← Chapters

အခန်း (၄၉၈)

Vol. 34 Ch. 498

အခန်း (၄၉၈)

Vol. 34 Ch. 498

စစ်ရေးဝန်ကြီးဌာနမှ အကြီးအကဲ စစ်ဆေးရေးမှူးက ပြောလိုက်၏။ “မိန်းမစိုးရှောင်လီ.. ဒီစာရင်းကို အရှင်မင်းကြီး ကြည့်ရှုဖို့ နန်းတော်ကို အရင်ပို့လိုက်ရင် မကောင်းဘူးလား”

လီအန်းက နှလုံးသားထဲတွင် မထီမဲ့မြင် ပြုံးလိုက်မိသည်။

‘ခင်ဗျားတို့ ဒီစာရင်းကို ထုတ်ပြန်ဖို့ မရဲတာ မဟုတ်ဘူးလား။ အကုန်လုံး ဂယက်ရိုက်ကုန်မှာ စိုးလို့ မဟုတ်လား။ ဒါတွေအားလုံးကို အရှင်မင်းကြီးရဲ့ ခေါင်းပေါ် ပုံချချင်တာပေါ့။ ခင်ဗျားတို့ရဲ့ ဒီလိုအရည်အချင်းတွေနဲ့ အတွင်းဝန်ရုံးထဲကို ရောက်ဖို့မပြောနဲ့ စစ်ရေးဗျူရိုအဖွဲ့ထဲကိုတောင် ဝင်နိုင်မှာ မဟုတ်ဘူး။ စစ်ရေးဝန်ကြီးဌာနက တကယ်ကို အသုံးမကျတာပဲ’

“ကောင်းပြီ။ ဒါဆိုရင် ကျုပ် ဒီစာရင်းကို ကူးပြီး အရှင်မင်းကြီး ကြည့်ရှုဖို့ ပို့လိုက်မယ်” တကယ်တန်းမှာတော့ အရှင်မင်းကြီးက သိုင်းစစ်ဆေးပွဲ၏ ရလဒ် မည်မျှ အဓိပ္ပာယ်မဲ့နေစေကာမူ တရားမျှတပြီး ဖြောင့်မတ် နေသမျှ ကာလပတ်လုံး အကြောက်အဝံ့မရှိ ထုတ်ဖော်၍ ရနိုင်သည်ဟု မိန့်ကြားထားခဲ့ပြီး ဖြစ်၏။ မိန်းမစိုး လီအန်းက အရှင်မင်းကြီးထံသို့ သတင်းကောင်းကို ကြိုတင်ကာ ပေးပို့လိုခြင်းသာလျှင် ဖြစ်၏။

စစ်ရေးဝန်ကြီးဌာန၏ အကြီးအကဲက ပြောသည်။ “ဒါဆိုရင် ကျုပ်ဒီနေရာမှာ မိန်းမစိုးရှောင်လီရဲ့ သတင်းကို စောင့်နေပါမယ်”

လီအန်းက စာရင်းကိုယူပြီး ထျန်းယွမ်အမဲလိုက်ကွင်းဆီမှ ထွက်ခွာပြီး နန်းတော်ဆီသို့ အပြေးသွားသည်။

..............

သိုင်းပညာ စစ်ဆေးပွဲ ကျင်းပရာ နေရာတွင် ခြောက်ခြားဖွယ်ရာ အပြောင်းအလဲများ ဖြစ်ပေါ်နေ၏။ အထူးစာပေ စစ်ဆေးပွဲတွင်လည်း ထိုနည်းတူစွာပင်။ အမှန်တကယ်တွင်တော့ တကယ့်ကို ထူးခြားသည့် အကြောင်းအရာများ ဖြစ်တည်နေခြင်းပင်။ ၃ ရက် ၃ ညတိုင်တိုင် စစ်ဆေးအကဲဖြတ်ပြီးနောက် စာစစ်သူ ခြောက်ဦးတို့က အောင်မြင်သည့် အဖြေလွှာ ၉၃ စောင်ကို ရွေးချယ်ပြီးဖြစ်၏။

သိုင်းပညာ စာမေးပွဲထက် ပိုမိုကာ ကောင်းမွန်သော်လည်း အောင်မြင်မှုရာခိုင်နှုန်းမှာတော့ နိမ့်ကျနေဆဲ ဖြစ်၏။ လူတစ်ရာပင် မပြည့်ချေ။ ဤလူများ အောင်မြင်ကြောင်း အတည်ပြုပြီးနောက် နောက်တစ်ဆင့်က ထိုသူတို့ကို အဆင့်သတ်မှတ်ရန် ဖြစ်၏။ ဤသည်မှာ တစ်နေ့နှင့် တစ်ညလုံးလုံး ကြာမြင့်ခဲ့၏။

အရူးလန်၏ အဖြေလွှာက မျက်စိမှိတ်၍ပင် ပထမနေရာသို့ သတ်မှတ်နိုင်သည့် အရာမျိုး ဖြစ်၏။ ကျူးဟုန်ပင်းကလည်း တကယ့်ကို အထင်ကြီးစရာ ကောင်း၏။ မျက်စိမှိတ်၍ ဒုတိယနေရာ၌ ထားနိုင်၏။ အဖြေလွှာက တကယ့်ကို အဆင့်သတ်မှတ်ရန် ခက်ခဲလှ၏။ သို့ပေမည့် မည်မျှခက်ခဲသည်ဆိုကာမူ အဆင့်သတ်မှတ်ချက်ကို ပြုလုပ်ရပေမည်။

ထို့ကြောင့် အငြင်းအခုံများ၊ မဲခွဲဆုံးဖြတ်မှုများ၊ အကြီးအကျယ် စစ်ဆေးမှုများ၊ မဲပေးမှုများ ပေါ်ပေါက်လာခဲ့၏။ နောက်ဆုံးမှာတော့ ပထမနေရာမှ ၉၃ နေရာထိ အားလုံးကို ဆုံးဖြတ်ပြီးစီးခဲ့၏။ ထို့နောက် နာမည်များကို ဖွင့်ဖောက် ကြည့်ရှုရမည့်အချိန်သို့ ရောက်ရှိလာခဲ့၏။

စစ်ဆေးရေးမှူး ခြောက်ဦးလုံးက အလွန်တရာကြီးမားသည့် မျှော်လင့်ချက်များနှင့် ပြည့်နှက်လျက် ရှိ၏။ သူတို့က စိတ်လှုပ်ရှားဖွယ်ရာ အဖြေကို သိလိုစိတ်ဖြင့် ရက်ပေါင်းများစွာ ဖြတ်သန်းခဲ့ခြင်း ဖြစ်၏။ ကျူးဟုန်ပင်းကိုပင် အနိုင်ယူဖြိုခွင်းနိုင်ခဲ့သည့် ပါရမီရှင်က မည်သူဖြစ်မည်နည်း။

ထူးခြားလွန်းသည့် မူဝါဒစာတမ်းမျိုးကို ရေးသားနိုင်ခဲ့သည့်အပြင် တမူဆန်းသည့် ကဗျာမျိုးကို ရေးသားနိုင်ခဲ့ခြင်း ..... ထိုသူက မည်ကဲ့သို့သော လူမျိုးဖြစ်မည်နည်း။ စစ်ဆေးရေးမှူးများက တကယ့်ကို စိတ်ပါဝင်စားလျက် ရှိနေ၏။ စစ်ဆေးရေးမှူးအားလုံးတို့က အဖြေလွှာအားလုံးကို စစ်ဆေးခဲ့ပြီး ဗလာစာရွက်ဟူ၍ တစ်ရွက်မှ မရှိကြောင်း မြင်ရ၏။ အရူးလန်က ဗလာစာရွက်ကို တင်သွင်းခဲ့ခြင်း မရှိဟု သတ်မှတ်ရပေမည်။

ပြီးနောက် စစ်ဆေးရေးမှူးတစ်ဦးက အဓိပ္ပာယ်မရှိသည့် အဖြေလွှာတစ်ခုကို တွေ့ရှိတိုင်း တခြားသူများကို ခေါ်ကာ ကြည့်ရှုစေပြီး အရူးလန်၏ အဖြေလွှာ ဖြစ်မည်ဟု ပြောဆိုခဲ့၏။ အရူးလန်သာ မဟုတ်ပါက အဘယ်သို့ ဤမျှ ညံ့ဖျင်းနေမည်နည်း။ လူတိုင်းက အဆိုးဝါးဆုံးသော အဖြေလွှာများကို အရူးလန်ဖြစ်ကြောင်း ခေါင်းပုံချလျက် ရှိနေ၏။

အဆိုးဝါးဆုံး အဖြေလွှာပိုင်ရှင်က မေးခွန်းစုစုပေါင်း ၁၂၀ ၌ သုံးခုသာလျှင် မှန်ကန်အောင် ဖြေဆိုနိုင်၏။ ကျိန်းသေပေါက် ဤသူက အရူးလန်သာလျှင် ဖြစ်ပေလိမ့်မည်။ အရူးလန်ကဲ့သို့ ပညာမတတ်သည့်သူ တစ်ဦးတည်းမှသာလျှင် ဤမျှညံ့ဖျင်းသည့် ရလဒ်ကို ရရှိမှာ ဖြစ်၏။ သို့ပေမည့် ညံ့ဖျင်းသည့် အဖြေလွှာများက ဆယ်စောင်ထက်မနည်း ရှိလို့နေပြန်သည်။

စာစစ်သူများအဖို့ သူတို့၏ အသိဉာဏ်နှင့် ဂုဏ်သိက္ခာကို စော်ကားခံလိုက်ရသကဲ့သို့ပင် ဖြစ်လို့နေ၏။

“ဘယ်ခွေးသူတောင်းစားတွေလဲ”

သူတို့က အရူးလန်တစ်ယောက်တည်းသာ ရှိမည်ဟု ထင်ခဲ့၏။ သို့ပေမည့် အဘယ်ကြောင့် ဤမျှ များပြားနေရသနည်း။

“မင်းတို့ကို အထူးစာမေးပွဲ ဝင်ရောက်ဖြေဆိုဖို့ ဘယ်သူတွေကများ သတ္တိပေးလိုက်တာလဲ”

“မင်းတို့ရဲ့ ရလဒ်တွေ ဒီလောက် ညံ့ဖျင်းနေတာ မင်းတို့ရဲ့ မိဘတွေရော သိရဲ့လား”

“မင်းတို့ စာမေးပွဲလာဖြေတာလား။ ဒီကိုလာပြီး ဟာသလုပ်နေတာလား”

“နန်းတွင်းစာမေးပွဲရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားလဲ”

“သူတော်စင်ကြီးရဲ့ ဂုဏ်သိက္ခာက ဘယ်ရောက်သွားလဲ”

ဟုတ်ပေ၏။ တကယ့်ကို ညံ့ဖျင်းသည့် ကျောင်းသားအားလုံးတို့က နန်းတွင်းကျောင်းဆီမှ ရောက်ရှိ လာသည့်လူများလည်း ဖြစ်၏။ ထိုသူအားလုံးတို့က ကြွယ်ဝချမ်းသာသည့် မျိုးဆက်များလည်း ဖြစ်၏။

ဤအချက်တွင် အရှင်မင်းကြီး နင်ယွမ်ရှန်းက အောက်ခြေစည်းမျဉ်းဟူ၍ မရှိကြောင်း သိသာနိုင်၏။ ပိုက်ဆံရရှိရန်အတွက် သူက နန်းတွင်းကျောင်း၌ တက်ရောက်ရန် အမှိုက်သရိုက်များကိုပင် လက်ခံခဲ့သည်။

“မြန်မြန်... မြန်မြန်၊ ကျူးဟုန်ပင်းကို အနိုင်ယူသွားခဲ့တဲ့ ဉာဏ်ပညာရှင်က ဘယ်သူလဲ ငါသိချင်နေပြီ”

“ငါတို့ရဲ့ နိုင်ငံမှာ ဒီလိုမကောင်းဆိုးဝါးမျိုး ဘယ်အချိန်တည်းက ပေါ်ပေါက်လာခဲ့တာလဲ”

စစ်ဆေးရေးမှူးများက မျက်တောင်ပင် မခတ်ကြချေ။ မျက်လုံးကို အကျယ်ဆုံး ဖွင့်ပြီးနောက် ပထမ ရရှိမည့်သူ၏နာမည်ကို ဖွင့်ကြည့်လိုက်ကြ၏။ ပထမဦးဆုံး အဖြေလွှာပေါ်တွင် ဖုံးကွယ်ထားသည့် စာရွက်ကို ် ဆွဲဖြုတ်လိုက်၏။ ပြီးနောက် လူတိုင်းက ကြက်သေ သေသွားခဲ့၏။

‘လန်ရီ’ ဤလူက မည်သူဖြစ်သနည်း။ အထူးစာမေးပွဲမှာ ဤကဲ့သို့သော လူရှိနေသေးသည်လား။ အမှန်တကယ်ပင် စစ်ဆေးရေးမှူး ခြောက်ဦးလုံးက မည်သို့မှ တုံ့ပြန်နိုင်ခြင်း မရှိချေ။

အချိန်အတော်ကြာ တွေဝေပြီးသည့်နောက် စစ်ဆေးရေးမှူးတစ်ဦးက ထိတ်လန့်တကြားဖြင့် လှမ်းကာ ပြောလိုက်သည်။ “လန်ရီဆိုတာ အရူးလန်ကို ပြောတာပဲ”

ထိုစကားစု ထွက်ပေါ်လာသည့်အချိန်မှာတော့ ဤနေရာတွင် ရှိနေသည့် လူပေါင်းများစွာတို့၏ ဦးရေပြားများက ထုံကျင်သွားခဲ့ကြ၏။ သူတို့၏ လောကအမြင်တစ်ခုလုံးက ဖြိုလှဲခံလိုက်ရ၏။

လန်ရီက အရူးလန်လား။ ဆယ်နှစ်ကျော် လေလွင့်ခဲ့ပြီး စာကိုပင် ကောင်းကောင်းမွန်မွန် တစ်ခါမှ မသင်ကြားဖူးသည့် သူတောင်းစားက လန်ရီဖြစ်နေသည်လား။

ထိုသူက တကယ့်ကို တွေ့ရခဲသည့် မူဝါဒစာတမ်းနှင့် နှစ်ထောင်ချီ ဂန္တဝင်ဖြစ်နိုင်မည့် ကဗျာတစ်ပုဒ်ကို ရေးသားခဲ့သည်လား။ ရူးသွပ်သွားသည်လား။ လောကကြီးတစ်ခုလုံးကပင် ရူးသွပ်သွားသည်လား။

“ဒီအရူးလန်က စာမေးပွဲဖြေတဲ့ တစ်လျှောက်လုံး အိပ်နေခဲ့တာ မဟုတ်ဘူးလား” စာစစ်သူတစ်ဦးက တွေတွေဝေဝေဖြင့် ပြောလိုက်၏။

“မဟုတ်ဘူး။ အချိန်ပြည့် အိပ်နေတာ မဟုတ်ဘူး။ သူက စာမေးပွဲတိုင်းကို ဖြေဆိုခဲ့တယ်။ တစ်ခါတစ်လေ နှစ်နာရီ၊ တစ်ခါတစ်လေ တစ်နာရီတောင် မပြည့်ဘူး”

“ဒီပုံအတိုင်းဆိုရင် သူက စာမေးပွဲဖြေပြီးမှ တန်းအိပ်တာပေါ့”

“ဟုတ်တယ်”

“စာမေးပွဲဒုတိယနေ့ရဲ့ နှစ်တစ်ရာမှာ တစ်ခါသာ တွေ့ရတဲ့ မြေရှင်ယာရှင်စနစ်အကြောင်းဆိုတဲ့ စာတမ်းကို အပြီးသတ်ဖို့ သူက နှစ်နာရီတောင် အချိန်မယူခဲ့ဘူးပေါ့”

“ပထမနေ့မှာ မေးခွန်းပေါင်း ၁၂၀ ကျော်ရှိတယ်။ သူက တစ်နာရီပဲ အသုံးပြုခဲ့တာလား။ နောက်ဆုံးနေ့မှာဆိုရင် နာရီဝက်တောင် မပြည့်တဲ့အချိန်ကိုပဲ အသုံးပြုခဲ့တာပေါ့”

“ဒါ၊ ဒါ... ဉာဏ်ကြီးရှင်တော့ မဟုတ်တော့ဘူး။ ဒါ လုံးဝကို မကောင်းဆိုးဝါးပဲ”

တကယ့်ကို ကြောက်မက်ဖွယ်ရာကောင်းပြီး ထိတ်လန့်တုန်လှုပ်စရာလည်း ကောင်းလွန်း၏။ စာစစ်သူ ခြောက်ဦးတို့က သူတို့ကို မေ့ဆေးပေးလိုက်သည့်ကဲ့သို့ပင်။ တည်နေရာတစ်ခုလုံးတွင် တွေဝေငေးငိုင်စွာဖြင့် ငြိမ်ငြိမ်သက်သက် ရပ်လို့နေ၏။ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့၏။

စစ်ဆေးရေးမှူးတစ်ဦးက ပြောလိုက်သည်။ “စာမေးပွဲမေးခွန်းများ ပေါက်ကြားသွားခဲ့တာလား။ ဒါမှမဟုတ် လိမ်ညာလှည့်ဖြားပြီး ဖြေဆိုတာများ ရှိနိုင်လား”

အားလုံးက တိတ်ဆိတ်သွားခဲ့၏။ စာမေးပွဲမေးခွန်း ပေါက်ကြားသွားခဲ့ပုံ ပေါ်၏။

“စာမေးပွဲမေးခွန်း ပေါက်ကြားသွားခဲ့တယ်ဆိုရင် မြေရှင်ယာရှင်စနစ်အကြောင်းကို ဘယ်သူ ရေးနိုင်လဲ။ ပြီးတော့ တောငန်းငှက်အကြောင်း ကဗျာနဲ့ ဂဠုန်လင်္ကာအကြောင်းကို ဘယ်သူက ရေးနိုင်လဲ။ မူဝါဒစာတမ်းကို သွေး၊ ချွေး၊ မျက်ရည်နဲ့ရင်းပြီး တစ်ယောက်ယောက်က ရေးသားနိုင်တယ်ဆိုတာ ထားပါဦး။ ကျန်နေတဲ့ ကဗျာတွေနဲ့ လင်္ကာတွေကိုတော့ ဉာဏ်ကြီးရှင်တစ်ယောက် မဟုတ်ရင် ဘယ်လိုဆက်ပြီး ရေးနိုင်မှာလဲ”

ဤကိစ္စများက အရေးမကြီးတော့ချေ။ အဓိကအချက်က နောက်ဆက်ပြီး ဘာလုပ်ရမည်ဆိုသည့် အကြောင်းအရာသာ ဖြစ်၏။ အရူးလန်က ပထမနေရာကို ရရှိသွား၏။ ဤအဆင့်သတ်မှတ်ချက်ကိုသာ ကြေညာလိုက်ပါက နန်းမြို့တော်တစ်ခုလုံး တုန်လှုပ်သွားပေလိမ့်မည်။

မရေတွက်နိုင်သည့် စာမေးပွဲဖြေဆိုသူအားလုံးတို့က စာစစ်သူအားလုံးအပေါ် တံတွေးနှင့် ဝိုင်းကာ ထွေးကြမှာဖြစ်ပြီး စာစစ်သူခြောက်ဦးလုံးက ထိုတံတွေးခွက်ထဲတွင် ပက်လက်မျောပေတော့မည်။ ဤအရာက လိမ်ညာလှည့်ဖြားခြင်း ဖြစ်ကြောင်း အားလုံးက အော်ဟစ်ကြပေလိမ့်မည်။ ဤအရာက သူတို့ ကိုင်တွယ်ဖြေရှင်းနိုင်သည်ထက် ကျော်လွန်လို့နေ၏။

“အရှင်မင်းကြီးဆီကို တင်ပြလိုက်”

“သူ့ကိုပဲ ဆုံးဖြတ်ပါလေ့စေ”

..............

နန်းတော်အတွင်း အရှင်မင်းကြီး နင်ယွမ်ရှန်းက တစ်ခါမှ မကြုံစဖူး တုန်လှုပ်ခြောက်ခြားလျက် ရှိနေ၏။ အထူးစာပေစစ်ဆေးပွဲတွင် အရူးလန်က ပထမနေရာကို ရရှိခဲ့ကြောင်း သူ သိရှိပြီး ဖြစ်၏။ ဤရလဒ်အတွက် သူက အံ့အားသင့်ပြီး ဖြစ်လို့နေသည်။

သို့သော်ငြား ကျန်ရှိနေသည့် သူတောင်းစား ဆယ်ယောက်လုံးကလည်း သိုင်းပညာ စစ်ဆေးမှုကို အောင်မြင်ခဲ့၏။ ဤတစ်ကြိမ် တုန်လှုပ်မှုက ပိုမိုကာ ကြီးမား၏။ စိတ်ကူးထဲတွင်ပင် ထည့်၍မရလောက်အောင် ကြီးမားသည့် အကြောင်းအရာတစ်ခု ဖြစ်၏။ မည်သို့လုပ်လိုက်သနည်း။ မယုံကြည်နိုင်စရာ ကောင်းလှချေ၏။

ရှမ့်လန်က ယခင်က အံ့အားသင့်စရာ ကိစ္စရပ်များကို ဖန်တီးခဲ့ဖူးသည်ဆိုသော်လည်း နင်ယွမ်ရှန်းအတွက်မူ ဤတစ်ကြိမ်က မည်သည့်အရာများနှင့်မှ နှိုင်းယှဉ်၍ မရနိုင်ခဲ့ချေ။ တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလွန်းလှသည်။

သူတောင်းစား ဆယ်ယောက်သည် ယခင်က ဒုက္ခိတ မသန်မစွမ်းများ ဖြစ်ပြီး ထိုသူတို့ကို တစ်လအတွင်း ထူးချွန်သည့် သိုင်းပညာရှင်များအဖြစ် လေ့ကျင့်ပေးခဲ့ပြီး သိုင်းပညာစာမေးပွဲကိုပင် အောင်မြင်အောင် ဖြေဆိုနိုင်စေခဲ့၏။ ဤသည်က အိမ်မက်တစ်ခု မက်နေသည်ဟူ၍ပင် ထင်မှတ်ရ၏။ သို့ပေမည့် ရှမ့်လန်က ဤအရာကို အမှန်တကယ်ပင် ပြုလုပ်နိုင်ခဲ့၏။

“ဒီခွေးသူတောင်းစား... ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒါပေမဲ့ မင်း ဒီလို လုပ်နိုင်မှန်းသိရင် ဘာလို့ငါ့ကို ကြိုပြီး အသိမပေးရတာလဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက လန်ညီအစ်ကို ဆယ်ယောက်လုံးကို နန်းမြို့တော်ဆီ ခေါ်လာတုန်းကတောင် ရိုးရိုးခေါ်မလာဘဲ မြင်းရဲ့ကျောပေါ်မှာ ကြိုးတုတ်ပြီး ခေါ်လာခဲ့တယ်။ ဒါတမင်တကာ လုပ်ခဲ့တာပဲ။ တကယ့်ကို ဆိုးသွမ်းလွန်းတယ်။ ဒီရှမ့်လန် ... ခွေးကောင်... လောကကြီးကို လှည့်စားရုံတင် မကဘူး။ ငါ့ကိုပါ လှည့်စားပြီး အရူးလုပ်သွားတာကိုး။ ဘုရင်ကို လိမ်ညာတာ။ ဒါ ဘုရင်ကို လိမ်ညာတာကွ”

လီစွမ်းနှင့် လီအန်းတို့က ခေါင်းများကို ငုံ့ထားမိ၏။ ‘အရှင်မင်းကြီး... ကျုပ်တို့ကို ဒီလိုစကားလုံးတွေ ဆက်ပြီး မပြောလို့ မရဘူးလား။ မင်းကြီးက ပြောရတာ မမောဘူးဆိုပေမဲ့ ကျုပ်တို့က နားထောင်ရတာ မောလှပြီ။’

လီအန်းက ပြောလိုက်၏။ “စစ်ဆေးရေးမှူး နှစ်ယောက်လုံးက ဆုံးဖြတ်ချက်မချနိုင်ဘဲ ဖြစ်နေပါတယ်။ သူတို့က အရှင်မင်းကြီး ဆုံးဖြတ်ချက်ပေးမှာကို စောင့်နေပါတယ်”

နင်ယွမ်ရှန်းက မထီမဲ့မြင် ပြုံးလိုက်သည်။ “သူတို့က ဘာလို့ ဆုံးဖြတ်ချက်မချနိုင်ရတာလဲ။ ဒီတစ်ကြိမ် စာမေးပွဲမှာပဲ ဖြစ်ဖြစ် သိုင်းပညာ စစ်ဆေးမှုမှာပဲ ဖြစ်ဖြစ် အရာအားလုံးက တရားမျှတပြီး ဖြောင့်မတ်ခဲ့တယ်။ ဘာလိမ်ညာမှုမှ မရှိခဲ့ဘူး။ ဒီလိုဆိုမှတော့ ဘာဖြစ်လို့ ငါတို့က မကြေညာနိုင်ရမှာလဲ”

လီအန်းက ပြောလိုက်၏။ “ကြေညာလိုက်ရင် ဖြစ်လာမယ့် ဂယက်ရိုက်မှုတွေကို မခံနိုင်မှာ စိုးရိမ်နေကြတာပါ”

“အသုံးမကျတဲ့ကောင်တွေပဲ”

နင်ယွမ်ရှန်းက ပြောလိုက်သည်။ “ဒါက တကယ့်ကို တုန်လှုပ်စရာ ကောင်းလွန်းလို့ အရူးလန်နဲ့ လူဆယ်ယောက်ကို ငါက ပယ်ဖျက်ပစ်ရမှာလား။ ဒီလို သာမန်ညံ့ဖျင်းပြီး အရည်အချင်း မရှိတဲ့သူတွေအတွက် ငါက ထိပ်တန်းပါရမီရှင်တွေကို လက်လျှော့အရှုံးပေးပြီး လွှတ်ပစ်ရမှာလား”

နင်ယွမ်ရှန်းက အတိုင်းမသိ ဝမ်းမြောက်လို့နေခဲ့၏။ ကျေနပ်စရာ ကောင်းလွန်းလှချေ၏။ ပြီးခဲ့သည့် တစ်လလုံးလုံး သူက လူပေါင်းများစွာတို့၏ စိတ်တိုင်းမှ ကျိန်ဆဲခြင်းကို ခံခဲ့ရ၏။ မင်းမှုရေးရာဌာနမှ အရာရှိအားလုံးက သူ့ကို လာရောက် တိုင်တည်ဖူးကြ၏။

အပေါ်ယံက ပြောဆိုမည်ဆိုလျှင် သူတို့က ရှမ့်လန်ကို အပြစ်တင် စွပ်စွဲလျက် ရှိနေသည်ဆိုသော်လည်း အမှန်တကယ်တမ်းမှာတော့ သူတို့က သူ ... နင်ယွမ်ရှန်းကို ပစ်မှတ်ထားခြင်းသာ ဖြစ်၏။ သူ ... နင်ယွမ်ရှန်း၏ နှာခေါင်းကိုထောက်ပြီး ‘ခင်ဗျားက အသုံးမကျသည့် ဘုရင်’ ဟု လာရောက်ကာ ပြောဆိုလုမတတ်ပင်။

အခု နောက်ဆုံးမှာတော့ သူက ခေါင်းမော့ ရင်ကော့နိုင်ပြီ ဖြစ်၏။ လောကကြီးတစ်ခုလုံး၏ မျက်နှာကို အရှိန်ပြင်းပြင်းနှင့် ဖြတ်ရိုက်လိုက်ရသည့် ခံစားချက်က တကယ့်ကို ကောင်းမွန်လွန်း၏။ သူ .... နင်ယွမ်ရှန်းက မထင်မရှား ညံ့ဖျင်းလွန်းသည့် ဘုရင်တစ်ယောက် မဟုတ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူက အရည်အချင်း ရှိပြီး ပါရမီရှင်များကို မြင်နိုင်သည့် မျက်စိရှိ၏။

‘မင်းတို့တွေကမှ မျက်လုံးကန်းပြီး ညံ့ဖျင်းလွန်းတဲ့ ကောင်တွေပဲ”

“စာရင်းကို ထုတ်ပြန်လိုက်ကြစမ်း။ ဘာတွေကို စောင့်နေတာလဲ။ မိုးချုပ်နေပြီ။ လီစွမ်း...စစ်ရေးဗျူရိုကို ချက်ချင်းသွား။ လီအန်း... မင်းက စာမေးပွဲခန်းမကို သွား။ ချက်ချင်း စာရင်းထုတ်ပြန်ဖို့ ပြောလိုက်။ ပြီးတော့ ဒါတင်မကသေးဘူး။ စာပေစာမေးပွဲနဲ့ သိုင်းပညာစာမေးပွဲ နှစ်ခုလုံးကို တစ်ခါတည်း ထုတ်ပြန်ခိုင်းလိုက်”

“အမိန့်တော်အတိုင်းပါ အရှင်မင်းကြီး” လီစွမ်းနှင့် လီအန်းတို့က သူတို့၏ အလုပ်များကို လုပ်ဆောင်ရန် အလျင်အမြန်နှင့် ထွက်ခွာသွားခဲ့ကြသည်။

အရှင်မင်းကြီးသည် တခြားသောသူများ၏ မျက်နှာကို ဖြတ်ရိုက်ပေတော့မည်။ ဟုတ်ပေ၏။ သူတို့က တကယ့်ကို စိတ်လှုပ်ရှားမိ၏။

.....................

All Chapters