အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း
Vol. 1 Ch. 203
"ကျန်းရီ ... မင်းက အသက်မရှင် ချင်တော့တာပဲ"
"သတ်ကြ"
ဥမင်များထဲတွင် အလင်းရောင် ကောင်းစွာ မရသော်လည်း စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် အမြင်အာရုံ ကောင်းလှသောကြောင့် တစ်ချက်ကြည့်ရုံမှ ကျန်းရီ၏ မျက်နှာထားမှ အစ ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ ရှေ့ဆုံးရှိ လူသုံးယောက်သည် အတွင်းအားများကို ကျန်းရီထံ ပစ်လိုက်ကြသည်။
ထိုအချိန်တွင် သစ်ပင်၏ အမြစ်များသည် ရွေ့လျား လာခဲ့ပြီး ဥမင်အလယ်ကို ပိတ်ဆို့ လိုက်လေသည်။ အတွင်းအား သုံးခုသည် သစ်မြစ်များနှင့် ထိတွေ့သွားပြီး ဥမင်အပေါ်မှ မြေမှုန့်များ ကွာကျ လာကြသည်။
"မကောင်းတော့ဘူး"
ပို၍ ကြောက်စရာ ကောင်းသည့်မြင်ကွင်း ဖြစ်ပေါ်လာခဲ့သည်။ ထိုလူများ ဝင်လာသော ဝင်ပေါက်အားလည်း သစ်မြစ်ကြီးများက ပိတ်ဆို့လိုက်ပြီး ထွက်ပြေးစရာ လမ်းကြောင်း မရှိတော့ပေ။ နောက်ထပ်သော သစ်မြစ်များသည် သူတို့ထံ ဦးတည် လာကြပြီး ရစ်ခွေ၍ အကျဉ်းထောင ်အလား သူတို့ကို ပိတ်ဆို့ လာခဲ့လေသည်။
"အာ"
"ဒါက ဘယ်လို မကောင်းဆိုးဝါး ကျင့်စဉ်လဲ"
"မကောင်းဆိုးဝါး ကျင့်စဉ်မဟုတ်ဘူး ... ဒါက မှော်အတတ် ... မင်းသမီး ယွင်ဖေးရဲ့ ရှေးဟောင်း မှော်ပညာပဲ ... ဒီအနီးအနားမှာ မင်းသမီး ယွင်ဖေး ရှိရမယ်"
"မင်းသမီး ... မင်းသမီး ... ကျွန်တော်တို့က မင်ဂိုဏ်းကပါ ... မင်းသမီးက ဘယ်လိုလုပ် အပြင်လူတွေ ကူညီပြီး ကိုယ့်နိုင်ငံသား တွေကို ဒုက္ခ ရောက်စေတာလဲ?"
"အမှန်ပဲ ... မင်းသမီး ... ကျွန်တော်တို့ကို ချမ်းသာပေးပါ ... ကျွန်တော်တို့ ချက်ချင်း ထွက်သွားမယ်လို့ အာမခံပါတယ်"
ထိုစိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် ရှန်မိနိုင်ငံသားများ ဖြစ်ကြ၍ ယွင်ဖေး၏ မှော်အတတ်ကို မြန်မြန်ဆန်ဆန်ပင် ခန့်မှန်း နိုင်သွားကြသည်။ ထိုကဲ့သို့ သစ်ပင်များကို ထိန်းချုပ်သော အဆင့်မြင့် မှော်ပညာသည် တော်ဝင်မျိုးနွယ် များသာ သင်ယူခွင့်ရှိပြီး နားလည် တတ်မြောက်ရန် အလွန် ခက်ခဲလေသည်။ တော်ဝင်မိသားစု တစ်ခုလုံးတွင်မှ လူနှစ်ယောက်သာ ထိုမှော်အတတ်ကို တတ်မြောက်ထားပြီး အခြား တစ်ယောက်မှာ အသက်ကြီး လွန်းနေပြီ ဖြစ်သောကြောင့် ဤပြိုင်ပွဲတွင် ရှိမနေနိုင်ပေ။
အနှီလူများသည် ရုတ်တရက် သဘောပေါက် သွားကြသည်။ ဤဂူကို ခရမ်းရောင် နန်းတော်ရှင် အဆင့် လူငယ် ရှာတွေ့ခဲ့ခြင်းမှာ ကံကောင်း၍ မဟုတ်ဘဲ မင်းသမီး ယွင်ဖေးက သစ်မြစ်များ သုံး၍ ရည်ရွယ်ချက်ရှိရှိ ဖန်တီး ထားခြင်းကြောင့်သာ ဖြစ်လေသည်။ ၎င်းသည် သူတို့ ရူးမိုက်စွာ ခုန်ဝင်မိသော ထောင်ချောက်တစ်ခု ဖြစ်နေခဲ့သည်။
"ဟမ့် ... မင်ဂိုဏ်းက လူတွေလား ... ဒါဆို ပိုပြီးတော့တောင် သေသင့်သေးတယ်"
မုန်းတီးမှုများ ပြည့်နေသော အေးစက်စက် အသံတစ်ခုသည် အခြားဘက်မှ ထွက်ပေါ် လာခဲ့သည်။
"ကျွန်မ အစ်ကိုကို ယွင်ဟဲ လုပ်ကြံတုန်းက မင်ယောင်လည်း ပါတယ် မဟုတ်လား ... ကျွန်မကို ငတုံးများ မှတ်နေလား ... ကျန်းရီ ... သတ်လိုက်တော့"
သစ်မြစ် အကျဉ်းထောင်သည် ပို၍ သေးလာခဲ့သည်။ ဝိညာဉ်လက်နက် ကိုင်ဆောင်ထားသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်ကသာ သစ်မြစ်များကို သေးသေးချင်းစီ ဖြတ်ပစ်နိုင်ပြီး ကျန်လူများသည် သစ်ခေါက်များကို ကွာကျရုံသာ ခုတ်နိုင်လေသည်။
"သေခါနီးနေပြီပဲ ... ဒါက ဝိညာဉ်လက်နက်ကို ဖြုန်းတီးနေတာ မဟုတ်လား"
ကျန်းရီ ရှေ့သို့ တက်သွားလိုက်ပြီး ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် နောက်ဆုတ်လိုက်ကြသည်။ ကျန်းရီ သစ်မြစ် အချုပ်အနှောင် အနီး ရောက်သောအခါ မီးဝိညာဉ် ပုလဲ တောက်ပ သွားခဲ့ပြီး ကျောက်တုံးလေး တစ်ခု ထွက်ပေါ် လာခဲ့သည်။ ပတ်ဝန်းကျင် အပူချိန်သည် သိသိသာသာ မြင့်တက် လာခဲ့သည်။ ကျန်းရီသည် မီးဝိညာဉ် ကျောက်တုံးအား သစ်ပင် အချုပ်အနှောင်ထံ လက်ညှိုး တစ်ချောင်းဖြင့် တောက်ထုတ်လိုက်သည်။
မီးဝိညာဉ် ကျောက်တုံးမှ မီးတောက်များသည် ကမ္ဘာ့ မီးလျှံများထက် အဆပေါင်းများစွာ ကြောက်ဖို့ ကောင်းလေသည်။ အစိမ်းရောင် မီးတောက်များသည် သစ်မြစ် အကျဉ်းထောင်ထဲမှ လူများကို သာမက သစ်မြစ်များကိုပါ ပြာဖြစ်အောင် လောင်ကျွမ်း သွားလေသည်။ ဝိညာဉ်လက်နက် သည်လည်း အရည်ပျော် သွားလေသည်။
"အဲဒါက ဘယ်လို ရတနာ အမျိုးအစားလဲ ... ဘယ်လိုလုပ်ပြီး ဒီလို ကြောက်စရာ မီးတောက်တွေ ပိုင်ဆိုင် ထားရတာလဲ ... ဒီလောက် အဝေးကြီးကတောင် ကျွန်မကိုယ် လောင်ကျွမ်း သွားတော့မတတ် ခံစား နေရတယ် ... ကျန်းရီက လူထူးဆန်းပဲ ... သူ့ကြည့်ရတာ မီးတောက်တွေကို ကြောက်ပုံလည်း မရဘူး ... သူက မီးစိတ် နယ်လွန်ခန္ဓာ ပိုင်ဆိုင်ထားတာ များလား"
ခပ်လှမ်းလှမ်းမှ ယွင်ဖေးသည် ထိတ်လန့်ဟန် တစ်ဝက် စူးစမ်းလိုဟန် တစ်ဝက်နှင့် ကြည့်လျက် ရှိသည်။ ကျန့်ဝူရွှမ်းသည် တီးတိုး ရေရွတ်လိုက်ပြီး ခေါင်းယမ်းလိုက်သည်။
"သူ့မှာ မီးစိတ် နယ်လွန်ခန္ဓာ မရှိဘူး ... အဲဒါက ကျန်းရီ ကောင်းကင်ဧကရာဇ်ရဲ့ အုတ်ဂူထဲက ရခဲ့တဲ့ ရှားပါးရတနာ ဖြစ်လိမ့်မယ် ... လူတိုင်းမှာ လျှို့ဝှက်ချက် ကိုယ်စီ ရှိကြတာပဲ ... မင်းအများကြီး မမေးတာ ကောင်းလိမ့်မယ် ... မဟုတ်ရင် ကျန်းရီ မနေတတ် ဖြစ်လာပြီး သီးသန့် နေနေလိမ့်မယ်"
"ငါသိပြီ"
ယွင်ဖေးသည် ကျန့်ဝူရွှမ်းကို ကြည့်လိုက်သည်။ သူမသည် ပြုံးနေဟန်ရပြီး တစ်ချိန်တည်းတွင် ပြုံးမနေဟုလည်း ထင်ရလေသည်။ သူမ၏ အနည်းငယ် ရန်လိုနေသော ပုံစံလေးသည် ကျန့်ဝူရွှမ်း၏ နှလုံးသားအား လှုပ်ခတ် သွားစေလေသည်။
"ယွင်ဖေး ... ဥမင်လမ်းကြောင်းကို ဖွင့်လိုက်တော့ ... ငါအပေါ်က လူတွေကို သွားရှင်းတော့မယ် ... စစ်ကူတွေ လာနေကြပြီ"
မလှမ်းမကမ်းမှ ကျန်းရီ၏ အသံ ထွက်ပေါ်လာသောကြောင့် ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းသည် သူတို့၏ ကျီစယ်မှုတို့ကို ရပ်လိုက်ကြရသည်။ ယွင်ဖေးသည် ပတ်ဝန်းကျင်ကို အာရုံခံ ကြည့်လိုက်ပြီး ချက်ချင်း အော်ပြော လာခဲ့သည်။
"ကျန်းရီ ... မြန်မြန်လုပ် ... နှစ်ဖက်လုံးရဲ့ တပ်ဖွဲ့တွေ မကြာခင် ရောက်လာတော့မယ် ... ထွက်သွားပြီး သတ်လိုက်တော့ ... ငါနင့်ကို အချိန်ကိုက် ဆွဲခေါ်လိုက်မယ်"
"ကောင်းပြီ"
ကျန်းရီ၏ လက်ထဲတွင် အနက်ရောင် အကြေးခွံဓား ပေါ်ထွက်လာခဲ့ပြီး အော်ဟစ်လိုက်သည်။
"ငွေလဝံပုလွေ ... ထွက်လာခဲ့"
ငွေလဝံပုလွေ ပေါ်ထွက် လာသည်နှင့် ယွင်ဖေးသည် သစ်မြစ်များကို ဖယ်၍ ဥမင်လမ်းကြောင်းကို ပွင့်သွား စေလိုက်ပြီး ကျန်းရီသည် ငွေလ ဝံပုလွေကြီးကို စီး၍ အပြင်ထွက် သွားခဲ့သည်။ လမ်းတွင် သူ၏ မျက်လုံးများ နီရဲလာခဲ့ပြီး ကြိမ်းဝါးလိုက်သည်။
"သတ်ဖြတ်ခြင်း အရှိန်အဝါ ... လူတိုင်း သေရမယ်"
"ဟမ် ..."
မြေပေါ်မှ လူများသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ဝင်သွားကြသော ပိတ်နေသည့် ဥမင် အဝနားတွင်သာ ရှိကြသေးသည်။ သူတို့ ဥမင်ထဲသို့ ဝင်သွားရန် လမ်းလည်း ရှိမနေပေ။ အနှီစိတ် ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ မရှိဘဲ သူတို့ နောက်ဆုတ်ရမည်လော၊ ရှေ့ဆက် တိုးရမည်လော မသိပေ။
ယခု ကျန်းရီ ပေါ်ထွက်လာပြီ ဖြစ်ရာ သူတို့တွင် နောက်ဆုတ်ရန် အခွင့်အရေး မရှိတော့ပေ။
ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါသည် လူတိုင်းကို လွှမ်းခြုံသွားပြီး ရှစ်ရာခန့်သော ခရမ်းရောင် နန်းတော်ရှင် အဆင့်တို့သည် သူ့တို့အပေါ် တောင်ကြီးတစ်တောင် ပြိုဆင်းလာသည့် အလား ခံစားလိုက် ကြရသည်။ ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တွင် ရှိသော လူတစ်ရာခန့်မှ တစ်ပါး ကျန်လူများသည် လှုပ်တောင် မလှုပ်နိုင် ကြတော့ပေ။ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမ အဆင့်ခန့်တွင် ရှိသူများသည် လှုပ်ရှား နိုင်ကြသေးသော်လည်း ငွေလ ဝံပုလွေလောက် မြန်ဆန်မည်လော။
ငွေလ ဝံပုလွေသည် ကျန်းရီ၏ ဝိညာဉ်သားရဲ ဖြစ်သောကြောင့် ကျန်းရီနှင့် စိတ်ချင်း ဆက်သွယ်မှု အနည်းငယ် ရှိနေရာ ၎င်း၏ အရှိန်အဝါ တို့သည် ပိုမိုပြင်းထန် လာခဲ့သည်။
"ဝှစ်"
ငွေလ ဝံပုလွေကြီးသည် ဒေါသတကြီး ဖြစ်ကာ လူအုပ်ထံ တိုးဝင် သွားခဲ့သည်။ သူတို့ လူအုပ်နှင့် နီးကပ် သွားသောအခါ ကျန်းရီ အော်ဟစ်လိုက်သည်။
"ငွေလ ဝံပုလွေ ... နတ်ဆိုးအစွမ်းတွေ ထုတ်လိုက်တော့"
ငွေလ ဝံပုလွေ၏ ဦးခေါင်းထက်မှာ ဂျိုသည် ခရမ်းရောင် လင်းလက်လာကာ ခရမ်းရောင် အလင်းတန်း ထွက်ပေါ် လာခဲ့သည်။ ခရမ်းရောင် အလင်းတန်းသည် နေရာတစ်ဝိုက်ကို ဖြတ်သန်း သွားခဲ့ပြီး အလင်းတန်းနှင့် ထိတွေ့မိသူ တိုင်းသည် ဖုန်မှုန့်များ ဖြစ်သွားကြသည်။
"သေစမ်း"
ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ထက်မှ ဓားအရိပ်များ ကျဆင်းလာပြီး သူ့ရှေ့ရှိ လူတိုင်းအား လွှမ်းခြုံ သွားလေသည်။ အနက်ရောင် အကြေးခွံဓား လှုပ်ရှားသွားတိုင်း ဓားသွားအောက်မှ လူများ သေဆုံး သွားကြလေသည်။ ရောက်ရှိလာသော လူတိုင်းသည် ဂိုဏ်းကြီးများမှ ဂိုဏ်းသားများ ဖြစ်ကြသော်လည်း တစ်ယောက်တွင်မှ ဝိညာဉ်လက်နက် မျှတောင် မရှိကြချေ။ ဝိညာဉ်လက်နက် ကိုင်ဆောင်နိုင်သူ များသည် ဂိုဏ်ကြီးများမှ ပါရမီမြင့်သော သခင်လေးများ ဖြစ်ကြ၍ သူတို့၏ အသက်ကို မရင်းရဲဘဲ တောအုပ်ထဲ ပြေးဝင် သွားကြပြီး ဖြစ်လေသည်။
ဓားအလင်းတစ်ချက် လက်သွားတိုင်း သွေးများ ဖြာထွက် လာကြသည်။
ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ဒုတိယ အဆင့်တွင်သာ ရှိသေးသော်လည်း အချိန်တိုင်း အသိစိတ် ရှိနေပြီ ဖြစ်လေသည်။ သို့သော် သူ့စိတ် အနက်ရှိုင်းဆုံး နေရာဆီမှ ထွက်ပေါ်လာသော သွေးဆာမှုနှင့် သတ်ဖြတ်လိုစိတ် တို့သည် သူ့အား တစ်ယောက်ယောက်မှ မတားမချင်း ရပ်တန့်ခွင့် မပြုပေ။
အနက်ရောင် အကြေးခွံဓားသည် အဓိက တိုက်ခိုက်မှု ဖြစ်ပြီး ဓားချက်များအား နတ်ဘုရား သတ်ဖြတ်ခြင်း မြားချက်များက ပံ့ပိုး ပေးနေလေသည်။ အရေးကြီးသော အခြေအနေများ ဆိုလျှင် ကျန်းရီသည် ငွေလဝံပုလွေ ပြန်သိမ်း၍ ကမ္ဘာ့မီးလျှံ များကို ထုတ်လွှတ်သည်။ ခရမ်းရောင် နန်းတော်ရှင် အဆင့် လူရှစ်ရာကြား ကျန်းရီ ဖြတ်သွားချိန်တိုင်းတွင် သွေးမုန်တိုင်းနှင့် အတူ အသက်ပေါင်းများစွာ ကိုပါ ဆောင်ယူလာလေသည်။
"ပြေးကြ"
ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တွင် ရှိသော လူတစ်ရာခန့်သည် စက္ကန့်ပိုင်း အတွင်း တစ်ဝက်ကျိုး သွားခဲ့လေပြီ။ ကျန်တစ်ဝက်ခန့်သည် ထိတ်လန့်တကြားဖြင့် အဘက်ဘက်သို့ ထွက်ပြေးကြတော့သည်။ ခရမ်းရောင် နန်းတော်ရှင် အဋ္ဌမ အဆင့်ခန့်တွင် ရှိသော လှုပ်ရှား နိုင်ကြသေးသူ များသည်လည်း ထွက်ပြေးရန် ပြင်ကြတော့သည်။
ကျန်းရီသည် ထိုလူများကို အရေးမစိုက်ဘဲ လုံးဝ မလှုပ်ရှား နိုင်ကြသူများ ကိုသာ သတ်ဖြတ်နေလေသည်။ ပိုမိုအားကောင်းသော သူများသည် ထွက်ပြေး သွားကြပြီ ဖြစ်သော်လည်း ကျန်လူများသည် မခုခံနိုင်ဘဲ ကျန်းရီ သတ်ဖြတ်မည်ကိုသာ စောင့်နေကြ ရလေသည်။ ကျန်းရီ၏ အနက်ရောင် အကြေးခွံဓားသည် သေမင်း၏ တံစဉ်အလား အသက်များအား ဆက်တိုက် ခြွေယူနေသည်။
မိနစ် သုံးဆယ်ခန့် အတွင်း နေရာ တစ်ခုလုံးသည် ငရဲအလား ပြောင်းလဲ သွားခဲ့သည်။ မပြေးနိုင်ကြသူ များသည် ကျန်းရီ၏ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး မြေပြင်ပေါ်တွင် ခြေပြတ်လက်ပြတ်များ ပြန့်ကျဲလျက် ရှိလေသည်။ သွေးများ စီးဆင်းလာကြပြီး ချောင်းတစ်ခုပင် ဖြစ်လာခဲ့လေသည်။ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းသည် မြေအောက်မှပင် မြေပြင်ပေါ်တွင် သွေးချောင်း စီးနေမှန်း သိနိုင်လေသည်။ အပေါ်တွင် မည်သည့် အခြေအနေ ရှိမှန်း သွားကြည့်စရာပင် မလိုချေ။
"သူတို့ ရောက်လာကြပြီ"
တောအုပ်အား အာရုံ ခံလိုက်ရာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် လူတစ်စု ပြေးလာကြသည်ကို ယွင်ဖေး သိလိုက်သည်။ သူမသည် ချက်ချင်း သစ်မြစ်များကို ရွေ့စေကာ မှော်အစွမ်းအား ထုတ်လွှတ်လိုက်သည်။ နွယ်ပင်များသည် ကျန်းရီနှင့် ငွေလ ဝံပုလွေကြီးအား ချုပ်နှောင်ကာ မြေအောက်သို့ ဆွဲယူ လာခဲ့လေသည်။
***