အခန်း (၄၉၄)
Vol. 34 Ch. 494
အရူးလန် ထွက်ခွာသွားပြီးနောက် ဘုရင်မင်းမြတ်က ဘာတစ်ခုမှ ဖုံးကွယ်မထားတော့ချေ။ စာကြည့်ခန်းထဲတွင် စိတ်လှုပ်ရှားစွာဖြင့် လမ်းလျှောက်လျက် ရှိနေ၏။ လောကကြီးတစ်ခုလုံး မည်မျှ တုန်လှုပ်သွားခဲ့မည် ဖြစ်ကြောင်း သူက အစောကြီးတည်းက စိတ်ကူးယဉ်လျက်ရှိနေ၏။
သူ့ကို နေ့စဉ်နေ့တိုင်း လာရောက်ကာ တောင်းဆို နားပူလျက် ရှိနေသည့် အမှုထမ်းများအားလုံး၊ မဖြေဘူးဟု ပုန်ကန်ခဲ့ပြီး အရှက်မဲ့စွာဖြင့် လာရောက်ဖြေဆိုကြသည့် စာမေးပွဲဖြေဆိုသူ အားလုံးတို့၏ မျက်နှာကို ပြင်းပြင်းထန်ထန် ပိတ်ရိုက်ရခြင်းပင်။ ထိုအရာကို တွေးတောလိုက်ရုံနှင့် သူက စိတ်ကျေနပ်မှုကို ရရှိနေသည်။
“လီအန်း… စာမေးပွဲခန်းမကိုသွား။ ပြီးတော့ အားလုံးကို စာမေးပွဲက တရားမျှတတယ် ဆိုတဲ့အကြောင်း ပြောလိုက်။ ပထမနေရာကို ရတဲ့လူက ပထမပဲ။ စာမေးပွဲဖြေဆိုတဲ့လူရဲ့ ဂုဏ်သိက္ခာတွေကို လှည့်ကြည့်စရာ မလိုဘူး။ ကိုယ်ဆုံးဖြတ်ထားတဲ့အရာက အကောင်းဆုံးလို့ထင်ရင် ပထမ ပေးနိုင်တယ်လို့”
ဆိုလိုရင်းမှာ တကယ်ကို ရိုးရှင်းလှ၏။
လီအန်းကလည်း ဦးညွှတ်လိုက်သည်။ “ကောင်းပါပြီ”
ဘုရင်မင်းမြတ်က ပြောလိုက်၏။ “ပြီးတော့ ဒီကိစ္စကို လျှို့ဝှက်ချက် အဖြစ်ထား။ လူသိရှင်ကြား ထုတ်ဖော် မပြောမချင်း ဘယ်သူမှ မသိစေနဲ့။ ကျူးကလန်တောင် မသိစေရဘူး။ ရေနက်တပ်ဖွဲ့က စစ်သည်တော်တွေကို စာမေးပွဲခန်းမကို စောင့်ကြပ်ဖို့ စေလွှတ်လိုက်။ သတင်းတစ်စမှ ပေါက်ကြားလို့ မဖြစ်ဘူး”
လီအန်းက ဆွံ့အသွားခဲ့၏။ သူ့သခင်၏ ဟာသလုပ်ချင်စိတ်က ဤမျှ အားကောင်းနေသည်လား။ လူသိရှင်ကြား စာမေးပွဲရလဒ်ကို ထုတ်ဖော်သည့်အချိန်တွင် အားလုံးသောသူတို့၏ မျက်နှာကို ပိတ်ရိုက်ရန် ပြင်ဆင်နေခြင်းပင်။
ဤအချိန်မှာတော့ ဘုရင်မင်းမြတ်က ရှမ့်လန်နှင့် ပူးပေါင်းပြီး တစ်လောကလုံး၏ မျက်နှာကို ပိတ်ရိုက်ရန် ကြံစည်နေခြင်း ဖြစ်၏။
“ကောင်းပါပြီ”
လီအန်း ထွက်ခွာသွားခဲ့ပြီးနောက် ဘုရင်မင်းမြတ်က အကြီးအကျယ် စိတ်ကူးယဉ်လျက် ရှိနေ၏။ ရှမ့်လန်က အထူးစာမေးပွဲတွင် ကံကြမ္မာ အလှည့်အပြောင်းတစ်ခုကို ဖန်တီးခဲ့၏။ သိုင်းစာမေးပွဲ ဆိုလျှင်ရော ရှမ့်လန်က အလှည့်ပြောင်းတစ်ခုကို ဖန်တီးနိုင်ဦးမည်လား။ လတ်တလော ခန့်မှန်း၍ မရနိုင်ပေ။
အရူးလန်က စာအုပ်များကို ဖတ်ရှုပြီး ထိုစာအုပ်များကို တစ်ချက်ကြည့်ရုံနှင့် အလုံးစုံ မှတ်သားနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်၏။ ထို့အပြင် ရှမ့်လန် ရေးသားထားခဲ့သည့် အရာအားလုံးကိုလည်း မှတ်မိနိုင်ခဲ့၏။ သို့ပေမည့် သိုင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုသည့်လူများမှာတော့ မသန်စွမ်း သူတောင်းစားများသာ ဖြစ်၏။ ထိုသူတို့နှင့် ကံကြမ္မာ အလှည့်ပြောင်းကို ပြုလုပ်ဖို့ဆိုသည်မှာ ကောင်းကင်ပေါ်သို့ တက်လှမ်းခြင်းထက်ပင် ပိုမိုကာ ခက်ခဲ ပေလိမ့်မည်။
သိုင်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုရန် ဆယ်နှစ်နီးပါး ကြိုးစားအားထုတ်မှုကို လိုအပ်ပေလိမ့်မည်။ ထိုအရာက တစ်နှစ်အတွင်း ပြုလုပ်၍ ရနိုင်သည့်အရာမျိုး မဟုတ်ချေ။ သို့ပေမည့် ဘာမှန်းမသိချေ။ ဘုရင်မင်းမြတ်က အဆုံးမဲ့သည့် မျှော်လင့်ချက်များ ထားရှိ၏။
တကယ်၍ ရှမ့်လန်သည် သိုင်းစာမေးပွဲတွင် ကံကြမ္မာအလှည့်ပြောင်း တစ်ခုကို ဖန်တီးနိုင်သည်ဆိုပါက အားလုံးသောသူတို့၏ မျက်နှာကို ထပ်မံ ပိတ်ရိုက်ရပေတော့မည်။ ပြီးနောက် သူ ဘုရင်မင်းမြတ်က ပါရမီရှင်များကို ကြည့်ရှုသည့်နေရာ၌ အကောင်းမွန်ဆုံးသော မျက်လုံးပိုင်ရှင်ဖြစ်သည်ဟု ကျော်ကြား ပေတော့မည်။
“လီစွမ်း… မနက်ဖြန် သိုင်းစာမေးပွဲကို စောင့်ကြည့်စစ်ဆေးဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်။ ဒီအရာမှာ တခြား တရားမမျှတမှုတွေ၊ လျစ်လျူရှုမှုတွေ ရှိလို့မဖြစ်ဘူး”
မိန်းမစိုးကြီးလီစွမ်းက ဦးညွှတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ”
ဟုတ်ပေ၏။ ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ နှလုံးသားထဲတွင် ရှိနေသည့် မျှော်လင့်ချက်တရားများက တကယ်ကို တောက်ပလျက် ရှိနေသည်။
...........................
ရှမ့်လန်၏ အမိန့်ပေးမှုအောက်မှ သိုင်းစာမေးပွဲ ဖြေဆိုမည့် သူတောင်းစား ဆယ်ယောက်တို့သည် နန်းမြို့တော်ဆီသို့ ပြန်ရောက်လာခဲ့ကြ၏။ သူတို့အားလုံးတို့ကို မြင်းနောက်ကျောပေါ်တွင် ကြိုးချည်ထားပြီး အားလုံးက အော်ဟစ်ငိုယိုလျက်ရှိ၏။ ပြောရမည်ဆိုလျှင် တစ်လတိတိ ကြာမြင့်ခဲ့သည် ဆိုသော်လည်း မြင်းကို မည်ကဲ့သို့ စီးရမည်ကိုပင် သင်ယူလေ့လာနိုင်ခဲ့ခြင်း မရှိချေ။ ဤအရူးများက သိုင်းစာမေးပွဲ ဝင်ရောက်ဖြေဆို၍ ဘာထူးတော့မည်နည်း။
ရုတ်တရက် ရှမ့်လန်က နန်းမြို့တော်ထဲတွင် အားလုံးသော သူတို့၏ ရယ်မောဖွယ်ရာ ဖြစ်လာခဲ့ပြန်၏။ အရူးလန် တစ်ယောက် အဖြေလွှာဗြောင်စာရွက်ကြီးကို စာမေးပွဲခန်းထဲတွင် ပေးအပ်ခဲ့သည်ဆိုသော သတင်းက ပျံ့နှံ့ခဲ့ပြီးသား ဖြစ်၏။ ယခု သူတောင်းစား ဆယ်ယောက်တို့က ဟိတ်ကြီးဟန်ကြီးနှင့် ထွက်ခွာသွားခဲ့၏။ သို့ပေမည့် အရူးတစ်ယောက်လိုပင် ပြန်လာခဲ့၏။
သူ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားသည်အထိ နင်ယွမ်ရှန်းက ဒေါသထွက်မိ၏။ သူက ရှမ့်လန်ကို ဖမ်းဆီးပြီး ရိုက်နှက်ရန်ပင် စဉ်းစားနေမိ၏။ သို့သော်ငြား ထိုသို့ဆိုလျှင်တောင်မှ နှလုံးသားထဲတွင် အချို့သော မျှော်လင့်ချက် များတော့ ရှိနေသေး၏။ ရှမ့်လန် ဟန်ထုတ်နေခြင်းလည်း ဖြစ်နိုင်၏။ ဤခွေးသူတောင်းစားလေးက မနက်ဖြန်၌ ကံကြမ္မာအလှည့်ပြောင်းတစ်ခုကို ဖန်တီးတာမျိုးလည်း ဖြစ်နိုင်ပေမည်။
............
နောက်တစ်ရက်… အထူးစာမေးပွဲ၏ သိုင်းစာမေးပွဲက တရားဝင် စတင်ပြီ ဖြစ်သည်။
............
ပါရမီရှင်က ပါရမီရှင်သာလျှင် ဖြစ်၏။ တစ်လတာ လေ့ကျင့်မှုများအပြီးမှာတော့ အရူးလန်၏ လန်ညီနောင် ဆယ်ယောက်တို့သည် မြေပြင်ပေါ်တွင် လမ်းလျှောက်သကဲ့သို့ မြင်းကို ပိုင်နိုင်ကျွမ်းကျင်စွာ စီးနင်းနိုင်ကြပြီဖြစ်၏။
သို့ပေမည့် သူတို့က မြင်း၏ ကျောကုန်းထက်တွင် ကြိုးများဖြင့် တုပ်နှောင်ခြင်းကို ခံခဲ့ရပြီး နန်းတော်ထဲသို့ ဝင်ရောက်ခဲ့ရသည်။
လူပေါင်းများစွာတို့က ထိုအဖြစ်အပျက်ကို ကြည့်ရှုရင်း အားရပါးရ ရယ်မော ဟားတိုက်ခဲ့ကြ၏။ ဟုတ်ပေ၏။ ဤသည်က နာကျည်းမှု၏ အကြံအစည် မဟုတ်သည်မှာ သေချာ၏။ ရှမ့်လန်၏ အကြံအစည်သာ ဖြစ်၏။ ဤရှမ့်လန်က အမှန်တကယ်ပင် အောက်တန်းကျလွန်း၏။ သူတစ်ပါး၏မျက်နှာကို ပိတ်ရိုက်ရန် မည်သည့်အရာကိုမဆို ပြုလုပ်ရဲ၏။
နောက်တစ်နေ့ နံနက်မိုးလင်းချိန်မှာတော့ နင်ကျန်းက လန်ညီနောင် ဆယ်ယောက်တို့ကို ခေါ်ဆောင်ရန် မြင်းရထား သုံးစီးကို ပြင်ဆင်ပေးခဲ့၏။ ပြီးနောက် စာမေးပွဲကျင်းပရာ နေရာဆီသို့ ဦးတည်ခဲ့၏။ နာကျည်းမှုက ပေါ်မလာခဲ့ချေ။ ထို့ကြောင့် နင်ကျန်းကိုယ်တိုင် ဤအဖွဲ့ကို ဦးဆောင်၍ ခေါ်သွားခဲ့ရသည်။
အထူးစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း သုံးထောင်ရှိပြီး သိုင်းစာမေးပွဲကို ဝင်ရောက်စစ်ဆေးသူကလည်း စုစုပေါင်း သုံးထောင်ခန့်ရှိ၏။ ဤလောကကြီးထဲတွင် စာပေပညာနှင့် ကိုယ်ခံပညာကိုပါ တန်ဖိုးထားကြ၏။ သို့ပေမည့် သိုင်းပညာစစ်ဆေးပွဲတွင် လက်ခံသည့် အရေအတွက်က ပိုမိုကာ နည်းပါး၏။
သိုင်းစစ်ဆေးရေးစခန်းတွင် အများဆုံး လူ ၇၀ ကိုသာ လက်ခံမှာ ဖြစ်၏။ ၄၅ ယောက်တွင် တစ်ယောက်နှုန်းသာ ဖြစ်သောကြောင့် စာပေစစ်ဆေးမှုပွဲထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ ဤအရာက ကူကယ်ရာမဲ့သည့် အခြေအနေကဲ့သို့ပင်။
ရွှဲ့ပြည်နယ်၏ စစ်တပ်က အကန့်အသတ်ဖြင့် ရှိနေပြီး အင်အားများပြားသည့် အရာရှိလောင်းများအား လက်ခံနိုင်စွမ်း မရှိသောကြောင့်ပင်။
“ဆင်းရဲလျှင် စာကြိုးစား၊ ချမ်းသာလျှင် သိုင်းလေ့ကျင့်” ဟူသည့် ဆိုရိုးစကားက ဤထက် ပိုမိုကာ မှန်ကန်နိုင်မည် မထင်ပေ။
သိုင်းပညာစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသူများက များသောအားဖြင့် ကြွယ်ဝချမ်းသာသည့် မိသားစုများမှ လာသူများ သို့မဟုတ် အရည်အချင်း အလွန်အမင်း ထူးချွန်သောကြောင့် သိုင်းပညာကျောင်းများသို့ အခမဲ့ ဝင်ရောက်ပြီး ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသည့်သူများ ဖြစ်၏။
ရှမ့်လန်၏ ညီငယ်ကလည်း သိုင်းပညာလေ့ကျင့်သည်ဟု ကြွေးကြော်ဖူးခဲ့သော်လည်း ရှမ့်ကျန်က လူဆိုးဂိုဏ်းတစ်ခု၏ နောက်သို့ လိုက်ခဲ့ခြင်းသာ ဖြစ်၏။ ဆယ်နှစ်ကျော် လေ့လာ လေ့ကျင့်ခဲ့သည် ဆိုသော်လည်း နာမည်တစ်ခုကိုပင် ရရှိအောင် မလုပ်နိုင်ခဲ့ပေ။
..............
သိုင်းပညာစစ်ဆေးမည့်နေရာက မြို့ပြင်ဘက်ရှိ ထျန်းယွမ်အမဲလိုက်ကွင်းတွင် ဖြစ်၏။ သိုင်းပညာ စစ်ဆေးမှုကို ဝင်ရောက်ဖြေဆိုမည့် သိုင်းသမားအားလုံးက မြို့ပြင်သို့ အသီးသီး ထွက်ခွာသွားခဲ့ကြ၏။
ကြွယ်ဝချမ်းသာသည့် မိသားစုများမှ လူများက မြင်းများကို စီးနင်းကာ သွားခဲ့ကြပြီး အခြေအနေ အနည်းငယ် ကောင်းမွန်သူများက ရထားလုံးများကို စီးနင်းကြသည်။
အရူးလန် စာမေးပွဲဖြေဆိုသည့်နေ့က သွားခဲ့သည့် ခရီးစဉ်အတိုင်းပင် ဖြစ်၏။ နင်ကျန်း၏ မြင်းရထားကို မြင်သည့်အချိန်မှာတော့ သိုင်းစာမေးပွဲ ဖြေဆိုရန် သွားလျက်ရှိနေသည့် သိုင်းသမားအားလုံးတို့က မြွေပွေး၊ မြွေဟောက်ကို မြင်ရသကဲ့သို့ပင် ရှောင်ဖယ်သွားခဲ့ကြပြီး ခပ်လှမ်းလှမ်းဆီမှ တံထွေးဝိုင်းကာ ထွေးကြ၏။
“ထွီ ထွီ.. ကံဆိုးလိုက်တာကွာ။ ဒီ မသန်စွမ်း သူတောင်းစားတွေနဲ့အတူတူ စာမေးပွဲဖြေရတယ်လို့။ ကျုပ်တို့ ရွှဲ့ပြည်နယ် သိုင်းပညာစစ်ဆေးပွဲက ဘယ်တုန်းက ဒီလောက်တောင်မှ အောက်ကျနောက်ကျနဲ့ အဆင့်အတန်း နိမ့်ကျသွားခဲ့ရတာလဲ။ သူတောင်းစားတွေတောင် ဝင်ဖြေနေလို့ ရနေပြီ။ ဒီအတိုင်းသာ ဆက်သွားရင် နိုင်ငံကတော့ စုတ်ပြတ်သတ်ပြီပဲ”
“အင်း... ဒါတွေအားလုံးက ရှမ့်လန်ဆိုတဲ့အကောင်ကြောင့်ပဲ။ ဒီကောင် မိုးကြိုးပစ်ခံရပြီး သေမှ အေးလိမ့်မယ်”
ကံဆိုးသည်မှာ ဤတစ်ကြိမ် နင်ကျန်းကိုယ်တိုင် ဦးဆောင်လာခဲ့ခြင်း ဖြစ်၏။ မဟုတ်ပါက ဤမထော်မနန်း သူတောင်းစားတို့ကို မှောင်ရိပ်ခိုကာဖြင့် ဝင်ရောက် ရိုက်နှက်ပစ်လိုက်ပေလိမ့်မည်။ ယခင် စာပေပညာရှင်များက အသုံးမကျသည့်သူများဖြစ်၏။ သူတို့က အရူးလန်ကို အသေရိုက်နှက်ချင်သည်ဟု ပြောခဲ့သော်လည်း မိန်းမစစ်သည် ဒါဇင်အနည်းငယ်တို့၏ ခြိမ်းခြောက်မှုကိုကြားတော့ ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြသည်။
သိုင်းသမားများမှာတော့ ပိုမိုကာ အင်အားကြီးမား၏။ ထို့ကြောင့် နင်ကျန်းက လန်ညီနောင်တို့ကို ကိုယ်တိုင် အဖော်လိုက်၍ ပို့ဆောင်ပေးနေခြင်း ဖြစ်၏။ မဟုတ်ပါက ဤလူအုပ်က မည်သည့်အရာကိုမဆို ပြုလုပ်ရဲပေလိမ့်မည်။ နင်ကျန်းက ဘုရင်မင်းမြတ်၏အထင်သေးခြင်းကို ခံရသူဖြစ်သော်လည်း ဘုရင်မင်းမြတ်၏ သားတစ်ယောက် ဖြစ်နေသေး၏။ ထို့ကြောင့် ဤလူများက နင်ကျန်းကို တစ်ချက်ကလေးမှ လှုပ်ရှား တိုက်ခိုက်ရဲလိမ့်မည် မဟုတ်ချေ။
.............
နှစ်နာရီခန့် ကြာမြင့်ပြီးနောက် သိုင်းပညာစစ်ဆေးမည့် ထျန်းယွမ်အမဲလိုက်ကွင်းဆီသို့ ရောက်ရှိလာခဲ့၏။ ဤအမဲလိုက်ကွင်းက အလွန်ကျယ်ဝန်းပြီး ဧကပေါင်း သောင်းနှင့်ချီ ကျယ်ပြော၏။ ဤသည်မှာ အမဲလိုက်ကွင်း သက်သက်မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းတစ်ခုလည်း ဖြစ်သလို နန်းမြို့တော်အနီးအနားရှိ စစ်စခန်း အနည်းငယ်ထဲမှ တစ်ခုလည်း ဖြစ်၏။ ဤနေရာတွင် အချိန်ပြည့် တပ်စွဲထားသည့် စစ်သည်ပေါင်း တစ်သောင်းကျော်လည်း ရှိ၏။
နင်ကျန်းက လန်ညီနောင် ဆယ်ယောက်တို့ကို အမဲလိုက်ကွင်း၏ အပြင်ဘက်သို့ ခေါ်ဆောင်လာသည့် အချိန်မှာတော့ ဖြေဆိုသူတော်တော်များများတို့က ရောက်ရှိနှင့်နေကြပြီ ဖြစ်သည်။
မျက်လုံးပေါင်း ထောင်ပေါင်းများစွာတို့က နင်ကျန်းနှင့် သူ၏ မြင်းရထားဆီသို့ အငြိုးတကြီးဖြင့် စူးစိုက်ကာ ကြည့်ရှုလျက် ရှိနေကြ၏။ သူတို့က ဒုက္ခိတ သူတောင်းစား ဆယ်ယောက်တို့ ရထားပေါ်မှ ဆင်းသက်လာမည့် မြင်ကွင်းကို ကြည့်ရှုရန် ပြင်နေကြ၏။
စစ်ဆေးပွဲတွင် စစ်မြင်းများ လိုအပ်၏။ မိမိ၏ ကိုယ်ပိုင်မြင်းများကို ယူဆောင်လာနိုင်သလို အကယ်၍ စစ်မြင်းမရှိပါက အမဲလိုက်ကွင်းမှ မြင်းများကို ငှားရမ်းအသုံးပြုနိုင်၏။ လန်ညီနောင် ဆယ်ဖော်တို့က သူတို့၏ ကိုယ်ပိုင်စစ်မြင်းများကို ယူဆောင်လာခဲ့ကြပြီး အရေးပေါ်အခြေအနေအတွက် မြင်း ၁၅ ကောင်ကိုပင် ထပ်တိုးယူဆောင်လာခဲ့သေး၏။ သို့ပေမည့် သူတို့က မြင်းမစီးဘဲ ရထားလုံးနှင့်သာ လိုက်ပါလာခဲ့ကြ၏။ လူတိုင်းက မနေ့က ဤဆယ်ယောက်တို့ မြို့သို့ ပြန်လာသည့်အချိန်တွင် မြင်း၏ ကျောကုန်းထက်၌ ကြိုးနှင့် တုပ်ကာ ချည်နှောင်ခံထားရသည်ကို မမေ့နိုင်သေးချေ။
“ရပ်ကြ” ဝူလဲ့က သူ၏ လက်ကို အသာမြှောက်ကာဖြင့် မြင်းရထားများကို ရပ်တန့်လိုက်၏။ မြင်းရထားတံခါးက ပွင့်လာခဲ့၏။
လူတိုင်း၏ မျက်လုံးများက အစွမ်းကုန် ပြူးကျယ်သွားခဲ့၏။ ရထားလုံးထက်မှ သူတောင်းစား ဆယ်ယောက်တို့ လေးဖက်ထောက် ဆင်းသက်လာမည်ကို စောင့်မျှော်လျက်ရှိ၏။ သို့ပေမည့် ထွက်ပေါ်လာသည့် သူများမှာတော့ အရပ်အမောင်းမြင့်မားပြီး ကြည့်ကောင်းလွန်းသည့် ယောက်ျားပျိုများ ဖြစ်၏။ မည်သည့်နေရာက မသန်မစွမ်းဖြစ်နေသနည်း။
ထို့အပြင် တစ်ယောက်ချင်းစီတိုင်းက အလွန်အရပ်မြင့်မားပြီး သာမန်လူများထက် ခေါင်းတစ်လုံးခန့် ပိုမိုကာ မြင့်မား၏။ ရထားလုံးပေါ်မှ ဆင်းသက်လိုက်သည့်အချိန်မှာတော့ သူတို့၏ လှုပ်ရှားမှုများက အလွန်ပင် လျင်မြန်လွန်း၏။ ခါးမှာ ပျားကဲ့သို့ သေးသွယ်ပြီး ကျောပြင်များမှာမူ မျောက်ဝံကဲ့သို့ပင် တောင့်တင်း ကြီးမားလွန်း၏။ မြေပြင်ထက်သို့ ခြေချလိုက်ချိန်မှာတော့ သူတို့က လှံတစ်စင်းကဲ့သို့ပင် မားမားမတ်မတ် ရပ်လို့နေ၏။ တစ်ယောက်ချင်းစီတိုင်းက လူများထဲမှ နဂါးများပင် ဖြစ်လို့နေ၏။
ဘာတွေဖြစ်ကုန်သနည်း။ ရှမ့်လန်က ဒုက္ခိတ သူတောင်းစား ဆယ်ယောက်ကို ခေါ်ယူခဲ့သည် မဟုတ်ပါလား။
ချက်ချင်းဆိုသလိုပင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာ ထကာ အော်ဟစ်လိုက်သည် “စစ်ဆေးရေးမှူးကြီး.. တစ်ယောက်ယောက်က လိမ်နေပါတယ်။ ဒီမှာ လူအစားထိုးပြီး လာဖြေနေပြီ”
မကြာခင်မှာပဲ လူပေါင်းများစွာက လိုက်လံကာ အော်ဟစ်ကြ၏။ မှန်ပေ၏။ ရှမ့်လန်က တစ်စုံတစ်ယောက်ကို သူတောင်းစားများ၏အစား ဝင်ရောက် ဖြေဆိုခိုင်းခြင်းသာ ဖြစ်ရပေလိမ့်မည်။
ဤတစ်ကြိမ် သိုင်းပညာစစ်ဆေးပွဲတွင် အကြီးအကဲ စစ်ဆေးရေးမှူးက စစ်ရေးဝန်ကြီးဌာနမှ လက်ထောက် ဝန်ကြီး ဖြစ်၏။ သူ့အား အရပ်ဘက်အရာရှိတစ်ယောက်ကို သတ်မှတ်နိုင်သလို စစ်ဘက်အရာရှိကိုလည်း သတ်မှတ်နိုင်၏။ သူက စာပေရော စစ်ရေးတွင်ပါ နှံ့စပ်သူလည်း ဖြစ်၏။
လူအုပ်ကြီး၏ အော်ဟစ်သံကို ကြားရသည့်အချိန်မှာတော့ သူက မျက်မှောင်ကုတ်လိုက်၏။ “ဘယ်သူတွေလဲ။ စစ်ဆေးအတည်ပြုလိုက်”
အမိန့်ပေးလိုက်သည်နှင့် အမှုထမ်းဆယ်ဦးတို့က ရှေ့ဆီသို့ တက်လာပြီး မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးမှု ပြုလုပ်ကြ၏။ နင်ကျန်းကိုယ်တိုင် လိုက်ပါလာခဲ့သည်ဆိုသော်လည်း ဤလက်ထောက်ဝန်ကြီးက ရှေ့သို့တိုး၍ နှုတ်ဆက်မည့် အရိပ်အယောင်မျိုးပင် မပြသခဲ့ချေ။
အသုံးမကျသည့် မင်းသားတစ်ပါးကို အဘယ့်ကြောင့် မိတ်ဖွဲ့နေရမည်နည်း။ ထို့အပြင် အကြီးအကဲ စစ်ဆေးရေးမှူး တစ်ယောက်အနေနှင့် သူက အဂတိလိုက်စားမှု ကင်းဝေးစေရန် ဤသို့သော မင်းသားမျိုးနှင့် ခပ်ဝေးဝေး နေထိုင်ရပေမည်။
အမှုထမ်းဆယ်ယောက်တို့က ပထမဦးဆုံး ပုံတူပန်းချီကားများနှင့် နှိုင်းယှဉ်၍ ကြည့်ကြ၏။ ဤနေရာမှာ အခက်အခဲ ရှိလာ၏။ လန်ညီနောင်တို့၏ သွေးမျိုးဆက်က နိုးထလာခဲ့ကြပြီး သူတို့၏ ရုပ်ရည်သွင်ပြင်က အကြီးအကျယ် ပြောင်းလဲသွားခဲ့၏။
သို့ပေမည့် ဤအရာက အရေးမကြီးချေ။ လက်ဗွေရာကို စစ်ဆေးနိုင်သေး၏။ ဖြေဆိုသူအားလုံး၏ အချက်အလက်ထဲတွင် လက်ဗွေရာ သုံးခုပါရှိ၏။ လူတိုင်း၏ လက်ဗွေရာက မတူညီကြသောကြောင့် အတု ပြုလုပ်၍ မရနိုင်ပေ။ လန်ညီနောင်များက စာရွက်ပေါ်တွင် သူတို့၏ လက်ဗွေရာများကို နှိပ်ခဲ့သည်။
အမှုထမ်းဆယ်ဦးတို့က လက်ဗွေရာများကို ဂရုတစိုက်နှင့် နှိုင်းယှဉ်စစ်ဆေးကြ၏။ နောက်ဆုံးမှာတော့ အမှားအယွင်းမရှိဘဲ မည်သူမည်ဝါဖြစ်ကြောင်း ကိုက်ညီလျက်ရှိနေ၏။
“ကျုပ်တို့ကို လာပြီး တစ်ပတ်မရိုက်နဲ့။ သူတောင်းစား ဆယ်ယောက်က လုံးဝ ဒီလိုပုံစံ မဟုတ်ဘူး။ အားလုံးက နှာခေါင်းတွေပြား၊ ပါးစပ်တွေရွဲ့ပြီး ခန္ဓာကိုယ်တွေကလည်း လိမ်ကောက်နေတာ”
အမှုထမ်းဆယ်ဦးတို့က မိမိဘာသာ ဆုံးဖြတ်ချက်မချရဲဘဲ အကြီးအကဲ စစ်ဆေးရေးမှူးထံသို့ သွားရောက်ကာ သတင်းပို့သည်။ “လက်ဗွေရာတွေ မှန်ကန်တယ်ဆိုတာ သေချာလား”
“လုံးဝ အမှားအယွင်းမရှိပါဘူး”
“ရုပ်ရည်သွင်ပြင်ကကော မတူဘူးလား”
“မျက်နှာအစိတ်အပိုင်းတွေကတော့ အတူတူပါပဲ။ ပုံပန်းသဏ္ဍာန် အကြမ်းဖျင်းကလည်း တူပါတယ်။ ဒါပေမဲ့ ပိုပြီးတော့ သပ်ရပ်သွားခဲ့တာ တစ်ခုပါပဲ”