အခန်း (၄၉၀)
Vol. 34 Ch. 490
တွေးတောကြည့်ရှုသည့် ရှုထောင့်ကလည်း ရှင်းလင်း၏။ အနက်အဓိပ္ပာယ်ကလည်း နက်နဲ၏။ ဝါကျတစ်ခုချင်းစီတိုင်းက ရင်သပ်ရှုမောဖွယ်ရာပင်ဖြစ်ပြီး ထိုအရာကို ရေးသားရန်အတွက် ကိုးကားထားသည့် အချက်အလက်များကလည်း တိကျ၏။ ဤသည်မှာ တကယ်ပင် ကောင်းမွန်လွန်းလှသည့် စကားပြေ တစ်ပုဒ်ဖြစ်၏။
အခန်းအတွင်းမှ စိတ်ဖိစီးမှု များပြားလျက် ရှိနေသည့် လေထုက ချက်ချင်းပဲ အပြင်ဘက်သို့ လွင့်စင်သွား သကဲ့သို့ပင်။ အခန်းတွင်းရှိလေထုက ပိုမိုကာ သန့်စင်လာသကဲ့သို့ပင်။ ကောင်းမွန်သည့် စကားပြေတစ်ပုဒ်၏ ဆွဲဆောင်မှုပင် ဖြစ်သည်။
ဤသည်မှာ အလှမယ်ရွေးချယ်ပွဲနှင့် ဆင်တူ၏။ ရှေ့၌ အမှတ်ခုနစ်ဆယ်ခန့်သာရှိသည့် သာမန်အမျိုးသမီး တစ်စုရှိ၏။ လူအုပ်က ငိုက်မြည်းလျက်ရှိနေစဉ်မှာပင် အမှတ်ကိုးဆယ်ခန့်ရမည့် အလှမယ်တစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့၏။ လူအုပ်က ချက်ချင်းပဲ စိတ်အားတက်ကြွသွားသည်။ ထိုကဲ့သို့ပင်။
“အင်း.. ဒီစကားပြေကို အသက်ဆယ့်ခုနစ်နှစ်အရွယ် ကလေးတစ်ယောက်က ရေးခဲ့တယ်လို့ ဘယ်သူက ထင်မှာလဲ”
“တကယ့်ကို ပါရမီရှင်ပဲ”
“တကယ့်ကို ထူးချွန်ပြောင်မြောက်လွန်းတယ်”
“ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျုပ်က စကားပြေတွေကို နှစ်ပေါင်းများစွာ လေ့လာခဲ့တာပဲ။ ကျုပ်က ဒုတိယအဆင့် စာမေးပွဲမှာလည်း ပဉ္စမ ရခဲ့ဖူးတယ်။ ဒါပေမဲ့ ကျုပ်တောင်မှ ဒီလောက် ကောင်းအောင် ရေးသားနိုင်မှာ မဟုတ်ဘူး”
“တကယ့်ကို ဉာဏ်အလင်း ပွင့်လင်းစေတယ်”
စကားပြေကိုဖတ်ရှုပြီးနောက် စာစစ်သူများက ကျူးဟုန်ပင်း၏ ကဗျာများကို စတင်ကာ ဖတ်ရှု၏။ ကျူးဟုန်ပင်းသည် သူ၏ ကဗျာအတွက် တောငန်းငှက်ကို အသုံးပြုခဲ့ပြီး စကားပြေလင်္ကာအတွက် ဂဠုန်ငှက်ကို ရွေးချယ်ခဲ့၏။ သူတို့သည် တစ်ဖက်လူ၏စကားပြေက ထူးချွန်ပြီး ကဗျာများက ထိုအဆင့်တွင်ရှိမည် မဟုတ်ဟု ထင်မှတ်ခဲ့၏။ သို့ပေမည့် ကဗျာက ပိုမို၍ ကောင်းမွန်နေ၏။
စာစစ်သူများက ဖတ်ရှုပြီးသည့်အချိန်မှာတော့ နွေဦးရာသီတွင် ရေခဲရေထဲ စိမ်သကဲ့သို့ပင် ခံစားရသည်။
“ကဗျာကောင်း... လုံးဝကို ကဗျာကောင်းတစ်ခုပဲ”
“အင်း... ဒီစာမေးပွဲဖြေဆိုသူရဲ့ မူဝါဒသဘောတရားကို ဖတ်ရှုရတာ ကျေနပ်စရာကောင်းတယ်။ သူ့ရဲ့ကဗျာတွေက ပိုပြီးတောင် ကောင်းနေသေးတယ်”
“ကျုပ်တို့ သူ့ရဲ့အဖြေလွှာကို ဒီလောက်စောစော မဖတ်သင့်ဘူး။ ဒီတော့ ကျုပ်တို့ အခုဘယ်လိုဆက်ပြီးတော့ အမှတ်ခြစ်ကြတော့မလဲ”
“ဟုတ်တယ်။ ဟုတ်တယ်။ တခြားစာဖြေသူတွေက နောက်မှာအများကြီးကျန်သေးတယ်”
“သူ့ရဲ့စကားပြေနဲ့ကဗျာကိုဖတ်ပြီးတော့မှ တခြားစာဖြေလွှာတွေကို သွားပြီးတော့ဖတ်ရတဲ့ဟာက တကယ့် ထိပ်တန်းစားသောက်ဆိုင်ကြီးထဲမှာ အစားအစာတစ်ခုခုကိုစားပြီးတော့မှ လမ်းဘေးဆိုင်မှာ ထပ်ဝယ်စားရ သလိုမျိုးပဲ။ မျိုချရတာ ခက်ခဲသလို ဖြစ်လိမ့်မယ်”
စာစစ်သူများက ညည်းတွားလိုက်ကြ၏။ ဤသို့နှင့် ရင်သပ်ရှုမောဖွယ်ရာ ကောင်းလွန်းသည့် စကားပြေနှင့် ကဗျာကို ဖတ်ရှုပြီးနောက် သူတို့က ပညာရှိကြီးတစ်ဦးကဲ့သို့ပင် ခံစားနေမိကြ၏။ တစ်ခဏအတွင်း စိတ်အားတက်ကြွမှုကိုလည်း ခံစားလိုက်ကြ၏။
“တကယ့်ကို အကြွင်းမဲ့ ပထမပဲ”
“ပထမနဲ့ ထိုက်တန်တယ်”
“သေချာပေါက်ကို ပထမပေါ့”
ပြီးနောက် စာစစ်မှူးချုပ်တို့က အဖြေလွှာကို စာအိတ်ထဲသို့ သေသေချာချာပြန်ထည့်၏။ ပြီးနောက် အနီရောင် ဘောပင်နှင့် စက်ဝိုင်းတစ်ခုကိုဝိုင်းလိုက်၏။ ကျန်ရှိသည့်စာစစ်သူငါးဦးတို့က ရှေ့သို့တိုးလာကြပြီး စက်ဝိုင်း ဝိုင်းကြ၏။ ဤသည်မှာ စာစစ်သူခြောက်ဦးလုံးက တူညီသော သဘောထားရှိသည်ဟု အဓိပ္ပာယ်ပေါ်၏။ ဤသူကို မဖြစ်မနေ ရွေးချယ်ရပေလိမ့်မည်။
ဟုတ်ပေ၏။ စက်ဝိုင်းများက ယခင်စက်ဝိုင်းများထက် ပိုမိုကာသေးငယ်၏။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့် ဆိုသော် ရာထူးကပိုပြီးနိမ့်လေ၊ စက်ဝိုင်းက ပိုမိုကာ သေးသေးလေး ရေးဆွဲရလေဖြစ်၏။ ရလဒ်က မထွက်သေးသော်လည်း အားလုံးက ကျူးဟုန်ပင်းကသာလျှင် ပထမရရှိမည်ဟု သေချာစွာ ဆုံးဖြတ်ပြီးပြီဖြစ်၏။
စာစစ်မှူးချုပ်က ပြောသည် “ဒီအခွင့်အရေးကို ရယူပြီးတော့ အနားယူကြရအောင်။ သရေစာလေး နည်းနည်းပါးပါးလောက် စားပြီး ဦးနှောက်ကို အနားပေးလိုက်ကြမယ်”
“ကောင်းတာပေါ့၊ သိပ်ကောင်းတာပေါ့” စာစစ်သူများက အမှတ်ခြစ်ခြင်းကို ရပ်တန့်လိုက်ကြ၏။
“အထဲကိုယူခဲ့တော့”
တံခါးအနည်းငယ်ပွင့်လာခဲ့ပြီး အပြင်ဘက်မှ သရေစာများယူလာခဲ့၏။ အားလုံးမှာ တကယ့်ကို ကောင်းမွန်လွန်းလှသည့် သရေစာများဖြစ်၏။ ကောက်ညှင်းလုံးကြော်များ သို့မဟုတ် မှိုကြာစေ့ဟင်းချိုများပင် ပါဝင်၏။ အရက်ကို ခွင့်မပြုချေ။ ချိုမွှေးသည့် ဝိုင်ကိုပင် သောက်သုံးခွင့် မပြုပေ။ အရက်မူးပြီး အမှားအယွင်း တစ်ခုခုပြုလုပ်မည်ကို စိုးရိမ်သောကြောင့်ပင်။
စားသောက်နေစဉ်မှာပဲ စာစစ်သူတစ်ဦးက မေးမြန်းလိုက်၏။ “ခင်ဗျားတို့ထဲမှာ ဘာမှမရေးထားတဲ့ ဗလာစာရွက်ကို တွေ့တဲ့လူရှိလား”
အားလုံးက ခေါင်းကိုခါယမ်းလိုက်သည်။
စာစစ်မှူးချုပ်က ပြော၏။ “ကျုပ် စာမေးပွဲခန်းမကို လှည့်လည် ကြည့်ရှုနေတုန်းက အရူးလန်က စာမေးပွဲပေါ်မှာ အိပ်ပျော်နေခဲ့တာ။ သူက ဗလာစာရွက်ပဲ တင်လိုက်လောက်တယ်”
တခြားစာစစ်သူတစ်ဦးကလည်း ဆိုသည်။ “ဟုတ်တယ် ကျုပ်လည်း အဲဒါတွေ့လိုက်တယ်။ အဲဒီအရူးလန်က ပထမဦးဆုံး စာမေးပွဲမှာ ခဏလေးပဲရေးပြီး ကျန်တဲ့အချိန်အကုန်လုံး အိပ်နေတာပဲ။ ဘယ်သူက ကံဆိုးပြီးတော့ ဒီအရူးလန်ရဲ့အဖြေလွှာကို ဆွဲမိမလဲတော့ မသိဘူး။ ကျုပ် မဖြစ်ပါစေနဲ့လို့တော့ ဆုတောင်းမိတယ်”
“အင်း.. ဘယ်သူပဲဆွဲမိဆွဲမိ ချက်ချင်းမြေပေါ်ကို လွှတ်ပစ်လိုက်။ ပြီးရင်ရေမိုးချိုးပြီး အဝတ်အစား သွားလဲလိုက်အုံး။ ဒါမှခင်ဗျားတို့ရဲ့ ခန္ဓာကိုယ်မှာရှိနေတဲ့ ကံဆိုးမှုတွေအကုန်လုံး ပျောက်သွားမှာ”
“ ကံပြန်ကောင်းဖို့အတွက် အမွှေးတိုင်တောင် ထွန်းရင်ထွန်းသင့်တယ်”
“မဟုတ်ဘူး။ ကံကောင်းဖို့အတွက်ဆိုရင် ခပ်ချောချောကောင်မလေး တစ်ယောက်ယောက်ကို စာစစ်ခန်းထဲကို ထည့်ပေးမှဖြစ်လိမ့်မယ်”
ညစ်ညမ်းသည့် နောက်ပြောင်မှုများဆိုသည်မှာ နေရာတိုင်းတွင်ရှိ၏။ အရာရှိတစ်ဦး၏ ရာထူးမည်မျှပင် မြင့်မားသည်မဆို ဤကဲ့သို့သော အခြေအနေ၊ အချိန်အခါမျိုးတွင် စနောက်ခြင်းဆိုသည်က ဖြစ်ပေါ်တတ်သည့် အရာမျိုးပင်။
“အင်း... အရှေ့မင်းကြီးက စာမေးပွဲခန်းမအကြောင်းကို အခုလောက်ဆို သိနေလောက်ပြီ”
“အရူးလန် အစကနေအဆုံးထိ အိပ်နေတယ်ဆိုတာကိုသိရင် ဒေါသမီးတွေ တောက်လောင် နေလောက်တယ်”
“ဒါကတော့သေချာတာပေါ့။ ဒီအရူးလန်ရဲ့ခေါင်းက မြေပေါ်ကို ပြုတ်ကျသွားလိမ့်မယ်။ သူတောင်းစား ဆယ်ယောက်လုံးက သေလိမ့်မယ်။ ဘာလို့ဒီကောင်တွေ ဒုက္ခရှာနေကြမှန်း မသိဘူး”
“ရှမ့်လန်က အရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုနဲ့ ယုံကြည်မှုကို စော်ကားလိုက်သလိုပဲ”
“မျက်နှာသာပေးခံရလို့ မာနထောင်လွှားတာ၊ မောက်မာတာ ဒါပဲလေ”
“အရှင်မင်းကြီးက တကယ့်ကို လူကဲခတ် မှားသွားပြီပဲ။ တကယ့်ကိုပဲ”
လူတိုင်း၏စကားလုံးများက လွန်လွန်ကျူးကျူး ဖြစ်လာခဲ့၏။ ဘုရင်မင်းမြတ်၏အကြောင်းကိုပင် ပြောဆိုလျက် ရှိနေ၏။
ရုတ်တရက် စာစစ်မှူးချုပ်က ချောင်းဟန့်လိုက်သည်။
အားလုံးက တိတ်ဆိတ်ငြိမ်သက်သွား၏။
စားသောက်ပြီးနောက် စာစစ်မှူးချုပ်က ဆို၏။ “နောက်ထပ် နာရီဝက်လောက် အနားယူကြ။ ပြီးရင်အဖြေလွှာတွေ ဆက်ပြီးစစ်ဆေးကြမယ်”
.............
ဘုရင်မင်းမြတ်က တကယ်ပင် ဒေါသထွက်လျက် ရှိနေ၏။ စာမေးပွဲပြီးဆုံးသည်နှင့် အရူးလန်က စာမေးပွဲခန်းမတွင် သုံးရက်လုံးလုံး အိပ်ပျော်နေကြောင်း သတင်းရရှိ၏။ အိပ်မပျော်သည့် အခြေအနေမျိုးတွင် ဟိုလျှောက်ကြည့်၊ ဒီလျှောက်ကြည့်သာ လုပ်လျက်ရှိနေ၏။ စာမေးပွဲကို လုံးဝဖြေဆိုခဲ့ခြင်း မရှိချေ။
အချိန်အနည်းငယ်သာ လိုတော့၏။ အရှင်မင်းမြတ်က အရူးလန်ကို သွားရောက်ဖမ်းဆီးပြီး သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်လုနီးပါးပင် ဖြစ်ခဲ့၏။
“ရှမ့်လန်၊ အရူးကောင်.. ငါ မင်းကို ဘယ်လောက်ယုံကြည်ခဲ့လဲ။ မင်းက ငါ့ကို ဒီလိုကျေးဇူးပြန်ဆပ်တာလား။ မင်းအရင်တုန်းက တကယ့်ကိုထက်မြက်ခဲ့တယ် မဟုတ်လား။ အခု ဘယ်လိုဖြစ်ပြီးတော့ မျက်စိကန်းသွားရတာလဲ။ ဒီလိုအမှိုက်သရိုက်တွေကို ဘယ်ကနေ သွားရှာလာခဲ့တာလဲ။ ခွေးကောင်.... မင်းက ကိုယ့်ကိုယ်ကိုယ် အရှက်စေရုံတင် မကဘူး။ ငါ့ကိုပါ အတူတူ မျက်နှာပျက် အရှက်ရအောင် လုပ်ခဲ့တာပဲ”
အရှင်မင်းမြတ်က တကယ့်ကိုဒေါသထွက်လျက်ရှိနေပြီး အစားအသောက် စားသောက်ခြင်းကိုပင် ရပ်တန့်မိသည်။ “လီစွမ်း… ရှမ့်လန်ကိုခေါ်ခဲ့စမ်း”
သို့ပေမည့် လီစွမ်းတံခါးအပြင်သို့ ခြေမလှမ်းမီမှာပဲ တားဆီးလိုက်မိ၏။ “ထားလိုက်တော့။ ရလဒ်ထွက်ပြီးမှပဲ ဆက်ပြောကြတာပေါ့။ အမှတ်ခြစ်ပြီးတာနဲ့ ချက်ချင်းစာမေးပွဲခန်းမကိုသွား။ အဲဒီအရူးလန်ဆိုတဲ့ကောင်ရဲ့ အဖြေလွှာကို ယူလာခဲ့စမ်း။ တကယ်လို့ ဗလာစာရွက်ဖြစ်နေရင် အရူးလန်ဆီကိုသွား ချက်ချင်း သတ်ပစ်လိုက်တော့”
လီစွမ်းက ခေါင်းညိတ်လိုက်၏။ အကယ်၍အရူးလန်က ဗလာစာရွက်သာ တင်ပို့ပေးလိုက်သည်ဆိုပါက တကယ့်ကို သေထိုက်၏။ အရှင်မင်းကြီးက ရှမ့်လန်ကို ယုံကြည်သောကြောင့်သာ ဤအခွင့်အရေးပေးခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် တစ်ဖက်လူများကြောင့် အရှင်မင်းကြီး၏ ဂုဏ်သိက္ခာ မည်မျှ ထိခိုက်သနည်း ဆိုသည်ကို တွေးတောသင့်၏။ အကောင်းဆုံး မလုပ်နိုင်သည့်အပြင် ဗြောင်အဖြေစာရွက်ကိုသာ တင်ပြီး အိပ်စက်ခဲ့၏။ ဤကဲ့သို့ ထင်တိုင်းကြဲပြီး အရှက်မရှိသည့်လူမျိုးမှ မသေလျှင် မည်သူသေမည်နည်း။
“ချောင်ပြည်နယ်နဲ့ ညှိနှိုင်းမှုအခြေအနေက ဘယ်လိုလဲ” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။
ညှိနှိုင်းမှုက တကယ့်ကို လွန်ဆွဲပွဲတစ်ခုကဲ့သို့ပင် ဖြစ်လို့နေ၏။ တစ်လကျော် ကြာမြင့်ခဲ့သည်ဆိုသော်လည်း တိုးတက်မှုမရှိရုံသာမက နောက်သို့ပင် ပြန်လည်ကာ ဆုတ်ယုတ်လာခဲ့၏။
မိန်းမစိုးများ နိုင်ငံရေးတွင် ဝင်ရောက်စွက်ဖက်ခွင့် မရှိဟူသော စည်းမျဉ်း ရွှဲ့ပြည်နယ်တွင် ရှိ၏။ သို့ပေမည့် လီစွမ်းက ဘုရင်မင်းမြတ်၏ စာချွန်လွှာများကို မကြာခဏ စီမံပေးရပြီး တစ်ခါတစ်ရံ ဘုရင်မင်းမြတ် မျက်စိညောင်းကိုက်နေသည့် အခြေအနေမျိုးတွင် စာလွှာများကို ဖတ်ပြရသည့်အလုပ် လုပ်၏။ သို့ပေမည့် လီစွမ်းက တကယ့်ကို သတိကြီးစွာ ထားရှိ၏။ တိုက်ရိုက်မဖြေကြားဘဲ သက်ဆိုင်ရာအရာရှိများ၏ စာချွန်လွှာများကို ထုတ်ယူပြီး ဘုရင်မင်းမြတ်ဆီသို့ ဆက်သသည်။
“ကိုယ်တိုင်သာဖတ်ပြတော့” နင်ယွမ်ရှန်းက ပြောလိုက်၏။
ဖတ်ရှုပြီးနောက် လီစွမ်းက ဆိုသည်။ “အရှင်မင်းကြီး... ညှိနှိုင်းမှုက အဆင်မပြေဘူး။ ချောင်ပြည်နယ်က သူတို့ရဲ့အမှားကို ဝန်မခံဘူး။ ပြီးတော့ လျော်ကြေးလည်းမပေးဘူး။ စစ်တပ်တွေကို မရုတ်သိမ်းတဲ့အပြင် သူတို့က ကျုပ်တို့ကိုတောင် လျော်ကြေးပေးဖို့ တောင်းဆိုနေတယ်။ ရွှဲ့ပြည်နယ်က ခွင့်ပြုချက်မရှိဘဲ စစ်ပွဲစခဲ့တယ်လို့ ပြောပါတယ်”
ထိုစကားကို ကြားသည့်အချိန်မှာတော့ နင်ယွမ်ရှန်းက ဒေါသကြောင့် ပေါက်ကွဲလုနီးပါးဖြစ်နေ၏။ “ချောင်ဘုရင် အဘိုးကြီး... ခွေးမသားကြီး၊ ခင်ဗျားဘယ်ကနေ ယုံကြည်မှုတွေ ရလာရတာလဲ။ ကျုပ်က ဝူပြည်နယ်နဲ့ မဟာမိတ်ဖွဲ့ပြီး စုမျိုးနွယ်ရဲ့ပုန်ကန်တဲ့ တပ်တစ်ခုလုံးကိုလည်း ဖြိုခွင်းခဲ့ပြီးပြီ။ အောင်မြင်မှုရတာက ကျုပ်ပဲ။ အခု ခင်ဗျားက မတန်တဆ လာပြီးတော့ လျော်ကြေးတောင်းရဲတယ် ဟုတ်လား။ ခင်ဗျား ရူးနေပြီလား။
ချောင်ဘုရင် ဒီအဘိုးကြီး... ခွေးမသားကြီး ဘာလုပ်ချင်နေတာလဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။
လီစွမ်းက တိတ်ဆိတ်ငြိမ်သက်လျက် ရှိနေ၏။ ဤသည်မှာ နိုင်ငံရေးရာ ကိစ္စတစ်ခုဖြစ်သည်နှင့်အညီ လီစွမ်းက မည်သည့်စကားကိုမှ ပြောစရာမလိုပေ။
နင်ယွမ်ရှန်း၏ မျက်လုံးများက ကျဉ်းမြောင်းသွား၏။ လွန်ခဲ့သည့်တစ်လက ချောင်ဘုရင်က တကယ့်ကို ပျော့ပြောင်းခဲ့၏။ သို့ပေမည့် ရုတ်တရက် အဘယ်ကြောင့် မာကျောလာရသနည်း။ အမှားကို ဝန်မခံရုံသာမက လျော်ကြေး မပေးသည့်အပြင် စစ်တပ်များကို ရုပ်သိမ်းခြင်းလည်း မရှိခဲ့ချေ။
တစ်နည်းအားဖြင့် ပြောရမည်ဆိုလျှင် ရွှဲ့ပြည်နယ်ထဲတွင် ချောင်ပြည်နယ်၏ ခံတပ်တစ်ခုရှိနေပြီး ထိုအရာက ရွှဲ့ပြည်နယ်၏ နယ်မြေသုံးလေးမိုင်ခန့်ကို သိမ်းပိုက်ထားဆဲဖြစ်၏။ ချောင်ဘုရင်က ရွှဲ့ပြည်နယ်နှင့် စစ်ဖြစ်ချင်နေသည်လား။
မဖြစ်နိုင်ပေ။ ရွှဲ့ပြည်နယ်က ချောင်ပြည်နယ်နှင့် စစ်ဖြစ်ရန် မတတ်နိုင်သလို ချောင်ပြည်နယ်ကလည်း ထိုနည်းတူစွာပင်။
“အင်း... တောင်ပိုင်းနိုင်ငံရဲ့ အခြေအနေကဘယ်လိုရှိလဲ” နင်ယွမ်ရှန်းက ဆက်လက်ကာ မေးမြန်း၏။
လီစွမ်းက သူ၏ထင်မြင်ချက်ကို မပြောကြားဘဲ ကျူးလင်း ပေးပို့လိုက်သည့် စာချွန်လွှာများကို ထုတ်ယူ၍ ဖတ်ရှု၏။ ပြီးနောက် ရွတ်ပြလိုက်သည်။
ဟုတ်ပေ၏။ လျှို့ဝှက်စာချွန်လွှာများ ဖြစ်ပါက ဘုရင်မင်းမြတ်က လီစွမ်းကို ဖတ်ရှုခိုင်းလိမ့်မည် မဟုတ်ပေ။
လီစွမ်းက ဖတ်ခွင့်ပြုသည့်အတိုင်း အရာအားလုံးကို လိုက်လံ ဖတ်ရှုနေမည့်သူ မဟုတ်ပေ။ သူက ဦးနှောက်ရှိသူ တစ်ယောက်ပင်။ ဘုရင်မင်းမြတ်က ပျင်းရိတတ်သည့် လူတစ်ယောက် ဖြစ်၏။ ထို့ကြောင့် စည်းမျဉ်းများကို ကျော်လွန်ကာ ခိုင်းစေလျက်ရှိနေ၏။ လီစွမ်းက တိတိကျကျ လိုက်နာနေရ၏။
“တောင်ဘက်ပိုင်းမှာ ငြိမ်သက်နေကြပါတယ်”
လီစွမ်းက စာချွန်လွှာများကို ဖတ်ရှုပြီး ပြောလိုက်သည်။ “ဒါပေမဲ့ ကျူးလင်းရဲ့ စာချွန်လွှာတွေနဲ့ မင်းသမီးနင်လော့ရဲ့ စာချွန်လွှာနှစ်ခုလုံးမှာ မတည်ငြိမ်မှုတစ်ခုခုကို တွေ့နေရတယ်”
နင်ယွမ်ရှန်းက မျက်မှောင်ကြုတ်လိုက်၏။ ချောင်ပြည်နယ်က တောင်ပိုင်းနိုင်ငံ၏ ကျင်းမင်းသားနှင့် ဆက်သွယ်မှုတချို့ ရှိပုံပေါ်၏။
“ညှိနှိုင်းမှုတွေကို အရှိန်မြှင့်တင်ဖို့ အမိန့်ပို့လိုက်။ ချောင်ပြည်နယ်ကို အမြန်ဆုံး အလျော့ပေးဖို့၊ သူတို့ရဲ့စစ်တပ်တွေ ရုပ်သိမ်းဖို့ လုပ်ရမယ်။ ချောင်ဘုရင်က သူ့ရဲ့အမှားကို ဝန်ခံဖို့လိုတယ်။ ဒါပေမဲ့ လျော်ကြေးကိုတော့ လျှော့ချပေးနိုင်တယ်။ သုံးနှစ်အတွင်း ခွဲပေးရမယ်။ ရွှေဒင်္ဂါး ငါးသိန်းပဲသဘောထားလိုက်။ ဒါနောက်ဆုံး သတ်မှတ်ချက်ပဲ”
လီစွမ်းက ရိုသေစွာဖြင့်ပြောလိုက်သည်။ “ကောင်းပါပြီ အရှင်မင်းကြီး”
ခဏအကြာမှာတော့ သံရုံးဝန်ကြီးက စာကြည့်ခန်းထဲသို့ လျှောက်ဝင်လာခဲ့၏။ “အရှင်မင်းကြီး”
နင်ယွမ်ရှန်းက တိုက်ရိုက်ဆိုသလိုပင် ပြောလိုက်သည်။ “ကျန်းရှစ်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးနေရာက လွတ်လပ်နေတာ ကြာပြီ။ ခင်ဗျား စိတ်ထဲမှာရွေးချယ်ထားတဲ့ လူတစ်ယောက်ယောက်ရှိလား”
ထိုသူကပြောလိုက်၏။ “ကျန်းချုံးက အသင့်တော်ဆုံးပါပဲ”
နင်ယွမ်ရှန်းကပြောလိုက်သည်။ “ကျုပ် ခင်ဗျားနဲ့ စကားလုံး ပဟေဠိတွေ ကစားဖို့ အချိန်မရှိဘူး”
ကျန်းချုံးက ကျန်းရှစ်ပြည်နယ်အုပ်ချုပ်ရေးမှူးရာထူးကို ရယူရန် ငြင်းဆန်ခဲ့ပြီး အိမ်ရှေ့စံနှင့်ပင် သဘောထား ကွဲလွဲခဲ့၏။ ထိုကိစ္စက ပျံ့နှံ့ခဲ့ပြီးသားဖြစ်၏။ သို့ပေမည့် ဝန်ကြီးက မသိသကဲ့သို့ပင် လာရောက် ပြောဆိုလျက် ရှိနေ၏။
ထိုဝန်ကြီးက ခဏလောက်စဉ်းစား၏။ ပြီးနောက် ပြောလိုက်သည်။ “ဒါဆိုရင် ကျန်းရှစ်စီရင်စုရဲ့ စာရေးချုပ်ကြီး၊ ကျန်းကျိရှုဆိုရင်ရော”
နင်ယွမ်ရှန်းက မျက်မှောင်ကုတ်လိုက်၏။ “တခြားရွေးချယ်စရာ မရှိတော့ဘူးလား”
သူ မျက်မှောင်ကုတ်လိုက်ရသည့် အကြောင်းအရင်းမှာ ကျန်းကျိရှုအပေါ်တွင် မကျေနပ်၍ မဟုတ်ချေ။ ဘုရင်မင်းမြတ်က ထိုသူ့ကို တကယ်သဘောကျ၏။ ထိုသူက အသက်သုံးဆယ့်ကိုးနှစ်အရွယ်မှာပင် တတိယ အဆင့်အရာရှိ ဖြစ်နေပြီဖြစ်၏။ သို့ပေမည့် သူက အိမ်ရှေ့စံ၏ သစ္စာရှိထောက်ခံသူတစ်ယောက် ဖြစ်သည်။
ဟုတ်ပေ၏။ ဤသည်က ပြဿနာတစ်ခု မဟုတ်ချေ။ ကျန်းရှစ်ပြည်နယ်အုပ်ချုပ်ရေးမှူးမှာ မြောက်ပိုင်းမှ ကျုံးယောင်နှင့် ချိန်ခွင်လျှာ ညီရန် အိမ်ရှေ့စံ၏ ထောက်ခံသူတစ်ဦးဖြစ်ရပေလိမ့်မည်။ သို့ပေမည့် ယခုဝန်ကြီးက ကျူးကလန်မှ လူတစ်ယောက် မဟုတ်ချေ။ သို့ပေမည့် သူ အာမခံပေးနေသည့် တစ်ယောက်မှာတော့ ကျူးကလန်မှ ဖြစ်လို့နေ၏။ ဘာတွေကို တွေးစေချင်နေသနည်း။
နင်ယွမ်ရှန်းက ကျူးမိသားစုကို ယုံကြည်သည်ဆိုသော်လည်း ကျူးဟုန်ကျူး အပေါ်တွင် ပိုမိုကာ ယုံကြည်၏။ သို့ပေမည့် ကျူးမိသားစုတစ်ခုလုံးကို ညီလာခံအား ထိန်းချုပ်ခွင့် ပေးလိမ့်မည် မဟုတ်ချေ။
ထိုဝန်ကြီးက ပြောလိုက်၏။ “အရှင်မင်းကြီး ကျုပ်ဆီမှာ တခြားဘာအလိုဆန္ဒမှ မရှိပါဘူး”
ဤစကားလုံးက ပွင့်ပွင့်လင်းလင်း ပြောဆိုခဲ့ခြင်းဖြစ်၏။ မည်သည့်အလိုဆန္ဒမှ မရှိဟုပြောရမည်ဆိုလျှင် ကျန်းရှစ်စီရင်စု၏ အုပ်ချုပ်ရေးမှူးဆိုသည်မှာ အိမ်ရှေ့စံမင်းသားကို ထောက်ပံ့သည့် သစ္စာရှိအရာခံ တစ်ယောက်သာ ဖြစ်ရပေလိမ့်မည်။ ကျန်းချုံးက အုပ်ချုပ်ရေးမှူးတာဝန်ကို မလိုချင်သည်ဆိုမှတော့ ကျန်းကျိရှု တစ်ယောက်တည်းကသာလျှင် သင့်တော်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။ သူ့အနေနှင့် ထိုကဲ့သို့သော လူကို အဘယ်သို့ အာမခံမပေးဘဲ နေမည်နည်း။