အခန်း (၄၉၆)
Vol. 34 Ch. 496
နောက်တစ်နေ့ အထူးသိုင်းပညာစစ်ဆေးမှု၏ ဒုတိယနေ့ စတင်၏။ ယခု စစ်ဆေးမှုမှာတော့ ခြေလျင် မြားပစ်ခြင်းပင်။ ဤအရာကို နှစ်ပိုင်းခွဲခြားထား၏။ ပထမပိုင်းမှာတော့ ပုံသေပစ်မှတ်များကို ပစ်ခတ်ရခြင်းဖြစ်ပြီး ဒုတိယပိုင်းမှာတော့ သက်ရှိပစ်မှတ်များ၊ ရွေ့လျားနေသည့် ပစ်မှတ်များကို ပစ်ခတ်ရခြင်း ဖြစ်၏။
ယနေ့ စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ စုစုပေါင်း တစ်ထောင်ကျော် ရှိ၏။ သူတို့က အုပ်စု ၅၀ အဖြစ် ခွဲခြားထားပြီး အုပ်စုတစ်စုလျှင် လူ ၂၀ ပါဝင်သည်။ လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က ပထမအသုတ်တွင် ရှိနေဆဲပင်။
“ဒေါင်”
ပထမခေါင်းလောင်းသံ မြည်လာ၏။ ပထမအသုတ်မှ ဖြေဆိုသူ ၂၀ ကျော်တို့က သူတို့၏ လေးများကို ဆွဲကာဖြင့် လေးတင်လိုက်၏။
“ဒေါင်”
ဒုတိယခေါင်းလောင်းသံ မြည်လာသည်။
“ရွှီ ရွှီ ရွှီ”
လူ ၂၀ တို့က စတင်ကာ ပစ်ခတ်၏။ ပြီးနောက် ခေါင်းလောင်းသံက ဆက်တိုက်မြည်လာပြန်၏။
“ဒေါင် ဒေါင် ဒေါင် ဒေါင်”
စက္ကန့်တိုင်းတွင် စုစုပေါင်း အကြိမ် ၆၀ မြည်မည် ဖြစ်၏။ ဤအရာက တစ်မိနစ် ကြာမြင့်၏။ တစ်မိနစ်အတွင်း ဖြေဆိုသူအားလုံးက သူတို့၏ မြားများကို အပြီးပစ်ခတ်ရပေလိမ့်မည်။
ပုံသေပစ်မှတ်များတွင် သက်ဆိုင်ရာ နံပါတ်တစ်ခုစီ ရှိမှာ ဖြစ်၏။ စာမေးပွဲပြီးဆုံးပြီးနောက် သူတို့က ပစ်မှတ်ပေါ်ရှိ မြားအရေအတွက်ကို သွားရောက်ကာ ရေတွက်ကြပေလိမ့်မည်။ ပစ်မှတ်ကို ထိမှန်လျှင် တစ်မှတ်ရပြီး စက်ဝိုင်းကြီးကို ထိမှန်လျှင် နှစ်မှတ်၊ အလယ်ဗဟိုရှိ မျက်လုံးတည်နေရာကို ထိမှန်လျှင် လေးမှတ်ရရှိပေမည်။
အမှတ်ပေးစည်းမျဉ်းက ခေတ်သစ်၏ အိုလံပစ် မြားပြိုင်ပွဲများနှင့် မတူညီသော်လည်း သိပ္ပံနည်းကျတော့ ရှိ၏။ အမှတ် ၂၀ အောက် ရရှိသူအားလုံး ထုတ်ပယ်ခံရပေမည်။ ပစ်မှတ်တွင် နံပါတ်ရှိသည်ဟု ဆိုသော်လည်း မြားမှာတော့ မရှိချေ။ အကယ်၍ တစ်စုံတစ်ယောက်က တခြားသူတစ်ယောက်၏ ပစ်မှတ်ကို သွားရောက်ကာ ပစ်ခတ်မိပါက ထိုသူက အမှတ်ရသွားမှာ ဖြစ်၏။
ထို့အပြင် နောက်ဆုံးအမှတ်ပေးခြင်းက တိကျမှုအပေါ်တွင် မူတည်ခြင်း မဟုတ်ဘဲ မြား၏ အားအင်အပေါ်တွင် မူတည်၏။ အကယ်၍ သူက အကယ်၍ ပစ်မှတ်ကို ထွင်းဖောက်ထွက်သွားအောင် အင်အားကြီးမားသည်ဆိုပါက အပိုဆုများကို မရရှိသော်လည်း စစ်ဆေးရေးမှူးများက သင်၏ နံပါတ်ကို စက်ဝိုင်းများ ဝိုင်းပေးလိုက်ပေမည်။
တစ်ဖက်တွင် သင်က အလွန်အားနည်းပြီး မြား၏ တည်နေရာကို နည်းနည်းလေးသာ ဖောက်ဝင်သွားသည် ဆိုပါက တိကျစွာ ထိမှန်သည်ဆိုလျှင်တောင်မှ ထုတ်ပယ်ခံရရန် အလားအလာ များ၏။ ထို့ကြောင့်ပင်လျှင် အင်အားကြီးမားသူများက အင်အားကြီးမားပြီး အားပြင်းသော လေးများကို ရွေးချယ်ကြ၏။
ဥပမာအားဖြင့် လန်ညီနောင် ဆယ်ယောက်လုံးက အင်အားကြီးမားလွန်းသော လေးများကို ရွေးချယ်ထားသည်။
ခေါင်းလောင်းသံမြည်ပြီးနောက် လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က သူတို့၏ လေးများကို ညွှတ်ကာ တရစပ် ပစ်ချ၏။
“ရွှီ ရွှီ ရွှီ”
အရှိန်အဟုန်က အလွန်တရာ မြန်ဆန်၏။ တန်ဖိုးကြီးမားသည့် သွေးမျိုးဆက်က တကယ့်ကို အစွမ်းပြပြီး ဖြစ်၏။ သာမန်မြားပစ်သမားများက ကြွက်သားအားထုတ်မှုအပေါ်တွင် မှီခိုပြီး ဉာဏ်ကြီးရှင်များမှာတော့ သူတို့၏ စိတ်ပိုင်းဆိုင်ရာ အားသာမှုအပေါ် မှီခိုကြသည်။
ခွင့်ပြုထားသည့်အချိန်မှာ စက္ကန့် ၆၀ နီးပါးသာရှိ၏။ သို့ပေမည့် စက္ကန့် ၃၀ ကြာမြင့်ပြီးနောက် လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က မြားဆယ်စင်းလုံးကို ပစ်ခတ် ပြီးစီးသွားခဲ့၏။ ရလဒ်ကို ကြည့်ရှုစရာပင် မလိုအပ်တော့ချေ။
ခြေလှမ်း ၁၀၀ အကွာအဝေးသည် လန်ညီနောင်တို့အတွက် လွယ်ကူသည့်အရာတစ်ခု ဖြစ်၏။ သာမန် လေ့ကျင့်ချိန်မှာပင် သူတို့က ခြေလှမ်း ၁၅၀ အကွာအဝေးမှ ပစ်ခတ်လေ့ရှိသောကြောင့်ပင်။
မြားဆယ်စင်းလုံးက ပစ်မှတ်၏ အလယ်ဗဟို တည့်တည့် စက်ဝိုင်းငယ်ကို ထိမှန်၏။ မြားတိုင်းက ပစ်မှတ်ကို ထွင်းဖောက်သွားခဲ့ကြ၏။ စစ်ဆေးရေးမှူး ၁၃ ယောက်လုံးက ကျွမ်းကျင်လွန်းသည့် လူများဖြစ်၏။ လန်နံပါတ် သုံးနှင့် လန်နံပါတ်ငါးတို့၏ တိကျသည့် အမှတ်များကို မတင်ပြရသေးသော်လည်း နံပါတ်များကို စက်ဝိုင်းများ ဝိုင်းထားပြီး ဖြစ်၏။ သူတို့နှစ်ယောက်က တကယ့်ကို ထူးချွန်လွန်းလှချေ၏။
မနေ့ကတည်းက ယနေ့ထိ သူတို့၏ လုပ်ဆောင်မှုအားလုံးက သက်တောင့်သက်သာပင်။ တကယ့်ကို တည်ငြိမ်လွန်းလှသည်။
လေးနာရီ ကြာမြင့်ပြီးနောက် ဒုတိယနေ့၏ ပစ်ခတ်မှုစာမေးပွဲ ပထမတစ်ဝက် ပြီးဆုံးသွားခဲ့၏။
အလားတူပင် ရလဒ်များက ချက်ချင်းထွက်ပေါ်လာခဲ့၏။ အမှတ် ၂၀ အောက် ရရှိသူများက ထုတ်ပယ်ခံရ၏။ အမှတ် ၂၀ ရရှိသည်ဆိုလျှင်ပင် ကြက်ခြေခတ် အမှတ်အသား ပြကာဖြင့် ထုတ်ပယ်ခြင်းကို ခံရ၏။ လူတစ်ထောင်အနက် ၅၂၀ သာလျှင် ကျန်ရှိတော့၏။ နောက်ထပ်တစ်ဝက်က ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်သည်။
.................
မွန်းလွဲပိုင်းမှာတော့ ပစ်ခတ်မှုစစ်ဆေးပွဲ၏ ဒုတိယတစ်ဝက် ရွှေ့လျားပစ်မှတ်များကို ပစ်ခတ်ရ၏။ ရွေ့လျားပစ်မှတ်ဟု ဆိုရသော်လည်း သက်ရှိအရာများကို ပစ်ခတ်ရခြင်း မဟုတ်ပေ။ ထိုအစား စစ်သည်များက ကတုတ်ကျင်းထဲတွင် ပုန်းအောင်းနေပြီး သတ်မှတ်ထားသည့် အတိုင်းအတာတစ်ခုအတွင်း ရှေ့တိုး နောက်ဆုတ်နှင့် ပစ်ခတ်ရမည့် ပစ်မှတ်ကို ကိုင်ကာ လှုပ်ရှားနေမည် ဖြစ်၏။ ပစ်မှတ်ကို ရုတ်တရက် မြှင့်လိုက် နှိမ့်လိုက်လည်း ပြုလုပ်မှာ ဖြစ်၏။
မြားပစ်သမားများက ပစ်မှတ် မည်သည့်နေရာတွင် ပေါ်လာမည်ကို ကြိုတင်သိရှိနိုင်ခြင်း မရှိချေ။ ထို့ကြောင့် ချိန်ရွယ်ရန် အချိန်ဟူ၍ လုံးဝရှိလိမ့်မည် မဟုတ်ချေ။ အချိန်နှင့်အမျှ လိုက်လျောညီထွေစွာဖြင့် အာရုံ စူးစိုက်ထားရမှာ ဖြစ်ပြီး အမြန်ဆန်ဆုံး ဆုံးဖြတ်၊ အမြန်ဆန်ဆုံး ချိန်ရွယ်ပြီး အမြန်ဆန်ဆုံး ပစ်ခတ် ရပေလိမ့်မည်။
ဤတစ်ကြိမ်မှာတော့ သူတို့က အုပ်စု ၂၅ စုအဖြစ် ခွဲခြားထားခဲ့ပြီး အုပ်စုတစ်စုလျှင် ဖြေဆိုသူ ဆယ်ဦးပါဝင်၏။ လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က ပထမအသုတ်တွင် ရှိနေဆဲပင်။
“ဒေါင်”
ပထမခေါင်းလောင်းသံ မြည်လာ၏။ ဖြေဆိုသူ ဆယ်ဦးတို့က သူတို့၏ လေးများကို ဆွဲကာဖြင့် ပစ်၏။ သူတို့၏ အာရုံစူးစိုက်မှုအားလုံးကို ပစ်မှတ်ပေါ်သို့ စုစည်းထားလျက်ရှိ၏။ ကတုတ်ကျင်းထဲမှ စစ်သည်များက မည်သည့်အချိန်တွင်မဆို ပစ်မှတ်ကို မြှောက်တင်နိုင်သောကြောင့်ပင်။
ရုတ်တရက် ပထမပစ်မှတ်တစ်ခုက မြင့်တက်လာခဲ့၏။
“ရွှီ ရွှီ”
ချက်ချင်းပဲ မြားနှစ်စင်း ထွက်ပေါ်လာခဲ့ပြီး နှစ်စင်းလုံးက ပစ်မှတ်၏ အလယ်ဗဟိုကို ထိမှန်သွား၏။ လန်နံပါတ် သုံးက ကြောင်သွားသည်။ “ဒါ ငါ့ပစ်မှတ်လေ။ ဘေးက သူငယ်ချင်း... ဘာလို့ ငါ့ရဲ့ ပစ်မှတ်ကို လာပစ်ရတာလဲ”
ဘေးတစ်ဖက်မှ ဖြေဆိုသူက မျက်ရည်များပင် ဝိုင်းသွားမိ၏။ “သောက်ကျိုးနည်း”
လူတိုင်း၌ မြားဆယ်စင်းသာလျှင် ရှိ၏။ တစ်စင်းကို အသုံးပြုလိုက်လျှင် တစ်စင်းက လျော့ပါးသွားမှာ ဖြစ်၏။
လန်နံပါတ် သုံးအတွက် ပစ်မှတ်ကို မြှောက်ပေးသည့် စစ်သည်မှာ သူ၏ ပစ်မှတ်ပေါ်ရှိ မြားနှစ်စင်းကို မြင်သတော့ ကြောင်သွားခဲ့၏။ ဒဏ္ဍာရီထဲမှ အခြေအနေမျိုးက တကယ်ပဲ ဖြစ်ပွားခဲ့သည်လား။ လူနှစ်ယောက်ဆီမှ တပြိုင်နက်တည်း ပစ်ခတ်ခြင်းကို ခံလိုက်ရသည်။
သူက ကတုတ်ကျင်းထဲတွင် ပုန်းအောင်းလျက်ရှိနေပြီး လန်နံပါတ် သုံးနှင့် စိတ်ထဲ၌ ရန်ဖြစ်လျက်ရှိနေ၏။
“အင်း... ငါ ထပ်ပြီး အပစ်မခံနိုင်တော့ဘူး။ နတ်ဆိုး တစ်ကောင်ရဲ့ ခြေလှမ်းမျိုးနဲ့ လှမ်းလျှောက်ပြီး ရှောင်ရမယ်။ ဟိုဘက်ကကောင် ခန့်မှန်းလို့မရနိုင်အောင် ငါ့ရဲ့ ပစ်မှတ်ကို ဟိုမြှောက်လိုက်၊ ဒီမြှောက်လိုက် လုပ်ရမယ်။ မင်း ငါ့ရဲ့ ပစ်မှတ်ကို လွဲကို လွဲရစေလိမ့်မယ်”
နောက်ဆုံးမှာတော့ ထိုစစ်သည်က တကယ်ပင် မျှော်လင့်ချက်ကင်းမဲ့၏။ ပစ်မှတ်ကို မည်သို့ မြှောက်တင် ရမည်၊ မည်သည့်အချိန်တွင် ပြောင်းလဲပြီး မည်သည့်နေရာကို ရွှေ့လျားရမည်ဖြစ်သည်ကို ဦးနှောက်ခြောက်အောင် စဉ်းစားခဲ့၏။ သို့ပေမည့် သူ ပစ်မှတ်ကို မြှောက်လိုက်သည်နှင့် တစ်ဖက်ဆီမှာ ရှင်းလင်းပြတ်သားသည့် အသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ ပြီးနောက် မြားတစ်စင်းက ပစ်မှတ်အလယ်ဗဟိုကို တိုက်ရိုက်ထိမှန်သည်။
တကယ့်ကို အင်အားကြီးမားလွန်းသောကြောင့် ပစ်မှတ်ကို တိုက်ရိုက် ထွင်းဖောက်သွားခဲ့၏။ ဤမြားက သူ၏ ခန္ဓာကိုယ်ကိုသာ ထိမှန်ပါက သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ထွင်းဖောက်ခြင်း ခံရမှာ သေချာ၏။
ပထမမြား၊ ဒုတိယမြား၊ တတိယမြား၊ စတုတ္ထမြား .... ဆယ်စင်းမြောက်မြားမှာတော့ ထိုစစ်သည်က အချိန်အနည်းငယ်ကို တန့်ထား၏။ ပြီးနောက် အဝေးဆုံးထောင့်ဆီမှ ပစ်မှတ်ကို ရုတ်တရက် လှမ်းကာ မြှောက်လိုက်သည်။
“ရွှီ” ချက်ချင်းပဲနောက်ထပ် မြားနှစ်စင်းက ပစ်မှတ်ကို ထိမှန်၏။
“သောက်ကျိုးနည်း ဘာတွေဖြစ်နေတာလဲ။ လူတစ်ယောက်မှာ မြားဆယ်စင်းပဲ ရှိတာ။ ဘယ်လိုဖြစ်ပြီး ငါ့ရဲ့ ပစ်မှတ်ကျမှ မြားက ဆယ့်နှစ်စင်းတောင် လာမှန်နေရတာလဲ”
ပြီးနောက် လန်နံပါတ် သုံး၏ ညာဘက်ခြမ်းမှ လူမှာတော့ မျက်ရည်များပင် ကျဆင်းလာ၏။ “သောက်ကျိုးနည်း... ငါကတော့ တစ်ဖက်လူကို ကူညီသလိုဖြစ်နေပြီ။”
ခဏအကြာမှာတော့ ထိုသူ၏ ပစ်မှတ်က မြင့်တက်လာခဲ့သည်ဆိုသော်လည်း သူ၏ လက်ထဲတွင် ပစ်ခတ်ရန် မြားဟူ၍ မရှိတော့ပေ။ ဟုတ်ပေ၏။ စိတ်ဓာတ်ကလည်း အဆုံးစွန်ထိ ကျလျက်ရှိသည်။
ဤမြင်ကွင်းကို မြင်ရသည့်အချိန်မှာတော့ စစ်ဆေးရေးမှူးများက မရယ်ဘဲ မနေနိုင်တော့ချေ။ ဤပျော်ရွှင်ဖွယ်ရာ မြင်ကွင်းက ဖြစ်ပွားနေဆဲ ဖြစ်ပြီး တူညီသည့် လူတစ်ဦးတည်းအပေါ် နှစ်ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့၏။ ထို့ကြောင့် စစ်ဆေးရေးမှူး ၁၃ ယောက်လုံးက လန်နံပါတ် သုံး၏ နံပါတ်နောက်တွင် စက်ဝိုင်းတစ်ခုကို ဆွဲမှတ်လိုက်၏။
..............
လေးနာရီ ကြာမြင့်ပြီးနောက်မှာတော့ ခြေကျင်ပစ်ခတ် စစ်ဆေးမှု၏ ဒုတိယတစ်ဝက် ပြီးဆုံးသွားခဲ့၏။ ဤတစ်ကြိမ်တွင် အမှတ်ဆယ်မှတ် မရရှိသူအားလုံး ထုတ်ပယ်ခံရ၏။ လူ ၅၂၀ အနက် ၃၂၀ မှာ ထုတ်ပယ်ခံလိုက်ရပြီ။ ၂၀၀ သာလျှင် ကျန်ရှိတော့၏။ အဘယ်ကြောင့် တိုက်တိုက်ဆိုင်ဆိုင် လူ ၂၀၀ သာလျှင် ကျန်ရှိရသနည်း။
ဤအရာက တိုက်ဆိုင်မှု မဟုတ်ချေ။ တကယ်တမ်း ခြေလျင်ပစ်ခတ်မှု စစ်ဆေးမှုမှာ အမှတ်ဆယ်မှတ်ထက် ပိုမို ရရှိသော ဖြေဆိုသူ စုစုပေါင်း ၂၀၆ ဦး ရှိခဲ့၏။ စစ်ဆေးရေးမှူးများက ထိုအရေအတွက် ဂဏန်းကို မကောင်းဟု ခံစားရသောကြောင့် ခြောက်ယောက်ကို ဖယ်ထုတ်လိုက်ခြင်း ဖြစ်၏။
“မင်းရဲ့ မြားပစ်တဲ့ ထောင့်က နည်းနည်းလေးလွဲနေတယ်။ ပယ်မယ်။”
“မင်းရဲ့ မြားက ထိမှန်တဲ့နေရာ တိမ်နေတယ်။ ပယ်မယ်”
စစ်ဆေးမှု နှစ်ရက်ကြာပြီးနောက် ဖြေဆိုသူ သုံးထောင်အနက် ၂၀၀ သာလျှင် ကျန်ရှိတော့၏။ ပုံမှန် စစ်ဆေးမှုများအရ မနက်ဖြန် မြင်းစီးမြားပစ်စစ်ဆေးမှု၌ ထက်ဝက်က ထပ်မံထုတ်ပယ်ခံရပေမည်။ ထို့ကြောင့် နောက်ဆုံးနေ့ စာမေးပွဲဖြေဆိုမှုတွင် အများဆုံး ၁၀၀ သာ ရှိမည်ဟု အဓိပ္ပာယ်ပေါ်သည်။
...............
သိုင်းပညာစစ်ဆေးပွဲ၏ တတိယနေ့ စတင်၏။ ယနေ့ကတော့ မြင်းစီးမြားပစ်ပြိုင်ပွဲ ဖြစ်၏။ အုပ်စုတစ်စုလျှင် လူငါးဦးပါဝင်ပြီး စုစုပေါင်း အုပ်စု ၄၀ ရှိ၏။ စစ်ဆေးပွဲတွင် လမ်းကြောင်းတစ်ခုရှိ၏။ ထိုလမ်းကြောင်းက မီတာ ၃၀၀ခန့် ရှည်လျားပြီး ၁၀မီတာခန့် ကျယ်ဝန်း၏။ လမ်းကြောင်းက မညီမညာဖြစ်ပြီး အကွေ့အကောက်များ နှင့်ပင်။
အုပ်စုတိုင်း၏ ဖြေဆိုသူများက သတ်မှတ်ထားသည့်အချိန်တွင် မြင်းကို စီး၍ လမ်းဆုံးကို အပြီးရောက်အောင် သွားရပေလိမ့်မည်။ လမ်းတစ်လျှောက် ဘယ်ညာနှစ်ဖက်လုံးတွင် ယုန်အကောင်ရေ ၅၀ က ပေါ်လာမှာ ဖြစ်၏။ လူတစ်ယောက်လျှင် မြားအစင်း ၂၀ ရှိသည်။
ဤယုန်များက ကျပမ်းပေါ်လာမှာ ဖြစ်ပြီး မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပေါ်လာနိုင်၏။ ပေါ်လာသည်နှင့် ဖြေဆိုသူများက မြင်းကျောကုန်းပေါ်မှ လှမ်းကာ ပစ်ခတ်ရမှာ ဖြစ်၏။ ယုန်များ၌ နံပါတ် မရှိသော်လည်း ဖြေဆိုသူတိုင်း၏ မြားတွင် နံပါတ်တစ်ခုစီ ရှိ၏။
စစ်ဆေးမှုပြီးနောက် သူတို့က သေဆုံးသွားခဲ့သည့် ယုန်များကို လိုက်လံကောက်ယူပြီး ထိုယုန်များ၏ ခန္ဓာကိုယ်ပေါ်ရှိ မြားများ၏ နံပါတ်ကို စစ်ဆေးအတည်ပြုပေမည်။
အကယ်၍ လူနှစ်ဦးက တူညီသည့် ယုန်တစ်ကောင်တည်းကို ပစ်ခတ်မိပါက မည်သို့လုပ်မည်နည်း။ ထိုအချိန်မှာတော့ မည်သူက ယုန်၏ ဦးခေါင်းကို ပစ်ခတ်မိသည်အပေါ်တွင် မူတည်ကာ ဆုံးဖြတ်မှာ ဖြစ်၏။
မြားနှစ်စင်းစလုံးက ယုန်၏ ဦးခေါင်းကို ထိမှန်ပါက မည်သို့လုပ်မည်နည်း။ ထိုသို့ဆိုလျှင် မည်သူ၏ မြားက ယုန်၏ မျက်လုံးနှင့် နီးနီးကပ်ကပ် ရှိနေသည်ကို ဆုံးဖြတ်ပေလိမ့်မည်။ ဟုတ်ပေ၏။ လုပ်ငန်းစဉ်တစ်ခုလုံးကိုလည်း အားလုံးက ကြီးကြပ်လျက်ရှိသည်။
အကယ်၍ လူနှစ်ဦးက တူညီသည့် ယုန်တစ်ကောင်ကို ချိန်ရွယ်ပြီး တစ်ချိန်တည်းနီးပါး ပစ်ခတ်သည်ဆိုပါက စည်းကမ်းဖောက်ဖျက်မှုဟု သတ်မှတ်၍ မရနိုင်ခဲ့ချေ။ အကယ်၍ ပထမလူက ယုန်ကို ပစ်ခတ်ပြီး ယုန်က သေဆုံးသွားပြီးမှ နောက်တစ်ယောက်က ထပ်မံကာ ပစ်ခတ်သည်ဆိုပါက ထိုသူ၏ နာမည်ကို ကြက်ခြေခတ် မှတ်သားပြီး ထုတ်ပယ်မှာ ဖြစ်၏။
ထိုသို့ မြင်းစီးမြားပစ်စစ်ဆေးပွဲက အချိန်မည်မျှ ကြာမြင့်မည်နည်း။ စုစုပေါင်း တစ်မိနစ်ခွဲပင် ဖြစ်၏။ တစ်မိနစ်ခွဲတွင် မြင်းစီး၍ မီတာ ၃၀၀ သွားရမှာ ဖြစ်ပြီး ယုန်များကို ပစ်ခတ်ရပေလိမ့်မည်။ အချိန်စေ့သွားပြီး ပန်းတိုင်သို့ မရောက်ပါက ယုန်မည်မျှများများ ပစ်ခတ်နိုင်ခဲ့သည်ဆိုဆို စာမေးပွဲ ကျရှုံးသည်ဟု သတ်မှတ် ပေလိမ့်မည်။
လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က ပထမအသုတ်တွင် ထပ်မံပါဝင်ခဲ့ပြန်သည်။
“ဒေါင်” ပထမခေါင်းလောင်းသံ မြည်လာ၏။
ပထမအသုတ်မှ ဖြေဆိုသူ ငါးဦးတို့က မြင်းကျောကုန်းပေါ်မှ ပြေးထွက်သွားခဲ့ကြ၏။ လမ်း၏ ဘေးတစ်ဖက်တွင် ယုန်များက အဆက်မပြတ် ထွက်ပေါ်လာသည်။
လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က မြင်း၏ ကျောပေါ်မှာပင် မြားများကို လေးတင်၏။
“ရွှီး .... ရွှီး” သူတို့က မြားများကို လျင်မြန်စွာ ပစ်ခတ်လျက်ရှိနေပြီး အမြန်ဆန်ဆုံးနှုန်းနှင့်လည်း မြင်းစီးနေ၏။ သူတို့က ယုန်များကို ပစ်ခတ်ရန် သူတို့၏ မြင်းများကို အရှိန်မလျှော့သလို ရပ်တန့်ခြင်းလည်း မရှိချေ။
သို့တစေ သူတို့က ပြေးလွှားနေရင်းနှင့်တောင်မှ ပစ်ခတ်မှု၌ နှောင့်နှေးခြင်း တစ်ချက်မရှိကြချေ။ သွေးမျိုးဆက် မြင့်မားမှုက အချိန်ကို နှေးကွေးနေစေသကဲ့သို့ပင် ထင်ရ၏။ သူတို့အတွက် တစ်စက္ကန့်က တခြားသောသူများအတွက် နှစ်စက္ကန့် သို့မဟုတ် သုံးစက္ကန့်ခန့် ကြာမြင့်သည်။
သူတို့နှစ်ယောက်က ကောင်းကင်တာအို အဖွဲ့အစည်းဆီမှ ရရှိထားသည့် မြင်းများကို စီးနင်းနေ၏။ စစ်ဆေးပွဲစသည်နှင့် သူတို့နှစ်ယောက်လုံးသည် တခြားသောသူများကို အလှမ်းကွာဝေးစွာ ချန်ထားခဲ့၏။ လန်နံပါတ် သုံးက ဘယ်ဘက်ခြမ်းရှိ ယုန်များကို ပစ်ခတ်ရန် တာဝန်ယူထားပြီး လန်နံပါတ် ငါးမှာတော့ ညာဘက်ခြမ်းမှ ယုန်များကို ပစ်ခတ်ရန် တာဝန်ယူခဲ့၏။
အုပ်စုတူမှ တခြားသော သုံးယောက်တို့မှာတော့ အဝေးကြီးတွင် ကျန်ရစ်ခဲ့၏။ သူတို့က ကြောက်မက်ဖွယ်ရာ အမှန်တရားကို ရှာဖွေသိရှိခဲ့လိုက်သည်။
“သောက်ကျိုးနည်း...”
ယုန်တွေအကုန်လုံးကို ပစ်ခတ်ခံလိုက်ရပြီ ဖြစ်၏။ ရှေ့မှ လူနှစ်ယောက်က မည်သူများ ဖြစ်သနည်း။ သာမန်လူများ မဟုတ်ကြချေ။ မြင်းများက အလွန်ပင် လျင်မြန်ပြီး စီးနင်းရာ၌လည်း တိကျကာ ကျွမ်းကျင်လွန်း လှ၏။
လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့သည် အပြစ်ဆိုစရာတစ်ခုမှ မရှိခဲ့ချေ။ မြင်းများကို အမြန်ဆန်ဆုံးနှုန်းဖြင့် စီးနင်းလျက်ရှိနေပြီး ယုန်များကို ပစ်ခတ်လျက်ရှိ၏။ ခေါင်းလောင်းသံ အကြိမ် ၅၀ မြည်ရသေး၏။ လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က အဓိကနေရာများသို့ ရောက်ရှိနေနှင့်ပြီး သူတို့၏ လေးများကိုပင် ပြန်လည်သိမ်းဆည်းပြီး ဖြစ်သည်။
နှစ်ယောက်လုံး၏ နှလုံးသားထဲ၌ တုန်လှုပ်လျက်ရှိနေကြ၏။ “သွားပြီ။ ငါတို့တော့ သွားပြီပဲ”
လန်နံပါတ် သုံးက မြားအစင်း ၂၀ ဖြင့် ယုန် ၁၆ ကောင်သာ သတ်နိုင်၏။ လန်နံပါတ် ငါးကတော့ ၁၅ ကောင်ကိုသာ သတ်နိုင်ခဲ့၏။ ဟုတ်ပေ၏။ မြင်းစီးမြားပစ် စည်းမျဉ်းများအရ ဆယ်ကောင်ထက် ပိုမိုသတ်နိုင်လျှင် အမှတ်ပြည့်ဟု သတ်မှတ်ရပေလိမ့်မည်။
သို့ပေမည့် နာကျည်းမှုအတွက်မူ အကောင် ၂၀ မသတ်နိုင်ခြင်းက ကျရှုံးခြင်းပင် ဖြစ်၏။ အိမ်တော်သို့ ပြန်ရောက်ပါက သူတို့က နာကျည်းမှုလက်ထဲတွင် အသေဆိုးနှင့် သေရပေတော့မည်။ နာကျည်းမှုက သူတို့ကို သေချာပေါက် ပွက်ပွက်ညံအောင် ဆူပူကြိမ်းမောင်းတော့မှာ ဖြစ်ပြီး သူတို့ကို ကြီးကြီးမားမား အပြစ်ပေး ပေတော့မည်။ လောကကြီးတွင် အသက်ရှင်ခဲ့သည့်အတွက် နောင်တရသည့် အခြေအနေမျိုးထိ ဒုက္ခပေးနှိပ်စက် ရိုက်နှက်တော့မှာ ဖြစ်၏။
“ငါတို့တော့ သွားပြီပဲ။ သူ ငါတို့ကို သတ်မလား မသိဘူး”
“အင်း.. အစ်ကိုသုံး၊ ဘယ်လိုလုပ်ကြမလဲ။ ကျုပ်တို့ အသတ်ခံရတော့မယ်” လန်နံပါတ် သုံးနှင့် လန်နံပါတ် ငါးတို့က နောင်တတရားအပြည့်ဖြင့် ခေါင်းများကို တဘုတ်ဘုတ်နှင့် ထုနှက်လျက်ရှိနေကြသည်။