကြားခဲ့သူက ခီလန်ယာ မဟုတ်ဘဲ စေတန်ဖြစ်နေခြင်းပင်။ “ငွေလကောင်းကင်မြို့တော်က အထူးနေရာ တစ်ခုမှာ တည်ရှိနေလို့ပဲ။ ဒီနေရာက... အဲဒီတုန်းက စစ်မြေပြင် တစ်ခု ဖြစ်ခဲ့တယ်။ ငွေလကောင်းကင် မြို့တော် အဲဒီမှာ တည်ရှိနေတာက မတော်တဆ မဟုတ်ဘူး။”

ချန်လွေ့က စိတ်ထဲတွင် အနည်းငယ် နားလည်သွားပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင် ငွေလကောင်းကင် မြို့တော် ကျောက်စိမ်းသစ်တော ပင်လယ်မှာ ရှိနေရတဲ့ အကြောင်းရင်းက စစ်မြေပြင် ကနေ ကျန်ရစ်ခဲ့တဲ့ လက်ကျန် စွမ်းအား တစ်မျိုးမျိုးအတွက် လရောင် နတ်ဘုရားမ တမင်တကာ တည်ဆောက်ခဲ့တာပေါ့။ အဲဒါကြောင့် နတ်သူငယ် မျိုးနွယ်စုက အသူရာ ချောက်နက်ရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်လာခဲ့တာလား။”

“တကယ်လို့ နတ်ဘုရားမရဲ့ ကောင်းချီး ရှိခဲ့ရင် ဒီလိုပြဿနာမျိုး ရှိမှာ မဟုတ်ဘူး။ ကံဆိုးချင်တော့...” ခီလန်ယာ သက်ပြင်း ချလိုက်ပြီး ထိုအကြောင်းအရာပေါ်တွင် ဆက်မပြောတော့ပေ။ သူက လေသံကို ပြောင်းလိုက်သည်။ “တကယ်လို့ အကြောက်တရား အရှင်သခင်က ဆောလ်ရဲ့ ဝိညာဉ်ကို ပေါင်းစပ်ထားတာ အတည်ပြုနိုင်ရင် မီးလျှံနီလေးက အသူရာ ချောက်နက်ရဲ့ စွမ်းအားနဲ့ တိုက်စားခြင်း ခံရရင်တောင်မှ ဒါက နတ်သူငယ်တွေရဲ့ အမွေအနှစ် ဖြစ်နေတုန်းပဲ။ အဲဒါကြောင့် ဒါကို ချုပ်တည်းထားလို့ ရနိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ လက်ထဲမှာ အစွမ်းအထက်ဆုံး လေး သုံးလက်ထဲက တစ်လက်ဖြစ်တဲ့ လရောင်တိမ်ပင်လယ် လေး ရှိနေလို့ပဲ။ ကောင်းကင်မြို့တော် ပျက်စီးသွားပေမယ့် အမွေအနှစ်မှာ သူ့ရဲ့ ကိုယ်ပိုင်စွမ်းအားရှိပြီး ပျက်စီးမသွားဘူး။ မင်းသမီး ဖီလီ ကျက်သရေပြာ မြို့တော်က အရင် တစ်ခေါက် ရွှေ့ပြောင်းခဲ့တုန်းက ကောင်းကင်မြို့တော် အပျက်အစီးတွေဆီ သွားပြီးတော့ ဒီလေးကို တွေ့ခဲ့တယ်။”

မိုက်ကယ် ခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းကို ပြန်ခါကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ဒါပေမဲ့ မင်းသမီး ဖီလီရဲ့ စွမ်းအားက ဆိုစဘတ်နဲ့ ယှဉ်ပြိုင်ဖို့ အရမ်း အားနည်းလွန်းနေတယ်။”

“မှန်ပါတယ်။ လရောင်တိမ်ပင်လယ် လေးက နတ်သူငယ်ဧကရီရဲ့ အမွေဆက်ခံ ရတနာတစ်ခုပဲ။ ပြောရရင် ဒါကို စစ်မှန်တဲ့ နတ်သူငယ် တစ်ဦးပဲ အသုံးပြုလို့ရမယ်။ နတ်သူငယ် တစ်ပိုင်းတောင်မှ သူ့ရဲ့ စွမ်းအားကို မထုတ်လွှတ်နိုင်ဘူး။ ဒါပေမဲ့ ဒါကို သုံးနိုင်တဲ့ နောက်ထပ် တစ်ယောက် ရှိနေသေးတယ်။” ခီလန်ယာက ယုံကြည်မှု ရှိသော အမူအရာကို ပြသလိုက်ပြီး သူ၏ မျက်လုံးများက ချန်လွေ့ထံ လှည့်သွား၏။ “အဲဒီသူက သဘာဝသစ်ပင် အသိအမှတ် ပြုထားတဲ့သူပဲ...”

All Chapters