အဝိုင်းခံရပြီ
Vol. 1 Ch. 201
ယွင်ဖေးထံမှ သတင်းတို့သည် တိကျလေသည်။ တစ္ဆေတောအုပ် နယ်မြေ၏ အပြင်တွင် စစ်သည်ထောင်ချီ စုစည်းနေကြသည်။ ယွင်ဟဲသည် ထီးနန်းကို ရနိုင်ချေ အများဆုံး ဖြစ်သော မင်းသားဖြစ်ရာ ရှန်မိနိုင်ငံ၏ အင်အားကြီး ဂိုဏ်းများမှ ဆက်ခံသူများသည် သူ့အမိန့်ကို မနာခံဘဲ မနေရဲကြပေ။ ထို့ပြင် သူသည် ဆုကြေးမြင့်မြင့်လည်း ထုတ်ထားခဲ့သည်။ သူ့ညွှန်ကြားချက် အတိုင်း စစ်သည်တော်များသည် တပ်စုလေးစု ခွဲ၍ တစ္ဆေတောအုပ်ကို လေးဖက်လေးတန်မှ ဝိုင်းရံ ထားကြသည်။
ကျန်းရီသည် နှစ်ရက်လုံးလုံး တစ္ဆေတောအုပ် အတွင်းတွင်သာ နေ၍ သူ့နောက် အဆိပ်ရှိ ပိုးစိမ်းကောင်များ လိုက်နေသည်ကို ခွင့်ပြုထားခဲ့သည်။ ယွင်ဟဲသည် အတော်လေး ကျေနပ် နေခဲ့သည်။ ရွှေချမ်လော့သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် အယောက်ငါးဆယ်ကို ခေါ်ဆောင် လာခဲ့၍ ယွင်ဟဲသည် အယောက်လေးဆယ်ကို ခေါ်လာခဲ့ရာ စိတ်ဝိညာဉ် မျောလွင့်အဆင့်မှာ အယောက်တစ်ရာ ဖြစ်လေသည်။ သူတို့ ပစ်မှတ်ကို ဝိုင်းမိသည်နှင့် ငွေလ ဝံပုလွေသည် မိုးပျံ နိုင်သည်ဆိုလျှင်တောင် ကျန်းရီ သေရမည်ဟု ယွင်ဟဲယုံကြည်လေသည်။
"ဖုန်း ... ဖုန်း ... ဖုန်း"
တစ္ဆေတောအုပ်၏ အရှေ့ဘက် ငါးရာ ကီလိုမီတာခန့် အကွာတွင် ဆယ်မီတာခန့် မြင့်သော တောင်ကုန်းလေး တစ်ခု ရှိလေသည်။ ယခုအခါ လူဝံကြီး တစ်ကောင်သည် အယောက် တစ်ထောင်ခန့် ပါသော လူတစ်စုနှင့် အတူ ထိုတောင်ကုန်းကို ဖြတ်သန်းလျက် ရှိလေသည်။ လူဝံကြီးသည် အလွန် မြန်ဆန်လှသော တတိယအဆင့် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ်လေသည်။ ၎င်းသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် များအား ဖိနှိပ်နိုင်သော အရှိန်အဝါတို့ကို ထုတ်လွှင့်လျက် ရှိသည်။
"အိုင်းယား ... .ယွင်ဟဲ ဘယ်လောက် ကြာဦးမှာလဲ။ ဘယ်နှရက်တောင် ရှိပြီလဲ ... ကျွန်မ အခုထိ ကျန်းရီကို မမြင်ရသေးဘူး၊ ရှင်ကျွန်မကို ညာနေတာတော့ မဟုတ်ပါဘူးနော်"
လူဝံကြီး၏ ဘယ်ဘက် ပခုံးပေါ်တွင် ထိုင်နေသူသည် ပုရိသတို့၏ အကြည့်များစွာကို ဆွဲငင်ယူထားသော ရွှေချမ်လော့ ဖြစ်လေသည်။ လက်ရှိအချိန်တွင် သူမသည် သူမ၏ သေးသွယ် ပျော့ပျောင်းလှသော ခြေအစုံကို လွှဲ၍ နှုတ်ခမ်းဆူကာ မကျေနပ်သော အမူအရာနှင့် ယွင်ဟဲကို စိုက်ကြည့်လျက် ရှိသည်။
မိန်းမလှလေး တစ်ယောက်သည် မိန်းမလှလေးသာ၊ ရွှေချမ်လော့သည် ဆယ့်ငါးနှစ်ခန့်သာ ရှိဦးမည် ဖြစ်၍ သူမကိုယ်သည် အပြည့်အဝ မဖွံ့ဖြိုး သေးသော်လည်း သူမ၏ အမှတ်တမဲ့ အပြုအမူလေး များသည် ယွင်ဟဲ သူမကို ကြည့်လိုက်မိတိုင်း ယစ်မူး သွားစေနိုင်လေသည်။ သူ၏ မိန်းမလှလေး များနှင့် ပတ်သက်ဖူးသော အတွေ့အကြုံ အရ အနှီ ရွှေချမ်လော့သည် နောက်နှစ်နှစ် အတွင်း နယ်မြေ၏ လက်ရွေးစင် မိန်းမလှလေး တစ်ယောက် ဖြစ်လာမည်မှာ သေချာလေသည်။ သူမအမေ၏ အဆင့်အတန်းနှင့် ဖြည့်စွက်လိုက်လျှင် သူမသည် နယ်မြေ၏ နံပါတ်တစ် မိန်းမလှ ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပေ။ သူ့အတွက် သူမကို ရရှိရန်မှာ အိမ်ရှေ့စံဘွဲ့ကို လက်ခံ ယူရမည်ထက် ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းသေးတော့သည်။
သူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်လာကာ မိန်းကလေးများကို ဆွဲဆောင်နိုင်သော အပြုံးတစ်ခုကို ပုံဖော်လိုက်သည်။ အနည်းဆုံး ရွှေယွဲ့လျန် မျှော်စင်မှ မိန်းမလှလေးများ ဆွဲဆောင် ခံလိုက်ရလေသည်။ သူသည် အပြုံးနှင့် ရှင်းပြလိုက်သည်။
"ချမ်လော့ ... ငါနဲ့ ရက်တွေ အများကြီး အတူ ဖြတ်သန်းပြီးပြီပဲ ... ငါ့ကို နားမလည် သေးဘူးလား ... ငါကမင်းကို လိမ်နိုင်ပါ့မလား ... ရှေ့က ငါးရာ ကီလိုမီတာ အကွာမှာ ကျန်းရီ ရှိနေတယ် ... ငါတို့ တစ်ရက်အတွင်း သူ့ကို ဝိုင်းလိုက်နိုင်တယ် ... သူက အခု အဲ့နေရာမှာပဲ မလှုပ်မရှား နေနေတယ် ... သူ့မှာ အတောင်တစ်စုံ ရှိနေတယ် ဆိုရင်တောင် နေ့ဝက်အတွင်း သူထွက်ပြေးနိုင်မှာ မဟုတ်ဘူး"
"ကောင်းတယ်"
ရွှေချမ်လော့သည် ကျေနပ်စွာ လက်ခုပ် တီးလိုက်သည်။ သူမ မျက်နှာလှလှတွင် ဒေါသ အငွေ့အသက်တို့ ရစ်သိုင်း လာခဲ့သည်။ သူမသည် လက်သီး သေးသေးလေးများ ဆုပ်လိုက်ရင်း နာနာကြည်းကြည်း ပြောလာခဲ့သည်။
"အချိန်ကောင်း ရောက်ရင် ဒီသခင်မလေးက သူ့ကို ကိုယ်တိုင် သတ်ပစ်မယ် ... သူက ကျွန်မရဲ့ ဘလက်ကီလေးကို သတ်ပြီး ဝိညာဉ်ခေါင်းလောင်း ဝတ်စုံကိုလည်း ဖျက်ဆီးလိုက်တယ် ... အမေ တံခါးပိတ် ကျင့်ကြံရာက ထွက်လာရင် ကျွန်မကို ဆူပြီး အပြစ် ပေးလိမ့်မယ်"
"ဟားဟားဟား"
ယွင်ဟဲသည် ရယ်ချလိုက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။
"ငတုံးမလေး ... စိတ်မပူနဲ့ ... မင်း ဝိညာဉ်သားရဲ သင်တန်းကျောင်းရဲ့ နံပါတ်တစ် ပါရမီရှင် ကျန်းရီကို သတ်လိုက်ရင် ရွှေယွဲ့လျန် မျှော်စင်ရဲ့ ဂုဏ်ကိုဆောင် လိုက်တာပဲလေ၊ အန်တီက မင်းကို ဘာကြောင့် ဆူမှာလဲ ... ဒါ့အပြင် ကျန်းရီမှာလည်း တန်ဖိုးကြီး ရတနာတွေ ရှိနေတယ် မဟုတ်လား ... ငါတို့ မင်းကို အားလုံး ပေးလိုက်မယ်၊ ဒါဆို မင်းအမေက မင်းကိုဆူမှာ မဟုတ်တော့ဘူး"
ရွှေချမ်လော့သည် ထိုစကားကို ကြားသောအခါ သူမ၏ မျက်လုံးဝိုင်း များမှသည် လခြမ်းကွေးလေးများ ဖြစ်သွားသည် အထိ သဘောတကျ ပြုံးလိုက်သည်။ ပြုံးနေရင်း သူမ ဆိုလာခဲ့သည်။
"အစ်ကိုယွင်ဟဲ ရှင်က အရမ်း ကောင်းတာပဲ ... ကျွန်မအမေက လွဲရင် ကျွန်မကို အကောင်းဆုံး ဆက်ဆံပေးတာ ရှင်ပဲရှိတယ်"
"ခွီ ... မင်းက ငါ့ရဲ့ မင်းသမီးလေးပဲ၊ မင်းကိုမှ ကောင်းကောင်း မဆက်ဆံရင် ဘယ်သူ့အပေါ် ကောင်းပေးရမှာလဲ"
ယွင်ဟဲသည် သွားဖြူဖြူလေးများ ပေါ်သည်အထိ လှလှပပ ပြုံးလိုက်သည်။ သူကျန်းရီကို သတ်နိုင်လျှင် ရွှေချမ်လော့သည် သူ့ကို တစ်လ အဖော်ပြု ပေးလိမ့်မည်။ သူ၏ အရည်အချင်းနှင့် ဆိုလျှင် ထိုမိန်းကလေးကို တစ်လအတွင်း သိမ်းသွင်း နိုင်လေသည်။
သူရွှေချမ်လော့ကို ရအောင် ယူနိုင်လျှင် သူ့အဖေသည် သူ့ကို အိမ်ရှေ့စံ ရာထူး သေချာပေါက် ပေးလိမ့်မည်။ သူရွှေချမ်လော့ကို လက်ထပ်ပြီးလျှင် လူတကာ၏ ထိပ်ဆုံးတွင် နေနိုင်တော့မည်။ ထိုအကြောင်းကို တွေးမိရုံမျှဖြင့် ယွင်ဟဲ စိတ်လှုပ်ရှား လာခဲ့သည်။ ထို့နောက် သူပျော်ရွှင်စွာ အော်ဟစ်အမိန့် ပေးလိုက်သည်။
"စစ်သည်တို့ အရှိန်ကိုမြှင့်ကြ ... ငါတို့ ကျန်းရီကို တစ်နေ့အတွင်း ဝန်းရံနိုင်ရမယ်"
"အူး..ဝူး"
လူဝံကြီးသည် အရှိန်ကို စတင် မြှင့်လိုက်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် များသည်လည်း အတွင်းအား တို့ကို ထုတ်ဖော်၍ အရှိန်ကို မြန်ဆန်လိုက်သည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့် လူရှစ်ရာကျော်သည် အမှီ မလိုက်နိုင်သော်လည်း ယွင်ဟဲသည် သူတို့အား အပြစ်မတင်ဘဲ ဖြည်းဖြည်းချင်းသာ လိုက်လာ စေလိုက်သည်။
နေ့ဝက်ကြာသော် ... .
ကင်းထောက်များစွာ လာရောက်၍ တစ္ဆေတောအုပ်၏ အပြင်ဘက် ငါးဆယ် ကီလိုမီတာ အကွာတွင် တပ်စုများ ချထားပြီး ဖြစ်ကြောင်း သတင်းပို့ကြသည်။ ယွင်ဟဲသည် ကျန်းရီ ထိုနယ်မြေ အတွင်း၌သာ ရှိသေးကြောင်း ပိုးကောင်များကို စစ်ဆေး ပြီးသောအခါ အားရပါးရ ရယ်လိုက်သည်။
"ဟားဟားဟား ... ကျန်းရီ အခုပြေးစရာ နေရာ မရှိတော့ဘူး ... စစ်သည်တွေ တောအုပ်ဆီ နှစ်ဆယ့် ငါးကီလိုမီတာ အကွာထိ တိုးသွားကြပြီး ခြောက်နာရီ နားကြမယ် ... တိုက်ပွဲအတွင် ပြင်ဆင်ကြ"
"ဝါး ... "
ရွှေချမ်လော့သည် အတိုင်းထက် အလွန် ပျော်ရွှင် နေလေသည်။ ကျန်းရီသည် တစ်ချိန်လုံး သူမအတွက် အိပ်မက်ဆိုးကြီး ဖြစ်နေခဲ့သည်။ သူမ ကျန်းရီကို မသတ်ရလျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မည် မဟုတ်ပေ။ ကျန်းရီ၏ အေးစက်ကာ မကောင်းဆိုးဝါး ဆန်သော မျက်လုံးတစ်စုံသည် သူမအား အိပ်စက်နေရင်းမှ အကြိမ် ပေါင်းများစွာ လန့်နိုးစေခဲ့သည်။ လအနည်းငယ် ကြာပြီးနောက် သူမ အလိုရှိရာကို ရပေတော့မည်။ ထို့ကြောင့် သူမ စိတ်လှုပ်ရှား နေလေသည်။
မကြာခင်တွင် စစ်သည်များသည် နောက်ထပ် နှစ်ဆယ့်ငါး ကီလိုမီတာ ချီတက်လိုက်ပြီး ရပ်တန့် လိုက်ကြသည်။ ရောက်ရှိ နေနှင့်ပြီးသော ရှန်မိနိုင်ငံမှ အခြား စစ်သည်တို့ သည်လည်း ယွင်ဟဲထံမှ သုံးနာရီ နား၍ တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်တို့ကို ရရှိကြသည်။ သူတို့သည် နေ့မနား ညမနား ကျန်းရီနောက် ခြေရာခံ လိုက်ထားကြရ၍ ပင်ပန်းနေပြီ မဟုတ်ပါလော ...
"ဘာကြောင့် နားဖို့ လိုမှာလဲ ... တစ်ယောက်တည်းနဲ့ လူအများကြီးကို ရင်ဆိုင်ရမှာ ကျန်းရီ ဘာများ လုပ်နိုင်မှာ မလို့လဲ"
ယွင်ဟဲသည် စစ်သည်များကို အနားယူ ခိုင်းလိုက်သော်လည်း ရွှေချမ်လော့က လက်မခံချင်ပေ။ သူမအမြင်တွင် ကျန်းရီသည် မည်မျှ အစွမ်းထက် နေပါစေ တစ်ယောက်တည်းသာ ဖြစ်လေသည်။ စစ်သည် အများကြီးက ဝန်းရံ၍ သတ်ဖြတ်ကြမည် ဖြစ်ရာ သူ့တွင် ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိနေလျှင်တောင် သေရမည် ဖြစ်လေသည်။ သူမသည် ဒေါသတကြီး အမိန့်ပေးလိုက်သည်။
"ယွင်ဟဲ ... ချက်ချင်း တိုက်ခိုက်ဖို့ အမိန့်ပေးလိုက် ... ရှင်အမိန့် မပေးရင် ကျွန်မ ရွှေယွဲ့လျန် မျှော်စင်က လူတွေကိုပဲ လှုပ်ရှား ခိုင်းလိုက်မယ်"
အရူးပဲ။
ယွင်ဟဲသည် စိတ်ထဲတွင်သာ ပေါက်ကွဲ နိုင်လေသည်။ သူတို့သည် ကျန်းရီအား ဝိုင်းထားပြီးပြီ ဖြစ်ရာ အလျင် လိုနေရန် မလိုပေ။ လူတိုင်းသည် ကျန်းရီနောက် နေ့မနား၊ ညမနား လိုက်နေရ၍ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များတောင် ပင်ပန်း နေကြလေပြီ။ ခရမ်းရောင် နန်းတော်ရှင် အဆင့်များဆိုလျှင် တပ်မကြီးအား အမီပင် လိုက်မလာ နိုင်သေးပေ။ တစ်ခုခု လွဲချော်သွားလျှင် မည်သို့ လုပ်မည်နည်း ... ယွင်ဟဲသည် တစ်ခုခု လွဲချော် လိမ့်မည်ဟု မထင်သော်လည်း သူသည် စစ်ဗျူဟာ များကို နှစ်ပေါင်းများစွာ သင်ကြားခဲ့ရသည်။ ထို့ကြောင့် တိုက်ပွဲ ဝင်လိုစိတ် သည်လည်း အဓိကနေရာမှ ပါဝင်ကြောင်း နားလည် ထားလေသည်။
"ငါဂရုမစိုက်ဘူး"
ရွှေချမ်လော့၏ သူဌေးသမီး မမလေး သဘောထားသည် ပေါ်ထွက် လာခဲ့ပေပြီ။ သူမသည် လူဝံကြီး၏ ပခုံးပေါ်မှ ခုန်ဆင်းကာ လက်ကို ယမ်းလိုက်သည်။
"ရွှေယွဲ့လျန် မျှော်စင်က လူတွေ ငါ့အမိန့်ကို နာခံကြ ... ရှေ့ဆက် ချီတက်ပြီး ကျန်းရီကို သတ်မယ်"
"မလုပ်နဲ့"
ယွင်ဟဲသည်လည်း အလျင်အမြန် ခုန်ဆင်းကာ ရွှေချမ်လော့ကို ဆွဲ၍ ကူကယ်ရာမဲ့စွာ ပြောလိုက်ရသည်။
"ကောင်းပြီ ... အလျင် မလိုပါနဲ့ ... ငါအမိန့် ပေးလိုက်မယ်..ဟုတ်ပြီလား"
ထိုအခါမှသာ ရွှေချမ်လော့သည် အမိန့်ကို ရုပ်သိမ်း၍ နှုတ်ခမ်း ဆူကာ ပြောလိုက်သည်။
"ရှင့်လူတွေကို သူ့ကို အရှင်ဖမ်းပေးဖို့ ပြောလိုက် ... ဒီသခင်မလေးက သူ့ကို ကိုယ်တိုင် နှိပ်စက်ပြီးမှ သတ်ချင်တယ်"
ယွင်ဟဲသည် ခေါင်းညိတ်လိုက်ကာ နောက်လိုက် သုံးယောက်ကို အမိန့် ပေးလိုက်သည်။
"ဟော်ရှူ ၊ မင်ဟွေ့နဲ့ ကုထယ်ကို အကြောင်းကြား၊ ရှေ့ဆက် ချီတက်ဖို့နဲ့ ကျန်းရီကို လုံးဝ မလွတ်စေဖို့"
"ဝှစ်"
နောက်လိုက်သုံးယောက်သည် တစ်မျက်နှာစီ အမြန်ဆုံးနှုန်းနှင့် ထွက်ခွာ သွားကြကာ တပ်စုသုံးထံ သတင်း သွားပို့ကြသည်။ ထို့နောက် ယွင်ဟဲသည် လက်ရမ်းကာ ကျန်လူများကို အမိန့် ပေးလိုက်သည်။
"ဆက်တက်ကြမယ် ... တိုက်ခိုက်ဖို့ ပြင်ထားကြတော့"
"လူခွဲကြ"
ရွှေချမ်လော့၏ လက်လှုပ်ယမ်းသွားရာ ရွှေယွဲ့လျန် မျှော်စင်မှ လူဆယ်ယောက်သာ ကျန်ခဲ့၍ အယောက်လေးဆယ်သည် ယပ်တောင်ပုံဖြင့် တစ္ဆေတောအုပ်ကို ဝိုင်းလိုက်ကြသည်။ ကျန်းရီ ထွက်ပြေးရန် ကြိုးစားလျှင် သူတို့ထံမှ တစ်ယောက်သည် အချိန်ဆွဲ၍ ကျန်လူများသည် ချက်ချင်း ဝိုင်းလိုက်ကြမည် ဖြစ်သည်။
တစ်နာရီ အတွင်း တပ်ဖွဲ့လေးခုသည် တစ္ဆေတောအုပ် အနီး ရောက်ရှိသွားကြပြီ ဖြစ်လေသည်။ ကျန်းရီ တောအုပ်ထဲတွင် ရှိကြောင်း စစ်ဆေး ပြီးသောအခါ ယွင်ဟဲ အမိန့် ပေးလိုက်လေသည်။ တပ်ဖွဲ့တိုင်းသည် လူတစ်ဝက်စီကို တောအုပ်အတွင်း စေလွှတ်၍ ကျန်တစ်ဝက်သည် ကျန်းရီ သေမည်လား၊ ထွက်ပြေးရန် ကြိုးစားမည်လားကို စောင့်ဆိုင်း ကျန်ရစ်ကြလေသည်။
***