ကိုယ်ဝန်သည် (1)
Vol. 33 Ch. 323
ချီလင်တောင်ခြေမှ အမျိုးသားလမ်းမ ၄၄၆ တွင်..
ဖြောင့်ဖြူးပြီး လူသွားလူလာနည်းသည့် လမ်းပေါ်တွင် တံခါးဖွင့်လျက်သား ကားများက လမ်းဘေးနှစ်ဖက်လုံးတွင် ထိုးရပ်ထားကြသည်။
ကားထဲတွင် မည်သူမျှမရှိဘဲ ထိုင်ခုံပေါ်တွင် ရိုက်ကူးရေးပစ္စည်းများသာ ရှိနေသည်။ ‘ဝိညာဉ်ရေးရာ’အဖွဲ့သားများအားလုံးနှင့် ယှဉ်ပြိုင်သူငါးယောက်တို့က အတိုက်ခံလိုက်ရသောသစ်ပင်ဆီ အမြန် ပြေးသွားကြ၏။
လူတစ်ယောက်၏လက်မောင်းလောက်တုတ်သည့် ပင်စည်မှာ ချိုင့်ဝင်ပြီးမီးခိုးအူနေသည့်ကားရှေ့ခေါင်းထဲ နစ်နေသည်။ သစ်ပင်တစ်ဝက်လောက်က ကျိုးကြေနေ၏။
သန်မာသည့် လူငယ်အချို့က ကားအောက်ခြေကို ဆွဲမကာ ပျက်စီးနေသောကား နောက်ပြန်ဆုတ်နိုင်အောင် အကောင်းဆုံးကြိုးစားနေကြသည်။
ကားက လမ်းညာဘက်မှ သစ်တောထဲသို့ အရှိန်မြင့်မြင့်တိုးဝင်သွားကာ မြေကြီးမှာ ကျောက်ပြားများနှင့်ရောနေသော မြေပျော့ဖြစ်သည့်အတွက် ရွှံ့ပေါ်တွင် ကားဘီးရာအနက်ကြီးကျန်ခဲ့သည်။
အကယ်၍ သူတို့သာ ကားကို ဆွဲထုတ်ချင်လျှင် ပွတ်တိုက်အားမှာ ကွန်ကရစ်လမ်းပြားပေါ်မှ ပွတ်တိုက်မှုထက် ပိုကြီးရမည်ဖြစ်သောကြောင့် အရွယ်ရောက်ယောကျာ်းသုံးလေးဦး ကားကိုဝိုင်းတွန်းနေသည်ကပင် ပို၍ခက်ခဲမည်ဖြစ်၏။
သူတို့ နီရဲနေသော မျက်နှာတို့ဖြင့် တွန်းနေချိန်တွင် သူတို့တွန်းနေသောကားမှာ ရုတ်တရက်ပေါ့လာသည်ကို ခံစားမိလိုက်ပြီး ဖြေးဖြေးချင်းသာရွေ့နေသော ကားမှာလည်း တစ်မီတာထက်ကျော်အောင် ရွေ့သွားသည်ကို တွေ့လိုက်ရသည်။
အဖွဲ့သားများက အံ့ဩသွားကြပြီး အနောက်ကို ကြည့်လိုက်ရာ ကားနောက်တွင် ရပ်နေသော ကုကျစ်စုန့်ကို တွေ့လိုက်ရသည်။
သူမ၏ အင်္ကျီလက်များက ပင့်တင်နေကာ ဖြးဖွေးသွယ်လျသောလက်ကောက်ဝတ်ကို ဖော်ပြနေသည်။ လက်ရှိတွင်တော့ နောက်ခုံကို ကိုင်ထားသည့်လက်ကို သာမန်အကြည့်ဖြင့် ပြန်ရုတ်လိုက်ပြီး ကောင်းကျိုးနှင့် ကျော်ကြားမှုများကို ဖုံးကွယ်လိုက်သည်။
သူမ လွှတ်လိုက်သည်နှင့် မကြာခင်က ပေါ့လာသော ကားမှာ တစ်ဖန်ပြန်၍ လေးသွားလေသည်။
အဖွဲ့သားများ : “.....”
ကုကျစ်စုန့်၏ခွန်အားကြောင့် သူတို့အံ့အားသင့်နေကြသော်လည်း ပို၍အရေးကြီးသောအရာမှာ ကားထဲမှ သူတို့၏လုပ်ဖော်ကိုင်ဖက်များသာဖြစ်၏။
လူတိုင်းက ကားတံခါးကိုဖွင့်လိုက်ကြပြီး လူများကို ကားထဲမှ ဆွဲထုတ်လိုက်ကြသည်။
“ဝူကော? ရှောင်ကျန်း? အဆင်ပြေကြရဲ့လား?!”
“အမြန်လုပ်ကြ၊ ကားကို မြန်မြန်ရွှေ့ရအောင်.. ကားတံခါးဖွင့်နေတဲ့အချိန် ဘယ်သူမှမတွန်းကြနဲ့.. လောင်ဝူရဲ့ခြေထောက်က တိုက်မိထားတဲ့ကားရှေ့ခြမ်းထဲ ညှပ်နေပုံပဲ”
“......”
သူတို့ စိတ်လောကြီးစွာ ကယ်ကယ်ပြီးသည့်နောက် ကားထဲမှ လူသုံးယောက်ကို အောင်မြင်စွာ ထုတ်နိုင်လိုက်ကြပြီဖြစ်၏။
ထိုအထဲတွင် ကားသမား လောင်ဝူက ဒဏ်ရာအပြင်းဆုံးဖြစ်သည်။
သူ့ခြေထောက်တစ်ဖက်မှာ ကား၏ ပုံပျက်သွားသောအရှေ့ခြမ်းထဲ ညပ်သွားပြီး သွေးများက ဒလဟောထွက်နေသည်။ သူ့အနေဖြင့် နာကျင်မှုကြောင့် ချွေးများထွက်နေပြီး စကားတစ်ခွန်းပင်မပြောနိုင်ချေ။
နာကျင်စွာဖြင့်သာ လအော်နေရသည်။
ကံကောင်းစွာဖြင့် လူသားမဟုတ်သော နတ်ဆေးသမားတော်က ဤအုပ်စုထဲတွင် ရှိနေသည်။ ထိုသူမှာ ပိုင်စစ်ပင်။
ပိုင်စစ်က မည်သည့်ကိရိယာကိုမျှ မငှားဘဲ လောင်ဝူ၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ ခြေထောက်ဒဏ်ရာကို လက်ဝါးဖြင့်အုပ်လိုက်ပြီး လေထဲတွင် နာရီလက်တံအတိုင်း စက်ဝိုင်းပုံစံရွှေ့လိုက်သည်။
မိနစ်ဝက်အတွင်းတွင် သွေးများထွက်နေသည့် လောင်ဝူ၏ခြေထောက်ဒဏ်ရာက သွေးတိတ်သွားသည်။ ထိုအချိန်လူတိုင်းမှာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်သွားကြ၏။
ဒါရိုက်တာဖြစ်သည့် လီချန်းဟယ်က ခေါင်းကိုက်လာကာ မေးလိုက်တော့သည်။
“ပိုင်စစ်၊ လောင်ဝူက..?”
ပိုင်စ်က မေး၏။
“ခင်ဗျား လူနာတင်ယာဉ်ခေါ်ပြီးပြီလား”
“ခေါ်ပြီးပြီ.. ဒါပေမဲ့ ဒီနေရာက ချောင်ကျလွန်းတယ်.. အနီးဆုံးလူနာတင်ယာဉ်တောင် ရောက်ဖို့ နာရီဝက်လောက်ကြာမယ်”
“ကောင်းပြီ.. ဒီလောက်ဆို အဆင်ပြေပါတယ်”
ပိုင်စစ်က ခေါင်းငြိမ့်သည်။ သူက ခဏမှတွေးကာ နှစ်သိမ့်ဟန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ခင်ဗျားခြေထောက် ကုလို့ရပါတယ်”
ထိုစကားကိုကြားတော့ ဖြူဖျော့နေသော မျက်နှာနှင့် ချွေးတလုံးလုံးထွက်နေသော လောင်ဝူမှာ ငိုရင်းဖြင့် ရယ်မောလာသည်။ သူက အသက်မနည်းရှူနေရပြီး ကျေးဇူးတင်ကြောင်းများ ပြောနေခဲ့၏။
ခရီးသည်ထိုင်ခုံတွင်ထိုင်ကာ ကင်မရာသမားနှင့် ဖုန်းပြောနေခဲ့သည့် ရှောင်ကျန်းမှာတော့ ကားအမြန်လှည့်လိုက်သည့်အခိုက်တွင် ရှေ့ပိုင်းနှင့် တိုက်မိသွားသည်။ သူ့၏ခေါင်းတွင် ခရမ်းရောင်သန်းကာရောင်ကိုင်းလာခဲ့ပြီး နဖူးဦးရေကိုဖြတ်၍ သွေးထွက်လာတော့မည့်နှယ် ထင်ရသည်။
ထို့အပြင် သူ့၏ပခုံးများနှင့် လက်မောင်းက ပြတင်းပေါက်နားမှ မှန်ကွဲစများဖြင့် စိုက်နေခဲ့သည်။
နောက်ခုံက လူငယ်မှာ ဒဏ်ရာအနည်းဆုံးပင်။
အတိအကျပြောရလျှင် သူ့အနားတွင် ပထမဆုံး ပုံမှန်မဟုတ်သည့်အရာကိုတွေ့လိုက်သည်နှင့် မေ့မြောသွားခဲ့ကာ သူ့ခန္ဓာကိုယ်က ကားနောက်ခုံတွင် ဤအတိုင်းလဲကျသွားခဲ့သည်။
ကားက သစ်ပင်ပင်စည်နှင့်တိုက်မိသည့်အခိုက်တွင် သူက ကားခုံအောက်သို့ လိမ့်သွားခဲ့ပြီး သူ့၏နံရိုးနှင့် ခါးနားတွင် ရောင်ရမ်းသွားသည်။
ဖြည်းဖြည်းချင်းသတိရလာသည့်အချိန်တွင် နာကျင်နေကြောင်းကိုသာ အသည်းအသန်အော်နေတော့သည်။
သို့သော်လည်း ပိုင်စစ် စစ်ဆေးပေးပြီးနောက် ဤဒဏ်ရာများမှာ အပေါ်ယံဒဏ်ရာများသာဖြစ်ပြီး အရိုးနှင့်အတွင်းအင်္ဂါများ ကျိုးကြေသွားခြင်းမရှိကြောင်း အတည်ပြုလိုက်နိုင်သည်။
မည်သူမျှ အသက်အန္တရာယ် ထိခိုက်မှုမရှိသည်ကို မြင်သော် လူတိုင်း၏ ခုန်ထွက်လုနီးနီးဖြစ်နေသော နှလုံးသားလေးမှာ ငြိမ်သက်သွားတော့၏။
ကုကျစ်စုန့်က ရုတ်တရက် မေးသည်။
“ရှင်တို့ ဘာတွေတွေ့ခဲ့ရတာလဲ”
တခြားသူများကလည်း သတိပြန်ရလာပြီး မေးကြသည်။
“ဟုတ်သားပဲ.. ငါတို့လန့်သေတော့မလို့”
နိုးလာသည့်လူငယ်လေး၏ မျက်နှာက အေးခဲသွားပြီး ကြောက်စရာကောင်းသောမြင်ကွင်းက သူ့စိတ်ထဲ ပေါ်လာခဲ့သည်။
သူက တုန်ရီစွာဖြင့် ကိုယ်ဝန်ဆောင်မိန်းမတစ်ဦးကို ရည်ရွယ်ချက်ကောင်းဖြင့် ကယ်တင်လာခဲ့သည့်အကြောင်းကို ပြောပြသည်။ သို့သော် ထိုမိန်းမက သရဲဖြစ်သွားခဲ့၏။
“ဘာပဲဖြစ်ဖြစ် .. ကျွန်တော် လှည့်ကြည့်လိုက်တော့ သူ့မျက်နှာက သွေးတွေနဲ့ဖုံးနေတာကို တွေ့လိုက်ရတယ်.. သူ့ခန္ဓာကိုယ်မှာ အဝတ်တွေ မရှိဘူး.. ဒါပေမဲ့ သူ့ခြေလက်တွေကတော့ မီးလောင်ခံထားရပုံပဲ.. မည်းပြီးပိန်နေတာ..အနံ့ဆိုးကြီးတစ်ခုလည်း ရှိတယ်”
“ပြီးတော့ ကျွန်တော် သတိလစ်သွားတော့တာပဲ”
သူ့၏ဖော်ပြချက်ကို နားထောင်ပြီးနောက် အဖွဲ့သားများမှာ ခြေဖျားများအေးစက်လာကြ၏။
လီချန်းဟယ်က ကုကျစ်စုန့်ကို ကြည့်ပြီး မေးလိုက်သည်။
“စုန့်စုန့်.. ရှောင်ကျန်းနဲ့ တခြားသူတွေက တစ်ခုခုနဲ့ ကြုံခဲ့ရတာလား”
သူ ကုကျစ်စုန့်ကို မေးလိုက်ရသည့် ရည်ရွယ်ချက်က သူ့အမြင်တွင် ကုကျစ်စုန့်က ယှဉ်ပြိုင်သူများကြား၌ အစွမ်းဆုံးသူဖြစ်နေသည့်အချက်ကြောင့်တင်မဟုတ်ပါချေ။
ရှောင်ကျန်းနှင့် အခြားသူများက ထူးဆန်းနေကြောင်းကို သူမက ပထမဆုံးရှာတွေ့ခဲ့ပြီး သူတို့ကို ဖုန်းခေါ်ရန် ပြောခဲ့ခြင်းကြောင့်လည်း ပါသည်။
ကုကျစ်စုန့်က အနီးအနားကို ပတ်ကြည့်ကာ ခေါင်းငြိမ့်သည်။
“ရှင် တွေးတဲ့အတိုင်းပဲ.. အဲဒါက အတော်လေး ပြင်းထန်တယ်”
“ပြီးတော့ ဒါက ဝေးဝေးကိုမရောက်သေးဘူး.. အနီးနားမှာပဲ ရှိသေးတယ်”
လီချန်းဟယ် : “?!!”
ပရိသတ်များ : “?!!”
ကုကျစ်စုန့်က ဆက်ပြောခဲ့သည်။
“ကားကိုနှောင့်ယှက်တဲ့သရဲက ယေဘုယျအားဖြင့်တော့ နိမိတ်ဆိုးပဲ.. သရဲက ကားထဲကလူတွေရဲ့အမြင်ကို လှည့်စားဖို့ အစွမ်းသုံးပြီး လမ်းပေါ်က အတားအဆီးတွေကို မမြင်ရအောင် လုပ်ထားတာပဲ..
ကံကောင်းတာက ကျွန်မတို့က မြစ်ဘေးတွေ တံတားပေါ်တွေမှာ ကားမောင်းနေတာမဟုတ်လို့.. မဟုတ်ရင် သူတို့က သစ်ပင်ကို ဝင်တိုက်ရုံတင်မကဘဲ ရေထဲ တည့်တည့်ဆင်းသွားလိမ့်မယ်”
“ရှင်းရှင်း ပြောရရင် ကားကိုတားတဲ့သရဲတွေက အစားထိုးရှာချင်တာ.. ဒါပေမဲ့ ဒီသရဲက အဲလိုမလုပ်ခဲ့ဘူး သူက ဒီလူသုံးယောက်ကို အစားထိုးခံအနေနဲ့ လုပ်ချင်နေတယ်လို့ ကျွန်မ မထင်ဘူး.. ဒါက ပိုခက်ခဲတယ်”
“ဆိုလိုတာ သူက ဒီလူတွေကို အန္တရာယ်ပြုချင်တာပဲ”
အသံက ခဏရပ်သွားကာ ကုကျစ်စုန့်၏ အကြည့်များ အေးစက်သွားသည်။
“အဲဒါက အနီးနားမှာပဲ ရှိနေပြီး ထွက်မသွားချင်ဘူး.. ဒါက သူ့ရဲ့မကောင်းတဲ့အကြံတွေက မပြီးသေးဘူးလို့ ဆိုလိုတာပဲ သူက ကျွန်မတို့ကို စိတ်ဝင်စားနေသေးတယ်”
ထိုအချိန်တွင် အဖွဲ့သားများက လမ်းဘေးမှသစ်ပင်များ၏အရိပ်တို့ကို မကူနိုင်မရှူနိုင် ကြည့်လိုက်မိကြသည်။
ကုကျစ်စုန့်၏ စကားလုံးများကြောင့်လူတိုင်းက တစ်စုံတစ်ခုမှ သူတို့ကို အမှောင်ထဲမှ ကြည့်နေသည်ဟု ခံစားရကာ အချိန်မရွေးထွက်လာနိုင်သည့်အတွက် အားလုံးက ကြောက်နေကြသည်။
ဒေစီက သူမလက်ဝါးကို ကားပေါ်တွင်တင်၍ ကြည့်ကာ ပြောလာသည်။
“ကားထဲမှာ တကယ်ကို အားကောင်းတဲ့မိစ္ဆာအငွေ့အသက်တစ်ခုရှိနေတယ်..တော်တော်အားကောင်းတယ် ကျွန်မမြင်ဖူးတဲ့ အမှောင်မိုက်ဆုံးသတ္တဝါ ထိပ်တန်းငါးခုထဲမှာတောင် ပါနိုင်တယ်”
အခြားသူ သုံးယောက်ကလည်း ခေါင်းငြိမ့်လိုက်ကြ၏။ သူတို့လည်း ထိုသို့ခံစားနေရကာ မသက်မသာဖြစ်နေသည်ဟု ပြောကြသည်။
ယှဉ်ပြိုင်သူများက ထိုသို့ပြောလာသည့်အတွက် လီချန်းဟယ်၊ ထုတ်လုပ်ရေးတာဝန်ခံနှင့် တင်ဆက်သူတို့ကဲ့သို့သော အဓိကအဖွဲ့သားများနှင့် အကြိုဗီဒီယိုကို ကြည့်ထားသော မီလီယံဆယ်ချီ ပရိသတ်များအားလုံး ပို၍ ထိတ်လန့်လာကြသည်။
သူတို့အနေဖြင့် ဝါးထော်ရွာသို့သွားသည့် ဤလမ်းပေါ်တွင် အကူအညီတောင်းသူ၏ သူငယ်ချင်းကောင်လေး သေဖူးသည်ဆိုသည်ကို သိထားကြသည်။
သူတို့မှာ သတိကပ်နေသည့် ယှဉ်ပြိုင်သူများထက်ပင် ပိုကြောက်လန့်လာကြ၏။
အချိန်တစ်ခုထိ #ဝိညာဉ်ရေးရာအစီအစဉ်အဖွဲ့ ကားမတော်တဆမှု# နှင့် #အန္တရာယ်အများဆုံး ချီလင်တောင်အမျိုးသားအမြန်လမ်း# တို့က ရှာဖွေမှုအမြင့်ဆုံး၏ ရှေ့ထိတိုက်ရိုက်တက်သွားကာ အာရုံကိုဖမ်းစားနေတော့သည်။
[တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတွေအားလုံးကြည့်နေတုန်းမှာ ကားက သစ်ပင်ကို ဝင်တိုက်တာကို မျက်စိနဲ့ဆတ်ဆတ် မြင်လိုက်ရတာ.. ငါ ကြည့်တုန်းကဆို ငါ့ရဲ့ဟော်မုန်းတွေ ပျံတက်သွားပြီး နှလုံးက လည်ချောင်းကနေ ခုန်ထွက်လာတော့မလိုပဲ]
[ကယ်ကြပါဦး... သူပြောပြတာကိုနားထောင်ပြီး ငါ့ရဲ့အရေပြားတွေ ထုံနေပြီ.. ဒီအပိုင်းကို ဆက်ရိုက်ကူးကြအုံးမှာလား.. အဖွဲ့သားတွေနဲ့ ယှဉ်ပြိုင်သူတွေရဲ့ လုံခြုံရေးက အာမခံလို့ရော ရရဲ့လား]
[ငါ့စိတ်ဝင်စားမှုကတော့ မြင့်တက်လာပြီလို့ ပြောရမယ်.. အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ.. အစီအစဉ်အဖွဲ့က လုံခြုံရေးကိုလည်း ဂရုစိုက်ပြီး ဆက်ရိုက်ကူးနိုင်မယ်လို့ ငါမျှော်လင့်တယ်]