← Chapters

အခန်း (၄၉၉)

Vol. 34 Ch. 499

အခန်း (၄၉၉)

Vol. 34 Ch. 499

စာမေးပွဲခန်းမ၏ အပြင်ဘက်မှာတော့ စာပေစစ်ဆေးပွဲ၌ ဝင်ရောက်ဖြေဆိုခဲ့သည့် လူပေါင်း ၂၀၀၀ ကျော်တို့က စောင့်ဆိုင်းနေ၏။

သိုင်းစာမေးပွဲ၏ အပြင်ဘက်မှာတော့ ရလဒ်ကို စောင့်ဆိုင်းနေသည့် လူရာဂဏန်း အနည်းငယ်သာ ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူတို့က ဖြုတ်ထုတ်ပယ်စနစ်ကို အသုံးပြုခဲ့သောကြောင့် အောင်မြင်မည်၊ မအောင်မြင်မည်ကို ကြိုတင်ကာ သိရှိပြီးသား ဖြစ်၏။ တစ်ခုတည်းသော စိတ်လှုပ်ရှားစရာက အဆင့် သတ်မှတ်ခြင်းသာ ဖြစ်သည်။

ထို့အပြင် ရလဒ်ကို စောင့်ဆိုင်းနေသူ ထောင်ပေါင်းများစွာကလည်း ရှိနေသေး၏။ ထိုအရာက လူချမ်းသာများ၏ အစေခံများ၊ လူမိုက်များအပြင် ရှမ့်လန်နှင့် အလောင်းအစားပြုလုပ်ထားခဲ့သည့် လူများလည်း ပါဝင်၏။ ဤတစ်ကြိမ် ရှမ့်လန် ရှုံးနိမ့်မှာ သေချာ၏။ လူတိုင်းက ရှမ့်လန်၏မျက်နှာကို တံတွေးနှင့် ထွေးရန် စောင့်ဆိုင်းနေကြ၏။

နေဝင်သွားခဲ့ပြီ ဖြစ်၏။ လူအုပ်ကြီးကလည်း ပိုမိုကာ စိုးရိမ်လာခဲ့ပြီး မရိုးမရွဖြစ်လာ၏။ အဘယ့်ကြောင့် ရလဒ်က ထွက်ပေါ်မလာရသေးသနည်း။ ယခင်တစ်ကြိမ်စာမေးပွဲ ထုတ်ပြန်မှုထက် နှစ်နာရီကျော် ပိုမိုကာ နောက်ကျနေ၏။ တစ်ခုခု ဖြစ်နေသည်လား။ သို့မဟုတ် ရှမ့်လန်က တစ်စုံတစ်ခုကို လိမ်ညာခဲ့သည်လား။

လိမ်ညာမှုများ ရှိနေသည်ဆိုလျှင်တောင် အရေးမကြီးချေ။ အရင်ဆုံး ရလဒ်ကို ထုတ်ပြန်သင့်၏။ အရူးလန်နှင့် သူတောင်းစား ဆယ်ယောက်တို့ အောင်မြင်မှု မရဘူးဆိုတာ သေချာသည်နှင့် သူတို့က ရှမ့်လန်ကို တံတွေးနှင့် ထွေးလို့ရပြီ ဖြစ်၏။ ရုတ်တရက် လူအုပ်ကြီးက ကွဲသွား၏။ လူတစ်ယောက် ရောက်ရှိလာခဲ့သောကြောင့်ပင်။

“သခင်လေးကျူး”

“သခင်လေးကျူး”

လူတိုင်းက ဦးညွှတ်ကာ အရိုအသေပေးကြ၏။ အဘယ့်ကြောင့်ဆိုသော် ရောက်ရှိလာခဲ့သူက ကျူးဟုန်ပင်း ဖြစ်သောကြောင့်ပင်။ စစ်မှန်သည့် ပါရမီရှင်တစ်ဦးပင် ဖြစ်၏။

“သခင်လေးကျူး... သခင်လေးကိုယ်တိုင် ရလဒ်ကို လာကြည့်တာလား”

“သခင်လေးကျူး.... သခင်လေး လာစရာ မလိုပါဘူး။ သခင်လေးက ပထမရမှာ သေချာတာပဲကို”

“ဟုတ်ပ။ သခင်လေးကျူးသာ ပထမ မရခဲ့ဘူးဆိုရင် မနက်ဖြန် အနောက်ဘက်က နေထွက်တော့မှာပဲ”

လူတိုင်းက မြှောက်ပင့်ပြောဆိုနေသော်လည်း သူတို့၏ စိတ်ထဲတွင် တစ်ခုတည်းသာရှိ၏။ ကျူးမိသားစု၏ လူထုသဘောထားကို ထိန်းချုပ်နိုင်စွမ်းမှာ တကယ့်ကို အောင်မြင်ကြောင်း သိရှိနိုင်၏။ ကျူးဟုန်ပင်းက မနာလိုဖြစ်လောက်စရာပင် လူကြိုက်များ ထင်ရှားလွန်းသည့်လူတစ်ယောက် ဖြစ်၏။

“သခင်လေးကျူးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းတည်းက ပထမရသင့်ခဲ့တာ။ ဝန်ကြီးချုပ်ကျူးက တားဆီးထားခဲ့လို့ပဲ။ မဟုတ်ရင် စံချိန်တွေတောင် ကျော်ဖြတ်နေလောက်ပြီ”

“ဟုတ်တယ်”

“ဟုတ်တယ်။ သခင်လေးကျူးသာ ပထမ မရဘူးဆိုရင် ကျုပ် ကိုယ့်မျက်လုံးကိုယ်တောင် ဖောက်ထုတ် ပစ်လိုက်မယ်”

“ဟုတ်တယ်။ အရူးလန် အောင်သွားရင်လည်း ကျုပ် ကိုယ့်မျက်လုံးကိုယ် ဖောက်ထုတ်မယ်။”

ကျူးဟုန်ပင်းက တည်ငြိမ်စွာ ပြုံးလိုက်၏။ ရလဒ်ထုတ်ပြန်မည်ကိုသာ သူက ငြိမ်ငြိမ်သက်သက်နှင့် စောင့်ဆိုင်းလျက် ရှိနေ၏။ သူ၏အမူအရာကို လူပေါင်းများစွာတို့က သဘောကျ၏။

ဝန်ကြီးချုပ်၏မြေး၊ မိဖုရားခေါင်ကြီး၏ တူတော်မောင်တစ်ယောက် ဖြစ်သော်လည်း မာနထောင်လွှားခြင်း မရှိချေ။ ရလဒ်ကို မိမိကိုယ်တိုင် လာရောက်ကာ ကြည့်ရှုလနေ၏။ နိုင်ငံ၏ နံပါတ်တစ် ပါရမီရှင်တစ်ယောက် ဖြစ်သည်မှာ ထိုက်တန်လှချေသည်။

“ရှမ့်လန် ဘယ်ရောက်သွားလဲ” တစ်စုံတစ်ယောက်က မေးလိုက်၏။

“ရှမ့်လန်... ဒီဒုက္ခအိုးကောင် ဘယ်လိုလုပ် လာရဲမှာလဲ။ ရှုံးမှာ သေချာနေတဲ့ကိစ္စကို လာတာနဲ့ တံတွေးခွက်ထဲ မျောသွားမှာပေါ့”

“လောင်းကြေးစာရွက်ပေါ်မှာ အဖြူအမဲ ရှင်းရှင်းလင်းလင်း ရေးထားတယ်။ ဒီကိစ္စက ကျိန်းသေပေါက် ရှုံးမယ့်ကိစ္စမလား။ သူသာ လာမယ်ဆိုရင် တံတွေးနဲ့ ဝိုင်းပြီး ထွေးခံရမှာပေါ့”

“သူက စာရွက်ပေါ်မှာ လက်မှတ်တောင် ရေးထိုးထားခဲ့တယ်လေ။ ရှမ့်လန်က လောင်းကြေးကို ပယ်ဖျက်ရဲလိမ့်မယ်လို့တော့ ကျုပ်ကို လာမပြောနဲ့နော်”

“အင်း...ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ့်လန်ရဲ့မျက်နှာကို တံတွေးနဲ့ ထွေးဖို့ ကျုပ် သုံးရက် သုံးညတိုင်တိုင် စောင့်နေရတာ။ သူသာ မလာရင် ဘယ်လိုလုပ်မလဲ”

“ရလဒ်ထွက်လာပြီဆိုရင် ကျုပ်တို့ ချက်ချင်း နင်ကျန်းအိမ်တော်ကို သွားပြီး ရှမ့်လန်ကို သွားဝိုင်းကြမယ်။ သူ အပြင်ကို ထွက်လာတာနဲ့ ချက်ချင်း သူ့ကို တံတွေးနဲ့ ဝိုင်းထွေးမယ်။ ပြီးတော့ စာချုပ်ပေါ်မှာ ကျုပ်တို့ သေသေချာချာ ရေးသားထားခဲ့တယ်။ ဘုရင်မင်းမြတ်ဆီကို ဒီစာချုပ်တင်ပြပြီး တရားစွဲလို့တောင်ရတယ်”

ထိုအချိန်မှာတော့ တစ်စုံတစ်ယောက်က နှာခေါင်းရှုံ့လိုက်၏။ “အရှင်မင်းကြီးက သူ့ကို ကာကွယ်ပေးနိုင်တော့မှာ မဟုတ်ဘူး။ ဒီတစ်ကြိမ် အရူးလန်နဲ့ သူတောင်းစား ဆယ်ယောက်တို့က အောင်မြင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အရူးလန်က စာမေးပွဲဟောခန်းထဲမှာတောင် အိပ်ခဲ့သေးတယ်။ အရှင်မင်းကြီးအတွက် တကယ့်ကို ကျက်သရေယုတ်ခဲ့တာပဲ။ ဒါဆိုရင် ရှမ့်လန်က ဘုရင်မင်းမြတ်ကို လိမ်ညာလှည့်စားခဲ့တဲ့ ပြစ်မှုကို ကျူးလွန်ခဲ့တာပဲ”

“ရလဒ်ထွက်ပေါ်လာတာနဲ့ တပြိုင်နက် သူတောင်းစား ဆယ်ယောက်လုံးက ကျိန်းသေပေါက် ခေါင်းဖြတ်သတ် ခံရလိမ့်မယ်။ ရှမ့်လန်ကလည်း သေလုမတတ် ဒုက္ခရောက်လိမ့်မယ်။ သူက အပြစ်ပေးမှုကနေ ရှောင်လွဲနိုင်မှာ မဟုတ်ဘူး။ သူ ဒုက္ခရောက်ပြီပဲ”

ထိုစကားကိုကြားသည့်အချိန်မှာတော့ အားလုံးက အဓိပ္ပာယ်ရှိသလို ခံစားမိ၏။ ထိုအချိန်မှာတော့ လူအုပ်ကြီး တစ်ခုလုံးက အုတ်အော်သောင်းတင်း ဖြစ်သွားသည်။ “ရှမ့်လန် ရောက်လာပြီ”

“ရှမ့်လန် ရောက်လာပြီ”

“ဒီသမက်တော် တကယ့်ကို လာရဲတာပဲ”

“ဒီခွေးသူတောင်းစားလေးက လောကကြီးမှာ သေခြင်းတရားဆိုတဲ့ စာလုံးကို ဘယ်လိုရေးရမလဲဆိုတာ ကောင်းကောင်း သိတဲ့ပုံ မပေါ်ဘူး”

“ဟွန်း... သူက တကယ့်ကို တံတွေး ဆာနေတာပဲ ဖြစ်လိမ့်မယ်”

ပြီးနောက် ကွင်းပြင်တစ်ခုလုံးက သလိပ်ထုတ်သည့် အသံများနှင့် ပြည့်နှက်သွားခဲ့၏။ လူပေါင်းများစွာတို့က သလိပ်ထုတ်လျက် ရှိနေ၏။

ရှမ့်လန်၏ဘေးတစ်ဖက်တွင် အနည်းဆုံး အမျိုးသမီးစစ်သည်တော် ၁၀၀ ကျော်တို့က သူ့ကို ကာကွယ်ပေးထားသည်။

လူပေလူတေများထဲမှ တစ်ယောက်က လှမ်းကာ အော်ဟစ်လိုက်၏။ “ရှမ့်လန်.... လောင်းကြေးက အကျုံးဝင်သေးလား”

ရှမ့်လန်က ပြုံးလိုက်၏။ “ကျိန်းသေပေါက် အကျုံးဝင်တာပေါ့”

အားလုံးက ပျော်ရွှင်သွားမိသည်။ “ရှမ့်လန်.. ဒီကိစ္စကို ခင်ဗျားအရင် စပြောတာနော်။ အားလုံးလည်း ကြားတယ်”

“ဒီလောင်းကြေးက ရှိနေသေးတယ်တဲ့။ ရှမ့်လန်ကိုယ်တိုင် ပြောတယ်နော်။ ပြီးတော့ ကျုပ်တို့ သူ့ကို တံတွေးနဲ့ ဝိုင်းထွေးတဲ့အချိန်ကျရင် ဘယ်သူမှ လာမတားနဲ့နော်။”

ရှမ့်လန်က ပြောလိုက်၏။ “အင်း... ရလဒ်ထွက်ပေါ်လာပြီးတဲ့နောက်မှာ ကျုပ်သာ ရှုံးခဲ့မယ်ဆိုရင် ခင်ဗျားတို့ စိတ်တိုင်းကျ ကြိုက်သလောက်ထွေးတော့။ ဒါပေမဲ့ ကျုပ်သာ နိုင်ခဲ့မယ်ဆိုရင် ခင်ဗျားတို့ လောင်းကြေးကို သတိရနော်။ ခင်ဗျားတို့အားလုံး ချေးစားရမှာ”

ပြောပြီးသည့်နောက် လူပေါင်းများစွာတို့က အားရပါးရ ရယ်မောလိုက်၏။ ရှမ့်လန်က အဘယ်သို့ အနိုင်ရရှိမည်နည်း။ သတင်းက အစောကြီးတည်းက ပျံ့နှံ့ခဲ့ပြီးသား ဖြစ်၏။ အရူးလန်က စာမေးပွဲ ဟောခန်းထဲတွင် နှစ်နှစ်ချိုက်ချိုက် အိပ်မောကျခဲ့၏။ တခြားသော သူတောင်းစား ဆယ်ယောက်တို့က သိုင်းစာမေးပွဲဟောခန်းထဲသို့ ဝင်ရောက်ခဲ့ပြီး ပထမဦးဆုံးရက်မှာပင်လျှင် ထုတ်ပယ်ခြင်းကို ခံခဲ့ရသည်။

အနောက်အရပ်မှ နေထွက်မည်ဆိုလျှင်တောင်မှ ရှမ့်လန် အနိုင်ရရှိဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ရှမ့်လန်က စာနာသနားစွာဖြင့် ပြောလိုက်၏။ “ကျုပ်က ကိုယ့်စကားကိုယ် တည်တဲ့လူတစ်ယောက်ပဲ။ ခင်ဗျားတို့ကကော .... ”

အားလုံးက ပြောလိုက်၏။ “ဟုတ်တာပေါ့။ ဟုတ်တာပေါ့။ အရူးလန်နဲ့ သူတောင်းစား ဆယ်ယောက်သာ နိုင်ခဲ့မယ်ဆိုရင် ကျုပ်တို့အားလုံးက ချေးစားလိုက်မယ်”

“ကောင်းပြီ။ သဘောတူတယ်”

“သဘောတူတယ်ဟေ့”

နန်းမြို့တော်၏ နံပါတ်တစ် ပါရမီရှင် ကျူးဟုန်ပင်းက ထိုစကားများကို ကြားသည့်အချိန်မှာတော့ မည်သို့မှ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိ၏။ ရှမ့်လန်၏အကြောင်းကို သူအစောကြီးတည်းက ကြားဖူးပြီး ဖြစ်၏။ သို့ပေမည့် ဤမျှ ဆိုးယုတ်သည့် လူတစ်ယောက်ဖြစ်မှန်း သူ မထင်မှတ်ခဲ့ချေ။ တကယ့်ကို စိတ်ပျက်ဖွယ်ရာပင်။ သို့ပေမည့် သူက လူကြီးလူကောင်းများကို လေးစား၏။ မကောင်း မပြောခဲ့ချေ။ သို့တစေ သူက ရှမ့်လန်ကို လူကြီးလူကောင်းဟု မသတ်မှတ်သောကြောင့် မရှိသကဲ့သို့ပင် သဘောထားသည်။

ရှမ့်လန်ရောက်ရှိလာပြီးသည့်နောက် သူ့ကို စောင့်မျှော်လျက် ရှိနေသည့် လူပေါင်းများစွာတို့က စိုးရိမ်ပူပန် လာခဲ့ကြ၏။ အဘယ့်ကြောင့် ရလဒ်က ထွက်ပေါ်မလာသေးသနည်း။ ပုံမှန်ထက် တစ်နာရီခွဲ၊ နှစ်နာရီနီးပါးခန့် နောက်ကျနေပြီ ဖြစ်၏။ ဘာတွေဖြစ်နေသနည်း။

ထိုအချိန်မှာပဲ မနီးမဝေးဆီမှ ခေါင်းလောင်းသံက ထွက်ပေါ်လာခဲ့၏။ ပြီးနောက် ကျယ်လောင်သည့် အော်ဟစ်သံက ပေါ်ပေါက်လာခဲ့၏။ “ရလဒ်ထွက်ပေါ်လာခဲ့ပြီ”

အတိတ်တုန်းက ထိုကဲ့သို့ စည်းမျဉ်းစည်းကမ်းမရှိချေ။ ရလဒ်ကို တစ်ခါတည်း ကြေညာခဲ့ခြင်းသာ ရှိ၏။ အားလုံးက စိတ်မလှုပ်ရှားဘဲ မနေနိုင်ကြချေ။ နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ လူပေါင်း တစ်ထောင်ကျော်တို့က ရှေ့ဆီသို့ အပြေးအလွှားသွားခဲ့၏။ စစ်သည်တော် တော်တော်များများတို့ကလည်း ထိုလူအားလုံးကို ထိန်းချုပ်ထား၏။ အုတ်အော်သောင်းတင်း၊ လဲပြိုမှုများ ဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်ပင်။

စာပေစစ်ဆေးပွဲ၏ ရလဒ်စာရင်းသာလမက သိုင်းစာမေးပွဲ၏ ရလဒ်စာရင်းကိုပါ ပူးတွဲတင်ပြမှာ ဖြစ်၏။ အားလုံးက တုန်လှုပ်သွားခဲ့၏။ ယခင်က ဤကဲ့သို့ မဟုတ်ချေ။ စာပေစာမေးပွဲဟောခန်းတွင် စာပေအောင်မြင်မှုများကိုသာ ကြေညာတတ်ပြီး သိုင်းစာမေးပွဲ၏ ကွင်းပြင်တွင် သိုင်းအောင်မြင်သူများကို ကြေညာတတ်၏။ သို့ပေမည့် ဤအရာ ပို၍ကောင်း၏။ သူတို့အနေနှင့် တခြားသော နေရာမှတစ်ဆင့် လိုက်လံ စုံစမ်းနေစရာ မလိုတော့ချေ။

သူ့အနေနှင့် ကျိန်းသေပေါက် ပထမရရှိမည်ဖြစ်ကြောင်း ကျူးဟုန်ပင်းက ကောင်းကောင်းသိ၏။ သူ ဤနေရာသို့ လာရသည့်အကြောင်းအရင်းက ဟန်ထုတ်ချင်၍ မဟုတ်ချေ။ သို့ပေမည့် ယဉ်ယဉ်ကျေးကျေးနှင့် တခြားသောသူများ သူ့အပေါ် ပိုမိုကာ အထင်ကြီးစေရန် ဖြစ်၏။ ထို့ကြောင့် သူက စာမေးပွဲရလဒ်ကို တစ်ချက်လှမ်းကြည့်ပြီးနောက် ချက်ချင်း ထွက်ခွာသွားပေလိမ့်မည်။

သို့ပေမည့် သူတစ်ချက် လှမ်းကြည့်လိုက်သည့်အချိန်မှာတော့ သူ၏နှလုံးသားတစ်ခုလုံးက တုန်ယင်သွားခဲ့၏။ အဘယ့်ကြောင့်ဆိုသော် ပထမနေရာမှလူက သူ မဟုတ်ကြောင်း သိရှိသွားခဲ့သောကြောင့်ပင်။ အဘယ့်ကြောင့် ဆိုသော် ထိုပထမနေရာမှလူက လန်ရီဆိုသည့်လူ ဖြစ်နေ၏။ ဒုတိယနေရာကို လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ ကျူးဟုန်ပင်းဆိုသည့်နာမည်ကို မြင်ရ၏။

အဘယ်သို့ ဖြစ်နိုင်မည်နည်း။ ဘာတွေဖြစ်နေသနည်း။ သူက ကျိန်းသေပေါက် ပထမနေရာကို ရသင့်၏။ အဘယ့်ကြောင့် သူက ဒုတိယနေရာသို့ ကျဆင်းသွားရသနည်း။

သူ ... ကျူးဟုန်ပင်းက စာမေးပွဲတွင် သေသေချာချာ ဖြေဆိုခဲ့၏။ တစ်စုံတစ်ယောက်၏ စကားပြေနှင့် လင်္ကာများက သူ့ထက်ပိုမိုကာ ကောင်းမွန်နေသည်လား။ သူ၏ဂုဏ်သိက္ခာ နောက်ခံကြောင့် သူကို တခြားသောသူများက ဖိနှိပ်ခဲ့သည်လား။

မဖြစ်နိုင်ချေ။ အဘိုးက ထိုသို့ မဖြစ်နိုင်ဟု ပြောဆိုခဲ့ပြီးသား ဖြစ်၏။ ထို့သို့ဆိုလျှင် လန်ရီဆိုသည်မှာ မည်သူ ဖြစ်သနည်း။ ယခင်ကလည်း တစ်ခါမှ မကြားခဲ့ဖူးချေ။ ကျူးဟုန်ပင်းသည်သာမက ရှိနေသမျှ လူအားလုံးတို့က ထိုစာရင်းကို မြင်ရပြီးနောက် လန်ရီဆိုသည့်လူကို မသိကြချေ။

“ကျူးဟုန်ပင်းက ပထမနေရာ မဟုတ်ဘူးလား”

“သောက်ကျိုးနည်း... ဒါဆိုရင် စာရင်းထဲမှာ အရူးလန် မရှိဘူး”

“အရူးလန် မရှိဘူး။ ရှမ့်လန်ရှုံးပြီဟေ့။ သူ့ကို တံတွေးနဲ့ ထွေးကြတော့” လူပေါင်းများစွာတို့က ပျော်ရွှင်သွားခဲ့ကြ၏။ သူတို့က ရှမ့်လန်ဆီသို့ ပြေးလာ၏။ အဆင်သင့်ပင် တံတွေးထွေးရန် ပြင်ဆင်လျက် ရှိနေ၏။ ကျူးဟုန်ပင်းတစ်ယောက် ပထမရခြင်း၊ မရခြင်းကို သူတို့က ဂရုမစိုက်ကြတော့ချေ။ အရူးလန်၏နာမည် စာရင်းထဲတွင် မပါခြင်းကသာလျှင် အရေးကြီး၏။

“နိုင်ပြီ”

“နိုင်ပြီ”

“ရှမ့်လန်ကို တံတွေးနဲ့ ထွေးမယ်ဟေ့”

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က ပြောလိုက်၏။ “အရူးလန်က နာမည်ပြောင်ပဲ။ သူ့ရဲ့အစစ်အမှန် နာမည်က လန်ရီတဲ့”

ထိုစကားကိုကြားသည့်အချိန်မှာတော့ အားလုံးက တုန်လှုပ်သွားခဲ့၏။ မဖြစ်နိုင်ပေ။ ဤလိုကိစ္စမျိုး တကယ် ရှိနေသေးသည်လား။

“အမှန်ပဲ။ အရူးလန်ရဲ့နာမည်က လန်ရီပဲ။ တခြားသူတောင်းစား ဆယ်ယောက်ရဲ့နာမည်တွေက လန်တစ်၊ လန်နှစ်၊ လန်သုံးဆိုပြီးတော့ လန်တစ်ဆယ်ထိ ရှိတယ်။ အားလုံးက သိုင်းစာမေးပွဲမှာ အဆင့် သုံးကနေပြီး ၁၉ အတွင်း ဝင်တဲ့လူတွေကြီးပဲ”

“အရူးလန်က စာပေစစ်ဆေးပွဲမှာ နံပါတ်တစ် ရခဲ့တယ်။ လန်ညီနောင် ဆယ်ဖော် သူတောင်းစား အကုန်လုံးကလည်း သိုင်းစာမေးပွဲမှာ အဆင့်ချိတ်တဲ့လူတွေကြီးပဲ။ ရှမ့်လန်နိုင်ခဲ့ပြီ။ သူနိုင်ခဲ့ပြီပဲ”

အားလုံးက ခေါင်းကိုမော့ပြီးနောက် စာရင်းပေါ်တွင် ရှိနေသည့် နာမည်များကို ကြည့်ရှုလာ၏။ မဟုတ်သေးချေ။ ရှမ့်လန်၏လက်အောက်တွင် ရှိနေသည့် သူတောင်းစား ၁၁ ယောက်လုံးက အောင်မြင်ခဲ့ပြီ ဖြစ်၏။ အားလုံးက ကျောရိုးမကြီးများပင် စိမ့်တက်သွားခဲ့၏။ ပထမဦးဆုံး အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်ငြိမ်သက်သွား၏။

ပြီးသည့်နောက်မှာတော့ ငြိမ်သက်တိတ်ဆိတ်လျက် ရှိနေသည့် ကန်ရေပြင်ထဲသို့ ကြီးမားသည့် ကျောက်တုံးကြီးတစ်တုံးကို ပစ်ချလိုက်သည့်ကဲ့သို့ပင် ဆူညံပွက်လောရိုက် ကုန်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ အနောက်အရပ်မှာ နေထွက်လာသည်လား။ သို့မဟုတ် သူတို့ အိမ်မက် မက်နေသည်လား။ လောကကြီးတစ်ခုလုံးက ဖျက်ဆီးခံလိုက်ရသည်လား။

တစ်လကျော် လေ့ကျင့်ပေးသည့်နောက် သူတောင်းစား ၁၁ ယောက်လုံးက နန်းတွင်းစာမေးပွဲကို ဝင်ရောက် ဖြေဆိုနိုင်ရုံသာမက ကောင်းမွန်သည့်အဆင့်များကိုပါ ရရှိခဲ့၏။ မည်ကဲ့သို့သော အလှည့်အပြောင်းပေနည်း။

ရှမ့်လန်က လူသားလား။ သရဲလား။ တကယ့်ကို ကျိန်းသေပေါက် မကောင်းဆိုးဝါးသာလျှင် ဖြစ်လေလိမ့်မည်။ ရူးသွပ်လောက်စရာပင်။ လောကကြီးတစ်ခုလုံးကလည်း ရူးသွပ်သွားပြီ ဖြစ်၏။

ထိုအချိန်မှာပဲ ရှမ့်လန်၏အသံက ထွက်ပေါ်လာခဲ့၏။ “အားလုံးပဲ ခင်ဗျားတို့က လိုလိုချင်ချင် လောင်းခဲ့ပြီးပြီ ဆိုမှတော့ အရှုံးကို လက်ခံရမယ်။ ကျုပ်က နိုင်ခဲ့ပြီဆိုတော့ ခင်ဗျားတို့အားလုံး ချေးစားရတော့မယ်”

ပြီးနောက် သူက ရှည်လျားလွန်းသည့် လောင်းကြေး စာချုပ်ရှည်ကြီးကို ထွက်ယူလိုက်၏။ ထိုနေရာတွင် လူပေါင်း ရာချီတို့၏ လက်မှတ်နှင့် လက်ဗွေရာများ တည်ရှိလို့နေသည်။

All Chapters