← Chapters

မျက်နှာပုံစံ ဒဏ်ရာ (3)

Vol. 33 Ch. 328

မျက်နှာပုံစံ ဒဏ်ရာ (3)

Vol. 33 Ch. 328

ဒေစီညွှန်ပြလိုက်သော ရွာသားများက အံ့အားသင့်သွားကာ ဝမ်းနည်းသွားကြသည်။

အားလုံးနီးပါးက ခေါင်းငြိမ့်ကြ၏။ သူတို့၏သား၊ ယောကျာ်း၊ သို့မဟုတ် တိုက်ရိုက်သွေးချင်းများမှာ ရွာထဲမှ သရဲ၏ သတ်ခြင်းကို ခံခဲ့ရ၏။

ထိုအကြောင်းရင်းကြောင့် ရွာပြင်မှ အကြားအမြင်ရသော ဆရာသခင်များက သရဲဖမ်းရန် ရွာရောက်လာသည်ဟု သူတို့ကြားကြသောအချိန် ကြည့်ရှုရန် ရောက်လာကြခြင်းဖြစ်၏။

ဤနေရာကို မလာခင်တွင်ပင် သူတို့အားလုံးကို သူတို့မိသားစုကိစ္စများကို အပြင်လူများထံ ကြို၍မပြောပြရန် ရွာခံကေဒါများက ပြောထားခဲ့ကြသည်။ ထို့ကြောင့် သူတို့မှာ ထုတ်မပြောခဲ့ကြပေ။

ယခုတော့ ဒေစီက ထုတ်ပြောလိုက်ပြီဖြစ်သည့်အတွက် ထိုရွာသားများက မျက်ရည်များ ကျလာမိကြကာ သူတို့၏သေဆုံးသွားသော သားချင်းဆွေမျိုးများအတွက် တရားမျှတမှုရှာပေးရန် ဒေသခံစကားရောသည့် မန်ဒရင်းစကားကို မပြောတတ်ပြောတတ်နှင့် ပြောလာကြသည်။

ပြီးခဲ့သည့်နှစ်ပတ်အတွင်း သေဆုံးခဲ့သည့် လူခြောက်ဦးမှာ မည်သည်ကမှမထူးခြားပါချေ။ အမျိုးသမီးတစ်ဦးနှင့် ကျောင်းပိတ်ရက် အိမ်ပြန်လာသည့် ကလေးတစ်ဦးပါဝင်သည်။

အခြားလူလေးယောက်မှာ အပြင်သို့ထွက်ကာ အလုပ်လုပ်ကြသည့် ရွာထဲမှ သက်လတ်ပိုင်းအမျိုးသားလေးယောက်ဖြစ်သည်။

သို့သော်လည်း သေဆုံးသွားသည့် အမျိုးသမီး၏ ဆွေမျိုးများကတော့ ဤရွာသားအုပ်စုထဲတွင် မရှိပေ။

ရွာသားများ၏ပြောစကားအရ အစီအစဉ်အဖွဲ့နှင့် ပရိသတ်များ မှာ သေဆုံးသွားသည့် အမျိုးသမီး၏မိသားစုမှာ ရွာနောက်ပိုင်းမှ ရှင်းမိသားစုမှဖြစ်ကြောင်း သိလိုက်ရသည်။

အမျိုးသမီးနစ်နာသူက မစ္စရှင်း၏သမီးဖြစ်ကာ ကိုယ့်ကိုယ်ကိုယ်ချိတ်ဆွဲခဲ့သော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ယောက်မဖြစ်သည်။

ဒေစီက ထိုရွာသားများနှင့် တစ်ယောက်ပြီးတစ်ယောက် လက်ဆွဲနှုတ်ဆက်ကာ သူတို့စွမ်းအင်များကို ခံစားကြည့်ပြီး သေဆုံးသွားသည့် လူတစ်ယောက်ချင်းစီ၏ သေဆုံးမှုကို တိကျစွာ ပုံဖော်နိုင်ခဲ့သည်။

သို့သော် သူမက နော်ဝေးကဝေတစ်ဦးဖြစ်ကာ သရဲ၏စွမ်းရည်များမှာမူ ရှားနိုင်ငံမှ စွမ်းအားများမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူမက ရှားနိုင်ငံ၏ ထူးခြားသော အချို့အဖြစ်အပျက်များကို နားမလည်နိုင်ပါ‌ချေ။

ထို့အပြင် ဤတစ်ခေါက် သရဲက လှည့်ကွက်များပြီး ကျိန်စာသင့်အတားအဆီးကိုဖြတ်သန်း၍ သူတို့၏စွမ်းအားများကို ကောင်းစွာ ဖုံးကွယ်ထားနိုင်ပြီး ဒေစီအတွက် ကြီးစွာသောအခက်အခဲဖြစ်လို့နေသည်။

သူမက စိတ်မကောင်းစွာဖြင့် ခေါင်းခါကာ ထပ်မမြင်ရတော့ကြောင်း ဆိုလာသည်။

နောက်ဆုံးအနေဖြင့် နောက်ဆုံးပြိုင်ပွဲဝင်ဖြစ်သည့် ကုကျစ်စုန့်သာ ကျန်တော့သည်။

တင်ဆက်သူက သူမ၏နာမည်ကို ခေါ်လာသည့်အခါ ကုကျစ်စုန့်က သူမ၏ မျက်လုံးများကို ဖွင့်၍ ပြောလိုက်သည်။

“ကိစ္စတွေအများကြီးကို အရှေ့က ယှဉ်ပြိုင်သူတွေက ပြောပြီးပြီဆိုတော့ ထပ်မပြောတော့ဘူး..

ကျွန်မ တစ်ခုပဲ ပြောမယ်.. ရွာထဲမှာာ ကိုယ့်ကိုယ်ကိုယ်ကြိုးဆွဲချပြီး အငြိုးအရမ်းကြီးခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက အခု သရဲတစ်ကောင်သက်သက် မဟုတ်တော့ဘူး.. အရမ်းရက်စက်တဲ့သတ္တဝါဖြစ်သွားပြီ”

“သူမကို မမြှပ်နှံခင်က ခန္ဓာကိုယ်ကို အရင်ဖျက်ဆီးလိုက်လိမ့်မယ်.. ဒါပေမဲ့ ကျွန်မ မမှားရင် သူမကို မြှုပ်နှံတဲ့နေရာမှာ ဘယ်သူမှမရှိခဲ့လောက်ဘူး”

ကုကျစ်စုန့်က ရွာကို ပတ်ကြည့်နေစဉ်အတွင်း အပန်းဖြေနေသကဲ့သို့ရှိနေခဲ့ကာ တိတ်ဆိတ်နေခဲ့သည်။

သို့သော် အမှန်တွင်မူ သူမက ဝါးထော်ရွာ၏ ဖုန်းရွှေကို လေ့လာနေခြင်းဖြစ်သည်။

မူလသွင်ပြင်အရ ရွာက ချီလင်တောင်ထိပ်အစွန်းဖျားတစ်ခုနှင့် ဆက်စပ်နေပြီး ဖုန်းရွှေကလည်း ကောင်းသည်။

မဟုတ်လျှင် မီးခိုးရောင်ဖြူကောင်ကဲ့သို့ မသေမျိုးသတ္တဝါများကို မွေးထုတ်ပေးနိုင်မည်မဟုတ်ချေ။

သို့သော် အခုချိန်တွင် ရွာနှင့် ပတ်ဝန်းကျင်၏ဖုန်းရွှေက လုံးဝ ပြိုပျက်နေကာ ကြောက်စရာကောင်းသောနေရာအဖြစ် ပြောင်းလဲနေလေပြီ။

မရေမတွက်နိုင်သော ယင်စွမ်းအင်များက ပြန်လည်ပြည့်တင်းလာကြပြီး ချီ‌လင်တောင်တန်းများနှင့် ပိတ်ဆို့ခံရကာ အပြင်မထွက်နိုင်ပေ။

အပေါ်မှကြည့်လျှင် ဤနေရာက ကြီးမားသည့်အုတ်ဂူကြီးနှင့်ပင် တူ၏။

ယင်းအတွက်ကြောင့် ကုကျစ်စုန့်က ရွာကိုမဝင်ခင်က ဤနေရာ၏ကောင်းကင်မှာ ယင်စွမ်းအင်များနှင့် ပြည့်နေကြောင်း တွေ့ခဲ့ခြင်းဖြစ်သည်။

အလွန်ရက်စက်ကြောက်စရာကောင်းသောအရာသာ မမွေးဖွားလာခဲ့လျှင် ထိုသို့ကြီးစွာသော ထကြွသောင်းကျန်းမှုများ ဖြစ်မည်မဟုတ်ပေ။

ထို့အပြင် ဒေစီနှင့် တခြားယှဉ်ပြိုင်သူများက ယခုလေးတင် အဖြေများကိုပြောခဲ့သည်။ နစ်နာသူများ၏ အကြောင်းရင်းနှင့် ဒဏ်ရာများကို မြင်ပြီးပြီပင်။

သူတို့ထဲမှတစ်ယောက်မှာ တောင်ထဲတွင် ဝံပုလွေရိုင်းကြီး ကိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်၏။

ဤအဖြစ်က ဒုက္ခပေးနေသည့်သူမှာ သာမန်သရဲမဟုတ်ကြောင်းကို သက်သေပြနေသည်။

သို့တည်းမဟုတ် ၎င်းက သရဲလုံးဝမဟုတ်သည်လည်း ဖြစ်နိုင်သည်။

တိရစ္ဆာန်များမှာ စိတ်ဝိညာဉ်ရှိကြပြီး အထူးသဖြင့် ဝံပုလွေနှင့် ကျားကဲ့သို့သော တောင်ထဲမှတောရိုင်းသားရဲများပင်။ သူတို့က ဤသရဲများကို ကြောက်ရွံ့နေကြခြင်းမရှိချေ။

သူတို့ကို ခြောက်လှန့်သောအရာများကသာ သူတို့ထက်ပို၍ အင်အားမကြီးလျှင်ပေါ့။ထိုမှတစ်ဆင့် ကုကျစ်စုန့်က သေသွားပြီးသည့် ထိုအမျိုးသမီးမှာ အဆင့်မြင့်တက်လာပြီဖြစ်ကြောင်း ဆုံးဖြတ်လိုက်သည်။

ဇွန်ဘီ သို့မဟုတ် မှင်စာ တစ်ကောင်ကောင် ဟုတ်၊ မဟုတ် မသိရသေးသော်လည်း အနည်းဆုံးတော့ ၎င်းက အလောင်းနှင့် ဝိညာဉ်တို့ ပေါင်းစပ်ထားသည့် ငြိုးအားကြီးသည့် တည်ရှိမှုတစ်ခုဖြစ်ကာ သူမ ကနဦးတွေးထားသည်ထက် ရင်ဆိုင်ရန် ပိုခက်ခဲသည်။

ရွာသားများက အချင်းချင်းကြည့်လိုက်ကြပြီး နားလည်စွာ ခေါင်းငြိမ့်လိုက်သည်။

“ကျုပ်တို့ သူမအလောင်းကို ဖျက်ဆီးပစ်ဖို့ မရည်ရွယ်ခဲ့ဘူး.. တကယ်က သူမကို ကြည့်ရတာ အရမ်း အငြိုးအားကြီးနေလို့ပဲ”

ထိုမျက်နှာမှာ သွေးတရဲရဲဖြစ်နေကာ မျက်ဆံများလည်း ပြူးထွက်နေသည်။

ထို့အပြင် ထိုအမျိုးသမီးက သေဆုံးချိန်တွင် ကိုယ်ဝန်ရှိနေခဲ့ပြီး ထိုအချိန်က သူမဗိုက်ကလည်း အတော်လေးကြီးနေလေပြီ။ လတွက်ချက်မှုအရ သူမဗိုက်ထဲက ကလေးမှာ ပုံပေါ်ခါနီးဖြစ်ပြီး နှလုံးခုန်သံနှင့် လှုပ်ရှားသံများကို ကြားနိုင်တော့မည်ဖြစ်သည်။

သို့သော် သူမက သေဆုံးသည်အထိ ချိတ်ဆွဲထားခံရပြီး သူမ၏ ဗိုက်ကြီးကလည်း ခန္ဓာကိုယ်ကို ဆွဲချထားသလိုဖြစ်နေသည်။ ရွာသားများက သူမကိုတွေ့သည့်အခါ သူမ၏ဘောင်းဘီအောက်တစ်ခြမ်းလုံး သွေးချင်းချင်းနီနေသည်။

အတိုချုံးပြောရလျှင် ယင်းက အတော်လေး ကြောက်စရာကောင်းလှ၏။

ကယ်တင်ရေးနှင့် ဂါထာရွတ်ဆိုရန် လာခဲ့သော ခေါင်းကိုင်မိခင်အဘွားက အလောင်းကိုတွေ့သောအချိန်တွင် အမူအရာပြောင်းလဲသွားပြီး တရစပ်ပြောနေတော့သည်။

“မကောင်းတော့ဘူး၊ မကောင်းတော့ဘူး!”

ရွာသားများက ပြောသည်။

“ကျုပ်တို့ရဲ့ ခေါင်းကိုင်အဘွားက ပြောတာကတော့ သူမက အမုန်းအာဃာတတွေကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တာတဲ့.. ပြီးတော့ သူမရဲ့ဗိုက်ထဲက ကလေးကလည်း အသက်တစ်ချောင်းပဲလေ

မွေးလာရမဲ့ကလေးက ဗိုက်ထဲမှာပဲ သေဆုံးသွားခဲ့တယ်.. ဒီလို ဗိုက်ကြီးသည်သရဲမျိုးက အနာဂတ်မှာ အရမ်းအငြိုးကြီးလာလိမ့်မယ်တဲ့.. ဒါကြောင့်..”

ကုကျစ်စုန့် : “အဲ့ဒါကြောင့် ရှင်တို့ သူမရဲ့ဗိုက်ကို ခွဲခဲ့တာပေါ့”

ရွာသားများက ‌ခက်ခက်ခဲခဲ ခေါင်းငြိမ့်လိုက်ကြသည်။

ထိုအချိန်က မြင်ကွင်းများမှာ သူတို့စိတ်ထဲ မလွှဲသာ မရှောင်သာ ပေါ်လာကြ၏။ ရွာသားများ တုန်ယင်သွားကြသည်။

“ကျုပ်တို့မှာလည်း ရွေးချယ်စရာမရှိဘူးလေ.. ဘယ်သူသိမှာလဲ၊ ခွဲလဲ ခွဲပြီးရော ကျုပ်တို့တွေ ပုံပျက်နေတဲ့ကလေးကို တွေ့လိုက်ရတယ်.. ပြောရရင် အဲဒီကလေးက တော်တော်ထူးဆန်းတယ်..

ပြီးတော့ ကလေးက လှုပ်လဲလှုပ်နေသေးတယ်.. ကျုပ်တို့မှာ တကယ်ရွေးစရာမရှိတော့တာ၊ ဒါကြောင့် ကျုပ်တို့ ဆာမဒီမီးတောက်ကိုပဲ ဆောင်ရွက်ခဲ့ရတော့တယ်၊

ခေါင်းကိုင်အဘွား ပြောတဲ့အတိုင်းပေါ့.. သူတို့အလောင်းနှစ်ခုလုံးကို ခွေးသွေးနက်နဲ့ ပတ်ပြီး သင်္ဂြိုဟ်လိုက်တယ်၊ အဲဒီနောက် မြေမြှုပ်ပေးလိုက်တယ်”

သင်္ဂြိုဟ်သည့်ဖြစ်စဉ်အတွင်းတွင် ရွာထဲမှ ရာသီဥတုမှာ အစကတော့ တိမ်ကင်းစင်၍ နေမင်းထိန်ထိန်သာနေခဲ့သည်။

ခေါင်းကိုင်အဘွား တောင်းဆိုခဲ့သည့် ဆာမဒီမီးတောက်က အချိန်တိုလေးသာ လောင်ကျွမ်းသွားပြီးနောက် ကောင်းကင်က မည်းမှောင်သွားလိမ့်မည်ဟု မည်သူသိပါမည်နည်း။

မကြာခင်တွင် မိုးဖွဲလေးများရွာသွန်းလာပြီး မြေကျင်းထဲမှ အလောင်းများပေါ်မှ မီးတောက်များကို ငြိမ်းသွားစေသည်။

ရွာသားများက ကူကယ်ရာမဲ့သွားကြကာ အကြားအမြင်ရသည့် အဘွားအိုမှာ ဖြူဖျော့နေပြီး ချွေးအေးများထွက်နေသည်ကို တွေ့လိုက်ရသည်။

အချိန်ခဏကြာပြီးနောက် သူမက သူတို့ကို လောဆော်တော့သည်။

“မြန်မြန်လုပ်၊ အဲဒါတွေကို မြေကြီးနဲ့ဖုံးလိုက်တော့!”

ကြောက်လန့်သွားကြသော ရွာသားများလည်း အမြန်တုံ့ပြန်လိုက်ကြကာ မြေဖြင့်ဖုံးလိုက်ကြသည်။

ထိုနေ့လည်ခင်းတွင်ပင် အုတ်ဂူအနီးတွင် ရိုးရာဓလေ့ထုံးတမ်းကို ဆောင်ရွက်နေသည့် အဘွားအိုက အခြားသူများ နားမလည်နိုင်သည့် ဂါထာများကို ထပ်ကာထပ်ကာရွတ်ဆိုနေကာ အဆောင်စာရွက်များကို အုတ်ဂူပတ်လည်တွင် ကပ်ထားလိုက်တော့သည်။

ရွာသားများ၏ တင်းကြပ်နေ‌ခဲ့သောစိတ်နှလုံးအိမ်များမှာ အဆောင်စာရွက်ဝါအပြည့်ကို တွေ့လိုက်ရမှသာ စိတ်လျှော့လိုက်ကြသည်။

သူတို့က တူရွင်းပေါက်ပြားများကို သယ်ကာ အိမ်သို့ ပြန်ခဲ့ကြ၏။

ထိုညနေတွင် ရွာ၌မိုးသည်းထန်စွာရွာသွန်းကာ လျှပ်စီးနှင့် မိုးကြိုးတို့ကလည်း ဝင်းခနဲလက်ခနဲပင်။

မိုးကြိုးတစ်ချက်ပစ်ချပြီးသည့်နောက် ရွာကောင်းကင်တစ်ဝက်မှာ လင်းထိန်သွားခဲ့သည်။

အလောင်းကို တွေ့ခဲ့ရပြီး မြေ‌မြှုပ်သင်္ဂြိုဟ်ရာတွင် ပါဝင်ခဲ့သည့် ရွာသားအားလုံးမှာ ထိုညတွင် ကောင်းစွာ အိပ်မပျော်ခဲ့ကြပေ။

သူတို့မှာ ဟိုလှည့်သည်လှည့်လုပ်ကာ ကြောက်စရာကောင်းသည့် အိပ်မက်ဆိုးများလည်း မက်ခဲ့ကြ၏။

နောက်တစ်နေ့ နံနက်စောစောတွင် အချို့ရွာသားများက ရွာထဲမှ ထွက်လာပြီး အော်ဟစ်ကြသည်။

“မကောင်းတော့ဘူး! မနေ့ညက မိုးကြိုးက.. ရှင်းမိသားစုရဲ့ချွေးမအုတ်ဂူကို ပစ်ချခဲ့တာ..ပြီးတော့ သူမအလောင်းနဲ့ကလေးအလောင်းတွေကလဲ မရှိတော့ဘူး!”

ရွာသားများမှာ ပို၍ပင် ကြောက်ရွံ့သွားခဲ့ကြသည်။ ကိစ္စကို ကြီးကြပ်ခဲ့သည့် အဘွားအိုသည်ပင်လျှင် ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ချေ။

သူတို့က အုတ်ဂူသို့သွားကာ ထပ်ကာတလဲလဲ ကြည့်ခဲ့ကြသော်လည်း သွေးစွန်းအဝတ်စများရှိသည့် မြေကျင်းအလွတ်ကြီးကိုသာ တွေ့ခဲ့ရသည်။အချို့ရွာသားများက အရာအားလုံးက အဆင်ပြေသွားမည်ဖြစ်ပြီး ရှင်းမိသားစုချွေးမက မိုးကြိုးကြောင့် ဖျက်ဆီးခံလိုက်ရခြင်းသာဖြစ်သည်ဟု သူတို့ကိုယ်သူတို့ နှစ်သိမ့်ကာ ဖြောင်းဖျခဲ့ကြသည်။

သို့သော်ငြား ထိုအလောင်းများက မိုးကြိုးကြောင့် ပျက်စီးသွားလျှင်ပင် အရိုးပင်မကျန်ခဲ့ခြင်းမှာ မည်သို့ဖြစ်နိုင်မည်နည်း။ ထိုအကြောင်းကို အားလုံးကလည်း နားလည်ထားကြသည်။

ရွာသားများက နှစ်ရက်မျှ စိုးရိမ်ခဲ့ကြသော်လည်း မည်သည့်ကိစ္စကြီးကြီးမားမားမှ ပေါ်မလာခဲ့သောကြောင့် စိတ်ကိုလွှတ်ချကာ မည်သည်မျှ ဖြစ်မလာနိုင်တော့ဟု တွေးလိုက်ကြသည်။

ထို့နောက်တွင် ရွာသားများတစ်ယောက်ပြီးတစ်ယောက် သေဆုံးကြလိမ့်မည်ဟု မည်သူတွေးခဲ့ပါအံ့နည်း။

All Chapters