← Chapters

ဥက္ကာခဲဖြစ်ပေါ်ခြင်း

Vol. 1 Ch. 204

ဥက္ကာခဲဖြစ်ပေါ်ခြင်း

Vol. 1 Ch. 204

"ငွေလ ဝံပုလွေ ... ပြန်တော့"

ကျန်းရီသည် ငွေလဝံပုလွေကို သိမ်းဆည်းလိုက်ပြီး ကမ္ဘာ့ မီးလျှံများကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ မီးဝိညာဉ် ပုလဲသည် အပူဒဏ်မှ ကာကွယ်ရန် အမည် မသိသော စွမ်းအင်ကို ထုတ်ပေး လာသောအခါ ကျန်းရီသည် ထိုစွမ်းအင်ကို ထိန်းချုပ်၍ စိတ်ဝိညာဉ်ထံ ပို့ဆောင်လိုက်သည်။ သူ့စိတ်ဝိညာဉ်သည် ရွှေရောင်အလင်းများ တောက်ပလာ၍ သူ့မျက်လုံးထဲမှ အနီရောင် အလင်းများ ကွယ်ပျောက်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

"အမ် ..."

ကျန်းရီအား သတိလစ်အောင် ရိုက်ရန် ပြေးလာနေသော ကျန့်ဝူရွှမ်းသည် ရပ်တန့်လိုက်ကာ နားမလည် နိုင်စွာ မေးလာခဲ့သည်။

"ကျန်းရီ ... မင်းရဲ့ သတ်ဖြတ်ခြင်း အင်အားက တတိယ အဆင့်ကို ရောက်သွားပြီပေါ့ ... မင်းအခု ကြိုက်တဲ့အချိန် သုံးနိုင်ပြီး ရပ်ချင်တဲ့အချိန် ရပ်လို့ရပြီပေါ့ ... "

"အဲ့လို မဟုတ်ဘူး"

ကျန်းရီသည် ခေါင်းယမ်းလိုက်ပြီး မီးဝိညာဉ် ပုလဲ၏ ထူးဆန်းသော စွမ်းအင်အကြောင်း ရှင်းမပြ ချင်သောကြောင့် ကျန့်ဝူရွှမ်းအား မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ ကျန်းရီသည် သူ့ကိုယ် အားနည်းလာကြောင်း ခံစားလိုက်ရ၍ ချက်ချင်း ပြောလိုက်သည်။

"ငါတို့ ဒီနေရာက မြန်မြန် ထွက်သွားရအောင် ငါတို့ထပ်ပြီး မသတ်ဖြတ်ခင် ငါပြန်ကောင်းသွားတဲ့ အထိ စောင့်ကြတာပေါ့!"

ကျန့်ဝူရွှမ်းသည် ခေါင်းညိတ်လိုက်ပြီး တောအုပ်၏ တခြားဘက်ခြမ်းတွင် ပုန်းအောင်းနေရန် ယွင်ဖေး၊ ကျန်းရီတို့နှင့် အတူ မြေအောက်မှ ထွက်ခွာ လာခဲ့သည်။ ယွင်ဖေးသည် သစ်ပင် အမြစ်များကို ထိန်းချုပ်၍ ဝင်ပေါက်များ အားလုံးကို ပိတ်ဆို့လိုက်သည်။ ကောင်းကင်အဆင့် လက်နက် ကိုင်ဆောင်ထားသူ တစ်ယောက်ယောက် ရောက်လာ၍ သစ်ပင် အမြစ်များကို ဖြတ်တောက်နိုင်လျှင်တောင် အချိန်တို အတွင်း သစ်မြစ်များစွာကို ဖြတ်ပစ်နိုင်မည် မဟုတ်ပေ။

"ဒါ ... ဒါက"

သူတို့ ထွက်သွားပြီးနောက် လူတစ်ထောင်ခန့် ရောက်ရှိလာကြသည်။ သူတို့သည် မြေပြင်ပေါ်မှ ချောက်ချားဖွယ် မြင်ကွင်းကို တွေ့ရသောအခါ ကျောက်ရုပ်အလား ဖြစ်သွားကြလေသည်။ လွတ်မြောက် သွားသူများသည် အခြေအနေကို ရှင်းပြ ချင်ပါသော်လည်း လူနှစ်ယောက် လူခြောက်ရာကျော်ကို အချိန်တို အတွင်း သတ်သွားခြင်းမှာ မယုံချင်စရာ ကောင်းလှသောကြောင့် ငြိမ်၍သာ နေလိုက်ကြသည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် နှစ်ဆယ်ကျော်တောင် ပါသေးသည် မဟုတ်ပါလော။

"ဒီတောအုပ်က တစ်ခုခု ထူးဆန်းနေတယ်"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် တစ်ခုခုကို တွေးမိသွားပြီး သူ့လက်နက်ကို ဆွဲထုတ်၍ သစ်ပင်ကြီးကို ခုတ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။

"အားလုံး စုနေကြ ... တစ်ယောက်ယောက်ကို စတုတ္ထ မင်းသားဆီ သွားအကြောင်းကြားခိုင်း ... ကောင်းကင်အဆင့် လက်နက်နဲ သူတော်စင်အဆင့် လက်နက်ရှိတဲ့ သူတွေ တောအုပ်ကို အရင် ရှင်းလင်းပေးဖို့"

ကျန်လူများ သည်လည်း မိမိတို့ လက်နက် အသီးသီးကို ဆွဲထုတ်ကာ ခုတ်ကြည့် လိုက်ကြပါသော်လည်း အလားတူ ရလဒ်ကိုသာ ရကြလေသည်။ လူတိုင်း အံ့သြတကြီး ဖြစ်နေကြစဉ် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် အသက်ရှင် ကျန်ရစ်သူ ခရမ်းရောင် နန်းတော်ရှင် အဆင့် တစ်ယောက်ထံမှ တင်ပြမှုကို နားထောင် နေခဲ့သည်။ ထို့နောက် သူချက်ချင်း အော်ပြောလိုက်သည်။

"ချက်ချင်း သွားပြီး စတုတ္ထ မင်းသားကို အကြောင်းကြား ... မင်းသမီး ယွင်ဖေးလည်း ကျန်းရီနဲ့ အတူ ရှိနေနိုင်ကြောင်းနဲ့ ဒီက အခြေအနေ တွေကို ပြောပြလိုက် ... မိန်းကလေးရွှေကို သူတော်စင် အဆင့် လက်နက်တွေ သုံးပေးဖို့လည်း သူ့ကို တောင်းဆိုခိုင်းလိုက် ... မဟုတ်ရင် ငါတို့အားလုံး ဒီမှာ သေသွားလိမ့်မယ်"

"မင်းသမီး ယွင်ဖေး"

ရှန်မိနိုင်ငံ၏ အင်အားကြီးဂိုဏ်း များမှ လူတို့သည် မျက်မှောင်များ ကြုတ်သွားကြသည်။ တော်ဝင် မိသားစုထဲတွင် အတွင်းရေး ကိစ္စများကြောင့် နှစ်ဖွဲ့ ကွဲနေသည်ကို သူတို့ သိကြလေသည်။ ယခင်က ယွင်ဟဲ၏ အမိန့်ကို သူတို့ မတုံ့မဆိုင်း နာခံ လိုက်သောကြောင့် မင်းသမီး ယွင်ဖေး၏ အစ်ကိုကြီး သေဆုံး သွားခဲ့သည်။ ယခု မင်းသမီး ယွင်ဖေးလည်း ပါဝင်လာပြီ ဖြစ်ရာ သူတို့ သေသေချာချာ စဉ်းစားရပေမည်။

မည်သူမှ အလျင်စလို မလှုပ်ရှား ရဲကြဘဲ နေရာတွင်ပင် သတိကြီးကြီး ထား၍ ရပ်နေကြလေသည်။ လူအများကြီး ရောက်နေကြပြီ ဖြစ်ရာ ကျန်းရီသည် သူတို့အား ချောင်းမြောင်း တိုက်ခိုက်ခြင်း မလုပ်ရဲလောက်ပေ။ ယွင်ဟဲနှင့် ရွှေချမ်လော့တို့ ဤတောအုပ်ကို ဖျက်ဆီး ပြီးသွားသည်နှင့် ကျန်းရီသည် ရေဇလုံထဲမှ  လိပ်တစ်ကောင် ဖြစ်သွားမည်သာ။

"ဝှစ်"

သို့သော် သတင်း သွားပို့သော လူနှစ်ယောက် အလျင်အမြန် ပြန်ရောက် လာသောကြောင့် ထိုလူများ ဆွံ့အ သွားကြသည်။ ထို့ပြင် ထိုနှစ်ယောက် သည်လည်း သူတို့အား မြင်လိုက် ရသောအခါ ဆွံ့အ နေကြလေသည်။

နှစ်ယောက်သားသည် မြန်မြန်ဆန်ဆန် သတိ ဝင်လာကာ တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီး အလန့်တကြား ရှင်းပြ လာကြသည်။

"သခင်လေးမင်၊ သခင်လေးကု ... ဒီတောအုပ်ထဲမှာ တစ္ဆေတွေရှိပြီး ဝင်္ကပါ တစ်ခုလည်း ရှိနေတယ် ... ကျွန်တော်တို့ ဒီကနေ ထွက်သွားလို့ မရဘူး ... ကျွန်တော်တို့ ထွက်ပေါက်ရှိတဲ့ ဘက်ကို လျှောက်သွားပေမယ့် ကျွန်တော်တို့ ... ကျွန်တော်တို့ ... ပြန်ရောက် လာပါတယ်"

"အဓိပ္ပာယ် မရှိလိုက်တာ"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် သူတို့စကားကို မယုံ၍ ယွင်ဟဲကို ကိုယ်တိုင် သွားရှာလေသည်။ ရလဒ် အနေနှင့် မိနစ်သုံးဆယ်ခန့် ကြာသောအခါ သူသည်လည်း ပြန်ရောက် လာခဲ့ပြီး လူတိုင်းအား မြင်လိုက်ရသော် ကြက်သေသေ သွားလေသည်။

"ဒါက သဘာဝ အတိုင်း ဖြစ်နေတဲ့ ဝင်္ကပါပဲလား၊ မင်းသမီးယွင်ဖေး ဖန်တီး ထားတာလား"

လူတိုင်းသည် နားမလည်နိုင် ဖြစ်နေကြသော်လည်း ကြောက်လန့်နေသူ တို့က ပိုများလေသည်။ ဘာမှန်း မသိရသည့် အရာတိုင်းသည် လူ့စိတ်အား ချောက်ချားစေသည်သာ။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် ပြေးလာနေခဲ့ပြီး နတ်ဘုရား သတ်ဖြတ်ခြင်း မြားများစွာ ကလည်း သူ့အား အဖော်ပြု၍ လူအုပ်ထံ ပျံသန်း လာလေသည်။

"ကျန်းရီ"

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်း သွားကြပြီး ကျန်းရီထံ ပြေးလာကြလေသည်။ သူတို့ထဲရှိ တစ်ယောက်၏ ကိုယ်မှ အဝါရောင် အလင်းများ ဖြာထွက်လာကာ အော်ဟစ်လိုက်သည်။

"ဥက္ကာခဲ ဖြစ်ပေါ်ခြင်း"

"ဟူး ... ဟူး"

ကျောက်တုံးကြီးများသည် ကျန်းရီ၏ ခေါင်းအထက်တွင် ဖြစ်ပေါ်လာခဲ့ပြီး ကြောက်စရာ အရှိန်နှင့် ကျဆင်း လာကြသည်။ ကျန်းရီ၏ မျက်လုံးများက ကျဉ်းမြောင်း သွားခဲ့သည်။ ဤကဲ့သို့သော မှော်ပညာကို သူမြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။ ကျန်းရီသည် ထိတ်လန့်တကြား ဖြစ်မသွားဘဲ အနက်ရောင် အကြေးခွံဓားကို ဆွဲထုတ်၍ ကျောက်တုံးများထံ ဝှေ့ယမ်းလိုက်ရာ အမှုန့်များ ဖြစ်သွားကြလေသည်။

"သေစမ်း"

ကျန်းရီသည် ကျောက်တုံးကြီး များကို တားဆီးရင်းဖြင့် အလုပ်ရှုပ်နေရာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် များသည် သူ့အနီး ရောက်လာကြပြီး ဆေဘာဓား အလင်းများ၊ ဓားချက်များနှင့် အတွင်းအားတို့ဖြင့် ပစ်လိုက်ကြလေသည်။

"သွား"

ကျန်းရီသည် ငွေလ ဝံပုလွေကြီး စီး၍ ထွက်ပြေးရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် မြေပြင်သည် တုန်ခါ လာခဲ့သည်။ ငွေလ ဝံပုလွေကြီးသည် ယိမ်းထိုးသွား၍ ကျန်းရီအား ပစ်ချ လိုက်မိမလို ဖြစ်သွားခဲ့သည်။ ကျန်းရီသည် အောက်ငုံ့ကြည့်လိုက်ရာ မျက်နှာပျက် သွားခဲ့သည်။ ရှန်မိနိုင်ငံ၏ မှော်အတတ်သည် အလွန် ကြောက်စရာ ကောင်းလှသည်။

ဤကဲ့သို့ သေရေးရှင်ရေး အချိန်တွင် သူ့စိတ်သည် လျင်လျင်မြန်မြန် အလုပ်လုပ်နေပြီး အော်ဟစ်လိုက်သည်။

"ငွေလ ဝံပုလွေ ... ပြန်တော့ ကောင်းကင် နတ်ဆိုးပိုးချည် ... ထွက်လာခဲ့"

အတွင်းအားလှိုင်းများ သူ့ကို ရိုက်ခတ် မိခါနီးတွင် ငွေလ ဝံပုလွေကြီး ကွယ်ပျောက် သွားခဲ့ပြီး ဝိညာဉ်သားရဲ အဆောင်အတွင်း ပြန်ရောက် သွားခဲ့သည်။ ရှည်လျားလှသော ကောင်းကင် နတ်ဆိုးပိုးချည်သည် သူ့ဘေးတွင် ပေါ်လာခဲ့ပြီး သူသည် ပိုးချည်ကို ဝှေ့ယမ်း၍ ကိုယ့်ကိုယ်ကိုယ် ဖက်ထုပ်အလား ထုပ်ထားလိုက်သည်။

"ဗုန်း ... ဗုန်း ... ခလွမ် ... ခလွမ်"

အားလှိုင်းများသည် ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ထုပ်ထားခြင်း ခံရသော ကျန်းရီအပေါ် ကျရောက် သွားခဲ့သည်။ ပြင်းထန်လှသော အားတို့သည် သူ့အား မြေပြင်ပေါ်တွင် အပတ် ပေါင်းများစွာ လိမ့်သွား စေလေသည်။

"သေပြီလား"

သူတို့သည် ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ချုပ်နှောင်ထားခြင်း ခံရသော ကျန်းရီသည် မလှုပ်မရှား ရပ်တန့် သွားသည်ကို မြင်လိုက်ကြရသည်။ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ အားလုံးသည် မျက်တောင် တစ်ခတ်ခတ်နှင့် တစ်ယောက်နှင့်တစ်ယောက် သံသယဖြစ်စွာ ကြည့်လိုက်ကြသည်။

ကျန်းရီသည် ပြင်းထန်လှသော အားများဖြင့် ရိုက်ခတ် ခံထားရသည့် အပြင် မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ငြိမ်သက် နေခဲ့သည်။ ထိုသို့ တိုက်ခိုက် ခံရပြီးနောက် ကျန်းရီ မပြောနှင့် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် ထိပ်ဆုံးအဆင့်တောင် သေသွားမည်ဟု သူတို့ ပြောရဲလေသည်။ သို့သော် မည်သူမှ အလျင်စလို ချဉ်းကပ် မသွားရဲပေ။

"ဝှစ်"

သူတို့ထဲမှ တစ်ယောက်သည် လက်ကိုမြှောက်၍ အတွင်းအား တိုက်ခိုက်မှု တစ်ခု ပစ်လွှတ်လိုက်သည်။ ကျန်လူများ သည်လည်း တွေးမိသွားကာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ခြောက်ဆယ်ခန့်သည် ကျန်းရီထံ အတွင်းအားများနှင့် ပစ်လိုက်ကြလေသည်။ အတွင်းအား များသည် မြားမိုးရွာသည့် အလား ကျဆင်းသွားရာ မြေပြင်သည်ပင် တုန်ခါ လာခဲ့သည်။ သူတို့၏ အမြင်တွင် ကောင်းကင် နတ်ဆိုးပိုးချည် မည်မျှပင် ခုခံနိုင်ပါစေ၊ ကျန်းရီ သေဆုံး သွားလောက်ပေပြီ။

"ဗုန်း ... ဗုန်း"

ပေါက်ကွဲမှုများသည် နားနှင့်မဆံ့အောင် အဆတ်မပြတ် ထွက်ပေါ်လာပြီး မြေပြင်သည် ဖုန်တထောင်းထောင်း ထနေလေသည်။ မြေပြင်သည်လည်း နှစ်မီတာ၊ သုံးမီတာခန့် အထိ ချိုင့်ဝင် သွားသောကြောင့် အဝါရောင် သစ်ပင်၏ အမြစ်များပင် ပေါ်ထွက် လာချေပြီ။ ကျန်းရီသည် ထပ်ကာထပ်ကာ လွင့်ထွက် နေသော်လည်း ကောင်းကင် နတ်ဆိုးပိုးချည်သည် အဖြူရောင် အလင်းတစ်ချက်သာ လက်လက်သွားပြီး မည်သို့မှ ထိခိုက် မသွားပေ။

"သွားပြီး ကြည့်ရအောင်"

ဆက်တိုက် ပေါက်ကွဲမှုများ အဆုံးတွင် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် တစ်ယောက်သည် ပေါက်ကွဲမှုများ ဖြစ်ပွားရာ နေရာသို့ သွားကြည့်ရန် လက်ညှိုးညွှန်၍ ပြောလိုက်သည်။ အားလုံးသည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသော်လည်း တစ်ယောက်မှ မလှုပ်ရဲကြပေ။ နောက်ဆုံးတွင် အဖိုးတန် အဝတ်အစားများ ဝတ်ဆင်ထားသော သခင်လေး တစ်ယောက်သည် နှာခေါင်းရှုံ့ကာ လှောင်သံနှင့် ပြောလိုက်သည်။

"အားလုံး သွားကြည့်ကြတာပေါ့ ... သူ မသေသေးရင်ရော ဘာဖြစ်လဲ ... ငါတို့ အားလုံးကို သူသတ်နိုင်မှာ မလို့လား"

အဖိုးတန် အဝတ်အစား များကို ဝတ်ဆင်ထားသော သခင်လေးသည် ရှန်မိနိုင်ငံ၏ အင်အားကြီးဂိုဏ်း တစ်ခုမှ သခင်လေး ဖြစ်မှန်း သိသာလေသည်။ သူသည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် ခြောက်ဆယ်ခန့်ကို ဦးဆောင်၍ ကျန်းရီထံ ဖြည်းဖြည်းချင်း ချဉ်းကပ် သွားလေသည်။

ထိုအချိန်တွင် ကျန်းရီဘေးရှိ သစ်မြစ်များသည် တွန့်လိမ်သွား၍ အပေါက်ကြီးတစ်ခု ဖြစ်လာခဲ့သည်။ အပေါက်ထဲမှ နွယ်ပင်တစ်ခု ထွက်လာခဲ့ပြီး ကျန်းရီကို ရစ်ပတ်၍ မြေအောက်ထဲသို့ ဆွဲချ သွားခဲ့လေသည်။

စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်များ အားလုံးသည် ကျန်းရီနှင့် ဆယ်မီတာ၊ ဆယ့်နှစ်မီတာ ခန့်သာ ဝေးတော့သည်။ သူတို့သည် မြေအောက်သို့ ကျန်းရီ ပါသွားသည်ကို တွေ့လိုက်သောအခါ မသိစိတ် အတိုင်း အပေါက်ထဲသို့ ပြေးဝင် သွားကြလေသည်။

ယွင်ဟဲသည် ကျန်းရီကို ဖမ်းဆီး နိုင်သူတိုင်းအား သူထီးနန်း ဆက်ခံသည့်အခါ စစ်သေနာပတိချုပ် ရာထူး ပေးမည်ဟု ကတိ ပေးထားခဲ့သည် မဟုတ်ပါလော။ သူတို့သည် ကင်ပြီးသား ဘဲတစ်ကောင်အား လွှင့်မပစ် လိုကြပေ။

သူတို့ထဲမှ တစ်ဝက်ခန့်သည် အသိစိတ် ရှိသေး၍ မြေအောက်သို့ အလျင်စလို ပြေးဝင် မသွားကြပေ။ သူတို့သည် မြေအောက်သို့ ဝင်သွားခဲ့သော စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် နှစ်ဆယ်ခန့် ပြန်ရောက် မလာခဲ့သည့် ဖြစ်ရပ်ကို ကြားထားပြီး ဖြစ်လေသည်။

စိတ်ဝိညာဉ်မျောလွင့် ခရီးသည်အဆင့် သုံးဆယ်ကျော် ဝင်ရောက် သွားပြီးနောက် မြေတွင်းကြီး၏ အဝအား ရွေ့လျားလာသော သစ်မြစ်များက ပိတ်ဆို့ လိုက်လေသည်။ မြေပေါ်မှ လူတိုင်းသည် မျက်နှာပျက် သွားကြကာ အသက်အောင့်၍ လေအေးများ ရှူထုတ် လိုက်ကြသည်။ ၎င်းသည် ထောင်ချောက်တစ်ခု ဖြစ်သည်မှာ သေချာသလောက် ရှိနေပြီး ဝင်သွားကြသူ များသည် တစ်သက်လုံး မြှုပ်နှံ ခံရနိုင်ချေ ရှိလေသည်။

ဆောင့်ကြွားကြွား အမူအရာဖြင့် ရှိနေသော အဖိုးတန် အဝတ်အစားတို့ ဝတ်ဆင်ထားသည့် သခင်လေးသည် သစ်မြစ်များ မြေတွင်းဝကို ပိတ်သွားသည်အား မြင်သောအခါ ပါးစပ်ကို ပိတ်၍ အလန့်တကြား အော်ဟစ်လိုက်သည်။

"နောက်ဆုတ် ... အားလုံး နောက်ဆုတ်ကြ ... ငါတို့ တစ်နေရာ ထဲမှာ စုနေလို့ မရဘူး ... မဟုတ်ရင် အကုန် သေကုန်ကြလိမ့်မယ် ... အားလုံးပဲ ထွက်ပြေးကြပြီး အရှင့်သား ငါတို့ကို လာကယ်တဲ့ အထိ စောင့်နေတော့၊ အားလုံးပဲ မကြောက်ကြနဲ့ ... ငါတို့ တောအုပ်ထဲကနေ အချိန် တော်တော်ကြာတဲ့ အထိ ထွက်မလာရင် အရှင့်သား သံသယ ဝင်လာပြီး လှုပ်ရှား လာလိမ့်မယ် ... မိန်းကလေးရွှေမှာ ဒီတောအုပ်ကို ဖျက်ဆီးနိုင်တဲ့ သူတော်စင်အဆင့် လက်နက်ရှိတယ် ... အားလုံးပဲ ခဏတောင့်ခံ ထားကြပါ၊ ငါတို့နိုင်မှာ သေချာတယ်"

***

All Chapters