← Chapters

အခန်း (၄၉၁)

Vol. 34 Ch. 491

အခန်း (၄၉၁)

Vol. 34 Ch. 491

ရွှဲ့ပြည်နယ်ရှိ ဝန်ကြီးလေးပါးတို့က တူညီသည့်အမူအကျင့်များ တည်ရှိနေလုနီးပါးပင်။ ယခုဝန်ကြီးက ချမ်းသာသည့် အသိုင်းအဝိုင်းမှ မွေးဖွားလာခဲ့ပြီး တော်ဝင်မိသားစုမှလည်းဖြစ်၏။ သူကသစ္စာရှိ၏။ ထို့အပြင် သူက နိုင်ငံ့အရေးနှင့် ပတ်သက်၍ တခြားသော နည်းပရိယာယ်များကို ထုတ်သုံးတတ်သူ မဟုတ်ချေ။

နင်ယွမ်ရှန်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “နားလည်ပြီ။ ခင်ဗျား သွားလို့ရပြီ”

ထိုဝန်ကြီးက ဦးတိုက်ကာ ပြောလိုက်သည်။

“အရှင်မင်းကြီး... ဘာကိစ္စမှ မရှိဘူးဆိုရင် ကျုပ် သွားပါတော့မယ်” ပြီးနောက် သူက အသာလှည့်ကာ ထွက်ခွာသွားခဲ့၏။

ထိုသူ၏ နောက်ကျောဘက်ကို လှမ်းကာကြည့်ရှုရင်း နင်ယွမ်ရှန်း၏ စိတ်တစ်ခုလုံးက ပိုမိုကာ ငြိမ်သက် လာခဲ့၏။ သူ၏ညီလာခံထဲတွင် လူဆိုးတော်တော်များများရှိ၏။ သို့ပေမည့် အနည်းဆုံးအနေနှင့် အမတ်များထဲတွင် ဝန်ကြီး လေးဦးနှင့် စစ်ရေးဗျူရိုမှ တပ်မူးလေးဦးကဲ့သို့သော အရည်အချင်းရှိသည့် လူများလည်း ရှိနေသည်။

တခြားသောအရာများကို မဆိုနှင့်ဦး။ လက်ရှိ သစ္စာဖောက် ပုန်ကန်သွားခဲ့သည့် စုနန်ပင် မည်မျှ အစွမ်းထက်သနည်း။ အတွင်းဝန်ရုံးနှင့် စစ်တပ်ဆိုင်ရာ တည်နေရာထဲတွင် အရည်အချင်းရှိသည့် မျိုးဆက်များက ပြည့်နှက်လျက်ရှိနေပြီး နောက်ပိုင်းမျိုးဆက်များကလည်း အရည်အချင်းရှိသည့်သူများပင်။

ကျူးကျွင်း၊ ကျန်းချုံး၊ ကျန်းကျိရှု.. အတွင်းဝန်ရုံး၏ နောက်ထပ်ဝန်ကြီးချုပ်နေရာအတွက် အကောင်းဆုံး ရွေးချယ်ချင်စရာများဖြစ်၏။ ရှမ့်လန်ကရော အုပ်ချုပ်ရေးရုံး၏ နောက်ထပ်ဝန်ကြီးတစ်ယောက်ဖြစ်လာမည်လား။

နင်ယွမ်ရှန်းက စဉ်းစားရင်း အံ့အားသင့်မိနေ၏။ ဤရှမ့်လန်ကိုသာ အတွင်းဝန်ရုံးထဲသို့ ဝင်ရောက်ခွင့်ပေးပါက နိုင်ငံတော်တစ်ခုလုံးက နိုင်ငံအဖြစ်ပင် တည်ရှိတော့မည် မဟုတ်ချေ။ နိုင်ငံပျက်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားနိုင်၏။

သို့ပေမည့် ချက်ချင်းဆိုသလိုပဲ ဘုရင်မင်းမြတ်က အထူးစာမေးပွဲကို ပြန်လည်သတိရသွား၏။ သူ၏ဒေါသများက ပြန်လည်ကာ တောက်လောင်လာခဲ့ပြန်၏။

“လီအန်း.. စာမေးပွဲခန်းမကိုသွားပြီး အမှတ်ခြစ်တဲ့လုပ်ငန်းစဉ်ကို သွားကြည့်စမ်း။ ဗလာစာရွက် ရှိမရှိကြည့်ခဲ့။ တကယ်လို့ရှိရင် ချက်ချင်းတံဆိပ်ဖွင့်ပြီး ဘယ်သူလဲဆိုတာကိုကြည့်။ အရူးလန်ဆိုတဲ့ကောင်သာဖြစ်ရင် လူလွှတ်ပြီး ဖမ်းဆီးသတ်ဖြတ်လိုက်”

အရှင်မင်းကြီးက တကယ့်ကို စိတ်မရှည်တော့ပေ။ သူက နှစ်ရက်၊ သုံးရက်ပင် မစောင့်ချင်တော့ပေ။ စိတ်နှလုံးသားထဲတွင် တစ်စုံတစ်ခု ဝင်ရောက်သွားသည်နှင့် သူက ချက်ချင်းအဖြေကို သိလိုသည်။

“ကောင်းပါပြီ” ရှောင်လီက ချက်ချင်းပဲ စာမေးပွဲခန်းမဆီသို့ထွက်ခွာသွား၏။

စာမေးပွဲခန်းမအတွင်းမှာတော့ သရေစာမုန့် အနည်းငယ်ကို စားသုံးပြီး နာရီဝက်ခန့် အနားယူပြီးနောက် စာစစ်သူများ အားလုံးက အဖြေလွှာများကို ပြန်လည်ကာ စစ်ဆေးကြ၏။ ဟုတ်ပေ၏။ ပညာရှိများ၏ စိတ်အရှိန်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်၏။ ကျူးဟုန်ပင်း၏ အဖြေလွှာကို စစ်ဆေးပြီးနောက် တခြားသော စာဖြေသူများ၏ စကားပြေများကို ဖတ်ရှုရခြင်းမှာ ဖယောင်းများကို ဝါးနေရသကဲ့သို့ပင် အရသာကင်းမဲ့ပြီး ပါးစပ်ညောင်းသည်။

အမှန်တကယ်မှာတော့ ဤလူများ၏ အရည်အသွေးက မဆိုးလှချေ။ စကားပြေများမှာလည်း အတော်အသင့် ကောင်းမွန်၏။ သို့ပေမည့် အားလုံးတို့က စာစစ်သူများ၏ စိတ်နှလုံးသားထဲတွင် အရသာမရှိတော့ပေ။

“ဖျပ် ဖျပ် ဖျပ် ဖျပ်”

စာစစ်သူများက အဖြေလွှာကို ဆက်လက်ကာ စစ်ဆေးနေ၏။ ယခင်က ဆယ်စောင်တွင် တစ်စောင်ရရှိသော်လည်း အခုအချိန်တွင် အစောင်နှစ်ဆယ်တွင် တစ်စောင်သာလျှင် ရ၏။ ဤသည်မှာ အရပ်ပုသည့် လူများထဲက အရပ်အရှည်ဆုံးကို ရွေးထုတ်သကဲ့သို့ပင် ခံစားရစေ၏။

ထိုအချိန်မှာပဲ တံခါးခေါက်သံ ထွက်ပေါ်လာ၏။ စာစစ်မှူးချုပ်က မေးမြန်းလိုက်သည်။ “ဘာကိစ္စလဲ”

အပြင်ဘက်မှ စစ်သည်တော်ကပြောလိုက်၏။ “မိန်းမစိုးရှောင်လီ ရောက်နေပါတယ်”

မြို့တော်ရှိလူတိုင်းက မိန်းမစိုးရှောင်လီဟု ခေါ်ဆိုကြသော်လည်း ရှောင်လီက စိတ်ဆိုးတဲ့သူတစ်ယောက် မဟုတ်ပေ။ တကယ်လည်း စိတ်သဘောထား ကောင်းမွန်သူတစ်ယောက်ဖြစ်၏။ နန်းတော်တွင် လီသုံးဦး ရှိ၏။ မိန်းမစိုးကြီးလီမူ၊ မိန်းမစိုးကြီးလီစွမ်းနှင့် မိန်းမစိုးကြီးလီအန်းဖြစ်၏။ ဤသုံးဦးတို့က ဘုရင်မင်းမြတ် ယုံကြည်ရသော မိန်းမစိုးကြီးများဖြစ်သည်။

စာစစ်မှူးချုပ်က ဤအသံကိုကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ မေးမြန်းလိုက်၏။ “မိန်းမစိုး ရှောင်လီ ... ဘာကိစ္စရှိလို့လဲ”

လီအန်းက မေးမြန်းလိုက်သည်။ “စာဖြေသူတွေထဲမှာ စာရွက်ဗလာ တင်သွားတဲ့လူတွေ တွေ့လားတဲ့”

စာစစ်သူအားလုံးက အဓိပ္ပာယ်ပါသည့် အပြုံးဖြင့်ပြုံးလိုက်၏။ အရှင်မင်းကြီးက လူတိုင်းသိသည့် အရှင်မင်းကြီးပင် ဖြစ်နေ၏။ အရူးလန်ကတော့ သွားပြီဖြစ်၏။ ဆိုးဆိုးဝါးဝါး သေဆုံးရန် ကံကြမ္မာက ပါလာခဲ့၏။

စာစစ်မှူးချုပ်ကပြောလိုက်သည်။ “ကျုပ်တို့ဗလာစာရွက်တော့မတွေ့သေးဘူး။ တွေ့တာနဲ့ မိန်းမစိုးရှောင်လီဆီကို ချက်ချင်း အကြောင်းကြားပါ့မယ်”

လီအန်းကပြောလိုက်၏။ “ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားတို့ကိုအလုပ်ရှုပ်စေရတော့မှာပဲ”

ပြီးနောက် လီအန်းက ထိုနေရာမှာတွင် ထိုင်ရင်းစောင့်နေ၏။ ဤသည်က သူ့အတွက် ဟိုသွားလိုက်၊ ဒီသွားလိုက် ပြေးလွှားရသည့်ဒုက္ခကို သက်သာစေပေလိမ့်မည်။ အတွင်းမှစာစစ်သူများကလည်း အဖြေလွှာကို ဆက်လက်ကာ စစ်ဆေးနေ၏။ နောက်ဆက်တွဲ အလုပ်များက တကယ့်ကို ခြောက်သွေ့ပျင်းရိ ငြီးငွေ့စရာကောင်းလွန်းလှပြီး အရသာလည်း မရှိချေ။

စာရွက်များ မြေပေါ်သို့ ကျဆင်းသွားသည့် အသံကိုသာလျှင် ထပ်တလဲလဲကြားနေရ၏။ သို့ပေမည့် လူတိုင်း၏ စိတ်ထဲတွင် ပန်းတိုင်တစ်ခုရှိ၏။ သူတို့၏ ယခင်ပန်းတိုင်က ကျူးဟုန်ပင်း၏ အဖြေလွှာကို တွေ့ရှိရန်ဖြစ်ပြီး ဤတစ်ကြိမ် သူတို့၏ပန်းတိုင်မှာတော့ အရူးလန်၏ ဗလာစာရွက်ကို ရှာဖွေရန်ပင်ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် ဤဗလာစာရွက် ပေါ်ပေါက်လာသည်နှင့် တစ်စုံတစ်ယောက်က သေဆုံးရတော့မည်ဟု အဓိပ္ပာယ်ပေါ်၏။ ရှမ့်လန်နှင့် နင်ကျန်းတို့လည်း ကံဆိုးရပေလိမ့်မည်။ တစ်စုံတစ်ယောက် ကံဆိုးလျှင် သူတို့ ပျော်ရွှင်ရမှာဖြစ်၏။ အစုတ်အပြတ် ရှမ့်လန်ဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။ တကယ့်ကို ဝမ်းမြောက်ဝမ်းသာဖြင့် ထကာ ကခုန်သည်အထိပင် ပျော်ရွှင်ပေလိမ့်မည်။

ဤတစ်ကြိမ် သာမန်ဖြေဆိုသူများမှာ ပို၍ကံဆိုး၏။ အနည်းငယ် ထူးချွန်မှုရှိသည့် အဖြေလွှာများကို ဖြေဆိုခဲ့သည်ဆိုလျှင်တောင်မှ သူတို့ကမြေပြင်ပေါ်သို့ ပစ်လွှတ်ခြင်းကို ခံခဲ့ရ၏။

အချိန်များကုန်လွန်သွား၍ ညနက်သန်းခေါင်ယံသို့ပင် ရောက်ရှိလာခဲ့သည်။

စာစစ်သူ ခြောက်ဦးလုံးက နာရီပေါင်းများစွာ အဖြေလွှာများကို စစ်ဆေးခဲ့ရပြီဖြစ်သောကြောင့် တကယ့်ကို ငိုက်မြည်းလို့နေခဲ့၏။ သူတို့က တူညီသည့် မူဝါဒရေးရာ အတွေးအခေါ်များကိုဖတ်ရှုရင်း ပျင်းရိငြီးငွေ့ လာခဲ့၏။ တော်တော်များများတို့က ပျို့အန်ချင်စိတ်များပင်ပေါ်၏။

ဤညအတွင်းမှာပဲ စာစစ်သူခြောက်ဦးလုံးက အဖြေလွှာတစ်ထောင်ကျော်ကို စစ်ဆေးခဲ့ပြီး ကိုးဆယ်ရာခိုင်နှုန်း ကျော်တို့က မြေပြင်ပေါ်သို့ ကျဆင်းသွားခဲ့၏။ ဤအရာက လောကကြီးတွင် အားလုံးသောသူတို့က ဆိုးဝါးဆုတ်ယုတ်လျက် ရှိနေပြီး ကျူးဟုန်ပင်း တစ်ယောက်တည်းသည်သာ ထူးချွန်ပြောင်မြောက်နေသကဲ့သို့ပင်။ ကျူးဟုန်ပင်းက ကြက်အုပ်ထဲမှ ကြိုးကြာငှက်တစ်ကောင်ကဲ့သို့ပင်။

ဝန်ကြီးချုပ် ကျူးဟုန်ကျူးက အလွန် စဉ်းစားနေခဲ့ခြင်းဖြစ်၏။ သူ၏မြေးဖြစ်သူသည် ပထမနေရာနှင့် လုံးဝထိုက်တန်သည့် ရလဒ်ကိုယူဆောင်နိုင်သည့်လူပင်။ ထိုသူနှင့် အခြားသောစာဖြေသူများကြားမှ ကွာခြားချက်က ထင်ရှား၏။ ပထမ မည်သူဖြစ်မည်ဆိုသည်ကို သံသယရှိစရာ မလိုအပ်ချေ။

စာစစ်မှူးချုပ်က ပြောလိုက်၏။ “လူတိုင်း ခဏလောက်၊ ကျုပ်တို့ တတိယညဦးယံကို ရောက်တဲ့အချိန်မှာ စာမေးပွဲစစ်ဆေးမှုကို တရားဝင်အဆုံးသတ်မယ်။ အားလုံးအိပ်စက်ပြီး မနက်ကျမှ ဆက်စစ်ကြတာပေါ့”

“ကောင်းတယ်”

“ကောင်းတာပေါ့” စာစစ်သူများက ပျော်ရွှင်သွားခဲ့ကြ၏။ သူတို့အတွက် ညှင်းပန်းနှိပ်စက်ခံရမှုအားလုံးက ပြီးဆုံးပြီဖြစ်၏။ သူတို့အနေနှင့် အနည်းငယ်လောက် စစ်ဆေးပြီး အိပ်စက်ရန်ပင် ပြင်ဆင်လိုက်၏။ မဟုတ်ပါက ငြီးငွေ့ပြီး အန်ချင်စိတ်ပင်ပေါက်လာ၏။

ထို့အပြင် ပထမစာစစ်မှူးဆိုလျှင် အိပ်ပင်အိပ်ငိုက်နေ၏။ မျက်ခွံများက လေးလံလျက် ရှိနေပြီး မည်သို့မှ မခံနိုင်သည့်ပုံပင်။ သူက စာအိတ်တစ်ခုကို ဆွဲဖြဲပြီးအဖြေလွှာကို ထုတ်ယူ၏။ သူ၏နှာခေါင်းက အနံ့ခံခြင်း၌ ကောင်းမွန်သည်ဆိုလျှင် ထို့အဖြေလွှာဆီမှ ငါးညှီနံ့သဲ့သဲ့ကိုပင် ရရှိ၏။ သံသယရှိစရာ မလိုပေ။ ထိုအဖြေလွှာက အရူးလန်၏ အဖြေလွှာပင် ဖြစ်၏။ ထို့ကြောင့် ညစ်ပတ်နေခြင်း ဖြစ်သည်။

စာစစ်မှူးက ရှေ့မှအဖြေလွှာများကို စတင်ကာ ကြည့်ရှု၏။ သူကအဖြေများကို အလွတ်ရပြီးဖြစ်သောကြောင့် အလိုအလျောက်ပင် ကျော်ကာဖတ်ရှုရန် ပြင်လိုက်သည်။ သို့ပေမည့် ရုတ်တရက် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွား၏။ မဖြစ်နိုင်ပေ။ ဤအရာက သရဲခြောက်နေသည်လား။ မေးခွန်းကိုးဆယ်လုံးက မှန်ကန်လို့ နေ၏။ ရူးနေသည်လား။

မည်ကဲ့သို့သော သတ္တဝါဆန်းနည်း။ မေးခွန်းကိုးဆယ်ထဲတွင် ဆယ်ခုက တကယ့်ကို ရှားပါးသည့် မေးခွန်းများဖြစ်ပြီး ထိုအရာကို မှန်အောင်ဖြေဆိုနိုင်ခြင်း မရှိကြချေ။

ကျူးဟုန်ပင်းက ပါရမီရှင်တစ်ယောက် ဖြစ်သော်လည်း ရှစ်ဆယ့်ရှစ်ခုသာ မှန်အောင်ဖြေဆိုခဲ့ပြီး နှစ်ခု မှားယွင်းခဲ့၏။ ဤအရာက ဆယ်စုနှစ်တစ်ခုအတွင်း စံချိန်သစ်တစ်ခုဖြစ်၏။ ယခု မေးခွန်း ကိုးဆယ်လုံးကို မှန်ကန်အောင်ဖြေဆိုနိုင်ခဲ့၏။

ပြီးနောက် ပထမစာစစ်မှူး၏ အိပ်ငိုက်နေခြင်းက ပျောက်ကွယ်သွားခဲ့သည်။

ပထမစာစစ်မှူးက လက်ဖက်ရည်ကြမ်းတစ်ခွက်ကိုသောက်ပြီး အာရုံကိုစုစည်းလိုက်၏။ အဖြေလွှာ၏ နိုင်ငံရေးရာ မူဝါဒသဘောတရားများကို စတင်ကာဖတ်ရှုလိုက်၏။ အဘယ်ကြောင့်ဆိုသော် လက်ရေးလှနှင့် တွက်ချက်ခြင်း အကြောင်းကို ရေးသားရသည်မှာ လွယ်ကူ၏။ ထို့ကြောင့် ထိုအရာကို ခဏဖယ်ထား လိုက်၏။

သူက မူဝါဒသဘောတရား စကားပြေကို ပြန်လည်ကာ ကြည့်ရှု၏။ ပထမဦးဆုံးအကြိမ် လျင်မြန်စွာ ဖတ်ရှု၏။ ပြီးနောက် ဆံပင်မွှေးများ ထောင်ထသွားသကဲ့သို့ပင် ခံစားနေမိ၏။ မည်သည့်နေရာက ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာရသနည်း။ မြေရှင်ယာရှင်စနစ်အပေါ် သုံးသပ်ချက်က တကယ့်ကို ကောင်းမွန်လွန်းသည်။

မဟုတ်ပေ။ ဤအရာကို ကောင်းသည်ဟု ဖော်ညွှန်း၍မရချေ။ အံ့မခမ်းဖြစ်စေသည်ဟူသည့် စကားလုံးနှင့်လည်း ဖော်ပြ၍မရပြန်ချေ။ ထိုသို့ဆိုလျှင် ဉာဏ်အလင်း ပွင့်လန်းစေသည်ဟုပြောဆိုရမည်လား။ မဟုတ်သေးပေ။ ဤမှတ်ချက်ကို သူတို့က ကျူးဟုန်ပင်း၏ အဖြေလွှာအတွက် ပေးခဲ့ပြီး ဖြစ်၏။

သူက ထိုအရာများကို သေသေချာချာ ပြန်လည်ကာဖတ်ရှုလိုက်၏။ နိုင်ငံရေးရာမူဝါဒများနှင့်ပတ်သက်၍ နှစ်ပေါင်းတစ်ရာအတွင်း ထိုအရာများကို မမြင်ခဲ့ဖူးသည့်ပုံပင်။ တကယ့်ကို ထိပ်ဆုံးအဆင့် ရေးသားထားခြင်း ဖြစ်သည်။

ကျူးဟုန်ပင်း၏ နိုင်ငံရေးရာစာတမ်းက ထူးချွန်ပြောင်မြောက်လွန်း၏။ သို့ပေမည့် လက်ရှိသူ၏ရှေ့တွင် ရှိနေသည့် စာတမ်းနှင့်နှိုင်းယှဉ်ရမည်ဆိုပါက မည်သူက ပိုမို ကောင်းမွန်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိနိုင်၏။ သူ အကြိမ်အနည်းငယ် ထပ်မံကာဖတ်ရှု၏။ ဆယ်ကြိမ် သို့မဟုတ် ဆယ့်ငါးကြိမ်လောက်ပင် ထပ်မံကာဖတ်ရှု၏။

ပြီးနောက် စာမေးပွဲစစ်ဆေးသူက ဖြေဆိုသူ၏ကဗျာနှင့် စကားပြေ လင်္ကာများကို ဖတ်ရှုရန် မစောင့်နိုင်တော့ချေ။ ကျူးဟုန်ပင်းထက် ပိုမိုကာ ကောင်းမွန်မည်လား။ သူက ဆောင်းဦး တောငန်းငှက် အကြောင်းကို စတင်ကာ ဖတ်ရှု၏။ ဆံပင်အားလုံး ထောင်ထသွားခဲ့၏။ ကြက်သီးမွေးညှင်းများပင် ထသွားပြီး နှလုံးသားတစ်ခုလုံးကလည်း တဝုန်းဝုန်း လှုပ်ခါနေသည်။

......

ထို့အပြင် ဂဠုန်ငှက်အကြောင်းကို ပြန်လည်ကာဖတ်ရှုလိုက်ပြန်၏။ တကယ့်ကိုရူးသွပ်ဖွယ်ရာပင်။

“ဒီပါရမီရှင် ဘယ်ကရောက်လာတာလဲ။ ဘယ်နေရာကနေ ထွက်ပေါ်လာခဲ့တာလဲ။ ကျူးဟုန်ပင်းရဲ့ ပထမနေရာကတော့ သွားပြီပဲ”

သူ၏ရှေ့တွင် ရှိနေသည့်စာရွက်က တကယ့်ကိုထိပ်တန်း ပထမဖြစ်၏။ အလုံးစုံ တိကျမှန်ကန်သည့် ပထမ နေရာမျိုးပင်။ မည်သူမှလိုက်လံ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် ပထမနေရာကို ရရှိမည့်လူမျိုးပင်ဖြစ်၏။ သူက အသက်ကို ခပ်ပြင်းပြင်း ရှုလိုက်၏။ ပြီးနောက် ပထမဦးဆုံးစာစစ်သူက အရက်သောက်ထားသကဲ့သို့ပင် မူးဝေဝေ ခံစားလျက်ရှိနေ၏။

“အဟမ်း အဟမ်း... အားလုံးပဲ ကျူးဟုန်ပင်းက ပထမနေရာနဲ့ ထိုက်တန်တဲ့လူ မဟုတ်တော့ဘူး။ ကျုပ်လက်ထဲမှာရှိနေတဲ့ အဖြေလွှာကသာ ပထမနေရာကို ရလိမ့်မယ်။ ဘယ်နေရာ၊ ဘယ်မှာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒီလူက အမြဲတမ်း ပထမနေရာကိုရမယ့် စာဖြေသူပဲ။ သူ့က ိုဒုတိယနေရာကို ထားရဲတယ်ဆိုရင် ကျုပ် ကျိန်းသေပေါက် နန်းတော်ကိုဝင်ပြီး ဘုရင်မင်းမြတ်နဲ့ ဆွေးနွေးရလိမ့်မယ်”

…..

ဟန်လင်းပညာရိပ်သာကျောင်းမှ ပထမ စာစစ်သူ၏အသံက စိတ်လှုပ်ရှားစွာ ပေါ်ပေါက်လာခဲ့၏။ သူ၏အသံက အနီးအနားတွင် ရှိနေသည့် လူပေါင်းများစွာတို့ကို အံ့အားသင့် ကြောက်ရွံ့စေခဲ့၏။ ထိုအချိန်မှာပဲ အပြင်ဘက်ဆီမှ ခေါင်းလောင်းထိုးသံများ ထွက်ပေါ်လာခဲ့၏။

“ဒုန်း ဒုန်း ဒုန်း”

ပထမတစ်ချက်က နှေးကွေးပြီး နောက်ထပ်တစ်ချက်မှာ မြန်ဆန်၏။ မီးဘေးအန္တရာယ် သတိပြုရန် ညသန်းခေါင်သို့ ရောက်ရှိနေပြီဖြစ်သောကြောင့် အားလုံးက အိပ်ပျော်နေခဲ့ပြီဖြစ်၏။ စာမေးပွဲ စစ်ဆေးသူ တော်တော်များများတို့က မျက်မှောင်ကုတ်လိုက်၏။ ပထမဦးနေရာက ဆုံးဖြတ်ပြီးသွားပြီ မဟုတ်ပါလား။ ဤအရာက ကျူးဟုန်ပင်းအတွက်ပင်ဖြစ်သည်။

နောက်ထပ် ကျူးဟုန်ပင်းထက် သာလွန်သည့် ယှဉ်ပြိုင်သူတစ်ယောက် ပေါ်ပေါက်လာမည်ဟု သူတို့ မယုံကြည်နိုင်ချေ။ ကျူးဟုန်ပင်း၏ နိုင်ငံရေးရာစာတမ်းနှင့်ကဗျာက တကယ့်ကိုကောင်းမွန်လွန်း၏။ လက်ရည်တူနေသည်ဆိုလျှင်တောင် ကျူးဟုန်ပင်းက ပထမနေရာကိုရရှိရန် လွန်ခဲ့သည့် နှစ်နှစ်တည်းက ကြိုးစားခဲ့ရ၏။ ထို့ကြောင့် သူတို့က ဖယ်ရှားပေးလိမ့်မည် မဟုတ်ချေ။

စာမေးပွဲစစ်ဆေးသူများက မျက်မှောင်ကုတ်လိုက်၏။ “ညသန်းခေါင်တောင် ရောက်နေပြီ။ မနက်ဖြန်မှ ကြည့်လို့ မရဘူးလား”

ပထမ စာမေးပွဲစစ်ဆေးသူကပြောလိုက်သည်။ “မဟုတ်ဘူး။ မဟုတ်ဘူး။ ခင်ဗျားတို့ အခုကြည့်မှဖြစ်မယ်။ မဟုတ်ရင် ခင်ဗျားတို့ နောင်တရလိမ့်မယ်”

အားလုံးသောသူတို့က စိတ်ထဲတွင် ကျိန်ဆဲလျက်ရှိနေ၏။ သို့ပေမည့် ရှေ့ဆီသို့လှမ်းသွား၏။ ထိုအချိန်မှာပဲ ပထမ စာမေးပွဲစစ်ဆေးသူ၏ လက်မှ စာမေးပွဲ အဖြေလွှာကို မယူချင့် ယူချင် လှမ်းယူကြသည်။ တော်တော်များများတို့က အိပ်ချင်စိတ်ပေါက်နေကြ၏။ သို့ပေမည့် မတတ်သာသောကြောင့် လှမ်းကာ ဖတ်ရှုလိုက်ကြ၏။

ပြီးနောက် သူတို့အားလုံးက တုန်လှုပ်သွားခဲ့ကြ၏။ အားလုံးသောသူတို့၏ အိပ်ချင်စိတ်များက ပျောက်ကွယ်သွားခဲ့၏။ မည်သို့ဖြစ်နိုင်မည်နည်း။ စာမေးပွဲ မေးခွန်းကိုးဆယ်လုံးကို မှန်ကန်စွာ ဖြေဆိုထားခဲ့၏။ ရူးသွပ်နေလေသည်လား။ ကျူးဟုန်ပင်း တင်ခဲ့သည့်မှတ်တမ်းကို နာရီအနည်းငယ်အတွင်း ချိုးဖျက်သွားခဲ့ပြီ ဖြစ်သသည်။

ပြီးနောက် သူတို့က မေးခွန်းသုံးဆယ်လုံးက မှန်ကန်လျက်ရှိနေသည်ကို ထပ်မံကာမြင်ရပြန်၏။ အားလုံးက တုန်လှုပ်သွားခဲ့ကြ၏။ စာမေးပွဲ စတင်စစ်ဆေးခဲ့စဉ် ကာလတည်းက ဤကဲ့သို့မေးခွန်းအားလုံးကို မှန်ကန်အောင် ဖြေဆိုသည့်လူဟူ၍ သူတို့ တစ်ခါမှမမြင်ခဲ့ဖူးချေ။ ဤအရာက အစစ်အမှန်ရော ဟုတ်ပါရဲ့လား။

စာမေးပွဲဖြေဆိုသူများက မယုံကြည်နိုင်လောက်သည့် မှတ်တမ်းများကို ဖန်တီးရန် စိတ်အားတက်ကြွ၏။ ယခု ထိုကဲ့သို့သော မှတ်တမ်းကို မျက်စိဖြင့်မြင်တွေ့ရပြီဖြစ်၏။ “အင်း ဒါက တကယ်ကို ခန့်မှန်းလို့ မရတဲ့အရာ တစ်ခုပဲ။ အနာဂတ်မှာလည်း ထပ်ပြီးဖြစ်လာနိုင်မှာ မဟုတ်ဘူး။”

“မေးခွန်းတွေ အားလုံးကို ဖြေဆိုနိုင်ခဲ့တယ် ဒါရူးသွပ်နေတာပဲ။ ကျုပ်အရင်တုန်းက ဒီကိစ္စကို ကြားလည်း မကြားဖူးဘူး၊ မြင်လည်းမမြင်ခဲ့ဖူးဘူး။ ဒီနေ့ကတော့ တကယ်ကို ထူးခြားတဲ့အရာပဲ။ မျက်စိပွင့်စေခဲ့ပြီ။ တကယ်ကို မျက်စိပွင့်စေခဲ့ပြီပဲ”

ထိုအခြင်းအရာကိုကြားသည့်အချိန်မှာတော့ စာမေးပွဲစစ်ဆေးသူအားလုံးက မည်သူမှမနေနိုင်ခဲ့ချေ။ တစ်ယောက်ပြီး တစ်ယောက် ချီးကျူးလျက် ရှိနေကြသည်။

“ဒါပေမဲ့ မေးခွန်းတွေအားလုံးက မှန်ကန်တယ်ဆိုရင်တောင် သိပ်ပြီးအသုံးမဝင်ဘူး။ အရေးကြီးဆုံးက စကားပြေ လင်္ကာနဲ့ ကဗျာပဲ မဟုတ်လား”

ပထမ ဒုအတွင်းဝန် စာမေးပွဲစစ်ဆေးသူကပြောလိုက်၏။ “အင်း... သူ့ရဲ့ စကားပြေလင်္ကာနဲ့ ကဗျာကို ဆက်ပြီး ဖတ်ကြည့်လိုက်ကြအုံး”

စာမေးပွဲစစ်ဆေးသူအားလုံးက ဆက်လက်ကာဖတ်ရှု၏။ အရူးလန်၏ မြေရှင်ယာရှင်စနစ်အကြောင်း ဆက်လက်ဖတ်ရှုပြီးချိန်မှာတော့ အားလုံးက အသက်ပင် မရှုနိုင်သလိုဖြစ်နေ၏။ တစ်ယောက်နှင့် တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်မိကြ၏။ သူတို့အားလုံးက ကျောရိုးမကြီးများပင်စိမ့်တက်သွားခဲ့ကြသည်။

ကျောရိုးမကြီးတစ်ခုလုံး စိမ့်တက်ရုံသာမက ဒူးများပင်ခွေယိုင်လုမတတ် ဖြစ်နေ၏။ နှလုံးသားများကလည်း တဆတ်ဆတ်နှင့်တုန်ခါနေ၏။ အိပ်ချင်စိတ်အားလုံးက ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့၏။

သူတို့က ငရဲခန်းဆီမှ ပြန်လည်ကာထွက်ပေါ်လာသကဲ့သို့ပင် အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။ ခြောက်ခြားဖွယ်ရာလည်း ကောင်းလွန်းလှ၏။ ဤကဲ့သို့ ရှေးဆန်ပြီး ဆန်းသစ်လွန်းလှသည့် ကဗျာတစ်ပုဒ် တည်ရှိနေသေးသည်လား။

ပထမဦးဆုံး စာမေးပွဲ စစ်ဆေးသူက ကျူးဟုန်ပင်း ပထမနေရာကို လက်လွှတ်ဆုံးရှုံးရပြီဟု ပြောဆိုခဲ့ခြင်းမှာ ပေါက်ပန်းလေးဆယ် လျှောက်ပြောခဲ့ခြင်းမဟုတ်ပေ။ စာစစ်မှုးချုပ်က ကျူးဟုန်ပင်း၏ စာမေးပွဲအဖြေလွှာကို လှမ်းယူလိုက်ပြီး နှိုင်းယှဉ်ကြည့်၏။ ချက်ချင်းပဲ ကွာခြားလျက်ရှိနေကြောင်း သိရှိရ၏။

ကျူးဟုန်ပင်းက နှစ်အနည်းငယ်အတွင်း တွေ့ရခဲ့သည့် စကားပြေကောင်းများကို ရေးသားခဲ့၏။ သို့ပေမည့် လက်ရှိ ဘယ်သူမှန်းမသိသည့် စာမေးပွဲဖြေဆိုသူ၏ စာနှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် တကယ့်ကိုကွာခြားလွန်းခဲ့၏။ ဤလူ၏စာက နှစ်ပေါင်းတစ်ရာအတွင်း တစ်ခုပင်တွေ့ရခဲသည့် စကားပြေမျိုးဖြစ်သည်။

ကဗျာဆိုလျှင် ပြောနေစရာပင်မလိုအပ်ချေ။ ကျိန်းသေပေါက် မျိုးဆက်အဆက်ဆက်ကို လက်ဆင့်ကမ်းကာ ဖတ်ရှုစေရမည့် ကဗျာမျိုး ဖြစ်နေ၏။ တကယ့်ကို ကောင်းကင်မှ နတ်မင်းတစ်ပါးပါး ဆင်းသက်လာကာဖြင့် ရေးသားခဲ့ခြင်းဟုပင် သတ်မှတ်နိုင်၏။

All Chapters