အခန်း (၅၀၀)
Vol. 34 Ch. 500
ရှမ့်လန်၏ စကားကို ကြားသည့် အချိန်မှာတော့ လူရမ်းကား အားလုံး၊ လူပေလူတေ အားလုံးတို့က မှင်သက်မိသွားကြ၏။ သူတို့ လောင်းကြေးထပ်ခဲ့စဉ်အခါက ရှမ့်လန် အနိုင်ရရှိလိမ့်မည်ဟု တစ်ချက်ကလေးမှ မတွေးတောမိခဲ့ကြချေ။ ဤကဲ့သို့ ကောင်းကင်ဘုံကို ပြောင်းပြန်လှန်နိုင်စွမ်း ရှိနေသည့် အံ့အားသင့်စရာ ကောင်းသည့်ကိစ္စရပ် ဖြစ်လာလိမ့်မည် မဟုတ်ဟု သူတို့က ယုံကြည်ခဲ့၏။
သို့ပေမည့် လက်ရှိ အခြေအနေတွင်တော့ အမှန်တကယ် ဖြစ်ပျက်လာခဲ့၏။ သူတို့ ဘာဆက်လုပ်ရမည်နည်း။ ထွက်ပြေးရုံမှ အခြားသော နည်းလမ်း မရှိတော့ချေ။ ချေးတစ်ပိဿာကို သူတို့ တကယ်ပင် စားသုံးရမည်လား။ ထို့ကြောင့် လက်ဗွေနှိပ်ခဲ့ကြသည့် လူပေလူတေများက တစ်ယောက်ပြီးတစ်ယောက် တိတ်တဆိတ်ဖြင့် ထွက်ခွာသွားရန် ကြိုးစားကြသည်။
အကယ်၍ သူတို့သာ အနိုင်ရရှိပါက ရှမ့်လန်ကို လုံးဝ အလွတ်ပေးမည် မဟုတ်မှာ သေချာ၏။ သို့ပေမည့် ရှုံးနိမ့်သွားသည့် အချိန်မှာတော့ လောင်းကြေးကတိ တည်ရန် သူတို့ စဉ်းစားလိမ့်မည် မဟုတ်ချေ။ သူတို့က မည်သည့်အကြွေးကိုမဆို မျက်နှာပြောင်တိုက် ငြင်းပယ်တတ်သည့် လူတန်းစားမျိုး ဖြစ်၏။ လောင်းကစား အကြွေးကိုသာမက ပြည့်တန်ဆာကြွေး ကိုပင်လျှင် မပေးဘဲ ရှောင်တိမ်းတတ်ကြသူများ ဖြစ်၏။
“ဘယ်ကိုသွားဖို့ ကြံစည်နေကြတာလဲ” ဝူလဲ့၏ အေးစက်စက် အသံက ထွက်ပေါ်လာခဲ့၏။ ပြီးနောက် အမျိုးသမီး စစ်သည်တော် ဒါဇင်ပေါင်းများစွာတို့က ထွက်ပေါ်လာ၏။ သူတို့က ဝင်ပေါက်၊ ထွက်ပေါက် နှစ်ခုလုံးကို တားဆီး ပိတ်ပင်လျက် ရှိနေပြီး ထိုလူများ ထွက်ခွာမသွားရအောင် တားဆီးထားသည်။
လူပေလူတေများ အားလုံးက ချက်ချင်း ဒေါသထွက်သွား၏။ “အဲဒါ ကျုပ်နဲ့မဆိုင်ဘူး။ ကျုပ်က ရှမ့်လန်ဆိုတဲ့ သမက်တော်နဲ့ လောင်းကြေးထပ်ထားတာမှ မဟုတ်တာ။ ကျုပ်က ပွဲလာကြည့်ရုံ သပ်သပ်ပဲ”
“ကျုပ်က ဘာတွေဖြစ်နေမှန်းတောင် မသိဘူး။ ဒီအတိုင်း ရောက်လာခဲ့တာပဲ”
“လမ်းဖယ်စမ်း။ ခွေးမတွေကလည်း လမ်းမပိတ်တတ်ဘူး။ မင်းတို့သာ မဖယ်ဘူးဆိုရင် ငါဘောင်းဘီ ချွတ်ပြလိုက်မှာနော်” ဤလူပေလူတေများက မည်သည့်အရာကိုမဆို ပြုလုပ်ရဲသည့် လူများဖြစ်၏။ သူတို့၌ အရှက်တရားဟူ၍ မြူမှုန်တစ်စမျှပင် မရှိကြချေ။
ဝူလဲ့က လူရမ်းကား တစ်ဦးကို လက်ညှိုးညွှန်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ချွတ်စမ်း။ အခုချက်ချင်း ချွတ်”
လူရမ်းကားက ဟားတိုက်ကာ ရယ်မော၏။ ပြီးနောက် ဘောင်းဘီကို ချွတ်ချလိုက်သည်။ “ကျုပ် ဘောင်းဘီ ချွတ်လိုက်ပြီနော်။ ဘယ်သူ ကျုပ်ရဲ့ လမ်းကို တားဆီးပိတ်ပင်ရဲသေးလဲ။ လာထိလို့ကတော့ ညစ်ပတ် သွားလိမ့်မယ်”
ဝူလဲ့၏ မျက်နှာထားက တင်းမာ ခက်ထန်သွားခဲ့၏။ သူမက အမိန့်ပေးလိုက်၏။ “ညှစ်ချေလိုက်စမ်း”
ချက်ချင်းပဲ အမျိုးသမီး စစ်သည်တော်တစ်ဦးက လက်အိတ်ကိုစွပ်ပြီး ထိုလူပေလူတေ၏ ယောက်ျားတန်ဆာကို အသာ ဆွဲကိုင်ကာ ညှစ်လိုက်၏။ ထိုသူ၏ မျက်နှာသွင်ပြင် တစ်ခုလုံးက ပြောင်းလဲသွားခဲ့၏။ တစ်ခဏ အတွင်းမှာပင် မျက်နှာသွင်ပြင် တစ်ခုလုံးက သွေးမရှိတော့သကဲ့သို့ပင် ဖြူလျော်သွားခဲ့၏။ နာကျင်မှုမျိုးက ကလေးမွေးဖွားရသည့်ထက်ပင် အဆတစ်ရာမက ပိုမိုကာ နာကျင်သည်။
“အား…” ကြောက်မက်ဖွယ်ရာ ကောင်းသည့် အော်ဟစ်သံကြီးက ကောင်းကင်တစ်ခုလုံးကိုပင် ထိုးဖောက် သွားခဲ့၏။ ပြီးနောက် ထိုလူပေလူတေက မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေပြီး သူ၏ မွေးရာပါပစ္စည်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် အသားကုန်လူးလှိမ့်လျက် ရှိနေ၏။ နာကျင်လွန်းလှချေ၏။ သူ၏ တစ်ကိုယ်လုံး တဆတ်ဆတ်နှင့် တုန်ခါလျက် ရှိနေ၏။
ဘေးတစ်ဖက်တွင် ရှိနေသည့် လူပေလူတေအားလုံးတို့၏ ဦးခေါင်းများက ထုံကျင်သွားခဲ့ကြ၏။ သူတို့၏ ငယ်ပါများပင်လျှင် ကျုံ့ဝင်သွားသလို ခံစားမိသည်။ ‘သွားပြီ။ တစ်ဖက်လူက တကယ်ညှစ်လိုက်တာပဲ’
ခြိမ်းခြောက်လိုက်ရုံပဲ ရှိသေး၏။ သို့ပေမည့် တစ်ဖက်က တကယ်ပဲ ညှစ်ပစ်လိုက်ချေ၏။
ဝူလဲ့က အေးစက်စက်နှင့် ပြောလိုက်သည်။ “သခင်လေးနဲ့ လောင်းကြေးထပ်ထားတဲ့ လူပေလူတေတွေ အားလုံး ငြိမ်ငြိမ်နေကြ။ ထွက်ပြေးပြီဆိုတာနဲ့ တစ်ခါတည်း ညှစ်ချေပစ်လိုက်တော့”
ဤတစ်ကြိမ်မှာတော့ အားလုံးက ကြောက်လန့်သွားခဲ့ကြ၏။ ကြောက်စရာကောင်းလှချေ၏။ သို့ပေမည့် ဤလူရမ်းကားများက စိတ်မပူကြချေ။ ထိုနေ့က သူတို့က လက်မှတ်ထိုး၊ လက်ဗွေကို နှိပ်ခဲ့ကြသည် ဆိုသော်လည်း သူတို့၏ နာမည်က နာမည်ပြောင်များသာ ဖြစ်၏။
ရှမ့်လန်က သူတို့ ဘယ်သူမှန်းပင် သိလိမ့်မည် မဟုတ်ချေ။ လက်မှတ်မထိုးခဲ့ဘူး ငြင်းပယ်လိုက်မည် ဆိုပါက ဘာလုပ်နိုင်မည်နည်း။ သူတို့ကို ဝန်ခံစေချင်သေးသည်လား။ အိမ်မက်သာ မက်နေသင့်သည်။
သို့ပေမည့် နောက်မှာတော့ တကယ့်ကို ထိတ်လန့်ဖွယ်ရာ ကောင်းသည့် မြင်ကွင်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ရှမ့်လန်က လူရွေးလေတော့၏။ သူက ခပ်မြင့်မြင့် တည်နေရာတစ်ခုတွင် မတ်တပ်ထရပ်ပြီး လူတစ်ယောက်ကို လက်ညှိုးညွှန်လိုက်၏။
ချက်ချင်းပဲ အမျိုးသမီးစစ်သည်တော် အနည်းငယ်က ရှေ့ကို ထွက်လာပြီး ထိုသူကို ဆွဲထုတ်သည်။
“ခင်ဗျားတို့ ဘာလုပ်တာလဲ။ ကျုပ်က ရှမ့်လန်နဲ့ လောင်းကြေးထပ်မထားဘူးနော်။ ကျုပ် လက်မှတ် မထိုးထားဘူး။ လက်ဗွေလည်း မနှိပ်ထားဘူး”
ပြီးနောက် ရှမ့်လန်က ထိုသူ၏ လက်မှတ်ကို ထုတ်ဖော်လိုက်၏။ ပြီးနောက် လက်ဗွေစာရွက်နှင့် တိုက်ဆိုင် စစ်ဆေးလိုက်၏။ ထိုသူက ကြောင်အလျက် ရှိနေ၏။ မည်သို့ ဖြစ်နိုင်မည်နည်း။ ရှမ့်လန်က သူကို မှတ်မိလို့ နေ၏။
ရှမ့်လန်၌ ဓာတ်ပုံရိုက်လိုက်သကဲ့သို့ မှတ်မိနိုင်စွမ်း ရှိနေသည့် မှတ်ဉာဏ်မျိုး ပိုင်ဆိုင်၏။ ရှမ့်လန်၏ လက်ညှိုးထိုးပြမှုနှင့်အတူ ထိုနေ့က လက်မှတ်ထိုးခဲ့သည့် လူပေလူတေအားလုံးတို့က တစ်ယောက်ပြီး တစ်ယောက် အဖမ်းခံရ၏။ တစ်ယောက်မှ မှားယွင်းခြင်း မရှိသလို တစ်ယောက်မှ လွတ်မြောက်ခြင်းလည်း မရှိခဲ့ချေ။
ဟုတ်ပေသည်။ ရှမ့်လန်က တစ်ယောက်ချင်းစီကို တိတိကျကျ မှတ်မိလို့ နေ၏။ သူ၌ ထက်မြတ်သည့် ဦးနှောက် ရှိ၏။ ဆိုလိုသည်မှာ သူက ထိုသူများ၏ မျက်နှာကို သေသေချာချာ မှတ်သားထားပြီး သူ၏ ဦးနှောက်ထဲတွင် သိမ်းဆည်းထားခြင်း ဖြစ်၏။ လိုအပ်သည် ဆိုပါက ထိုသူများအားလုံး၏ ပုံကို ပြန်လည်ကာ ဆွဲထုတ်ပြီး တိုက်ဆိုင် စစ်ဆေးလိုက်ရုံပင်။
လူပေလူတေများ အားလုံးတို့က ထိတ်လန့်တုန်လှုပ်လျက် ရှိနေ၏။ သူတို့ တကယ်ပင် ချီးစားရတော့မည်လား။ ထိုအရာက လူကို သေစေနိုင်၏။ တစ်သက်လုံး ခေါင်းဖော်နိုင်မည့် အရာမျိုး မဟုတ်ချေ။
တစ်စုံတစ်ယောက်က ရုတ်ခြည်း ထအော်လိုက်၏။ “လိမ်ညာတာ။ ရှမ့်လန်က လိမ်ညာတာပဲ”
“ဟုတ်တယ်။ ရှမ့်လန်ရဲ့လူတွေက လိမ်တာပဲ။ သူတို့ သေချာပေါက် လိမ်တာပဲ ဖြစ်လိမ့်မယ်”
ထိုစကား ထွက်ပေါ်လာသည်နှင့် လူပေါင်းများစွာတို့က ဝိုင်းဝန်းကာ ထောက်ခံ အော်ဟစ်လျက် ရှိနေ၏။ စာမေးပွဲ မအောင်သော လူပေါင်းများစွာတို့ ရှိ၏။ သူတို့က ရှမ့်လန်နှင့် လူပေလူတေတို့၏ ပဋိပက္ခကို ဂရုမစိုက်အားဘဲ အဆင့်စာရင်းကို ပျင်းရိစွာ ကြည့်ရှုနေကြမိ၏။ ယခု အထပ်ထပ်အခါခါ ပြန်လည်ကာ ကြည့်ရှုသည့် အချိန်မှာတော့ သူတို့၏ အမည်များက နာမည်စာရင်းတွင် မပါဝင်ကြောင်း သတိပြုမိသွားသည်။
မည်သို့ ဖြစ်နိုင်မည်နည်း။ သူတို့က အရည်အချင်းရှိသည့် လူများ ဖြစ်၏။ ကောင်းမွန်သည့် စကားပြေနှင့် ကဗျာများကို ရေးသားခဲ့၏။ အဘယ့်ကြောင့် စာမေးပွဲ ကျရသနည်း။ အရေးကြီးဆုံးက အရူးလန် ဆိုသည့်လူက သူတောင်းစား တစ်ယောက် ဖြစ်၏။ အိမ်ခြေရာမဲ့ တစ်ယောက် ဖြစ်ပြီး နေစရာအိမ်ပင် မရှိခဲ့ချေ။ ကျောင်းလည်း မည်သို့မှ တက်နိုင်လိမ့်မည် မဟုတ်ချေ။ အဘယ်သို့ ပထမရရသနည်း။
ထို့အပြင် တစ်လသာလျှင် လေ့ကျင့်ထားသည့် တခြားသော သူတောင်းစား ဆယ်ယောက်တို့ကလည်း စာမေးပွဲ အောင်မြင်သွားခဲ့သည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ တကယ့်ကို လိမ်ညာခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“ကောင်းကင်ဘုံက မမျှတဘူး”
“ကောင်းကင်ဘုံက တရားမမျှတဘူး”
“ရှမ့်လန်က လိမ်ညာတာပဲ”
“ရှမ့်လန်က ကျိန်းသေပေါက် လိမ်ညာတာပဲ ဖြစ်ရမယ်။ ကောင်းကင်က သူ့ကို ဒဏ်ခတ်လိမ့်မယ်”
“ကောင်းကင်က သူ့ကို ကျိန်းသေပေါက် ဒဏ်ခတ်လိမ့်မယ်” စာမေးပွဲ မအောင်သည့် လူများက အော်ဟစ် ကြ၏။ လောင်းကြေးရှုံးထားသည့် လူပေလူတေများက တကယ့်ပင် ဝမ်းသာသွားခဲ့ကြ၏။ သူတို့က လောကကြီး ရှုပ်ထွေးလျက် ရှိနေသည်ကို မြင်ရသောကြောင့် ပိုမိုကာ အသံချဲ့ပြီး အော်ဟစ်လိုက်ကြ၏။
ပြီးနောက် ဤနေရာရှိ ထောင်ပေါင်းများစွာသော လူများက တစ်ညီတစ်ညွတ်တည်း အော်ဟစ်လျက် ရှိသည်။ “စာမေးပွဲက မမျှတဘူး။ လိမ်လည်မှု ရှိနေတယ်”
“စာစစ်သူတွေ ထွက်ခဲ့ကြ”
“စာစစ်သူတွေ၊ ရှမ့်လန်က လိမ်ညာတယ်။ ကောင်းကင်က သူ့ကို ဒဏ်ခတ်ရလိမ့်မယ်”
စာမေးပွဲကျသည့် လူပေါင်းများစွာတို့က ကျူးဟုန်ပင်း၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့၏။ ပြီးနောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ “သခင်လေး ကျူးဟုန်ပင်း... ခင်ဗျားက ဒီစာပေစာမေးပွဲမှာ ပထမရရမယ့်လူပဲ။ နောက်ဆုံးတော့ ရှမ့်လန်ရဲ့ လိမ်ညာမှုကြောင့် အရူးလန်ဆိုတဲ့လူက ပထမနေရာကို လုယူသွားခဲ့တယ်။ ဘယ်လောက် မတရားလိုက်လဲ”
“သခင်လေးကျူး.. ကျုပ်တို့ ခင်ဗျားအတွက် တရားမျှတမှုကို ရှာဖွေပေးပါမယ်”
“ဟုတ်တယ် သခင်လေးကျူး.. ခင်ဗျားက ပထမရသင့်တဲ့လူပဲ။ ပြီးတော့ ခင်ဗျားက ဝန်ကြီးချုပ်ရဲ့ မြေးလေ။ အရှင်မင်းကြီးကိုတောင် ဦးရီးတော်လို့ ခေါ်ခွင့်ရှိတဲ့လူ မဟုတ်လား။ ခင်ဗျား ဒါကို ဘယ်လိုလုပ် သည်းခံနေနိုင်တာလဲ”
“သွားကြစို့။ တရားမျှတမှုကို ရှာဖွေကြစို့”
“သခင်လေးကျူး.. ကျုပ်တို့ အားလုံး ခင်ဗျားဘက်ကနေ ရပ်တည်ပါမယ်”
စာမေးပွဲကျသည့် လူပေါင်းများစွာတို့ကလည်း သူတို့ချည်းဆိုလျှင် အားနည်းသည်ဟု ခံစားရ၏။ ထို့ကြောင့် ဦးစီးဦးဆောင်တစ်ယောက်ကို ရှာဖွေရန် လိုအပ်သည်ဟု သိရှိလိုက်ကြ၏။ ကျူးဟုန်ပင်း၏ ဂုဏ်သိက္ခာက မြင့်မားလွန်းသောကြောင့် ကျူးဟုန်ပင်းကို ဦးဆောင်စေခြင်းက အကောင်းဆုံး အခြေအနေမျိုး ဖြစ်ပေလိမ့်မည်။
ကျူးဟုန်ပင်းက တကယ်ပင် မကျေမနပ် ဖြစ်လို့နေ၏။ ဤကိစ္စတွင် မသမာမှု တစ်ခုခု ရှိနေလိမ့်မည်ဟုလည်း သူက ခံစားမိ၏။ မဟုတ်ပါက အဘယ့်ကြောင့် သူ ပထမနေရာကို ဆုံးရှုံးရမည်နည်း။ ထို့အပြင် သူတောင်းစား တစ်ယောက်က သူ၏ နေရာကို လုယူသွားခဲ့၏။
သို့ပေမည့် သူက ဂုဏ်သရေရှိ မိသားစုမှ ဆင်းသက်လာသူ တစ်ယောက် ဖြစ်၏။ ဤကဲ့သို့ စာမေးပွဲကျသူများ၏ အသုံးချခံအဖြစ် မိမိကိုယ်ကိုယ် အဘယ့်သို့ အသုံးတော်ခံရမည်နည်း။
“အားလုံးပဲ နှုတ်ဆက်ပါတယ်”
စကားတစ်ခွန်းမှ ထပ်မံကာ မဆိုတော့ဘဲ ကျူးဟုန်ပင်းက ချက်ချင်း ထွက်ခွာသွားသည်။
စာမေးပွဲကျသည့် လူပေါင်းများစွာတို့က စိတ်ပျက်သွားခဲ့ကြ၏။ သို့ပေမည့် ဤကိစ္စကို ဤအတိုင်း အဘယ်သို့ ပြီး၍ ဖြစ်မည်နည်း။ တချို့က မကျေမနပ် ဖြစ်ကြ၏။ တချို့က ဒေါသထွက်၍ ပေါက်ကွဲချင်၏။ တချို့ကမူ လောကကြီး တစ်ခုလုံး ပျက်စီးသွားသည်ကို မြင်ချင်၏။
လူပေလူတေ အများအပြားက အရှိန်မြှင့်ကာဖြင့် လှုံ့ဆော်လျက် ရှိနေသည်။
“စာစစ်သူတွေ ထွက်ခဲ့ကြ”
“စာစစ်သူတွေ ထွက်ခဲ့ကြ။ မဟုတ်ရင် စာစစ်ဌာန တစ်ခုလုံးကို ဖြိုဖျက်ပစ်ရမယ်”
“ဟုတ်တယ်။ စာစစ်ဌာန တစ်ခုလုံးကို ဖြိုဖျက်ပစ်ရမယ်”
“မင်းမှုရေးရာ ဝန်ကြီးဌာနကို သွားမယ်။ ဝန်ကြီးချုပ်ဆီ သွားပြီး တိုင်မယ်”
“ဒါက လိမ်လည်မှုပဲ။ သေချာပေါက် လိမ်လည်မှုပဲ”
“စာစစ်ဌာနကို ဖျက်ဆီးပစ်”
“စာစစ်ဌာနကို ဖျက်ဆီးပစ်”
“သူတော်စင်ဘုံကျောင်းကို သွားကြစို့။ အဲဒီနေရာကို သွားပြီး ဆန္ဒပြရအောင်။”
ထောင်ပေါင်းများစွာသော လူပေလူတေများ၏ လှုံ့ဆော်မှုအောက်မှာတော့ စာမေးပွဲကျသည့် လူအားလုံးတို့၏ အသိစိတ်များက လွတ်ကင်းသွားခဲ့ကြ၏။ သူတို့က စာစစ်ဌာန၏ ခြံဝင်းထဲသို့ တကယ်ပင် ပြေးဝင်သွား၏။ အရာအားလုံးတို့ကို ဖျက်ဆီးကြတော့၏။
အခြေအနေက ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးဆီသို့ ပြောင်းလဲသွားခဲ့၏။ ထောင်ပေါင်းများစွာသော လူများက အသိစိတ် ပျောက်ဆုံးသွားခဲ့ကြသည်။
ဘုန်း… ဘုန်း… ဘုန်း…
မျက်စိတစ်မှိတ်အတွင်းမှာပဲ စာစစ်ဌာနကြီး တစ်ခုလုံးက ပျက်စီးသွားခဲ့၏။ စာစစ်ဌာနထဲတွင် ရှိနေသည့် သူတော်စင်ကြီး၏ ရုပ်တုများကိုပင် မချီလာခဲ့ကြ၏။
“ရှမ့်လန်ကို သတ်”
“ရှမ့်လန်ကို သတ်”
“ရှမ့်လန်က လူလိမ်။ သူက တရားခံပဲ။ သတ်ကြ။ သတ်ကြ”
လောကကြီး တစ်ခုလုံး ပျက်စီးသွားသည်ကို တွေ့မြင်လိုခဲ့သည့် လူပေလူတေများက လူအုပ်ကြားထဲမှ အော်ဟစ်လျက် ရှိနေသည်။
ပြီးနောက် လူပေါင်းများစွာက ရှမ့်လန် ရှိရာဆီသို့ ပြေးဝင်လာခဲ့၏။ အခွင့်အရေးကို အရယူပြီး ရှမ့်လန်ကို သတ်ဖြတ်ရန် ကြိုးစားကြ၏။ ထိုသူများ၏ ထက်ဝက်က စာမေးပွဲ ကျရှုံးခဲ့သည့်လူများ ဖြစ်ပြီး သူတို့က ရှမ့်လန်ပေါ်တွင် မနာလိုမှု၊ မုန်းတီးမှုများနှင့် ပြည့်နှက်နေ၏။
“မင်းက သာမန်အရပ်သားတစ်ယောက်ရဲ့သား၊ မြို့စားအိမ်တော်ကို ဝင်ခွင့်ရပြီး သမက်တော် တစ်ယောက် ဖြစ်ခဲ့တယ်။ အခု စည်းစိမ်ချမ်းသာနဲ့ အေးအေးဆေးဆေး နေနိုင်ပြီ။ ဘာလို့ ငါတို့က ပင်ပင်ပန်းပန်း စာကျက်နေရတာလဲ”
“မင်းက စာမေးပွဲလည်း မဖြေရဘဲနဲ့ ပညာရှိဘွဲ့ကိုရတယ်။ ခု အရာရှိတောင် ဖြစ်နေသေးတယ်။ ဒီလောက်နဲ့ မကျေနပ်သေးဘူး။ သူတောင်းစား ၁၁ ယောက်ကို ခေါ်လာပြီး ငါတို့ကို အနိုင်ကျင့် ဗိုလ်ကျခဲ့သေးတယ်။ မင်း ရှမ့်လန်က သူတောင်းစား ၁၁ ယောက်ကို စာမေးပွဲ ဖြေဆိုခိုင်းတယ်ဆိုတာက ငါတို့ကို အထင်သေးတာပဲ။ အခု သူတို့က အောင်မြင်သွားခဲ့ပြီ။ ငါတို့က ကျရှုံးခဲ့တယ်။ ဒါ ဖြစ်သင့်ရဲ့လား”
ကျန်သည့်တစ်ဝက်မှာမူ လောကကြီးတစ်ခုလုံး ပျက်စီးသွားသည်ကို မြင်လိုသော လောင်းကြေးရှုံးနိမ့်မှုကို မကျေနပ်သည့် လူပေလူတေများသာ ဖြစ်၏။ “ရှမ့်လန်... မင်းလို သမက်တော်တစ်ယောက်က ငါတို့ကို ချေးစားခိုင်းချင်တယ် ဟုတ်လား။ အိမ်မက်သာ မက်ထားလိုက်။ ငါတို့ မင်းကို ဝိုင်းသတ်ရမယ်”
“ရှမ့်လန်က လူလိမ်။ ဝိုင်းရိုက်ကြ၊ ဝိုင်းရိုက်ကြစမ်း”
လူပေါင်း တစ်ထောင်ကျော်တို့က တုတ်များ၊ ဓားများကို ကိုင်ဆောင်ပြီး ရှေ့ဆီသို့ ထိုးတက်လာခဲ့ကြသည်။
“အားလုံးပဲ သခင်လေးကို ကာကွယ်ထားကြ။ သခင်လေးကို ကာကွယ်ကြ” အမျိုးသမီး စစ်သည်ပေါင်းများစွာတို့က ရုတ်တရက် တိုးဝင်လာခဲ့သည့်သူအားလုံးတို့အား ခြေဖြင့် ပြင်းပြင်ထန်ထန် ကန်ကျောက်ကြ၏။
ဘုန်း… ဘုန်း… ဘုန်း…
အမျိုးသမီးစစ်သည်များက တခြားသော တည်နေရာများကို မကန်ပေ။ ယောက်ျား ငယ်ပါ နေရာများကိုသာ တိတိကျကျ ကန်၏။ ထိုအချိန်မှာတော့ လူပေလူတေများ ဖြစ်စေ၊ စာမေးပွဲ ကျရှုံးသည့် လူများဖြစ်စေ အားလုံးက ဝှေးစေ့များကို အကန်ခံရ၏။