အခန်း (၄၈၇)
Vol. 34 Ch. 487
နာရီဝက်ဟူသော အချိန်အတွင်းမှာပင် အရူးလန်က မြေပိုင်ယာပိုင်စနစ် ဆိုသည့် စာတမ်းတစ်ခုလုံးကို အစအဆုံး ရေးသားပြီးစီးသွားခဲ့ပြီး ဖြစ်၏။ ရေးလိုက်သည့် စာလုံးတစ်လုံးချင်းစီတိုင်းက တန်ဖိုးဖြတ်၍ မရလောက်အောင်ပင် လေးနက်လွန်းလှ၏။
ပြီးသည်နှင့် သူက ချက်ချင်းပဲ စာရွက်ကို အသာမှောက်ကာဖြင့် စားပွဲပေါ်သို့ ခေါင်းတင်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့၏။ စွမ်းအင်နှင့် အတွေးအခေါ်အားလုံးကို အသုံးပြုရသောကြောင့် သူက ချက်ချင်း အိပ်ပျော်သွားခဲ့ပြီး ဟောက်သံများပင် ထွက်ပေါ်လာသည်။
သူ၏ဟောက်သံကြောင့် ပတ်ဝန်းကျင်ရှိ စာဖြေသူအားလုံးက စိတ်အနှောင့်အယှက် ဖြစ်ကုန်၏။ ထို့ကြောင့် မော့ကာ ကြည့်ရှုလိုက်၏။ တန်ဖိုးမရှိသော လူ့အမှိုက်ကဲ့သို့ ဖြစ်နေသည့် ဤအရူးလန်က ယခုလို အချိန်မျိုးတွင် အိပ်နေတုန်းပင်။ ကျိန်းသေပေါက် လုံးဝ ရူးသွပ်နေပြီ ဖြစ်၏။
ပထမနေ့ စာမေးပွဲက အရေးမကြီးဘူးဆိုကာ အိပ်ခဲ့၏။ ယခု ဒုတိယနေ့ စာမေးပွဲက အလွန် အရေးကြီးသည့် အရာဖြစ်သော်လည်း တစ်ဖက်လူက ဟောက်ပင် ဟောက်လျက် ရှိနေ၏။ နင်ကျန်း၊ ရှမ့်လန် ပြီးနောက် အရှင်မင်းကြီးတို့ပင်မကျန် လောကကြီး၏ လှောင်ရယ်စရာ ဖြစ်ပေတော့မည်။
အထူးသဖြင့် အရှင်မင်းကြီးပင် ဖြစ်၏။ ရှမ့်လန်အပေါ် ယုံကြည်လွန်းသောကြောင့် အရူးလန်အား ကျောင်းတော်သားဘွဲ့ကိုပင် ပေးအပ်ကာ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့် ပြုခဲ့၏။ မနေ့ကပင် အရပ်ဘက်နှင့် စစ်ဘက်မှ စာဖြေသူအားလုံးက မင်းမှုရေးရာ ဝန်ကြီးဌာနနှင့် လျှို့ဝှက်တော်ဝင် ကောင်စီတို့ကို အတင်းဖိအားပေးခဲ့၏။
အရှင်မင်းကြီးက ရှမ့်လန်၏မျက်နှာကြောင့် စာဖြေသူအားလုံးကို နှစ်သိမ့်ကာ ဆူပူခဲ့၏။ ဤသည်မှာ ပြည်သူလူထု၏ အမျက်ဒေါသကို ဆွပေးလိုက်ခဲ့သလိုပင်။ လက်ရှိအခြေအနေမှာတော့ တစ်ဖက် အရူးလန်က စာမေးပွဲခန်းထဲတွင် နှစ်နှစ်ခြိုက်ခြိုက်နှင့် အိပ်ပျော်လျက်နေသည်။
ဤသည်က အရှင်မင်းကြီး၏ မျက်နှာကို ပိတ်ရိုက်လိုက်ခြင်း ဖြစ်၏။ ဤအထူးစာမေးပွဲကြီး ပြီးသွားသည်နှင့် တပြိုင်နက် အရူးလန်က မလွဲမသွေ ဆိုသလိုပင် တစ်စစီ လှီးဖြတ်သတ်ဖြတ်ခြင်းကို ခံရမှာ သေချာ၏။ ရှမ့်လန်သည်လည်း တစ်ဖက်လူနှင့်အတူ ဒုက္ခရောက်ပေတော့မည်။ သွားပြီ။ အားလုံး သွားကြပြီ ဖြစ်၏။
စာမေးပွဲ စစ်ဆေးသူ တစ်ဦးက နောက်တစ်ကြိမ် လှည့်လည် စစ်ဆေးကြည့်ရာ မှောက်ကာ အိပ်ပျော်လျက် ရှိနေသည့် အရူးလန်ကို မြင်ရ၏။ သူက မျက်မှောင်ကြုတ်လိုက်မိသည်။
“ရှမ့်လန်ကတော့ သွားပြီပဲ။ နင်ကျန်းကလည်း အတူတူပဲ”
ဟောက်သံကျယ်ကြီးကို ကြားလိုက်ရသောကြောင့် စာမေးပွဲစစ်ဆေးသူက အရူးလန်၏ စားပွဲအနီးသို့ လျှောက်သွားပြီး စားပွဲကို ခေါက်၏။ အရူးလန်က ချက်ချင်းပင် အိပ်ရာနေရာကို ပြောင်းလိုက်၏။ ဟောက်သံကလည်း ရပ်တန့်သွားခဲ့၏။
စာစစ်သူက စိတ်ထဲတွင် အေးစက်စက် လှောင်ရယ်ကာဖြင့် တစ်ဖက်သို့ ပြန်လှည့်ကာ ထွက်ခွာသွား၏။ ‘အိပ်လိုက်စမ်း။ မင်းအိပ်ရမယ့် အချိန်က သိပ်ပြီးမကျန်တော့ဘူး။ မကြာခင် ခေါင်းပြတ်တော့မှာပဲ။ ရှမ့်လန်ကလည်း မင်းကြောင့် ထောင်ထဲရောက်တော့မယ်။’
မျက်နှာပိတ်ရိုက်ခံရပြီးနောက် ဖြစ်ပျက်လာမည့် အရှင်မင်းကြီး၏ ဒေါသတရားများက တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းမှာ သေချာ၏။ ထိုကဲ့သို့သော အရာကို ဦးနှောက်မသုံးဘဲ ခြေထောက်ကို အသုံးပြု၍ တွေးကြည့်လျှင်ပင် သိသာနိုင်သည်။
အရူးလန်က မွန်းတည့်ချိန်ထိ ထပ်မံကာ အိပ်ပျော်သွားခဲ့၏။ နိုးထလာခဲ့ပြီးနောက် သူက ယူဆောင်လာခဲ့သည့် နေ့လယ်စာကို စားသုံး၏။ ပြီးနောက် အနောက်အရပ်သို့ ခရီးသွားခြင်း ဆိုသည့် ဝတ္ထုကို ပျော်ရွှင်စွာ ဖတ်ရှုလျက် ရှိ၏။
သူက ကောင်းကင်ဘုံသို့ စစ်ပြိုင်ခြင်း စာအုပ်ကို နှစ်သက်သော်လည်း ရွေးချယ်စရာ မရှိချေ။ စာအုပ်ကို မနေ့က ဖတ်ရှုပြီးသွားခဲ့ပြီ ဖြစ်သည်။
ညအချိန်သို့ ရောက်ရှိလာခဲ့၏။ စာဖြေခန်း တစ်ခုလုံးက ဖယောင်းတိုင် မီးရောင်ဖြင့် လင်းထိန်လျက် ရှိနေ၏။
ယနေ့ မူဝါဒစာတမ်း၏ မေးခွန်းက တစ်ခုတည်းသာ ဖြစ်သော်လည်း စကားလုံး တစ်ခုချင်းစီတိုင်းက ပြန်လည် တည်းဖြတ်ရန်၊ ပြန်လည် စဉ်းစားရန် အချိန်များစွာ လိုအပ်၏။ အကြောင်းမှာ ဤစာတမ်းက တကယ့်ကို အရေးကြီးသောကြောင့် စာဖြေသူအားလုံးတို့က စိတ်နှလုံးထဲတွင် ပြည့်စုံသည်ဟုပင် မခံစားရချေ။ ထို့ကြောင့် ထပ်တလဲလဲ ပြန်လည်ကာ ပြင်ဆင်ရေးသားလျက် ရှိနေသည်။
အရူးလန်၏ စာဖြေသည့် အကန့်အတွင်းမှာတော့ ဖယောင်းတိုင် တစ်တိုင်မှပင် ထွန်းညှိထားခြင်း မရှိချေ။ မနက်အစောတည်းက သူက စောင်တစ်ထည်ကို ခြုံကာဖြင့် ကြမ်းပြင်ပေါ်တွင် လှဲလျောင်း အိပ်စက်နေခဲ့၏။
လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူက ကြမ်းပြင်ပေါ်တွင်သာ အိပ်စက်၏။ နင်ကျန်းထံသို့ ရောက်ရှိပြီးသည့်နောက် ကုတင်နှင့် ပြန်လည် အိပ်စက်ခွင့်ရ၏။ သို့ပေမည့် ကြမ်းပြင်သို့ ရောက်ရှိသည့် အချိန်မျိုးတွင် ရင်းနှီးသည့် ခံစားချက်များကို ရရှိ၍ ပိုမိုကာ အိပ်ပျော်၏။ နေ့လယ်ခင်းတွင် အိပ်စက်ရသည် များသောကြောင့် ညဘက်တွင် သူ အိပ်မပျော်နိုင်ခဲ့ချေ။ စာအုပ်တစ်ချို့ကို ထပ်မံကာ ဖတ်ရမည်လား။
ထို့ကြောင့် သူက စိတ်ထဲတွင် မာယာမျဉ်းပြိုင်များစာအုပ်ကို ဆက်လက် ဖတ်ရှု၏။ ထိုစာအုပ်ကို ဖတ်ရှုလိုက်သည်နှင့် တပြိုင်နက် သူ၏ စိတ်အာရုံများက ထကြွလာခဲ့၏။ ဘာလုပ်ရမည်နည်း။ ဤနေရာက စာဖြေသည့် ခန်းမတစ်ခု ဖြစ်၏။ ရေပုံးတစ်ပုံး ဘေးနားတွင် ရှိသော်လည်း ထိုအရာက သောက်ရန်ပင်။ လက်များ၊ ဟိုအရာများကို ဆေးကြောသန့်စင်သည့် အရာမျိုး မဟုတ်ချေ။
မဖြစ်ပေ။ သူ့အနေနှင့် သည်းခံရပေလိမ့်မည်။ စာဖြေခန်းထဲတွင် အာသာဖြေခြင်းဆိုသည်မှာ အဓိပ္ပာယ်ရှိသည့် အရာမျိုး မဟုတ်ပေ။
.....................
စာမေးပွဲ၏ တတိယမြောက်နေ့ကို စတင်လိုက်ပြီ ဖြစ်၏။ ယနေ့ စစ်ဆေးမည့် ဘာသာရပ်က ကဗျာဖြစ်ပြီး ထိုအရာကလည်း အရေးကြီး၏။ အဘယ့်ကြောင့်ဆိုသော် ကဗျာဘာသာရပ်က စုစုပေါင်း အမှတ်၏ ၃၀ ရာခိုင်နှုန်းအထိ ပါဝင်နေသောကြောင့်ပင်။
တိတိကျကျ ပြောရမည်ဆိုလျှင် ကဗျာနှင့် စကားပြေလင်္ကာ မေးမြန်းခြင်းပင် ဖြစ်၏။ တစ်နည်းအားဖြင့် သူက ကဗျာတစ်ပုဒ်ကို ရေးရမည် ဖြစ်ပြီး စကားပြေလင်္ကာ တစ်ပုဒ်ကိုလည်း ရေးသားရပေမည်။ စကားပြေလင်္ကာ ဆိုသည်မှာ မည်သည့်အရာ ဖြစ်မည်နည်း။ စကားပြေလင်္ကာ ဆိုသည်မှာ စာပေ၏ အရည်အချင်းကို ဖြန့်ကျက်ပြသခြင်း၊ မိမိ၏ သဘောဆန္ဒကို ဖော်ပြခြင်းပင် ဖြစ်၏။
ဟန်မင်းဆက်၏ မှတ်တမ်းများအရ စကားပြေလင်္ကာကို ရွတ်ဆိုနိုင်သည့် လူများက တကယ်ကို ပညာရှိပင် ဖြစ်၏။ ရှမ့်လန်၏ သဘောအရဆိုလျှင် ကဗျာများက တကယ့်ကို တိုတောင်းပြီး စကားပြေလင်္ကာများ မှာတော့ ရှည်လျားလွန်း၏။ ထိုအရာက စည်းစနစ် ကျနခြင်း မရှိချေ။ သို့ပေမည့် ဖတ်ရှုနေသည့် အခါတွင် မိမိ၏ စိတ်ကိုမထိန်းချုပ်နိုင်ဘဲ ထိုစကားပြေလင်္ကာများကို လိုက်လံ ရွတ်ဖတ် သီဆိုချင်စိတ်များပင် ပေါက်လာတတ်သည်။
ခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့ပြီးနောက် စာမေးပွဲမေးခွန်းများကို လိုက်လံကာ ပေးဝေ၏။ ယနေ့ စာမေးပွဲက အချိန် ခြောက်နာရီသာ ပေးထားပြီး တစ်နေ့တာ၏ ထက်ဝက်မျှသာ ရှိ၏။ ကဗျာအတွက် ခေါင်းစဉ်မှာ ပိုမို၍ အကန့်အသတ် ကင်းမဲ့၏။
ဤတစ်ကြိမ် မေးခွန်းထုတ်သူကလည်း အရှင်မင်းကြီး နင်ယွမ်ရှန်းပင် ဖြစ်၏။ သူ၏ အရည်အချင်းကို ထုတ်ဖော်ပြသနိုင်ရန် အခွင့်အရေး မှန်သမျှကို အရှင်မင်းကြီးက ဘယ်သောအခါမှ လက်လွှတ်ခံသည့် လူတစ်ယောက် မဟုတ်ပေ။
အရူးလန်က စာရွက်ကို ဖွင့်ကြည့်လိုက်၏။ ခေါင်းစဉ်က တိုတောင်း၏။
“ဆောင်းဦးရာသီ ရောက်လာပြီ။ တောငန်းငှက်တို့ တောင်သို့ ပျံသန်းသည်။ အဝေးသို့ မျှော်ကြည့်လျှင် မျက်လုံးထဲတွင် တောငန်းငှက်။ သို့ပေမည့် နှလုံးသားထဲတွင် ဂဠုန်ဖြစ်လို့နေ၏”
တောငန်းငှက်နှင့် ဂဠုန်တို့ကို ခေါင်းစဉ်အဖြစ် အသုံးပြု၍ ကဗျာနှင့် စကားပြေလင်္ကာ တစ်ပုဒ်ကို ရေးသားရပေမည်။ သေချာသည့် အသေးစိတ် သတ်မှတ်ချက်ဟူ၍ မရှိချေ။ တစ်နည်းအားဖြင့် အကယ်၍ တောငန်းငှက်ကို အသုံးပြု၍ ကဗျာတစ်ပုဒ် ရေးသားသည်ဆိုပါက ဂဠုန်ငှက်ကို အသုံးပြု၍ စကားပြေလင်္ကာ တစ်ပုဒ်ကို ရေးသားရပေလိမ့်မည်။
အခြားတစ်ဖက်တွင် ပြောရမည်ဆိုလျှင် ဂဠုန်ကို အသုံးပြု၍ ကဗျာတစ်ပုဒ်ကို ရေးသားပါက တောငန်းငှက်ကို အသုံးပြု၍ စကားပြေလင်္ကာ တစ်ပုဒ်ကို ရေးသားရပေလိမ့်မည်။ တကယ်တမ်းမှာတော့ အရှင်မင်းကြီးက ဤမေးခွန်းကို ထုတ်လိုက်စဉ်အချိန်က သူ၏ စိတ်အခြေအနေ ရှုပ်ထွေးနေခဲ့၏။
သူက လီစွမ်းအား မေးခဲ့ဖူး၏။ ဘုရင်တစ်ပါး အနေနှင့် တောက်ပ လောင်မြိုက်နေသည့် နေမင်းကြီးနှင့် တူ၏။ နေမင်းမှာ တောက်ပစွာ လင်းထိန်နေသောကြောင့် အခြားသူများအနေနှင့် ချဉ်းကပ်၍ မဖြစ်နိုင်ချေ။ သူ နင်ယွမ်ရှန်းက နေမင်းလား။
အကယ်၍ သူသာ နေမင်းဆိုပါက အဘယ့်ကြောင့် လူတစ်ဦးတစ်ယောက်သည် သူနှင့် အလွန်နီးကပ်စွာ နေနိုင်မည်နည်း။ သို့ပေမည့် လူအားလုံးက သူနှင့် နီးကပ်နေသည် ဆိုပါက သူက နေမင်းမဟုတ်ချေ။ ထိုသို့ဆိုလျှင် ကြီးကျယ်မြင့်မြတ်သည့် ဘုရင်တစ်ပါး မဟုတ်ဟု ဆိုလိုရာ မရောက်ပေဘူးလား။
ဟုတ်ပေ၏၊ ဤသည်မှာ တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းသည့် သေစေနိုင်သော မေးခွန်းမျိုး ဖြစ်၏။ ထို့ကြောင့် မိန်းမစိုးကြီး လီစွမ်းက ငိုချင်စိတ်များ ပေါက်သွားခဲ့၏။
နင်ယွမ်ရှန်းက အမြဲတစေ စိတ်နှစ်ခွအဖြစ် ခံစားနေရ၏။ တစ်ဖက်တွင် သူက မျိုးဆက်ထောင်ချီ တည်တံ့နိုင်သည့် ပညာရှိ ဘုရင်မင်းမြတ် တစ်ပါး ဖြစ်လို၏။ သူ၏ စံပြပုဂ္ဂိုလ်က လောကကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီး မိုင်ထောင်ချီ တိုက်ခိုက်နိုင်သည့် အင်ပါယာကျန်းလီပင် ဖြစ်သည်။
သို့ပေမည့် သူ၏ ကိုယ်ပိုင်လက္ခဏာများကိုတော့ သူက ကိုယ်တိုင် သိ၏။ သူက အထိမခံ၊ စိတ်ထားသေးသိမ် ခံစားလွယ်ပြီး အနည်းငယ် စိတ်ကူးယဉ်တတ်သည့် လူတစ်ယောက်ပင်။ သူ၏ အနက်ရှိုင်းဆုံး နှလုံးသား တည်နေရာထဲတွင် သူက ထာဝရ မြင့်မြတ်သည့် ဘုရင်မင်းမြတ်တစ်ပါး မဖြစ်နိုင်ကြောင်းကိုလည်း သိရှိပြီး ဖြစ်၏။
တောင့်တမျှော်လင့်ခြင်းက တစ်ပိုင်းဖြစ်ပြီး လက်တွေ့ လုပ်ဆောင်နိုင်ခြင်းကလည်း တစ်ပိုင်း ဖြစ်သည်။
တောငန်းငှက်များက လက်တွေ့တွင် တည်ရှိသည် ဆိုသော်လည်း ဂဠုန်ငှက်မှာမူ စိတ်ကူးထဲမှ ထွက်ပေါ်လာခဲ့သည့် ရှေးဒဏ္ဍာရီ ငှက်တစ်ကောင်သာ ဖြစ်၏။ ထိုသို့ဆိုလျှင် ထာဝရ ဘုရင်မင်းမြတ်ဟု ခေါ်ဆိုနေခြင်းက စိတ်ကူးယဉ် ဖြစ်တည်နေသည့် အရာဖြစ်ပြီး လက်တွေ့တွင် တည်ရှိခြင်း မရှိသည့် အရာဖြစ်နေ၏။ ဂဠုန်ငှက်ဆိုသည်မှာ လူသားတို့၏ နှလုံးသားထဲတွင် တည်ရှိနေသည့် စံပြငှက်တစ်ကောင်သာ ဖြစ်ပြီး တောငန်းငှက်မှာတော့ အစစ်အမှန် ဖြစ်၏။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက သူကိုယ်တိုင်သည် ဂဠုန်ငှက်တစ်ကောင် မဟုတ်ဘဲ တောငန်းငှက် တစ်ကောင်သာ ဖြစ်ကြောင်း သိရှိ၏။ ထို့နောက် သူက လောကကြီးတွင် ဂဠုန်ငှက်ဟူ၍ မရှိသင့်ဟု ပြောဆိုလိုသည်။
သို့ပေမည့် ပွင့်လင်းစွာ ပြောရမည်ဆိုလျှင် ဤလောကတွင် ရှိနေသည့် ဘုရင်မင်းမြတ် အားလုံးတို့က တောငန်းငှက်များသာ ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်မှ ဟန်ဆောင်မနေသင့်ဘဲ ရိုးရိုးရှင်းရှင်း နေထိုင်သင့်သည်ဟု ပြောဆိုချင်ခြင်းပင် ဖြစ်၏။
လူတိုင်းက အတူတူပင် ဖြစ်ရာ မည်သူမှသည် ထာဝရ မြင့်မြတ်လွန်းသည့် အရှင်မင်းမြတ်တစ်ပါးအဖြစ် ဟန်ဆောင်နေရန် မလိုအပ်ပေ။
တောငန်းငှက်များမှာ သာမန်ငှက်များသာ ဖြစ်၏။ သူတို့က ဒဏ်ရာရရှိနိုင်၏၊ ငိုကြွေးနိုင်၏၊ ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ချစ်ခင်ခြင်း၊ ကြည်နူးခြင်းတို့ကို ခံစားနိုင်သည်။
ဂဠုန်ငှက်မှာတော့ နတ်ငှက်တစ်ပါးဖြစ်ပြီး ပြီးပြည့်စုံ၏။ တန်ခိုးအားအင်ကလည်း ကြီးမား၏၊ ဒဏ်ရာလည်း ရရှိလိမ့်မည် မဟုတ်ချေ။ နှလုံးသား၏ ခံစားချက်အားလုံးကိုလည်း ခံစားနိုင်လိမ့်မည် မဟုတ်ချေ။
ဤလောကရှိ ဘုရင်မင်းမြတ်အားလုံးက ချို့ယွင်းချက်ရှိသည့် သာမန်လူသားများသာ ဖြစ်ပြီး ဒဏ္ဍာရီလာ အရှင်ကြီးသုံးပါးနှင့် ဧကရာဇ်မင်း ငါးပါးတို့ကသာလျှင် နတ်ဘုရားများကဲ့သို့ ပြီးပြည့်စုံ၏။
ဤမေးခွန်းထဲမှ တစ်ဆင့် အရှင်မင်းကြီး နင်ယွမ်ရှန်း၏ ပင်ကိုစရိုက်ကို အထင်အရှား မြင်တွေ့နိုင်၏။ တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို အထင်ကြီးပြီး တစ်ချိန်တည်းမှာပင် မိမိကိုယ်ကို အထင်အမြင်သေးကာ အဆိုးမြင်တတ်၏။ တစ်ချိန်တည်းမှာပင် စိတ်ကူးယဉ်ဆန်ပြီး တစ်ချိန်တည်းမှာပင် စိတ်ထားသေးသိမ်၏။ တစ်ချိန်တည်းမှာပင် ရက်စက်ပြီး တစ်ချိန်မှာပင် ခံစားလွယ်၏။
အရူးလန်က မေးခွန်းကို ကြည့်ပြီး ကြက်သေ သေသွားမိသည်။ “ရှမ့်... ရှမ့်က တကယ်ကို နတ်ဘုရားပဲ”
သူက ကဗျာရော စာတမ်းမေးခွန်းကိုပါ နှစ်ခုလုံး မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့၏။ ထိုသို့ဆိုလျှင် ရှမ့်လန်က အရမ်းတော်လွန်းနေသည် မဟုတ်ပါလား။
ဟုတ်ပေ၏။ သို့ပေမည့် မဟုတ်ချေ။ ဤတစ်ကြိမ်တွင် ရှမ့်လန်က မေးခွန်းများကို တမင်တကာ ရွေးချယ်ခဲ့ခြင်း မဟုတ်ချေ။ သို့ပေမည့် သူက အရှင်မင်းကြီး နင်ယွမ်ရှန်း၏ စိတ်ကို သေသေချာချာ နက်နက်ရှိုင်းရှိုင်း နားလည်ထားပြီး ဖြစ်၏။ ထို့ကြောင့် သူက အရူးလန် ကျက်မှတ်ရန် စာတမ်းနှင့် ကဗျာများကို ရွေးချယ်ပေးခဲ့၏။
အခြားတစ်ဖက်မှ ကြည့်ရှုမည်ဆိုလျှင် ရှမ့်လန်က စာတမ်းပေါင်း တစ်ထောင်ကျော်နှင့် ကဗျာပေါင်း တစ်ထောင်ကျော်ကို ပေးခဲ့၏။ မေးခွန်းတိုက်ဆိုင်နိုင်ချေမှာ တကယ့်ကို မြင့်မားလွန်းသည်။
အရူးလန်မှာတော့ စာတမ်းပေါင်း တစ်ထောင်ကျော်နှင့် ကဗျာထောင်ပေါင်းများစွာကို အလွတ် ကျက်မှတ်နိုင်၏။ ထောင်စုနှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် တရုတ်ပြည်၏ ဂန္တဝင်စာပေအားလုံးကို သူ၏ ဦးနှောက်ထဲသို့ ထိုးသွင်းခဲ့သကဲ့သို့ပင်။ ထို့ကြောင့် စာနှင့် ယဉ်ကျေးမှု အတူတူဖြစ်နေသည့် ဤနေရာမျိုးတွင် ဤအမျိုးအစားကို ကျော်လွန်၍ မေးခွန်းထုတ်ဖို့ဆိုသည်မှာ ဖြစ်နိုင်သည့် အရာမျိုး မဟုတ်တော့ချေ။
အထူးသဖြင့် ကဗျာများသာ ဖြစ်၏။ သူတို့က အနာဂတ်၏ ကျမ်း၊ စကားပြေများကဲ့သို့ မဟုတ်ပေ။ လေးအုပ်ငါးကျမ်းထဲရှိ စကားစုတစ်ခုခုအပေါ်တွင် မှီတည်ထားခဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုရန် လွယ်ကူသည်။ ဆန္ဒရှိသရွေ့ မည်သည့်အရာကိုမဆို ပြုလုပ်နိုင်၏။ ဆန္ဒရှိသရွေ့ ကြိုက်နှစ်သက်ရာကို စိတ်ပါဝင်စားစွာ ရေးသားနိုင်၏။
မကြာခင်မှာပဲ အရူးလန်၏ စုတ်တံက နတ်ဘုရားတစ်ပါး ဝင်ပူးသွားသကဲ့သို့ လှုပ်ရှားလျက် ရှိနေ၏။ ပထမဦးစွာဖြင့် သူက ဆောင်းဦးရာသီမှ တောငန်းငှက်များကို ကဗျာအဖြစ် ရေးသား၏။ သူရေးသားသည်မှာ -
“စွန့်ခွာသွားသူ၏ နေ့ရက်များ ... စိတ်နှလုံးကို နှောင့်ယှက်သော နေ့ရက်တို့မှာ ပူဆွေးဝမ်းနည်းစရာများနှင့် ပြည့်နှက်၏။ မိုင်ထောင်သောင်းချီသည့် လေပြည်ညင်းက ဆောင်းဦးငှက်တို့ကို အဝေးသို့ ပို့ဆောင်နေ၏။ ဤသည်မှာ...”
ကဗျာက အံ့မခန်း ဖြစ်မနေပေဘူးလား။ ဟုတ်ပေ၏။ ကဗျာ၏ အမည်ကိုသော်လည်းကောင်း၊ မည်သူရေးသားခဲ့သည်ကိုသော်လည်းကောင်း မပြောနိုင်ပေ။ သို့ပေမည့် ထိုကဗျာကို ဖတ်ရှုရင်း ဆံပင်များ ထောင်ထပြီး ဦးရေပြားများ ထုံကျင်သွားစေသည်အထိ ခံစားရပေလိမ့်မည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် တကယ့်ကို ဂန္တဝင် လက်ရာတစ်ခု ဖြစ်ကြောင်း သိရှိနိုင်၏။
ထိုသည်က ထောင်စုနှစ်သက်တမ်းရှိသည့် ဂန္တဝင်စာပေများ၏ နက်နဲမှု ဖြစ်၏။ တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာကို တည့်တည့် ထိမှန်စေမည့် အရာမျိုးပင်။ ဤကဗျာက လီပိုင်၏ ကဗျာလက်ရာ ဖြစ်သည်။
...............
ရန်လီဆိုသည့် ပညာရှင်တစ်ယောက်ကလည်း ထိုကဲ့သို့ တူညီသည့် ကဗျာမျိုးကို ရေးသားခဲ့ဖူး၏။ အဓိပ္ပာယ်တူညီသည့် အရာမျိုးပင်။ ရန်လီက အင်ပါယာကျန်းလီကို အထင်ကြီးလေးစားသူ တစ်ယောက် ဖြစ်၏။
တော်ဝင်ရန်နိုင်ငံက ရန်လီအား အရာရှိအဖြစ် ခန့်အပ်ရန် ကြိုးပမ်းခဲ့ပြီး ထိုအကြောင်းအရာနှင့် ပတ်သက်၍ ကျန်းလီအား အထင်အမြင်သေးစေနိုင်သည့် စာအုပ်တစ်အုပ်ကို ရေးသားရန်လည်း တောင်းဆိုခဲ့၏။
ရန်လီက ငြင်းပယ်ခဲ့ပြီး မိမိကိုယ်ကို မီးရှို့ကာ အသေခံခဲ့၏။ သူက ဘဝတစ်သက်တာတွင် ကျန်းလီ၏ အရေးပါသည့် နေရာပေးခြင်းကို မခံရဖူးချေ။ ဆက်ဆံရေး ဖြတ်တောက်ခြင်း ခံခဲ့ရ၏။ သို့ပေမည့် သူက ကျန်းလီအတွက် အသက်စွန့်ခဲ့၏။ ဤသည်ကပင်လျှင် သူ၏ ဂုဏ်သတင်းကို ပိုမိုကာ တိုးတက်စေခဲ့သည်။
အရူးလန်က ကဗျာကို ရွတ်ဆိုသည့်အခါတွင် တုန်လှုပ်မိ၏။ မျက်ရည်များ တသွင်သွင် ကျဆင်းပြီး သူ၏ စိတ်ဝိညာဉ်သည်ပင် ခန္ဓာကိုယ်မှ လွင့်ထွက်သွားသလို ခံစားခဲ့ရဖူး၏။ သူ၏ နှလုံးသားထဲတွင်လည်း မသဲမကွဲ ခံစားချက်တစ်ခု တည်ရှိနေ၏။ ဤပညာရှင်ကြီး ရန်လီက သူ၏ ငယ်ဆရာ ဖြစ်ခဲ့ဖူးသည်ဟု ထင်ရ၏။ ပိုမို၍ တိတိကျကျ ပြောရမည်ဆိုလျှင် သူ၏ ကလေး ၃၀ ကျော်တို့၏ ဆရာဖြစ်ပုံပင်။ ဤသည်က ခံစားချက်တစ်ခုမျှသာ ဖြစ်ပြီး အရူးလန်အနေနှင့် သေသေချာချာ မသိရှိချေ။
လက်ရှိ သူဖြေဆိုခဲ့သည့် အရာများက ဘုရင်မင်းမြတ် နင်ယွမ်ရှန်းအတွက် သေစေနိုင်သည့် လက်နက် တစ်ခုလည်း ဖြစ်၏။ နင်ယွမ်ရှန်း၏ လေးစားဆုံးသော ပုဂ္ဂိုလ်မှာ ကျန်းလီဖြစ်၏။ တစ်နည်းအားဖြင့် ဆိုရမည်ဆိုလျှင် ကျန်းလီ၏ သေဆုံးခြင်းသည် နင်ယွမ်ရှန်း၏ တောင်ပံများကို ရိုက်ချိုးလိုက်သကဲ့သို့ပင်။
ဤလောကကြီးတွင် ကြီးမြတ်သည့် ဂဠုန်ငှက်ဟူ၍ မရှိဘဲ တောငန်းငှက်များသာ ရှိကြောင်း ရှင်းရှင်းလင်းလင်း မြင်တွေ့သွားစေ၏။ ဤကဗျာ၏ လွှမ်းမိုးမှုသည် နင်ယွမ်ရှန်း၏ စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးနေရာကို တိုက်ရိုက် တည့်တည့် ထိမှန်စေပေလိမ့်မည်။
နင်ယွမ်ရှန်းတင်သာမက ပညာတတ်အားလုံးတို့သည် ဤကဗျာကို သေသေချာချာဖြင့် ခံစားနားလည်နိုင်မှာ သေချာ၏။ ပြိုင်ဘက်အားလုံးကလည်း ဤကဗျာကို ဖတ်ရှုလျှင် ရှက်ရွံ့သွားမှာဖြစ်ပြီး စာစစ်သူအားလုံးတို့၏ စိတ်ဝိညာဉ်နှလုံးသားကလည်း ထုံကျင်သွားမှာ သေချာ၏။ တကယ်ကို အံ့မခန်းပင်။
တောငန်းငှက်များကို ကဗျာအဖြစ် အသုံးပြုပြီးနောက် နောက်တစ်ဆင့်က နတ်ငှက်၊ - ဂဠုန်ငှက်၏ အကြောင်းကို စကားပြေအဖြစ် ရေးသားရန်ပင်။ အကယ်၍ တောငန်းငှက်များက အဆိုးမြင်မှု၊ ကူရာမဲ့မှု၊ လွမ်းဆွတ်မှုများကို ဖော်ပြရမည်ဆိုလျှင် ဂဠုန်ငှက်များမှာတော့ လွမ်းဆွတ်မှု၊ စိတ်ဓာတ်ကျမှုတို့မှ လွတ်မြောက်မည့် အရာပင်။
ထို့ကြောင့် ကျန်းရင်၏ ဂဠုန်ငှက်အား ချီးကျူးဂုဏ်ပြုခြင်း ဟူသည့်အရာက အသင့်တော်ဆုံးသော စကားပြေ ဖြစ်ပေလိမ့်မည်။ အနုပညာ စွမ်းဆောင်ရည် သက်သက်ဖြင့် ကြည့်လျှင် ကျန်းရင်၏ ဤစာတမ်းနှင့် လီပိုင်၏ ကဗျာက အဆင့်အတန်းတစ်ခုတည်းအဖြစ် တန်းတူတည်ရှိနေ၏။
.............