← Chapters

ကိုယ်ဝန်သည် (2)

Vol. 33 Ch. 324

ကိုယ်ဝန်သည် (2)

Vol. 33 Ch. 324

တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေခြင်းမရှိသည့် အင်တာနက်သုံးစွဲသူအများအပြားကလည်း အင်တာနက်ပေါ်မှ စခရင်ရှော့များနှင့် ရိုက်ကူးမှုများကို မြင်ပြီးနောက် ထိတ်လန့်သွားကြသည်။

ထို့နောက် ထုတ်လွှင့်နေဆဲဖြစ်သည့် ‘ဝိညာဉ်ရေးရာ’အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲသို့ တန်းဝင်လိုက်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ မှတ်ချက်နေရာတွင် ဝန်ထမ်းများ၏ လက်ရှိအခြေအနေကို မေးနေကြသည့် လူအရေအတွက် တိုးလာသည်ကို မြင်သောအခါ တင်ဆက်သူလျိုက ပြောလိုက်သည်။

“အဖွဲ့သားသုံးယောက်က အသက်အန္တရာယ်မရှိတော့ပါဘူး.. ကျွန်တော်တို့ လူနာတင်ယာဉ်ရောက်ဖို့ကို စောင့်နေကြတာပါ”

ထိုအချိန်တွင် ဒါရိုက်တာ လီချန်းဟယ်က ကုကျစ်စုန့်နှင့် အခြားသူများ၊ နောက်လိုက်ကင်မရာသမားများကို ခေါ်ကာ ပြောသည်။

“အကူအညီတောင်းသူ သိချင်ခဲ့တဲ့ ဝါးထော်ရွာက သဘာဝလွန်အဖြစ်အပျက်တွေကို လူတိုင်းခန့်မှန်းပြီးကြပြီထင်ပါတယ်”

“ရွာကို သွားတဲ့လမ်းမှာ ဒီလိုမျိုးဖြစ်လာလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး.. ဒီတော့ ကျွန်တော် ဒီဘက်က ဆရာသခင်တို့ရဲ့ အမြင်တို့ကိုပဲ မေးကြည့်ရမယ်.. ကျွန်တော်တို့ ရွာကိုဆက်သွားသင့်လား”

“ရိုက်ကူးရေးနောက်ကို လိုက်နေတဲ့သူတွေက မလိုက်ချင်တော့ဘူးဆိုရင်လည်း ကျွန်တော် မတိုက်တွန်းပါဘူး.. တကယ်တော့ ဒါက ကိုယ်ပိုင်လုံခြုံရေးနဲ့ သက်ဆိုင်နေတာလေ”

ကုကျစ်စုန့်ကလည်း အသာခေါင်းငြိမ့်သည်။

“ကျွန်မက အဆင်ပြေတယ်.. ရှင်တို့သွားချင်ရင်သွားပါ”

ချီလင်တောင်ခြေမှ မီးခိုးငွေ့များရှိနေသည့်နေရာနှင့် အဖွဲ့သားများ ပြောပြသည့် မတော်တဆမှုတွင်ပါဝင်ခဲ့သည့် သရဲကိုယ်ဝန်ဆောင်ကို သူမ အတော်လေးစိတ်ဝင်စားနေသည်။

ယှဉ်ပြိုင်သူတစ်ဦးတစ်ယောက်ကမှလည်း မပြန်ချင်ကြပေ။

ရိုက်ကူးရေးနောက်လိုက်အဖွဲ့ထဲမှ သုံးယောက်မှာ တုံ့ဆိုင်းသွားကြသည်။ ရုန်းကန်နေရပြီးနောက် နှစ်ယောက်က ဒဏ်ရာရသွားသည့်ဝန်ထမ်းများနှင့်အတူ ထွက်ခွာရန်ဆုံးဖြတ်လိုက်သည်။

ရွာကိုဝင်ပြီး ရိုက်ကူးရန် ခွင့်ပြုမိန့်ရသွားသည်နှင့် တင်ဆက်သူလျို့က ကင်မရာကို ကြည့်ကာ ပြောလိုက်သည်။

“ယှဉ်ပြိုင်သူတွေနဲ့ ဆွေးနွေးအတည်ပြုပြီးတဲ့နောက် အစီအစဉ်အဖွဲ့က ဝါးထော်ရွာကို ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်”

“ဒီဆုံးဖြတ်ချက်က ယှဉ်ပြိုင်သူတွေအားလုံးရဲ့ ငြင်းမဲမရှိဘဲ ရလာခဲ့တာပါ.. ပြီးတော့ ကျွန်တော်တို့အားလုံးကလည်း ယှဉ်ပြိုင်သူတွေရဲ့လုံခြုံရေးကို စိတ်ချရဖို့ အကောင်းဆုံးကြိုးစားမှာပါ”

ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် လုံခြုံရေးကို ဦးစားပေးရန် အစီအစဉ်အဖွဲ့ကို ပြောနေကြသည်။

အချို့လူများက ရယ်မောပြီး ပြောလာကြသည်။

“ယှဉ်ပြိုင်သူတွေနဲ့ အစီအစဉ်အဖွဲ့က ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးနေတယ်ဆိုတာ မသိဘူးပဲ”

လူနာတင်ယာဉ်ရောက်လာပြီး လူနာသုံးဦးကို တင်ဆောင်သွားသည့်နောက်တွင် လိုက်မသွားရန် ဆုံးဖြတ်ခဲ့သည့် အဖွဲ့သားက အဖွဲ့နှင့်အတူ အမျိုးသားအဝေးပြေးလမ်းမပေါ်တွင် နေခဲ့ကာ လိုက်ပါရန် တာဝန်ရှိသည်။

ကျန်လူများက ထုပ်ပိုးလိုက်ကြကာ ချီလင်တောင်ခြေသို့ ဆက်မောင်းနှင်ရန် ခရီးဆက်လိုက်ကြ၏။

ကုကျစ်စုန့်၏နောက်မှ လိုက်ပါရသော လူငယ်လေးက ထွက်မသွားခဲ့ပေ။

ထိုအချိန်တွင် သူက ရှေ့တန်းတွင်ထိုင်နေသည်။ ယခုလေးတင်ဖြစ်ခဲ့သည့် အဖြစ်အပျက်ကြောင့် သူက စိတ်မချနိုင်သေးသော်လည်း စူပါဘော့စ်တစ်ယောက်က သူ့နောက်တွင်ထိုင်နေသည်ဟု တွေးလိုက်ရုံနှင့် ရှင်းမပြနိုင်သည့် စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။

သူ မေးမိသည်။

“စုန့်ကျဲ၊ အခု အရမ်းထူးဆန်းနေတယ်နော်..အဲဒီအရာတွေ.. သူတို့က ကားရဲ့အမြန်နှုန်းကိုတောင် ထိန်းနိုင်တာလား”

ကုကျစ်စုန့်က မော့ကြည့်လိုက်၏။

“ကားကို ထိန်းချုပ်တာမဟုတ်ဘူး၊ လူကိုထိန်းချုပ်တာပဲ”

“လူတိုင်းက သရဲနံရံကို တိုက်မိခဲ့တယ်ဆိုတာကို မင်းနားလည်လောက်မှာပါ.. ဒါပေမဲ့ ရှေ့ဆုံးကားက ကံမကောင်းဘဲ အာရုံစိုက်စရာဖြစ်သွားခဲ့တာ”

သက်ရောက်ခံရသည့်လူများမှာ လောင်ဝူ၏ ကားထဲမှ လူများသာမဟုတ်ဘဲ အဖွဲ့တစ်ခုလုံးမှ သာမန်လူများပင် ပါဝင်သည်။

မိစ္ဆာအရှိန်အဝါက သူမ၏ကိုယ်အနီးကို ပျံ့လာသည့်အခိုက်တွင် သူမ ချက်ချင်းတွေ့သွားပြီး ကားတစ်စီးလုံးကို သူမ၏ကာကွယ်မှုအောက်တွင် ဖုံးအုပ်ထားလိုက်သည်။

သူမ၏ အမြင်တွင် ထိုသို့ဖြန့်နိုင်သော သရဲမှာ အလွန်ပင်အားကောင်းကြောင်းသတ်မှတ်နိုင်၏။

ကုကျစ်စုန့်က တစ်စုံတစ်ခုကို အာရုံခံမိပုံရကာ မော့၍ ရှေ့တည့်တည့်ကြည့်လိုက်သည်။

“ရောက်ပြီ”

ချီလင်တောင်ခြေကို ပြတင်းမှန်မှ တွေ့နေရပြီး ဟိုတစ်စုသည် တစ်စုရွာလေးက ချီလင်တောင်ခြေတွင် တဖြည်းဖြည်းမြင့်သွားသော မြေပြင်ပေါ်၌ တည်ရှိနေ၏။

•

ကားက ရွာဝင်ပေါက်ကို ရောက်သည့်အခါ ရွာထဲမှ ရွာသားများက ဆွဲဆောင်ခံလိုက်ရပြီး လာကြည့်ကြသည်။

အများစုက သက်လတ်ပိုင်းများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးများဖြစ်သည်။ အားလုံးက ဒေသခံအင်္ကျီများကို ဝတ်ဆင်ထားကြကာ ကားများနှင့် အစီအစဉ်အဖွဲ့သားများကို ပတ်ကြည့်နေပြီး ကုကျစ်စုန့်နှင့် အခြားသူများနားမလည်နိုင်သော ဒေသိယစကားများဖြင့် ပြောနေကြသည်။

လူအုပ်ထဲတွင် တွေ့ရသည့် လူငယ်များမှာ အမျိုးသမီးများသာဖြစ်ကြ၏။တိုက်ရိုက်ထုတ်လွှင့်ခန်းထဲတွင် ဒေသိယစကားကို နားလည်သည့် တူညီ‌သောလူမျိုးစုမှ ကြည့်ရှုသူများသည်လည်း အချိန်နှင့်အမျှ ဘာသာပြန်ပေးနေခဲ့ကြသည်။

အစီအစဉ်အဖွဲ့သားများက လာသည့်လမ်းတွင် နှောင့်နှေးခဲ့သောကြောင့် သူတို့ကို လာကြိုမည်ဟုပြောထားသော ဝါးထော်ရွာသူကြီးနှင့် ရွာခံကေဒါများကို ဖုန်းဆက်၍ နောက်ကျမှရောက်မည့်အကြောင်း ပြောထားခဲ့၏။

ရလဒ်အနေဖြင့် ရွာသားအားလုံးက အပြင်လူများလာသည့်လမ်းတွင် တစ်ခုခုဖြစ်သွားခဲ့သည်ကို သိလိုက်ကြသည်။

သူတို့က ဤအကြောင်းကို တစ်နေ့လည်ခင်းလုံး ဆွေးနွေးခဲ့ကြ၏။

ရွာသားများ၏ စကားဝိုင်းမှတဆင့် ကုကျစ်စုန့်ကဲ့သို့သော အပြင်လူများမှာ အမျိုးသားလမ်းမပေါ်တွင်ပင် သေဆုံးသွားပြီး ရွာကို မရောက်နိုင်လောက်ဟု ရွာသားများ အစက ထင်ခဲ့ကြသည်။

မမျှော်လင့်စွာပင် သူတို့ရောက်လာရုံတင်မဟုတ်ဘဲ လူအများကြီးက ချက်ချင်းရောက်လာခဲ့ခြင်းပင်။

ချိုင်းထောက်ကို ကိုင်ကာ အခြားသူများ ကူတွဲပေးနေရသည့် အဘိုးအိုတစ်ယောက်မှ လူအုပ်ကြားထဲမှ ထွက်လာသည်။ သူက ရွာထဲမှ စီနီယာအကျဆုံးသူဖြစ်၏။

သူက မန်ဒရင်းဘာသာစကားမပြောတတ်သဖြင့် သူ့ဘေးက သက်လတ်ပိုင်းအရွယ်အမျိုးသားက အစီအစဉ်အဖွဲ့ကို စကားပြောပေးရသည့်သူဖြစ်လာသည်။

ထိုလူ၏နာမည်က လားမူ ဖြစ်ကာ အသက် ၃၉ နှစ်ရှိပြီဖြစ်သည်။

လားမူက ပြောသည်။

“ကျွန်တော်တို့ရဲ့ ဝါးထော်ရွာကို ကူညီပေးဖို့ အဝေးကြီးကနေလာခဲ့ရတဲ့ မိတ်ဆွေတွေအားလုံးကို ကျေးဇူးတင်ပါတယ်..

ခင်ဗျားတို့အစီအစဉ်အဖွဲ့ရဲ့ လိုအပ်ချက်တွေကို ရွာသားတွေကို ပြောပြပြီးပြီဖြစ်တဲ့အ‌တွက် သူတို့ ခင်ဗျားတို့ကို နှောင့်ယှက်မှာမဟုတ်ပါဘူး”

လီချန်းဟယ်က သူနှင့် ယဉ်ကျေးစွာ လက်ဆွဲနှုတ်ဆက်၍ ပြောလိုက်သည်။

“မျိုးနွယ်စုခေါင်းဆောင်ကြီးနဲ့ တခြားညီအစ်ကိုမောင်နှ‌မတွေကို ဒုက္ခပေးရတဲ့အတွက် အားနာမိပါတယ်”

“မှောင်နေပြီဆိုတော့ အခုပဲ စလိုက်ကြရအောင်.. ယှဉ်ပြိုင်သူတွေကို နည်းနည်း ပတ်ကြည့်ခွင့်ပေးပါဦး”

လားမူက ခေါင်းငြိမ့်ပြီးသည့်နောက် တင်ဆက်သူလျို့က ပြောသည်။

“ကျွန်တော်တို့က ချီလင်တောင်ရဲ့ရွာဖြစ်တဲ့ ဝါးထော်ရွာမှာပါ.. ဒီက ပတ်ဝန်းကျင်က လှပပြီးတော့ လူတွေက ရိုးရှင်းကြတယ် နတ်ဘုံလိုပဲ

ဒီလိုနေရာမျိုးမှာ ဘယ်လိုထူးဆန်းတဲ့အရာတွေဖြစ်ပြီး တစ်ရွာလုံးကို ကြောက်လန့်စေတာလဲမသိဘူး”

“နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ ယှဉ်ပြိုင်သူငါးယောက်ကို စိတ်ရှိသလောက် ရွာကို လေ့လာကြည့်ပြီး ရွာရဲ့လျို့ဝှက်ချက်တွေကို ရှာဖွေဖို့ တောင်းဆိုလိုက်ကြရအောင်

အားလုံးက သူတို့လေ့လာရှာဖွေမှုပြီးသွားတဲ့အခါ ကျွန်တော်တို့ အဖြေတွေကို အတူတူဖော်ထုတ်ကြမှာဖြစ်ပါတယ်!”

သူ စကားပြောပြီးသွားသည်နှင့် ကုကျစ်စုန့်နှင့် အခြားသူများနှင့်အတူ ဝါးထော်ရွာထဲသို့ တကွဲတပြားစီဝင်သွားလိုက်ကြသည်။

အခြားသူများနှင့်ယှဉ်လျှင် ကုကျစ်စုန့်ဘက်က ပို၍တိတ်ဆိတ်သည်။

သူမက ဘာမှမပြောဘဲ ရွာကို ပတ်ကြည့်ကာ တစ်ခါတရံ တချို့နေရာများကိုကြည့်ရင်း ခဏမျှရပ်တန့်ကာတွေးတောခြင်းသာ ရှိသည်။

လူများကို ပို၍ထူးဆန်းစေသည်မှာ သူတို့ရွာထဲကို ဝင်လိုက်ကတည်းက သူတို့မြင်ရသည့်လူအများစု၊ အထူးသဖြင့် လူကြီးများမှာ မျက်နှာဖုံးများ ဝတ်ထားကြသည်။

ရွာခံဖြစ်သည့် လားမူ၏ ပြောစကားအရ ဤသို့ဝတ်ကြခြင်းမှာ သူတို့ရွာသားများက ရှက်တတ်ကြပြီး အပြင်လူများနှင့် ဆက်ဆံရသည်ကို မကြိုက်သောကြောင့်ဟုဆိုသည်။

သူတို့က ရွာကို ရိုက်ကူးရေးလုပ်ရန်လာသဖြင့် သူတို့က မဖော်ပြလိုခြင်းပင်။

ဤသည်က ကျိုးကြောင်းသင့်၏။

သို့သော် ကုကျစ်စုန့်က ပျက်စီးနေသော ခြေတံရှည်အိမ်တစ်ခုရှေ့မှဖြတ်သွားသောအခိုက်တွင် ခေါင်းမော့ကြည့်လိုက်ရာ ၆ နှစ် ၇ နှစ်အရွယ်ကလေးမလေးက ပြတင်းပေါက်ဘေးတွင်ရပ်ရင်း သူမကို ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူမက အိမ်တွင်းထဲမှာ ဖြစ်ကာ လက်ချုပ်ပန်းပွင့်ပုံမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။

ကုကျစ်စုန့်ကို ၂ စက္ကန့် ၃ စက္ကန့်မျှ ကြည့်ပြီးသော် ကလေးမလေးက လူကြီးတစ်ဦး၏ ဆူပူခြင်းခံလိုက်ရပြီး အိမ်ထဲဝင်လိုက်ရသည်။

ထို့နောက် ပြတင်းပေါက်ခန်းဆီးများမှာ အတွင်းထဲမှ ပိတ်သွားကြ၏။

ကုကျစ်စုန့်က ရွာနေရာတော်တော်များများကို ဦးတည်ရာမရှိဘဲ အလည်အပတ်သဘောမျိုးသာ ပတ်သွားနေသည်။

သူမက လူစုသည့်နေရာသို့ရောက်သောအခါ လူတိုင်းက ပြန်ရောက်နေကြပြီး သူမသာ ကျန်နေကြောင်းကို တွေ့လိုက်ရသည်။

တင်ဆက်သူလျို့က ပြောသည်။

“စုန့်စုန့် ပြန်လာပြီ! အားလုံး အဆင်သင့်ပဲလား၊ စလိုက်ကြရအောင်”

ယှဉ်ပြိုင်သူများ စုသည့်နေရာမှာ ဝါးထော်ရွာ၏ ဂျုံခင်းပြင်ကြီးပင် ဖြစ်ပြီး ထိုင်ခုံနှင့် စားပွဲများကို ချထားသည်။ ရွာသူကြီးက ပထမဆုံးထိုင်ခုံတွင် ထိုင်ကာ ရှုံ့တွတွ နှုတ်လမ်းတို့ဖြင့် ဆေးတံကို ကိုက်နေသည်။

သူ့ဘေးတွင် ရွာသားအုပ်စုရှိနေပြီး စိတ်လှုပ်ရှားစွာဖြင့် နားထောင်နေကြသည်။

စင်မြင့်ပေါ်သို့ ပထမဆုံးတက်သွားရသူမှာ ယှဉ်ပြိုင်သူ #၁၀ ရှီဟိုင်ဟုန်ဖြစ်ပြီး ရှိုးတွင် နောက်ဆုံး ရွှမ်းမန်ဂိုဏ်းသားတစ်ယောက်လည်း ဖြစ်သည်။

သူမက အနည်းငယ် အလေးအနက်ဖြစ်နေကာ ပြောသည်။

“ကျွန်မ ရှင်တို့ရွာကို နှစ်ပတ်လောက် လျှောက်ကြည့်ပြီး တချို့ပြဿနာလေးတွေ တွေ့ခဲ့ရတယ်”“ပထမဆုံး တချို့ဒေသရင်းဝိညာဉ်အပိုင်းအစတွေက ရှင်တို့ရွာထဲမှာ လွင့်မျောနေတယ်.. အဲဒါတွေက တော်တော်လေးရက်စက်တဲ့နည်းလမ်းနဲ့ ဆုတ်ဖြဲခံထားရတာ

ဝိညာဉ်တွေကို ဆုတ်ဖြဲခံရပြီး ကျန်ခဲ့တဲ့ အပိုင်းအစတွေလို့ နားလည်လို့ရတယ်.. ဒေသရင်းဝိညာဉ်တွေက အများကြီးပဲ.. ပြောချင်တာက အဲဒှလိုဆွဲဖြဲခံရတာ ဝိညာဉ်တစ်ခုတင်မကဘူး”

“ဒီကာလအတွင်းမှာ ရှင်တို့ရွာမှာ လူနည်းနည်းလောက် ဆိုးဆိုးဝါးဝါးနဲ့ ဆုံးသွားရတာရှိခဲ့လိမ့်မယ်.. ”

All Chapters