← Chapters

အခန်း (၄၉၂)

Vol. 34 Ch. 492

အခန်း (၄၉၂)

Vol. 34 Ch. 492

စာစစ်မှူးချုပ်က မည်သူမှမနေနိုင်ချေ။ ကျူးဟုန်ပင်းကိုပင် နှမျောတသ ဖြစ်မိနေ၏။ ဝန်ကြီးချုပ်က ကျူးဟုန်ပင်းကို နှစ်နှစ်တိတိ နန်းတွင်းစာမေးပွဲကို ဝင်ရောက်မဖြေဆိုရန် တားဆီးခဲ့၏။ နောက်ဆုံး အသက်ဆယ့်ခုနစ်နှစ်ပြည့်ပြီး စာမေးပွဲဖြေဆိုရန်အချိန်ကို ရောက်ရှိလာသည့်အချိန်မှာတော့ ပထမနေရာကို ဆုံးရှုံးခဲ့ရပြီဖြစ်၏။ မည်မျှဆိုးဝါးလိုက်သနည်း။

ရုတ်တရက် စာမေးပွဲစစ်ဆေးသူတစ်ယောက်ကမေးမြန်းလိုက်၏။ “ဒီဖြေဆိုသူက ဘယ်သူလဲ။ ကျုပ်တို့ ဖွင့်ပြီး ကြည့်ကြမလား”

စစ်ဆေးသူများအားလုံးက ကြောင်အသွားခဲ့ကြ၏။ သူတို့က ဤဖြေဆိုသူ၏နာမည်ကို သိချင်စိတ်ရှိ၏။ လောကကြီးထဲမှ အားကောင်းလွန်းသည့် ပါရမီရှင်က မည်သူဖြစ်သနည်းကို သူတို့သိချင်၏။ သို့ပေမည့် စည်းမျဉ်းစည်းကမ်းရှိ၏။ သူတို့ဖွင့်ကာ ကြည့်ရှု၍ မတတ်နိုင်ခဲ့ချေ။

“အင်း... မေးခွန်းပေါက်ကြားတာများဖြစ်မလား” စစ်ဆေးသူတစ်ယောက်က မေးမြန်းလိုက်၏။

ခဏကြာမှာပဲ အားလုံးသောသူတို့က သူ့ကို အေးစက်စက်နှင့်ကြည့်ရှုလိုက်၏။ သေချင်နေလေသည်လား။ နန်းတွင်းစာမေးပွဲက မည်မျှအရေးကြီးလိုက်သည်နည်း။ မေးခွန်းပေါက်ကြားသည်ဆိုလျှင် လက်ရှိတည်ရှိနေသည့် စစ်ဆေးသူအားလုံး ပြဿနာတက်ပေမည်။

ထို့အပြင် မေးခွန်းက မည်သို့ပေါက်ကြားမည်နည်း။ ဘုရင်မင်းမြတ်ကိုယ်တိုင် နိုင်ငံ့ရေးရာစာပေနှင့် ကဗျာများအတွက် မေးခွန်းထုတ်ထားခဲ့ခြင်းဖြစ်၏။ စာမေးပွဲဖြေဆိုမှုမစခင် မေးခွန်းအားလုံးကို ဖယောင်းနှင့် စည်းခတ်ထားခဲ့၏။ စာမေးပွဲစစ်ဆေးသူများပင်လျှင် မေးခွန်းကို မသိရှိခဲ့ချေ။

တွက်ချက်မှုနှင့် ဓမ္မဓိဋ္ဌာန်မေးခွန်းများမှာတော့ ထိုကဲ့သို့ပင်ဖြစ်၏။ တွက်ချက်မှုနှင့်ဓမ္မဓိဋ္ဌာန်မေးခွန်းများကို စာမေးပွဲစစ်ဆေးသူ ခြောက်ယောက်တို့က အတူတကွ မေးခွန်းထုတ်ခဲ့၏။ သို့ပေမည့် မေးခွန်းထုတ်ဖော်ခဲ့ပြီးတည်းက သူတို့က ဤစာမေးပွဲခန်းထဲမှ အပြင်သို့ ထွက်ခွာခွင့် မရှိခဲ့ချေ။ မေးခွန်းကို ပေါက်ကြားစေချင်သည်ဆိုလျှင်တောင်မှ ပေါက်ကြားအောင် ပြုလုပ်ရန် အခွင့်အရေးရှိလိမ့်မည်မဟုတ်ချေ။

ဤတစ်ကြိမ်မှာတော့ ကျူးဟုန်ကျူးက ကျူးဟုန်ပင်း၏ စာမေးပွဲဝင်ရောက်ဖြေဆိုမှုအပေါ် အလေးထားခဲ့၏။ ထို့ကြောင့် မည်သူကမှ လိမ်ညာလှည့်စားမှုကို ပြုလုပ်ရဲလိမ့်မည်မဟုတ်ပေ။

“အင်း... ဟုတ်တယ်။ မေးခွန်းပေါက်ကြားသွားတာ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီစာမေးပွဲအဖြေလွှာက ထူးခြား နေတယ်။ ဓမ္မဓိဋ္ဌာန်နဲ့ တွက်ချက်မှုအဖြေအားလုံးက မှန်တယ်။ ဒါက မထင်မှတ်ထားလောက်စရာပဲ။ ပြီးတော့ နိုင်ငံရေးရာစကားပြေနဲ့ ကဗျာတွေအားလုံးကလည်း ပေါက်ကြားပြီးမှ ဖြေလို့ရတဲ့အရာမျိုး မဟုတ်ဘူး။ ဒီတော့ သူက သာမန်လူတစ်ယောက် မဟုတ်ဘူး။ သူက နတ်ဘုရားပဲဖြစ်ရမယ်”

“ဟုတ်တယ်။ ကျုပ်ဆိုလိုချင်တာ အဲဒါပဲ။ ဒီလူက ဘယ်သူလဲဆိုတာ ကျုပ်တို့မသိတာ ခက်တာပဲ။ ဒီလို သာမန်ထက်ပိုတဲ့ ပါရမီရှင်တစ်ယောက်ကို ကျုပ်တို့ တစ်ခါမှမမြင်ဖူး၊ မကြားဖူးဘူး။ ပြီးတော့ ကျူးဟုန်ပင်းကို ပထမအဖြစ် သုံးသပ်ခဲ့ပြီးပြီ။ အကယ်၍ ကျုပ်တို့သာ သူ့ကို ဒုတိယအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အဓိပ္ပာယ်မရှိသလို ဖြစ်မှာပဲ”

စာမေးပွဲစစ်ဆေးသူ အကြီးအကဲကပြောလိုက်၏။ “ဘာကိုဆိုလိုတာလဲ။ ဒီတော့ ကျုပ်တို့က ကျိန်းသေပေါက် မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကို အံကြိတ်ပြီး ကျူးဟုန်ပင်းကို ပထမနေရာ ပေးရမှာလား။ ဒါဆိုရင်တော့ ကျုပ်လုံးဝ သဘောတူမှာ မဟုတ်ဘူး။ ဒီလိုသာလုပ်မယ်ဆိုရင် ဘုရင်မင်းမြတ်ရဲ့ရှေ့ကိုသွားပြီး ကျုပ်ကိုယ်တိုင် စာမေးပွဲ စစ်ဆေးသူဆိုတဲ့ တာဝန်ကနေပြီး တရားဝင်နှုတ်ထွက်ပစ်မယ်”

ထိုအရာကိုကြားသည့်အချိန်မှာတော့ စာမေးပွဲစစ်ဆေးသူအားလုံးက စိတ်ထဲတွင် ကျိန်ဆဲလျက်ရှိနေကြသည်။ “ချီးတဲ့မှ... ခင်ဗျားဘာကိုဆိုလိုတာလဲ။ ခင်ဗျားတစ်ယောက်တည်းက ဤကဲ့သို့သတ္တိတရားနှင့် ပြည့်စုံနေသည်ဟု ထင်နေတာလား”

စာမေးပွဲစစ်ဆေးသူများထဲမှ တစ်ယောက်ကပြော၏။ “အရှင်မင်းကြီးက ကျူးဟုန်ပင်းကို တကယ်ပဲ နှစ်ခြိုက်တယ်။ လီတစ်ထောင်မြင်းကောင်းလို့တောင် ချီးကျူးခဲ့တာပဲ မဟုတ်လား။ ကျူးဟုန်ပင်းသာ ပထမနေရာကို ဆုံးရှုံးခဲ့ရမယ်ဆိုရင် ဘုရင်မင်းမြတ် အလန့်တကြား ဖြစ်သွားမယ်လို့ထင်တယ်။ ဒီတော့”

စာမေးပွဲ စစ်ဆေးသူတစ်ယောက်က ပြောလိုက်သည်။ “စည်းမျဉ်းစည်းကမ်းတွေအတိုင်းဆိုရင် ကျုပ်တို့က စာမေးပွဲဖြေဆိုတဲ့လူရဲ့ နာမည်ကို ဖွင့်မကြည့်ရဘူး။ ကျုပ်တို့ဒီနှစ်ခုကို ဘုရင်မင်းမြတ်ဆီကို တိုက်ရိုက်ပေးလိုက်မယ်။ ဘုရင်မင်းမြတ်က ဘယ်သူကအကောင်း၊ ဘယ်သူကအဆိုးလဲ ဆိုတာသုံးသပ်လိမ့်မယ်”

ထိုကဲ့သို့ပြောပြီးနောက် အားလုံးတို့သူတို့က ချီးကျူးသလို ကြည့်ရှုလိုက်ကြ၏။

“မဆိုးဘူး။ မဆိုးဘူး”

သူတို့က ကျိန်းသေပေါက် ထိုအရာများကို ဆုံးဖြတ်ခြင်း မပြုလုပ်တော့ချေ။

ထို့ကြောင့်ပင်လျှင် စာစစ်မှူးချုပ်က အရူးလန်၏ စာမေးပွဲအဖြေလွှာကို ပြန်လည်ကာကူးရေး၏။ ပြီးနောက် ဒုတိယ စာစစ်မှူးချုပ်က ကျူးဟုန်ပင်း၏ စာမေးပွဲအဖြေလွှာကို ပြန်လည်ကာကူးရေး၏။ တစ်နာရီကျော် ကြာမြင့်ပြီးနောက် အရာအားလုံးကို ကူးပြီးဖြစ်၏။ ဤအချိန်မှာတော့ မနက်ခင်းနှစ်နာရီ၊ သုံးနာရီနီးပါးဖြစ်နေ၏။

စာမေးပွဲစစ်ဆေးသူအားလုံးက အိပ်ချင်လျက် ရှိနေကြ၏။ သူတို့က နှစ်ရက်အတွင်း အများဆုံး လေးနာရီသာလျှင် အိပ်စက်ခဲ့ရသေး၏။ နောက်တစ်ရက် မနက်ခင်းမိုးလင်းခါနီးအချိန်သို့ရောက်သည့်အချိန်မှာတော့ စာမေးပွဲ အဖြေလွှာများကို ဆက်လက်ကာ စစ်ဆေးရပေမည်။ အဖြေလွှာများက နှစ်ထောင်ကျော် ကျန်ရှိနေသေး၏။ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် ထိုအမှတ်ခြစ်ခြင်း လုပ်ငန်းက အနည်းဆုံး သုံးရက်နီးပါး ကြာမြင့်မှာဖြစ်၏။ စတုတ္တမြောက် နေ့မှသာလျှင် အရာအားလုံး ပြီးစီးပေမည်။ ပြီးနောက် ရလဒ်ကို ထုတ်ဖော်ပြသရပေလိမ့်မည်။

သိုင်းစာမေးပွဲက နောက်တစ်ရက်အတွင်း ကျင်းပမှာ ဖြစ်၏။ ထို့ကြောင့် အချိန်ရောက်လာသည့် အချိန်တွင် သိုင်းစာမေးပွဲနှင့် နန်းတွင်းအထူးစာမေးပွဲ ရလဒ်များကို တပြိုင်နက်တည်း ထုတ်ဖော်ပေလိမ့်မည်။ သိုင်းစာမေးပွဲ ဆိုသည်မှာတော့ အမှတ်ခြစ်နေစရာ မလိုအပ်ချေ။ သိုင်းစာမေးပွဲက မဟာဗျူဟာများနှင့် သက်ဆိုင်လျက် ရှိနေပြီး စစ်ပွဲ၏ အတတ်ပညာ အားလုံးကို စမ်းသပ်စစ်ဆေးခြင်း ဖြစ်၏။ ထို့ကြောင့် ပြိုင်ပွဲပြီးလျှင် အားလုံးက ပြီးဆုံးသွားပေလိမ့်မည်။

မနက်ခင်း မိုးလင်းခါနီးအချိန်သို့ ရောက်သည့်အချိန်မှာတော့ စာစစ်သူများအားလုံးက အိပ်ချင်လာခဲ့ကြ၏။ သူတို့အားလုံးက စာမေးပွဲဟောခန်းထဲမှာသာရှိနေပြီး အပြင်သို့ ခြေတစ်လှမ်းမှ မထွက်ကြချေ။ အိပ်ရာထဲမှာ လဲလျောင်းပြီး အချို့သောလူများက အိပ်မပျော်ကြချေ။ ထိုမွန်းစတားကောင်က မည်သူဖြစ်မည်နည်း။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ရုတ်တရက် မည်သည့်နေရာက ပေါ်ပေါက်လာမှန်းမသိချေ။

.............

နောက်တစ်မနက်ခင်းမှာတော့ မိန်းမစိုးရှောင်လီက စာမေးပွဲစစ်ဆေးရာ ဟောခန်းဆီသို့ ရောက်ရှိလာခဲ့ပြန်၏။ တခြားသောနည်းလမ်း မရှိချေ။ ဘုရင်မင်းမြတ်က သူ့ကို တွန်းအားပေးနေသောကြောင့်ပင်။ “ခင်ဗျားတို့ စာရွက်ဗြောင် တစ်ခုခုကိုများ တွေ့မိသေးလား”

“မတွေ့ဘူး”

စာစစ်မှူးချုပ်က ပြောဆိုလိုက်၏။ “မိန်းမစိုးရှောင်လီ... ကျုပ်တို့ဆီမှာ တကယ့်ကို ထူးချွန်လွန်းတဲ့ အဖြေလွှာ နှစ်ခုရှိတယ်။ ခြွင်းချက်မရှိဘူးဆိုရင် ဒီဟာက အထူးစာမေးပွဲရဲ့ ပထမနဲ့ ဒုတိယနေရာတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်သူက ပထမ၊ ဘယ်သူက ဒုတိယဖြစ်တယ်ဆိုတာ ကျုပ်တို့အနေနဲ့ သေချာမှု မရှိဘူး။ အရှင်မင်းကြီးကို ဆုံးဖြတ်စေဖို့ ဖတ်ခိုင်းကြရအောင်”

လီအန်းက မျက်မှောင်ကြုတ်လိုက်မိ၏။ ဤအရာက နန်းတွင်းညီလာခံ စာမေးပွဲတစ်ခု မဟုတ်ချေ။ ဘုရင်မင်းမြတ်က အဘယ်သို့ ဆုံးဖြတ်ချက် ချပေးရမည်နည်း။ ပြီးနောက် ကျူးဟုန်ပင်းကလည်း ဤစာမေးပွဲတွင် ပါဝင်လျက်ရှိနေကြောင်း သူ သတိပြုမိသွားခဲ့၏။ ထို့ကြောင့် ကျူးဟုန်ပင်းများ တစ်ခုခုများ ဖြစ်လေသည်လား။ သို့မဟုတ် မည်သည့်နေရာက ပေါ်ပေါက်လာမှန်းမသိသည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့သည်လား။

ခဏလောက် တွေးဆပြီးနောက် လီအန်းက ပြန်လည်ရေးသားထားခဲ့သည့် အဖြေလွှာနှစ်ခုကို ယူလိုက်၏။ ပြီးနောက် ထပ်မံကာ မေးမြန်းလိုက်သည်။ “အရှင်တို့… ဒါတွေကို ခင်ဗျားတို့ သေသေချာချာ ဖတ်ပြီးပြီလား။ ပြီးတော့ အဖြေလွှာ အကုန်လုံးကို စစ်ပြီးပြီလား။”

စာစစ်မှူးချုပ်က ပြောလိုက်၏။ “အင်း… ကျုပ်တို့ သေချာ စစ်ပြီးပါပြီ။ ဒါပေမဲ့ ထပ်ပြီးစစ်ဖို့ အနည်းဆုံး အဖြေလွှာ နှစ်ထောင်လောက် ကျန်သေးတယ်”

လီအန်းက ပြောလိုက်သည်။ “ဒါဆိုလရင် ဒီစာရွက်နှစ်ခုက ပထမနဲ့ ဒုတိယဖြစ်ကြောင်း ခင်ဗျားတို့က ဘယ်လိုဖြစ်ပြီး သေချာနေရတာလဲ”

စာစစ်မှူးချုပ်က ပြောလိုက်၏။ “အင်း… ကျုပ် လျှာရှည်မိတာပါ။ ဒီကိစ္စက အရမ်းကို ကောင်းတဲ့အရာတစ်ခု ဖြစ်ကြောင်း ဖတ်ကြည့်ရင် သိပါလိမ့်မယ်”

လီအန်းက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက အဖြေလွှာစာရွက်နှစ်ခုကို ယူဆောင်ပြီး ထွက်ခွာသွားခဲ့၏။ သူက ထိုအရာကို နန်းတွင်းသို့ ပို့ဆောင်ရမှာ ဖြစ်သည်။

.................

ပြောရမည်ဆိုလျှင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်းက နှလုံးသားထဲတွင် ရှိနေသည့်အရာများကို မဖုံးကွယ် နိုင်ခဲ့တော့ချေ။ နင်ယွမ်ရှန်း၏ အသက်ရှူနှုန်းများက တကယ်ကို မြန်ဆန်လျက် ရှိနေ၏။ သူက သိချင်သည့်အရာတစ်ခုအတွက် အလောသုံးဆယ် ဖြစ်လို့နေခဲ့၏။

လွန်ခဲ့သည့်ညက နောက်ကျမှ အိပ်စက်သည့်အပြင် မနက်စောစောကလည်း နိုးထလာခဲ့၏။ သူက အဖြေကို စောင့်မျှော်လျက် ရှိနေ၏။ အရူးလန် စာရွက်ဗြောင်တစ်ခုကို ပေးပို့ခဲ့သည်လား။ ထိုသို့ဆိုလျှင် သူ့ကို အထင်အမြင်သေးသလို ဖြစ်ပေလိမ့်မည်။ အရူးလန် မည်သူဖြစ်ဖြစ် ကိစ္စမရှိချေ။ ကျိန်းသေပေါက် ခွေးလို နွားလိုပင် သတ်ဖြတ်မိမှာ သေချာသည်။

ထို့အပြင် သူက ရှမ့်လန်အကြောင်းကိုလည်း တွေးမိ၏။ ရှမ့်လန်က သူ့ကို ရှက်ရွံ့စရာဖြစ်အောင် ပြုလုပ်ခဲ့သည်လား။ အကယ်၍ ပြုလုပ်ခဲ့သည်ဆိုပါက ကျိန်းသေပေါက် သူ ရှမ့်လန်ကို ခက်ခဲအောင် ပြန်လည် ပြုလုပ်မှာ ဖြစ်၏။ ရှမ့်လန်ကို ခေါ်ပြီး ပညာပေးရန်လည်း ဆုံးဖြတ်ထားခဲ့၏။ ရှမ့်လန်သာ သင့်တော်သည့် အဖြေတစ်ခုခုကို မပေးနိုင်ပါက သူ့ကို ကြမ်းတမ်းရက်စက်လွန်းသည်ဟု အပြစ်မတင်သင့်ပေ။

“အရှင်မင်းကြီး”

ထိုအချိန်မှာပဲ မိန်းမစိုးရှောင်လီအသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့၏။

“ဝင်ခဲ့။”

ဘုရင်မင်းမြတ်က အေးစက်စက် မေးမြန်းလိုက်သည်။ လီအန်း… အရူးလန်ရဲ့ စာရွက်ဗြောင်ကို ရှာတွေ့သေးလား”

လီအန်းက အထဲသို့ လျှောက်ဝင်လာကာ ပြောလိုက်၏။ “မတွေ့သေးပါဘူး။ ဒါပေမဲ့ စာစစ်သူတွေက ထူးချွန်လွန်းတဲ့ စာဖြေလွှာနှစ်ခုကို တွေ့ခဲ့တယ်။ ဒီအရာနှစ်ခုက ပထမနဲ့ ဒုတိယနေရာအတွက် သင့်တော်ကြောင်း ဆုံးဖြတ်ခဲ့ပြီးသားတဲ့။ ဒီတော့ ဘယ်သူက ကောင်းလဲဆိုတာ သူတို့က မဆုံးဖြတ်နိုင်ဘူး။ အရှင်မင်းကြီး ဆုံးဖြတ်ပေးဖို့ဆိုပြီးတော့ တင်သွင်းလာပါတယ်”

“ငါ့ဆီမှာ အချိန်မရှိဘူး”

နင်ယွမ်ရှန်းက အေးစက်စက် ပြောလိုက်၏။ “ဒါက ညီလာခံ စာမေးပွဲမှ မဟုတ်တာ။ သူတို့က ဘာလုပ်နေကြတာလဲ။ ငါ့ကိုတောင် ပထမနေရာအတွက် လာပြီး ဆုံးဖြတ်ခိုင်းနေရလား”

“ဟုတ်ပါတယ်” လီအန်းက အဖြေလွှာနှစ်ခုကို ယူပြီးနောက် ထွက်ခွာသွားရန် ပြင်လိုက်သည်။

သို့ပေမည့် ဘုရင်မင်းမြတ်က ချက်ချင်းပင် ဖြစ်နိုင်ဖွယ်ရာကို တွေးတောလိုက်၏။ ကျူးဟုန်ပင်းတစ်ယောက် စာမေးပွဲများ ကျခဲ့လေသည်လား။ သူ ထိုကဲ့သို့သော အရာကို မကြားခဲ့ချေ။ သို့ပေမည့် သူ၏ တူက ဤတစ်ကြိမ်တွင် အကောင်းဆုံး ကြိုးစားထားခဲ့သည်ဟု မိဖုရားကြီးက ပြောဆိုခဲ့ကြောင်း ကြားခဲ့ဖူး၏။ “အင်း… ယူခဲ့တော့”

လီအန်းက လျင်လျင်မြန်မြန်ပဲ စာရွက်နှစ်ခုကို ယူဆောင်လာခဲ့၏။ ဘုရင်မင်းမြတ်က ပထမဦးဆုံးသော စာမေးပွဲအဖြေလွှာကို ယူပြီးကြည့်လိုက်၏။ သူကတော့ မြန်မြန်ဆန်ဆန်ပဲ ဓမ္မဓိဋ္ဌာန်နှင့် တွက်ချက်မှု မေးခွန်းအားလုံးကို ကြည့်ရှု၏။ ပြီးနောက် သူက နိုင်ငံရေးရာ စကားပြေနှင့် ကဗျာများကို ပြန်လည်ကာ ဖတ်ရှု၏။

ပြန်လည်ရေးသားထားသည် ဆိုလျှင်တောင်မှ ဤအရာက ကျူးဟုန်ပင်း၏ စကားပြေများဖြစ်ကြောင်း နင်ယွမ်ရှန်းက ကောင်းကောင်းပြောနိုင်၏။ ကျူးဟုန်ပင်းက သူ့ကို ဦးရီးတော်ဟု ခေါ်၏။ ဘုရင်မင်းမြတ်ကလည်း တစ်ဖက်လူကို တကယ်သဘောကျ၏။ ထို့အပြင် သူ၏ ကိုယ်ပိုင်ကလေးငယ်ကဲ့သို့ပင် ဆက်ဆံ၏။ ထို့ကြောင့်ပင်လျှင် သူက ကျူးဟုန်ပင်း၏ စာရေးသားသည့်ပုံစံကို ရင်းနှီးလျက်ရှိနေ၏။ နိုင်ငံရေးရာ စာတမ်းနှင့် ကဗျာကို ဖတ်ရှုပြီးနောက် သူက တကယ်ကို ပျော်ရွှင်သွားမိသည်။

ကျူးဟုန်ပင်း… ဤကလေးက တကယ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်ခဲ့၏။ နိုင်ငံရေးရာစာတမ်းနှင့် ကဗျာနှစ်ခုက ညီလာခံစာမေးပွဲကို ဝင်နိုင်သည့်အထိ လုံလောက်အောင် ကောင်းမွန်လျက်ရှိနေ၏။ အထူးသဖြင့် မြေရှင်ယာရှင်စနစ်အကြောင်း ရေးသားထားသည့်အရာပင်။ ထိုအရာက နင်ယွမ်ရှန်း၏ အတွေးနှင့် တစ်ထပ်တည်း တူညီလျက်ရှိနေ၏။

“တကယ်တော်တဲ့ကလေးပဲ။ ကောင်းကောင်းရေးသားခဲ့တယ်”

ပထမနေရာက ဤအရာပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် စာမေးပွဲစစ်ဆေးသူများက ဘာလုပ်နေရသနည်း။ သူတို့အနေနှင့် ဤမျှလောက်သော တာဝန်ခံမှုကိုပင် ပြုလုပ်နိုင်စွမ်း မရှိလေသည်လား။ ကျူးဟုန်ပင်းက မိဖုရားကြီး၏ တူဖြစ်ပြီး ဝန်ကြီးချုပ်ကျူး၏ မြေးဖြစ်၏။ ထို့ကြောင့်များ တစ်စုံတစ်ခု စိုးရွံ့နေသည်လား။

ပြီးနောက် နင်ယွမ်ရှန်းက တခြားသောအဖြေလွှာတစ်ခုကို ကောက်ယူလိုက်၏။ သူက နှစ်မိနစ်ထက် အနည်းငယ်သာ ဖတ်ရှုလိုက်၏။ သို့ပေမည့် အလုံးစုံ ကြောင်သွားခဲ့၏။ ဓမ္မဓိဋ္ဌာန်နှင့် တွက်ချက်မှုအားလုံးက မှန်ကန်လို့နေ၏။ မေးခွန်း ၁၂၀ လုံးက မှန်ကန်နေ၏။ ဤအရာက လူသားပင် ဟုတ်ပါရဲ့လား။ မွန်းစတား တစ်ကောင်ကောင်များ ဖြစ်နေသည်လား။

ပြီးနောက် သူက မြေရှင်ယာရှင်စနစ်အကြောင်းကို ဖတ်ရှု၏။ ဘုရင်မင်းမြတ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့၏။ သူက ခပ်မတ်မတ်ထိုင်ချလိုက်၏။

‘ကောင်းတယ်။ ကောင်းတယ်။ အရမ်းကောင်းတာပဲ’ ထိုစကားစုက သူ၏ နှလုံးသားထဲတွင် ပေါ်ပေါက်နေသည်။

ပိုမို၍ အရေးကြီးမားသည်မှာ မူဝါဒအသစ်နှင့်ပတ်သက်၍ အကောင်းမွန်ဆုံးသော အကြောင်းအရာများကို ရှာဖွေတွေ့ရှိပြီး ထုတ်နှုတ်ဖော်ပြထားခြင်းဖြစ်၏။ တကယ်ကို နက်နဲလွန်းပြီး ကြီးမားသည့် အမြင်ကိုလည်း ထုတ်ဖော်ထား၏။ ဤအရာက ယခင်မူဝါဒသစ်၏ အမိန့်အားလုံးကို ပြန်လည်အစားထိုးပြီး လောကကြီးတစ်ခုလုံးကို အသစ်အဖြစ် ပြန်လည်ကြေညာရမည့်အရာမျိုးကဲ့သို့ပင်။

ဘုရင်မင်းမြတ်နင်ယွမ်ရှန်းသည် ထိုအရာကို တွေးတောလိုက်မိသည့်အချိန်မှာတော့ တကယ် မချီးကျူးဘဲ မနေနိုင်ခဲ့ချေ။ နှိုင်းယှဉ်ရမည်ဆိုလျှင် ကျူးဟုန်ပင်း၏ စာတမ်းက မရင့်ကျက်သကဲ့သို့ပင် ခံစားရ၏။ ပြီးနောက် သူက ကဗျာနှင့် စကားပြေများကို သေသေချာချာ ဖတ်ရှု၏။

ဘုရင်မင်းမြတ်၏ မျက်လုံးများကပင် နီရဲလာခဲ့၏။ ဤအရာက နှလုံးသားနှင့် ရေးသားခဲ့ခြင်း မဟုတ်ချေ။ ဤအရာက အတွင်းစိတ်ဝိညာဉ်မှထွက်ကာ ရေးသားထားခဲ့သည့် နှလုံးသည်းပွတ် ကဗျာများပင် ဖြစ်၏။ တကယ်ကို ကြောက်မက်ဖွယ်ရာ ကောင်းပြီး ဆံပင်များပင်လျှင် ထောင်ထစေနိုင်သည်။

ဤကဗျာနှင့် ဤစကားပြေကို မည်သူက ရေးသားခဲ့သနည်း။ ကျိန်းသေပေါက် သူနှင့်တူညီသည့် စိတ်ဝိညာဉ် ယှဉ်ဖက်ပင် ဖြစ်ပေလိမ့်မည်။ လောကကြီးထဲတွင် ဤကဲ့သို့ တူညီသည့် အတွေးအခေါ်မျိုး ပိုင်ဆိုင်သူကို ရှာဖွေရန် ခက်ခဲလွန်းလှ၏။ ထူးခြားလွန်းသည့် ခံစားချက်များနှင့် ပြည့်နှက်နေသောကြောင့် ဘုရင်မင်းမြတ်က ကြက်သေသေနေ၏။

စာမေးပွဲစစ်ဆေးသူများက ဤကဲ့သို့သော စကားပြေကို သူ့ဆီသို့ ပေးပို့ခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ကျိန်းသေပင် ခက်ခဲသည့်အရာမျိုးပင် ဖြစ်၏။ ဤစကားပြေနှင့် ကဗျာကို သူတို့က ဖတ်ရှုပြီးသား ဖြစ်ပေလိမ့်မည်။ သို့ပေမည့် ကျူးဟုန်ပင်းကို ဒုတိယနေရာတွင်လည်း မထားရဲချေ။ ထို့ကြောင့်ပင်လျှင် ကျူးဟုန်ပင်းနှင့် ပတ်သက်သည့် ပြဿနာကို သူ့ဆီသို့ ပေးပို့လိုက်ခြင်း ဖြစ်သည်။

နင်ယွမ်ရှန်းက အဖြေကို အစောကြီးတည်းက သိရှိပြီး ဖြစ်၏။

“ပထမနေရာ… ကျိန်းသေပေါက် ပထမနေရာပဲ”

ကျူးဟုန်ပင်းက သူ၏ အနှစ်သက်ဆုံးသော ကလေးတစ်ယောက် ဖြစ်သည်ဆိုလျှင်တောင်မှ ဒုတိယနေရာကိုသာ ပေးနိုင်သည်။ ဒုတိယမြောက် သူ ဖတ်ရှုရသည့် အဖြေလွှာ၏ ပိုင်ရှင်က တကယ်ကို အံ့အားသင့်စရာ ဖြစ်ပြီး နတ်ပြည်မှ နတ်သားတစ်ပါး ဆင်းသက်လာကာ ရေးသားဖြေဆိုခဲ့သည့်ပုံစံ ပေါ်နေသည်။

“ဒီအဖြေလွှာက ဘယ်သူ့ဟာလဲ”

နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။ “ဒီလောက်ကောင်းတဲ့ ပါရမီရှင်မျိုးက ငါတို့နိုင်ငံမှာ ဘယ်အချိန်တုန်းက ပေါ်ပေါက်လာခဲ့တာလဲ”

All Chapters