← Chapters

အခန်း (၄၉၅)

Vol. 34 Ch. 495

အခန်း (၄၉၅)

Vol. 34 Ch. 495

အကြီးအကဲ စစ်ဆေးရေးမှူးက ဘေးဘက်သို့ လှမ်းကာ ကြည့်ရှု၏။ ဤနေရာတွင် မိန်းမစိုး ရှောင်လီရှိနေ၏။

လီအန်းက ပြောဆိုလိုက်သည်။ “စစ်ဆေးရေးမှူးကြီး ကျုပ်ကို စိတ်မပူနဲ့။ ကျုပ်က ဒီပွဲကို လာကြည့်ရုံ သက်သက်ပါပဲ”

မည်သူက ယုံမည်နည်း။ လီစွမ်းနှင့် ရှောင်လီတို့က ဘုရင်မင်းမြတ်၏ ယုံကြည်ရသည့် အကြံပေးများ ဖြစ်ကြောင်း အားလုံး သိရှိပြီး ဖြစ်၏။ နန်းမြို့တော်တစ်ခုလုံးကလည်း ထိုအရာကို သိရှိပြီးဖြစ်၏။

အကြီးအကဲ စစ်ဆေးရေးမှူးက ခေါင်းညိတ်လိုက်သည်။ “ဒီလူဆယ်ယောက်က ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးမှု ပြီးသွားပြီ”

ပြီးနောက် ကြေညာလိုက်လေ၏။ “လန်တစ်၊ လန်နှစ်၊... လန်တစ်ဆယ်”

ထိုနာမည်များကို ကြားသည့်အချိန်မှာတော့ လူတိုင်းက ဟားတိုက်ရယ်မောလိုက်ကြ၏။

“သောက်ရေးထဲမှ.. ဒါဘယ်လိုနာမည်ဆိုးတွေလဲ။ ခွေးနာမည်၊ ကြောင်နာမည်တွေ ကျနေတာပဲ။ တစ်၊ နှစ်၊ သုံး၊ လေး ပေးထားတာ”

သို့ပေမည့် ဘုရင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရရှိထားသည်မှာ အံ့အားသင့်စရာကောင်း၏။ ဤလူဆယ်ယောက်တို့က အိမ်ထောင်စုစာရင်းမရှိ၊ ခရီးသွားခွင့်လက်မှတ်လည်း မရှိ၊ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားလည်း မရှိ။ တည်းခိုခန်းတွင် တည်းခိုခွင့် အရည်အချင်းပင် မရှိသည့် သူတောင်းစားများ ဖြစ်ကြ၏။ ယခုအချိန်မှာတော့ သူတို့က အထူးစာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုခွင့် ရှိနေကြ၏။ သန့်ရှင်းရေး ပြုလုပ်ပြီးနောက် အားလုံးသောသူတို့က တကယ်ပင် လူရုပ် ထွက်လာခဲ့ကြ၏။

သို့ပေမည့် ဘာဖြစ်သနည်း။ သူတောင်းစားက သူတောင်းစားသာလျှင် ဖြစ်၏။ အများဆုံး သူတို့က တစ်လလောက် သိုင်းပညာကို လေ့ကျင့်ခဲ့ရုံသာ ရှိ၏။ သိုင်းပညာလေ့ကျင့်ရာတွင် မြင်းထိုင်ပုံစံကိုပင် သေသေချာချာ သင်ယူခဲ့ရပုံ မပေါ်သေးချေ။ တကယ်ကော မြင်းစီးတတ်ရဲ့လား။ မဟုတ်ပါက သိုင်းပညာ စာမေးပွဲကို အဘယ်သို့ လာရောက်ကာ ဖြေဆိုမည်နည်း။

မနေ့က မြင်း၏ ကျောပေါ်တွင် ကြိုးတုတ်ခံရပြီး နန်းမြို့တော်သို့ ပြန်လာသည်ကို လူတိုင်းက သေသေချာချာ မြင်ခဲ့ရ၏။ လွန်ခဲ့သည့် နေ့ရက်အနည်းငယ်က အထူးစာမေးပွဲတွင်လည်း အရူးလန်က စာမေးပွဲခန်းထဲ အိပ်မောကျလျက်ရှိနေသည်ဟု သတင်းကို ကြားရပြီးဖြစ်၏။ ယခု တစ်ဖက်လူများက လာရောက်ကာ အရှက်ခွဲခံနေသည်လား။ စာမေးပွဲပြီးသည်နှင့် ဆယ့်တစ်ယောက်လုံးက ခေါင်းဖြတ်ခံရမှာ အသေချာပင်။

မည်သူမည်ဝါဖြစ်ကြောင်း တိုက်ဆိုင်စစ်ဆေးပြီးနောက် ဖြေဆိုသူ သုံးထောင်လုံးတို့က ကွင်းထဲသို့ ဝင်ရောက်ကြ၏။ ဤလောကကြီး၏ သိုင်းပညာစစ်ဆေးမှုက အရေးကြီးသောကြောင့် ရှေးခေတ် တရုတ်ပြည်ထက်ပင် စည်းမျဉ်းများ ပိုမိုကာ များပြား၏။ အရပ်ဘက်စာမေးပွဲတွင် နာမည်များကို တစ်စိတ်တစ်ပိုင်း ဖုံးကွယ်ထားရန် လိုအပ်၏။

သိုင်းပညာစာမေးပွဲ တွင်မူ ဖြေဆိုသူတိုင်းက စာမေးပွဲကွင်းအတွင်းသို့ ဝင်ရောက်ပြီးသည်နှင့် အမှတ်စဉ် ရေတွက်၏။ ပြီးနောက် လူတိုင်းက နံပါတ်တစ်ခုစီ ရေးထိုးထားသော အင်္ကျီတစ်ထည်ကို ရရှိကြ၏။ ပြီးနောက် မျက်နှာဖုံး တစ်ခုစီကို ရရှိ၏။ စာမေးပွဲခန်းမအတွင်းသို့ ဝင်ရောက်သည့်အချိန်မှစ၍ သူတို့က မျက်နှာဖုံးကို တပ်ဆင်ထားရပေလိမ့်မည်။ သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားသလို သူတို့၏ နာမည်များ ကိုလည်း ဖုံးကွယ်ထားသည်။

အထဲသို့ ဝင်ရောက်ပြီးနောက် လူတိုင်းက မည်သူမည်ဝါဖြစ်ကြောင်း အင်္ကျီပေါ်ရှိ နံပါတ်နှင့်သာ သိရှိနိုင်၏။ မည်သူမည်ဝါဖြစ်ကြောင်း တခြားသောသူများက သိရှိလိမ့်မည် မဟုတ်ချေ။ စာမေးပွဲစစ်ဆေးရေးမှူး များကလည်း ဖြေဆိုသူ မည်သူဖြစ်ကြောင်းကို မသိနိုင်ပေ။ ဤသည်မှာ သိုင်းပညာစစ်ဆေးမှုပွဲတွင် လိမ်ညာမှုများ ဖြစ်မလာစေရန် ကြိုတင်ကာကွယ်ထားခြင်း ဖြစ်၏။

ဘာသာရပ်တစ်ခုချင်းစီ၏ အမှတ်ကိုလည်း နံပါတ်ဖြင့်သာ မှတ်တမ်းတင်ထားပေလိမ့်မည်။ စာမေးပွဲအားလုံး ပြီးဆုံးသွားသည့်နောက် အမှတ်များကို ပြန်လည်ကာ စုပေါင်းပြီးနောက် နောက်ဆုံးအဆင့် သတ်မှတ်ခြင်း၊ ရွေးချယ်ခြင်းများ ပြုလုပ်ပြီးမှသာလျှင် နံပါတ်နှင့် နာမည်များကို တိုက်ဆိုင်စစ်ဆေးမှာ ဖြစ်သည်။

..............

သိုင်းစာမေးပွဲတစ်ခုလုံးက လေးရက်တိတိ ကြာမြင့်မှာ ဖြစ်၏။ ပထမနေ့က အလေးမခြင်း ဖြစ်၏။ စစ်ဆေးရေးမှူး ဆယ့်သုံးယောက်တို့က မြင့်မားသည့် တည်နေရာတစ်ခုတွင် တစ်တန်းတည်း ထိုင်လျက် ရှိနေ၏။ ဖြေဆိုသူ သုံးထောင်တို့ကို အုပ်စုတစ်ရာအဖြစ် ခွဲခြားထား၏။ အုပ်စုတစ်စုတွင် လူ ၃၀ ပါဝင်သည်။

အလေးမခြင်း စစ်ဆေးမှုကို နှစ်ပိုင်းခွဲခြားထား၏။ ပထမပိုင်းမှာ လူတိုင်းက ကီလိုဂရမ် ၅၃၀ အလေးချိန်ရှိသည့် ကျောက်တုံးကိုမ၍ ငါးစက္ကန့်ခန့် ထိန်းသိမ်းထားရပေလိမ့်မည်။ ဟုတ်ပေ၏။ ဤလောကကြီးတွင် စက္ကန့်ဟူသော အယူအဆ မရှိချေ။ အသက်ရှုရှိုက်စာဖြင့် တွက်ချက်၏။

ဒုတိယပိုင်းတွင်တော့ လူတိုင်းက ကီလိုဂရမ် ၃၀၀ အလေးချိန်ကို သယ်ဆောင်၍ သတ်မှတ်သည့်အချိန်အတွင်း မီတာ ၁၀၀ ပြေးလွှားရပေလိမ့်မည်။

ဤအချိန်က ကမ္ဘာမြေ၏ အချိန်သို့ ပြောင်းလဲပြောဆိုရမည်ဆိုလျှင် စက္ကန့် ၄၅ စက္ကန့်ခန့် ရှိ၏။ ဤသည်က တကယ်ကို ထူးခြားပြီး ကြောက်မက်ဖွယ်ရာကောင်းသည် မဟုတ်ပါလား။ အဓိကကမ္ဘာပေါ်တွင်ဆိုလျှင် ဤတာဝန်ကို ပြီးမြောက်နိုင်သူ အနည်းငယ်သာလျှင် ရှိပေလိမ့်မည်။ ကမ္ဘာ့အလေးမ ချန်ပီယံလျှင်ပင်လျှင် ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

သို့ပေမည့် ဤအရာက စစ်မြေပြင်၏ သိုင်းပညာတစ်ခုသာလျှင် ဖြစ်၏။ ခွန်အားက ပထမ၊ မြားပစ်က ဒုတိယ၊ မြင်းစီးက တတိယဖြစ်၏။

“ဒေါင်”

ခေါင်းလောင်းသံကြီး ထွက်ပေါ်လာခဲ့၏။ ပထမအသုတ်မှ ဖြေဆိုသူ ၃၀ တို့က မျက်နှာဖုံးများကို ဝတ်ဆင်ထားပြီး မိမိတို့၏ သက်ဆိုင်ရာနေရာများဆီသို့ ဝင်ရောက်သွားခဲ့ကြသည်။

“ဒေါင်”

ဒုတိယခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့သည်။ ဖြေဆိုသူ ၃၀ တို့က ခါးကို ကုန်း၍ ကျောက်တုံးများကို ဆုပ်ကိုင်လိုက်ကြ၏။

“ဒေါင်”

တတိယခေါင်းလောင်းသံ ထွက်ပေါ်လာခဲ့၏။ ဖြေဆိုသူ ၃၀ တို့က ၅၃၀ ကီလိုဂရမ် အလေးချိန်ရှိသည့် ကျောက်တုံးများကို ရုတ်တရက် ဆွဲကာ မလိုက်ကြသည်။

“အား” အော်ဟစ် ကြိမ်းဝါးသည့်အသံများ ထွက်ပေါ်လာခဲ့၏။

အားလုံးက ကျောက်တုံးကို ခေါင်းပေါ်သို့ မြှောက်တင်လိုက်ကြ၏။ နောက်တစ်ဆင့် သူတို့က ငါးစက္ကန့်တိုင် ထိန်းသိမ်းထားရပေလိမ့်မည်။ စတုတ္ထခေါင်းလောင်းသံ မြည်မှသာလျှင် အလေးများကို ပြန်လည်ကာ ချခွင့်ရှိ၏။ စက္ကန့်တိုင်းက တစ်နှစ်ကြာသကဲ့သို့ပင် ခံစားရစေသည်။

“အား”

ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏။ ဖြေဆိုသူတစ်ဦးက ဆက်လက်ကာ မထိန်းနိုင်တော့ဘဲ ကျောက်တုံးကြီး ပြုတ်ကျသွား၏။ ပြီးနောက် ဆက်တိုက်ပဲ ဖြေဆိုသူ တစ်ယောက်ပြီး တစ်ယောက်က အော်ဟစ်လာကြ၏။ သို့နှင့် တစ်ယောက်ပြီး တစ်ယောက် ကျရှုံးသွားခဲ့ကြ၏။

ဖြေဆိုသူတစ်ဦး၏ ခြေထောက်ကို ကျောက်တုံးကြီး ပိသောကြောင့် ခြေထောက်မှာ သွေးသံတရဲရဲ ဖြစ်သွား၏။ ထိုသူက နာကျင်စွာ အော်ဟစ်နေ၏။ မည်မျှနာကျင်လိုက်မည်နည်း။ ကြည့်ရှုရန် မရဲတသောကြောင့် ခေါင်းကိုပင် တစ်ဖက်လွှဲ ထားရသည်။

ဤသည်က သိုင်းပညာစစ်ဆေးမှုပွဲပင် ဖြစ်၏။ ဒဏ်ရာရရှိမှုမဆိုနှင့် သေဆုံးမှုများကိုပင်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်မက ဖြစ်ခဲ့ဖူး၏။ မြင်းစီးမြားပစ် စစ်ဆေးမှုတွင် အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ပြီး ဝင်ရောက်ဖြေဆိုခဲ့သူ သုံးဦး တပြိုင်နက်တည်း သေဆုံးခဲ့ဖူး၏။

လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က ပထမအသုတ်တွင် ပါဝင်ခဲ့၏။ သူတို့က ကျောက်တုံးကြီးများကို မြင့်မားစွာ မထားပြီး လှုပ်ရှားမှုမရှိစွာဖြင့် တည်ငြိမ်စွာ ရပ်တန့်နေခဲ့၏။ စစ်ဆေးရေးမှူးများက ထိုအရာကို ရှင်းလင်းစွာ မြင်တွေ့နေရပြီး နှစ်ယောက်လုံး၏ အမှတ်စဉ်နောက်တွင် စက်ဝိုင်းတစ်ခုစီကို ဆွဲမှတ်လိုက်၏။ ဤသည်မှာ ဤနှစ်ယောက်တို့က အထူးတလည် ထူးချွန်ကြောင်း အသိအမှတ်ပြုခဲ့ခြင်းပင်။

“ဒေါင်”

ငါးစက္ကန့် ကြာမြင့်ပြီးနောက် ခေါင်းလောင်းသံတစ်ဖန် ထွက်ပေါ်လာပြန်၏။ ပထမအသုတ် ဖြေဆိုသူများက သူတို့၏ ကျောက်တုံးအလေးများကို တစ်ယောက်ပြီးတစ်ယောက် အောက်သို့ချလိုက်၏။ တချို့မှာတော့ သူတို့အတွက် အိပ်မက်ဆိုးကြီး ပြီးဆုံးသွားသကဲ့သို့ပင် ကျောက်တုံးကြီးကို မြေပေါ်သို့ တိုက်ရိုက်ပစ်ချပြီးနောက် အမောတကောဖြင့် အသက်ရှူလျက်ရှိ၏။

လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့မှာမူ ကျောက်တုံးကို မြေပြင်ပေါ်သို့ သက်တောင့်သက်သာနှင့် အေးအေးသက်သာချပြီး ခန္ဓာကိုယ်များက မတ်မတ်ပင် ရှိနေ၏။ စစ်ဆေးရေးမှူး ဆယ့်သုံးယောက်လုံးက ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သူတို့၏ နံပါတ်များနောက်တွင် စက်ဝိုင်းတစ်ခုစီကို ထပ်မံကာ ဆွဲမှတ်လိုက်သည်။

ပထမအသုတ်က ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ ဖြေဆိုသူ ၃၀ အနက် ၁၀ ယောက်က ချက်ချင်း ထုတ်ပယ်ခံရ၏။ ၁၀ ယောက်က သိုင်းပညာစစ်ဆေးမှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။ အလေးမခြင်းက စစ်ရေးစစ်ဆေးမှု၏ အခြေခံဖြစ်၏။ မ,မနိုင်ခြင်း သို့မဟုတ် အချိန်ကြာကြာ မထိန်းနိုင်သူများက ချက်ချင်းထုတ်ပယ်ခြင်းကို ခံရပေမည်။

အကယ်၍ မ,မနိုင်လျှင် သို့မဟုတ် ငါးစက္ကန့် မထိန်းထားနိုင်လျှင်၊ ရပ်တည်ပုံ မလှပလျှင်၊ ခြေထောက်များ တုန်နေလျှင်၊ လက်မောင်းများ ယိမ်းယိုင်နေလျှင် ချက်ချင်းထုတ်ပယ်ခံရမှာ ဖြစ်၏။

ဤသည်က စစ်ဆေးရေးမှူးများ မည်မျှ ရက်စက်ကြမ်းကြုတ်ပြီး တိကျသည်ဆိုခြင်းကို သိသာလွန်းလှ၏။ စစ်ဆေးရေးမှူးများ၏ ထက်ဝက်ကျော်က ထိုသူတို့၏ နံပါတ်နောက်တွင် ကြက်ခြေခတ်များ ခြစ်ပြီး တစ်ခါတည်း ထုတ်ပယ်ပေလိမ့်မည်။

အစမှအဆုံးထိ အုပ်စုတစ်စုလျှင် တစ်မိနစ်ခန့်သာ ကြာမြင့်၏။ ပထမအသုတ် ပြီးဆုံးပြီးနောက် ဒုတိယ အသုတ်မှ ဖြေဆိုသူများက စင်ပေါ်သို့ တက်လာခဲ့ကြ၏။ ကြားထဲတွင် ရပ်နားခြင်း မရှိဘဲ အရာအားလုံးက စနစ်တကျ ယှဉ်ပြိုင်လျက်ရှိ၏။

လေးနာရီခန့် ကြာမြင့်ပြီးနောက် သိုင်းပညာစာမေးပွဲ၏ ပထမပိုင်းဖြစ်သော အလေးမခြင်းပြိုင်ပွဲက ပထမတစ်ဝက် ပြီးဆုံးသွားခဲ့၏။ ဖြေဆိုသူ သုံးထောင်တွင် တစ်ထောင်က ချက်ချင်း ထုတ်ပယ်ခံရ၏။ သုံးပုံတစ်ပုံမှာ မျက်ရည်များ စီးကျလျက် စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ရ၏။

ပြီးနောက် တစ်နာရီ နားချိန်ပြီး စစ်ဆေးရေးမှူးများနှင့် ဖြေဆိုသူများက အစား စားနေကြသည်။

မွန်းလွဲပိုင်းမှာတော့ အလေးမခြင်းကဏ္ဍ၏ ဒုတိယတစ်ဝက်ကို တရားဝင် စတင်၏။ အုပ်စုတစ်စုတွင် ဖြေဆိုသူ ၂၀ ပါဝင်ပြီး စုစုပေါင်း အုပ်စုတစ်ရာရှိ၏။

“ဒေါင်” ပထမခေါင်းလောင်းသံ မြည်လာသည်။

ဖြေဆိုသူများက ခါးကို ကုန်း၍ စုစုပေါင်း ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသည့် ကျောက်တုံးအလေးတုံးနှစ်တုံးကို ဆုပ်ကိုင်လိုက်၏။

“ဒေါင်”

ဒုတိယခေါင်းလောင်းသံ မြည်လာသည့်အချိန်မှာတော့ ကျောက်တုံးများကို ပခုံးထက်သို့ ထမ်းတင်၏။ လှုပ်ရှားမှုက တိကျမှုရှိရပေလိမ့်မည်။ ပခုံးထက်တွင်သာ ရှိ၏။ ကျောပေါ်သို့ မရောက်ရပေ။

“ဒေါင်”

တတိယခေါင်းလောင်းသံ မြည်လာ၏။ ဖြေဆိုသူများက ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသည့် ကျောက်တုံးကို သယ်ဆောင်၍ လမ်းတစ်လျှောက် ပြေးကြ၏။ သူတို့၏ ပန်းတိုင်က မီတာ ၁၀၀ အကွာအဝေးရှိ တောင်ကုန်းငယ်လေးတစ်ခု ဖြစ်၏။ ပထမ မီတာ ၅၀၀ က မြေပြန့်ဖြစ်ပြီး နောက်ဆုံးမီတာ ၅၀ မှာ တောင်တက်လမ်းကြီး ဖြစ်၏။

ဟုတ်ပေ၏။ ဤလောကကြီးတွင် မီတာဟူသည့် အယူအဆမရှိချေ။ ခြေလှမ်းကို အလျားယူနစ်ဖြင့် အသုံးပြု၍ မီတာ ၁၀၀ က ခြေလှမ်း ၁၅၀ ခန့် ဖြစ်ပေလိမ့်မည်။ သဲနာရီငယ်တစ်လုံးကို အချိန်မှတ်ကိရိယာအဖြစ် အသုံးပြု၏။ သဲများ ယိုစီးကျရန် စုစုပေါင်း အချိန် ၄၅ စက္ကန့် ကြာမြင့်မည် ဖြစ်၏။ အချိန်ပြည့်သွားသည်နှင့် ခေါင်းလောင်းသံက တစ်ဖန် ထွက်လာပြီး ထိုအရာက အချိန်စေ့ပြီဟူသော အဓိပ္ပာယ်ပေါ်သည်။

ဤအချိန်မှာတော့ ဖြေဆိုသူများ ပန်းတိုင်သို့ မရောက်ရှိသေးပါက သို့မဟုတ် ကျောက်တုံးကို မချရသေးပါက စာမေးပွဲ ကျရှုံးမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုရာ ကွင်းပြင်မှ ချက်ချင်းထွက်ခွာသွားရပေလိမ့်မည်။ ထို့ကြောင့် သိုင်းပညာ စစ်ဆေးမှုက စာပေစစ်ဆေးမှုထက် များစွာ ရက်စက်ကြမ်းကြုတ်ပြီး တိကျ၏။

ပထမအသုတ်မှ ဖြေဆိုသူများအဖြစ် လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသည့် ကျောက်တုံးကို မ၍ တောခွေးများသဖွယ်ပင် ပြေးထွက်သွား၏။ သူတို့က အလွန်တရာ လျင်မြန်လွန်း၏။ စစ်ဆေးရေးမှူး ၁၃ ယောက်လုံးက ပါးစပ်အဟောင်းသား ဖြစ်လို့နေခဲ့၏။ ဤဖြေဆိုသူနှစ်ဦးက မည်သူများ ဖြစ်သနည်း။

အဘယ့်ကြောင့် ဤမျှ အင်အားကြီးမားရသနည်း။ ကီလိုဂရမ် ၃၀၀ အလေးချိန်ရှိသည့် ကျောက်တုံးများကို သယ်ဆောင်ထားသည်မှာ လက်ဗလာဖြင့် ပြေးလွှားသွားသကဲ့သို့ပင်။ ထို့အပြင် မြန်ဆန်လွန်း၏။ သူတို့၏ ရပ်တည်ပုံက အနည်းငယ်မျှပင် မသေသပ်မသပ်ဖြစ်ခြင်း၊ ရှုပ်ထွေးခြင်း၊ ယိမ်းယိုင်ခြင်း တစ်ချက်ကလေးမှ မရှိချေ။ တကယ့် အားကောင်းလွန်းသည့် စစ်သူကြီးတစ်ယောက်ကဲ့သို့ အသွင်အပြင်မျိုးရှိ၏။

မည်သည့် မြင့်မြတ်သည့် မိသားစုမှ လာသည် မသိနိုင်ပေ။ အထင်ကြီးလောက်စရာပင်။ အဓိကအချက် အားဖြင့် သူတို့နှစ်ဦးလုံးက မြေပြန့်တွင် လျင်မြန်ရုံသာမက တောင်စောင်းပေါ်သို့ တက်သည့်အချိန်မှာလည်း အရှိန်က အံ့မခန်းပင် ဖြစ်သည်။

အချိန်တိုအတွင်းမှာပဲ လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က တခြားသော သူများကို အနောက်တွင် ဖြတ်ချန်ခဲ့ပြီး ဖြစ်၏။ သူတို့နှစ်ယောက်က မရပ်မနားဘဲ အစမှအဆုံးထိ ပြေးလွှားသွားခဲ့ကြ၏။ ပန်းတိုင်သို့ ရောက်သည့်အချိန်မှာတော့ ကျောက်တုံးများကို ငြင်သာစွာ ချလိုက်၏။

ဤသို့ ရောက်ရှိသည့်အချိန်သည် ပြီးဆုံးရမည့်အချိန်သတ်မှတ်ချက်၏ ထက်ဝက်တောင် မရှိသေးပေ။ သတ်မှတ်ထားသည့် အချိန်က ၄၅ စက္ကန့်ဖြစ်ပြီး သူတို့နှစ်ယောက်က အများဆုံး ၁၅ စက္ကန့်သာ အသုံးပြုခဲ့၏။ စစ်ဆေးရေးမှူး ဆယ့်သုံးဦးလုံးက သူတို့နံပါတ်များ၏ အနောက်ဘက်တွင် စက်ဝိုင်းဝိုင်းပြီး ၁၅ ဟု ရေးမှတ် လိုက်ကြ၏။ သူတို့က စက္ကန့်ဟူသည့် အယူအဆ မရှိသောကြောင့် အသက်ရှူခြင်းကို အချိန်ယူနစ်ဖြင့် အသုံးပြုသည်။ အသက်ရှူချိန် ၁၅ ကြိမ်၊ ခန့်မှန်းချိန် ၁၅ စက္ကန့်ဖြစ်ပေမည်။

မကြာမီခင်မှာပင် ၄၅ စက္ကန့်ပြည့်သွား၏။

“ဒေါင်... ဒေါင်.. ဒေါင်”

ခေါင်းလောင်းသံ မြည်လာ၏။ ဤသည်က အချိန်စေ့ပြီဖြစ်ကြောင်းနှင့် စာမေးပွဲပြီးဆုံးသွားပြီဖြစ်ကြောင်း အချက်ပြခြင်းပင်။ ဤအချိန်မှာတော့ လူတစ်ဝက်မှာ ပန်းတိုင်သို့ပင် မရောက်ရှိသေးချေ။

သို့ပေမည့် ဤအချိန်မှာတော့ ကျောက်တုံးများကို လမ်းပေါ်တွင် ပစ်မချရပေ။ မဟုတ်ပါက နာမည်ပျက်စာရင်း တင်သွင်းခံရပေမည်။ နောက်တစ်ကြိမ် သိုင်းပညာစာမေးပွဲ စစ်ဆေးခွင့်ကို ရရှိလိမ့်မည် မဟုတ်ချေ။ အံကြိတ်ကာဖြင့် မျက်ရည်ကျချင်စိတ်ကို ထိန်းချုပ်ကာ သူတို့က ကျောက်တုံးများကို ပန်းတိုင်ဆီသို့ ထပ်ကာ သယ်ရ၏။

အလေးမခြင်း စစ်ဆေးမှု၏ ဒုတိယတစ်ဝက်မှာ အနည်းငယ် ကြာမြင့်၏။ ငါးနာရီနီးပါးမျှ ကြာမြင့်၏။ စာမေးပွဲ၏ ပထမနေ့က တရားဝင်ပြီးဆုံးသွားခဲ့၏။ ဖြေဆိုသူ သုံးထောင်အနက် နှစ်ထောင်က ထုတ်ပယ်ခြင်းကို ခံခဲ့ရပြီး မနက်ဖြန်စာမေးပွဲကို ဆက်လက်ဖြေဆိုရန် တစ်ထောင်သာလျှင် ကျန်ရှိတော့သည်။

ညနေခင်းမှာတော့ ရှုံးနိမ့်သွားခဲ့သည့် ဖြေဆိုသူများ၏ မျက်လုံးများက နီရဲလို့နေ၏။ သူတို့က ထျန်းယွမ် အမဲလိုက်ကွင်းဆီမှ ထွက်ခွာသွားခဲ့ပြီး လူသူကင်းမဲ့သည့် နေရာသို့ ရောက်မှသာ ဒေါသတကြီးဖြင့် အော်ဟစ် ငိုကြွေးနိုင်ကြ၏။ တချို့ အသက်ကြီးသည့်လူများမှာတော့ မြေပြင်ပေါ် လဲကျသည်ထိ ငိုကြွေးလျက်ရှိပြီး ပြန်လည်ကာ မထတော့ပေ။

စာပေစစ်ဆေးမှုနှင့် သိုင်းပညာစစ်ဆေးမှုက မတူညီပေ။ စာပေစစ်ဆေးမှုကို အသက် ၅၀ ဆီ ဝင်ရောက် ဖြေဆိုနိုင်၏။ သို့ပေမည့် သိုင်းပညာစစ်ဆေးမှုကို အသက် ၃၈ နှစ်နောက်ပိုင်း ကျရှုံးသွားပါက ထပ်မံယှဉ်ပြိုင်၍ မရနိုင်တော့ချေ။

တစ်ဦးချင်း သိုင်းပညာဖြစ်ပါက အသက် ၄၀ သို့မဟုတ် ၅၀ တွင်မှ အထွတ်အထိပ်သို့ ရောက်ရှိမှာ ဖြစ်၏။ သို့ပေမည့် စစ်မြေပြင် တိုက်ခိုက်ရသည့် တိုက်ခိုက်မှုမျိုးမှာတော့ ခွန်အားနှင့် ခံနိုင်ရည်ကို စမ်းသပ်ရ၏။ အသက် ၃၀ တွင် လူတို့၏ အရည်အချင်းက ကျဆင်းသွားမှာ ဖြစ်၏။ စည်းမျဉ်းက အသက် ၃၈ နှစ်မတိုင်မီ ရွေးချယ်မခံရပါက အောင်မြင်နိုင်မည့် အခွင့်အလမ်းကို ဆုံးရှုံးသွားပြီဖြစ်သည်။

သိုင်းပညာလေ့ကျင့်ခြင်းဆိုသည်မှာ နောက်ပြန်လှည့်၍ ရသည့် လမ်းတစ်ခု မဟုတ်ချေ။ သိုင်းပညာစစ်ဆေးမှုတွင် တစ်ကြိမ်ကျရှုံးသွားသည်နှင့် သူတို့က အရာရှိဖြစ်ရန် အခွင့်အရေးကို ထာဝရဆုံးရှုံးသွားခဲ့ရပြီ ဖြစ်၏။ ထို့အပြင် ထင်ပေါ်ကျော်ကြားလာမည့် အခွင့်အရေးကို လက်လွှတ်ဖယ်ရှားခဲ့ရခြင်း ဖြစ်၏။

မငိုကြွေးဘဲ အဘယ်သို့ နေနိုင်မည်နည်း။ သူတို့သည် မျှော်လင့်ချက်မဲ့စွာဖြင့် နေထိုင်ရပေတော့မည်။

................

All Chapters