ကောင်းကင်ဘုံသို့သွားရာလမ်း
Vol. 1 Ch. 202
"သူတို့ ရောက်နေကြပြီ"
လူအယောက် နှစ်ထောင်ခန့် တောအုပ်ထဲသို့ ဝင်လာသောအချိန်တွင် သစ်ပင်တစ်ပင်ထက် ထိုင်နေကြသူ သုံးဦး ရှိလေသည်။ ကျန်းရီသည် သတိပြု မိလိုက်သည်နှင့် မျက်လုံးအစုံကို ဖွင့်ကာ ပြောလိုက်သည်။ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့ သည်လည်း မျက်လုံးများ ဖွင့်လာ ကြလေသည်။ မျက်လုံးသုံးစုံသည် လူသတ်ငွေ့များ ပြည့်လျက် ရှိသည်။
"ငါ့ကို မင်းတို့ တံဆိပ်ပြားတွေ ပေးထား"
ကျန်းရီ လက်ဆန့်လိုက်သော် နှစ်ယောက်လုံးသည် သူတို့၏ တံဆိပ်ပြားများကို ကမ်းပေးလာခဲ့ပြီး ကျန်းရီသည် ၎င်းတို့အား မီးဝိညာဉ်ပုလဲ အတွင်း သိမ်းဆည်း လိုက်လေသည်။ ကျန်းရီ၏ လက်ဟန်ပြ အပြီးတွင် သုံးယောက်သားသည် မြေအောက်ဥမင် ထဲသို့ ပြေးဝင်သွားကြသည်။
"အရှေ့ဘက်က လူတွေကို သွားရှင်းရအောင်"
ကျန်းရီ ရေရွတ်လိုက်ပြီး ဥမင်ထဲ တိုးဝင် သွားခဲ့လေသည်။
အစက အဝါရောင် သစ်ပင်၏ ရှုပ်ထွေးလှသော အမြစ်များကြောင့် ဥမင် တူးရသည်မှာ ခက်ခဲသော်လည်း ယွင်ဖေး ရောက်လာရာ ဘာပြဿနာမှ မရှိတော့ချေ။ ယွင်ဖေးတွင် သစ်ပင်များကို ထိန်းချုပ်ရသော ရှေးဟောင်း မှော်အတတ်ကို ဖြည့်စွက်ပေးသည့် သစ်သား စိတ်နယ်လွန်ခန္ဓာ ရှိလေသည်။ သူမသည် ဝိညာဉ်သားရဲ သင်တန်းကျောင်းတွင် ရှိစဉ်က ထိုအစွမ်းကိုသုံး၍ ကျန်းရီအား မြေအောက် နွယ်ပင်များဖြင့် နှစ်ကြိမ်တိုင်တိုင် ထိန်းချုပ်ရန် ကြိုးစား ဖူးသေးသည်။ ဤနှစ်ရက်အတွင်း သူမသည် သစ်ပင်အမြစ် များကို ရွေ့လျားစေ၍ ကျန်းရီသည် ဝင်္ကပါပုံစံ အကွေ့အကောက် များစွာနှင့် ဥမင်လိုဏ်ခေါင်း များစွာ တူးခဲ့လေသည်။
"ရပ်တော့"
ခဏတဖြုတ် ပြေးလွှားပြီးနောက် ကျန်းရီသည် ရပ်လိုက်ကာ ယွင်ဖေးအား လှည့်ကြည့်လိုက်သည်။
"ဒီဘက်ကို လာနေကြတာ လူဘယ်နှယောက် ရှိလဲ။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ကရော ဘယ်နှယောက်လဲ"
ယွင်ဖေးသည် မျက်လုံးများကို မှိတ်ချလိုက်ပြီး သူမကိုယ်မှ အဝါရောင် အလင်းများ ဖြာထွက် လာခဲ့သည်။ ထို့နောက် မြန်ဆန်စွာ ပြန်ဖြေ လာခဲ့သည်။
"စုစုပေါင်း အယောက်ခုနစ်ရာ၊ ရှစ်ရာလောက် ... စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်က နှစ်ဆယ့်ခြောက်ယောက်"
"ကောင်းပြီ"
ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျန်းရီ စကားစလိုက်သည်။
"ဝူရွှမ်း ... စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တွေကို အရင်ရှင်းတာပေါ့၊ ကျန်တဲ့ ခရမ်းရောင် နန်းတော်ရှင် အဆင့်တွေက ငါ့တာဝန်ထား ... ယွင်ဖေး မင်းက ငါတို့ လုံခြုံရေးကို သေချာ စောင့်ကြည့်ထားပေး"
တိုက်ပွဲ စတင်တော့မည် ဖြစ်မှန်း သိချိန်တည်းက သူတို့ သုံးယောက်သည် အကြာကြီး ဆွေးနွေးခဲ့ပြီး ဖြစ်ရာ စကားအများကြီး ပြောနေရန် မလိုပေ။ ကျန့်ဝူရွှမ်း ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သားသည် လူခွဲ၍ ဥမင် အသီးသီးစီ ဝင်သွား ကြတော့သည်။
တစ္ဆေတောအုပ်၏ အရှေ့ဘက်ခြမ်းတွင် လူများပြည့်လျက် ရှိသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် များသည် အရှေ့မှ လျှောက်လာကြပြီး နှစ်ယောက် တစ်တွဲစီတိုင်းသည် ပေပေါင်းများစွာ ခွာကာ တံဆိပ်ပြားများ သုံး၍ ကျန်းရီအား ရှာဖွေနေကြသည်။
ရှေ့ဘက်ခြမ်းမှ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် ရုတ်တရက် လှုပ်ရှားလိုက်သည်။ ပုံရိပ်တစ်ခုသည် အပေါ်မှ အောက်သို့ ကျဆင်းလာရာ ထိုလူနှင့် ခရမ်းရောင် နန်းတော်ရှင် အဆင့် သိုင်းသမားများသည် လန့်သွား ကြလေသည်။ အနှီ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် ဓားအားလှိုင်း တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်လေသည်။
"ဘန်း"
ထူးဆန်းသည့် အဖြစ်အပျက် ဖြစ်ပေါ်လာခဲ့သည်။ ထိုပုံရိပ်သည် ကြိုးတစ်ချောင်းကို တွဲခို၍ တည့်တည့် ပျံသန်းလာခဲ့ရာ ဓားအားလှိုင်းနှင့် ရိုက်မိသွားခဲ့ပြီး အသားစများ လွင့်ထွက်လာကြသည်။ ခေါင်းတစ်လုံးသည် လူအုပ်ထံ လိမ့်ဝင်လာရာ အားလုံးသည် ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။
"မဟုတ်သေးဘူး ... ဒါက အလောင်း တစ်လောင်းပဲ"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်သည် အလောင်းကို မြင်သောအခါ မျက်နှာ အနည်းငယ် ပျက်သွားခဲ့သည်။ ထိုအချိန်တွင် သူ့ဘေးမှ မြေကြီးသည် ပွင့်ထွက် လာခဲ့သည်။ အနက်ရောင် ဓားရှည်ကို ကိုင်ထားသော အစိမ်းရောင် ပုံရိပ်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဓားရှည်ဖြင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူအား ပိုင်းချလာခဲ့သည်။ ထိုပုံရိပ်၏ အခြား လက်တစ်ဖက် မှလည်း အနက်ရောင် အလင်းနှင့်အတူ နတ်ဘုရား သတ်ဖြတ်ခြင်း မြားသည် လျှပ်စီးအလျင်ဖြင့် လေကိုခွင်း၍ ထွက်ပေါ်လာခဲ့သည်။
"အမ်"
အနှီ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်၏ တုံ့ပြန်မှုများသည် မြန်ဆန်လွန်း၍ သတိထား မိလိုက်သည်နှင့် ချက်ချင်းတန်ပြန် တိုက်ခိုက်လာသည်။ သို့သော် ကျန်းရီ၏ ပေါ်ထွက်လာမှုသည် ရုတ်တရက် ဆန်လွန်းနေပြီး သူ့အာရုံသည်လည်း အထက်မှ ကျဆင်းလာသော အလောင်းထံတွင် ရောက်နေခဲ့သည်။ သူသည် ပထမ တိုက်ခိုက်မှုအား အချိန်မီ ပိတ်ဆို့ နိုင်လိုက်သော်လည်း နတ်ဘုရား သတ်ဖြတ်ခြင်းများသည် သူ့ခေါင်းထံ ကျရောက် လာခဲ့သည်။ သူ့ကိုယ်သည် လွင့်ထွက်သွား၍ ခေါင်းတစ်ခြမ်း ပွင့်ကာ ချက်ချင်း သေဆုံး သွားခဲ့သည်။
"ကျန်းရီ ... သူ့ကိုသတ်ကြ"
အနီးအနားရှိ သိုင်းသမား များသည် အံ့အားသင့် နေရာမှ သတိ ဝင်လာကြကာ ကျန်းရီထံ ချက်ချင်း ပြေးဝင်လာကြသည်။ မလှမ်းမကမ်းတွင် ရှိနေသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့် များသည်လည်း ကျန်းရီတို့ ရှိရာဘက်သို့ ပြေးလာနေကြသည်။ ကျန်းရီသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်ကို သတ်လိုက်ပြီးနောက် တွေဝေ မနေဘဲ သူထွက်လာခဲ့သော ဥမင်ပေါက် ထဲသို့ ပြေးဝင်သွားကာ မြေအောက်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
"ဘန်း"
ခရမ်းရောင် နန်းတော်ရှင် အဆင့်များသည် ကျန်းရီ ပြေးဝင်သွားသော လိုဏ်ခေါင်းထဲသို့ ပြေးဝင်သွားကြသည်။ သို့သော် လိုဏ်ခေါင်းအား ရုတ်တရက် ရွေ့လျားလာသော သစ်မြစ်တို့က ပိတ်ဆို့ လိုက်ကြသည်။
"ခလွမ်"
ခရမ်းရောင် နန်းတော်ရှင် အဆင့် သိုင်းသမား တစ်ယောက်သည် ဆေဘာဓားကြီးကို လွှဲကာ အားကုန် ခုတ်ချလိုက်သည်။ မီးပွားလေးများနှင့် သတ္တုချင်း ထိခတ်သံများ ထွက်လာစေရုံ မှတစ်ပါး သူ့လက်နက်သည် သစ်ပင်အမြစ် များကို မည်သို့မှ မထိခိုက် စေခဲ့ပေ။
"ဘေးဖယ် ... ငါလုပ်မယ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် အော်သံ တစ်ခုနှင့်အတူ ဓားအလင်း တစ်ချက်အား ပစ်ထုတ်လိုက်သည်။
"ဗုန်း"
ပေါက်ကွဲသံကျယ်ကြီး ပေါ်ထွက်လာခဲ့ပြီး ဖုန်များ တထောင်းထောင်း ထလာကာ သစ်ပင်ကြီးလည်း လှုပ်ယမ်း သွားခဲ့သည်။ ဖုန်များ ငြိမ်သွားသောအခါ လူတိုင်းသည် အားတက်သရော ကြည့်လိုက် ကြသော်လည်း သစ်မြစ်၏ အပေါ်ယံလွှာ တစ်ခု ကွာကျ သွားသည်ကိုသာ တွေ့လိုက်ရသည်။
"ဘန်း"
ဓားအလင်း ထုတ်ဖော်လိုက်သော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်၏ ဘေးရှိ မြေပြင်သည် ရုတ်တရက် ပွင့်ထွက် သွားခဲ့သည်။ အနက်ရောင် သံချပ်ဝတ် လူတစ်ဦး ထွက်ပေါ် လာခဲ့ပြီး သိမ်းငှက်လက်သည်း နှစ်စုံဖြင့် သူ့အား တိုက်ခိုက်တော့မည့် အနှီ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်၏ ခြေထောက်ကို ဆွဲသွားလေသည်။
"မင်းက အသက် ရှင်ရတာ ပင်ပန်းနေပြီနဲ့ တူတယ်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်၏ လက်ထဲတွင် အတွင်းအားများ ထည့်ထားသော ဓားမြှောင်တစ်ခု ပေါ်ထွက် လာခဲ့သည်။ သူသည် ဓားမြှောင်အား မြှောက်၍ သူ့ခြေထောက်အား ဆွဲထားသူ၏ ခေါင်းထက် အားကုန် စိုက်ချလိုက်သည်။
"အား"
ထိုသူသည် မည်သည့် အမူအရာမှ မပြဘဲ သူ့ကိုယ်မှ ရွှေရောင်အလင်း များသာ ဖြာထွက် လာမည်ဟု ဘယ်သူမှ ထင်မထားကြပေ။ သူသည် သူ၏ သိမ်းငှက် လက်သည်းများနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်အား နှစ်ပိုင်း ပြတ်သွားအောင် ဆွဲဖြဲ လိုက်လေသည်။ မသေခင် အချိန်ထိ ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်သည် မယုံကြည်ဟန် ပေါ်နေခဲ့သည်။ သူ၏ ဓားမြှောင်သည် ထိုလူ၏ ခေါင်းထက် စိုက်ဝင်သွားသည်မှာ သေချာသော်လည်း ဓားသည် သံကို စိုက်မိသည့်အလား ပြန်ကန်ထွက် လာခဲ့သည်။
"စစ်နတ်ဘုရား မျိုးနွယ်က ကျန့်ဝူရွှမ်း"
တစ်ယောက်ယောက်သည် သဘောပေါက် သွားခဲ့သည်။ မျိုးနွယ်စုများတွင် စစ်နတ်ဘုရား ရောင်ဝါ ကျင့်စဉ်ကို ပိုင်ဆိုင်ထားသော စစ်နတ်ဘုရား မျိုးနွယ်သာလျှင် မာကျောလှသော အသားနှင့် နတ်မျိုးနွယ်အလား ရွှေရောင်အလင်းများ ဖြာထွက်နေသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။
"ဝှစ်"
လူတစ်ယောက်အား သတ်ပြီးနောက် ကျန့်ဝူရွှမ်းသည် လိုဏ်ခေါင်းထဲသို့ ချက်ချင်း ပြန်ဝင်သွားခဲ့သည်။ အဝါရောင် သစ်ပင်၏ အမြစ်များသည် ချက်ချင်း လှုပ်ရှားလာကာ လိုဏ်ခေါင်းအား ပိတ်ဆို့လိုက်လေသည်။
"ဘန်း"
လူတိုင်း အံ့အားသင့် နေချိန်တွင် နောက်ထပ်ပုံရိပ် တစ်ခုသည် တခြားဘက်ခြမ်းမှ ထွက်ပေါ် လာခဲ့ပြန်လေသည်။ ဤတစ်ကြိမ်တွင် ထိုပုံရိပ်သည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်၏ အောက်တည့်တည့်မှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပြီး သူ့ကိုယ်မှ ချောက်ချားဖွယ် မီးတောက်များ ပေါ်ထွက်လာကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်အား ပြာဖြစ်သည် အထိ လောင်ကျွမ်း သွားလေသည်။
"ဒါက ..."
ခရမ်းရောင် နန်းတော်ရှင် အဆင့်များ၏ မျက်နှာများ ထက်တွင် ထိတ်လန့်ဟန်များ ပေါ်ထွက် လာခဲ့သည်။ ဤအကြိမ်သည် ထိုထူးဆန်း လှသည့် အခြေအနေ များကို သူတို့ ကိုယ်တွေ့ ကြုံရသည့် ပထမဆုံး အကြိမ် ဖြစ်လေသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အချို့သည်ပင် ကြောက်လန့် လာကြသည်။
ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် လူအကောင်လိုက် ထွက်ပြ လာပါသော်လည်း သူတို့သည် ထိုနှစ်ယောက်ရှိရာ နေရာအား တံဆိပ်ပြား သုံး၍ ခြေရာ ခံမရပေ။ ထို့ပြင် သူတို့နှစ်ယောက်သည် အောက်မှ ချောင်းမြောင်း တိုက်ခိုက် နိုင်ကြသော်လည်း သူတို့မှာ လိုက်ရန်ပင် အခွင့်အရေး မရဘဲ အရူးများပမာ ထိုနှစ်ယောက် တိုက်ခိုက်လာမည် ကိုသာ စောင့်ဆိုင်း နေရလေသည်။
သူတို့ မတိုက်ခိုက်ရဘဲ ခံပဲ နေရတာလား၊ တခြား လုပ်စရာများ ရှိနေမလား။
"တွင်းတစ်ခု တူးလိုက်"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် သူ့လက်နက်ကို ဆွဲထုတ်၍ တွင်းတစ်ခု စတင် တူးလိုက်သည်။ ကျန်လူများ သည်လည်း သဘောပေါက် သွားကြသည်။ သူတို့သာ ဥမင်များတူး၍ မြေအောက်တွင် ပုန်းအောင်းကာ ကျန်းရီနှင့် ကျန့်ဝူရွှမ်းအား ဝိုင်းလိုက်နိုင်လျှင် သူတို့တွင် လူအင်အားများ နေရာ ထိုနှစ်ယောက် သေချာပေါက် သေရပေမည်။
"ဘန်း"
ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် မြေအောက်မှ တစ်လှည့်စီ ထွက်ကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များအား သတ်နေကြလေသည်။ သူတို့သည် မြေကြီးထဲသို့ မီတာ တစ်ရာကျော် တူးကြည့်သော်လည်း မည်သည့်တွင်းမှ တူးမရဘဲ ရှုပ်ထွေး ထူထပ်နေသော အဝါရောင် သစ်မြစ်များ ကိုသာ တွေ့ရလေသည်။
"ဒီမှာ လိုဏ်ခေါင်းတစ်ခု တူးထားတယ်"
ကျန်စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် နောက်ဆုတ်ရန် အမိန့်ပေးတော့မည့် ဆဲဆဲတွင် ခရမ်းရောင် နန်းတော်ရှင် အဆင့်တစ်ယောက်သည် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် စုစည်းကာ ဥမင်ထံ ဦးတည် သွားကြလေသည်။
"ငါတို့ အရင်ဝင်သွားမယ် မင်းတို့ နောက်ကနေ လိုက်လာခဲ့"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့်များသည် အံကြိတ်၍ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့သည် အတွင်းအားများကို ထုတ်ဖော်၍ အောက်ရှိ ဥမင်ထဲသို့ ဝင်သွားကြလေသည်။
"ဟားဟားဟား ... ကောင်းကင်ဘုံကိုသွားတဲ့ လမ်းတစ်ခုရှိတယ် ... ဒါပေမဲ့ မင်းတို့က တံခါးမရှိတဲ့ ငရဲကို ခုန်ဝင်လာဖို့ ရွေးချယ်လိုက်တယ်!"
စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ ဥမင်ထဲသို့ ဆင်းသွား ကြသောအခါ အေးစက်လှသော အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီသည် ဥမင်တစ်ဖက်မှ ဖြည်းဖြည်းချင်း လမ်းလျှောက် လာခဲ့ပြီး ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များအား လူသေတစ်အုပ်ကို ကြည့်ရသည့် အလား ကြည့်လာခဲ့လေသည်။
***