ရူးသွပ်သွားစေရန် ဖိအားပေးခြင်း (1)
Vol. 33 Ch. 329
ကုကျစ်စုန့်က နားထောင်ရင်း မျက်မှောင်ကြုတ်နေခဲ့ကာ သူမအမူအရာကလည်း ပိုပိုပြီး ငြိမ်သက်လာသည်။
ရုတ်တရက် သူမက တစ်ခုခုကို တွေးမိကာ မေးလိုက်သည်။
“အဲဒီတုန်းက အုတ်ဂူကို ကြီးကြပ်ပြီး ရိုးရာဓလေ့လုပ်ဆောင်ခဲ့တဲ့ အဘွားအိုက ဘယ်သူလဲ.. သူမ အခုဘယ်မှာလဲ”
ရွာသားများက လှည့်ကြည့်လိုက်ကြသော်လည်း လူအုပ်ထဲတွင် ခေါင်းကိုင်အဘွားကို မတွေ့ကြပေ။
အတွင်းလူတစ်ယောက်က ပြောသည်။
“ ရိုးရာပွဲဆောင်ရွက်ပြီးကတည်းက ခေါင်းကိုင်အဘွားက ကျန်းမာရေးသိပ်မကောင်းတော့ဘူး.. ပြောတာတော့ သူမ ခဏလောက် အနားယူဖို့ လိုတယ်တဲ့.. အဲဒါကြောင့် မလာတာ”
ကုကျစ်စုန့်၏ အမူအရာက ရုတ်ခြည်းပြောင်းသွားလေသည်။
“သူမ အခုဘယ်မှာလဲ.. ကျွန်မကို အဲဒီကို ခေါ်သွားပေးပါ”
သူမ၏ အလေးအနက်ဖြစ်နေပုံကို မြင်ပြီးနောက် ရွာသားများက ကြောက်လန့်သွားကြကာ အမြန်လမ်းပြပေးလိုက်ကြသည်။
လူအုပ်စုက ခေါင်းကိုင်အဘွားနေသည့် တဲသို့ ရောက်ကြသောအခါ သူတို့ အပြင်ဘက်က အော်ခေါ်သော်လည်း မည်သူမှ ပြန်ထူးမလာခဲ့။
လူတိုင်း မကောင်းသည့်ခံစားချက်များ ရလာကြသည်။
လားမူက ပြောလာသည်။
“တံခါးကို ဖွင့်လိုက်တော့!”
“ကောင်းပြီ!”
ထို့ကြောင့် ဝန်ထမ်းများနှင့် ရွာသားများက သစ်သားတံခါးကို အပြင်းအထန်ကန်ကျောက်ကြသည်။
တံခါးက ကန်ဖွင့်ခံလိုက်ရပြီးနောက် အနံ့အသက်ခပ်ဖျော့ဖျော့တစ်ခုက မှိန်နေသည့်အိမ်အတွင်းမှ ပျံ့လွင့်လာခဲ့သည်။
အိမ်ထဲမှ မြင်ကွင်းကို မြင်သည့်အခါ ပထမဆုံးရွာသားက ကြောက်အားတကြီး အော်လိုက်ပြီး သူ့ခြေထောက်များလည်း ပျော့ခွေသွားသည်။
အဘွားအိုက အခင်းပေါ်တွင် လှဲနေခဲ့သည်။
သူမမျက်နှာက ကြောက်စရာကောင်းပြီး ပျက်ယွင်းနေသည်။ သွေးများကလည်း ဒွါရခုနစ်ပေါက်လုံးမှ စီးကျလျက်ပင်။
သူမ သေဆုံးသည်မှာ အချိန်တစ်ခုမျှ ရှိခဲ့ပြီပင်။
ရွာသားများက အိပ်ရာဘေးတွင် ခရမ်းရောင်သန်းပြီးတောင့်တင်းနေသောမျက်နှာနှင့် လဲနေသော အဘွားအို၏ သွေးစီးနေသည့်မျက်လုံးတို့ကို တွေ့လိုက်ရချိန်တွင် ကြောက်လန့်သွားခဲ့ပြီး မြေပေါ်လဲကျသွားတော့ညသည်။
ချက်ချင်းပင် သူ၏ကိုယ်မှ သွေးများတစ်ဟုန်ထိုးတက်လာသည်။
“သေပြီ! သေသွားပြီ!”
“ခေါင်းကိုင်အဘွားကိုလည်း သရဲက သတ်လိုက်ပြီ!”
ရွာသားက အော်ကာ အိမ်ပြင်သို့ ပြေးထွက်လာပြီး ဝန်ထမ်းကိုပင် ခလုတ်တိုက်၍ မြေပေါ်လဲသွားသည်။
သူ့နောက်မှ ကင်မရာကိုင်ထားသော ဝန်ထမ်းကလည့် ထိုစကားများကို ကြားလိုက်ရသော်လည်း ဒါရိုက်တာလီချန်းဟယ်က သူ့ကို တားဆီးလို က်ကာ ထိုအခြင်းအရာကို ရိုက်ကူးရေးမပြုရန် ပြောလာသောကြောင့် သူ့၏သိချင်စိတ်ကို အတင်းအကြပ် ဖိနှိပ်ထားလိုက်ရသည်။
ထိုသို့ဆိုလျှင်ပင် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ကြည့်ရှုသူအားလုံးက ရွာသား၏ ကြောက်လန့်တကြားအော်သံကို ယခုလေးတင် ကြားလိုက်ရပြီး တံခါးပေါက်ဆီပြေးသွားခဲ့သော ရွာသားများ၏ အမူအရာမှတဆင့်ည အိမ်ထဲမှ စိတ်မကောင်းစရာအဖြစ်အပျက်ကို ခန့်မှန်းပြီးနောက် ချက်ချင်းပြောင်းလဲသွားကြသည်။
မှတ်ချက်များမှာ ပေါက်ကွဲလာတော့သည်။
[သေပြီ?! တကယ်ကြီးလား]
[ဘုရားရေ.. ဒီနေ့ အဖွဲ့လိုက်ယှဉ်ပြိုင်မှုက ရှိုးစကတည်းက စိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းပဲ.. ရသစုံရှိုးတစ်ခုက လူတစ်ယောက်သေသွားတဲ့အကြောင်း ပြသလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးဖူးဘူး]
[သရုပ်ဆောင်နေရုံပဲလို့ ပြောတဲ့ မှတ်ချက်တွေ တော်သင့်ပြီနော်.. တကယ်လို့ ဒီရွာသားတွေရဲ့ သရုပ်ဆောင်စွမ်းရည်က အဲဒီလောက်သာ အံ့ဩစရာကောင်းနေရင် သူတို့ ရုပ်ရှင်ဧကရာဇ်တွေ၊ ဧကရီတွေဖြစ်တာကြာပေါ့
ပြီးတော့ အစီအစဉ်အဖွဲ့ရဲ့ ကားကလဲ ကင်မရာထဲပါတာပဲ.. သရုပ်ဆောင်တာတစ်ခုအတွက်နဲ့ ဝန်ထမ်းတွေကို ဆိုးဆိုးရွာရွားဒဏ်ရာရစေဖို့က မဖြစ်နိုင်ဘူးလေ။။ ဒါ တရားမဝင်တာပဲ]
[ရွာကို ဝင်ပြီး ၂ နာရီတောင် မကြာသေးဘူး၊ လူသုံးယောက်ဒဏ်ရာရပြီး တစ်ယောက်က သေသွားပြီ.. ဒီသရဲက ရွာကို အတော်လေးမုန်းနေမှာပဲ.. အစီအစဉ်အဖွဲ့ရဲ့ လုံခြုံရေးကို ငါ စပြီး စိတ်ပူလာပြီ]
ခေါင်းကိုင်အဘွား၏ ထူးဆန်းသည့်သေဆုံးမှုက ရွာသားများကို လုံးဝကြောက်လန့်သွားစေခဲ့သည်။
ပုံမှန်ဟုတ်မနေသော်ငြား ရွာသားများကို မြင်ကွင်းကို ဖျက်ဆီးရန် ခွင့်မပြုနိုင်ပါချေ။
ကုကျစ်စုန့်က သစ်သားအိမ်အနီးတွင် ရှိနေသေးသူများကို ဖယ်ခိုင်းလိုက်သည်။
အစကတော့ မည်သူမှ နားမထောင်ကြပေ။
ကုကျစ်စုန့်မှ အိမ်ထဲတွင် သရဲ၏အငွေ့အသက်များ ကျန်နေသေးကာ ကူးစက်ခံရလျှင် ကံဆိုးမှုမျာဖြစ်တတ်သည်ဟု ပြောမှသာ ရွာသားများက အိမ်ထဲမှ အမြန်ပြန်ထွက်လာကြသည်။
ဝါးထော်ရွာ၏ အသက် ၉၀ နားနီးနီး ရွာသူကြီးက လားမူ၏ တွဲထူခြင်း ခံထားရကာ ကုကျစ်စုန့်နှင့် အခြားသူများဆီ လျှောက်လာပြီး အစီအစဉ်အဖွဲ့နှင့် ယှဉ်ပြိုင်သူများကို သူတို့ရွာကို ကူညီပေးပါရန် တုန်ရီသည့်လေသံဖြင့် တိုင်းရင်းဘာသာစကားကိုသုံး၍ ပြောလာလေ၏။
ယခုတွင်တော့ ရွာသားများမှာ တစ်နေ့လုံး ကြောက်နေကြရလေပြီ။
ရွာပြင်သို့လည်း မထွက်နိုင်၊ ရွာ့ပြင်က ဆွေမျိုးများကလည်း ရွာထဲကို မလာနိုင်တော့။
ညနေခင်းရောက်သည်နှင့် ရွာသားအားလုံးက အပြင်မထွက်ကြတော့ပေ။ ဝါးထော်ရွာက ခြောက်ကပ်တိတ်ဆိတ်လျက်ရှိသည်မှာ သေဆုံးနေသည့် တစပြင်အလားဖြစ်နေခဲ့သည်။ အိပ်စက်ခြင်းသည်ပင် အနားမယူနိုင်ခဲ့ချေ။ကုကျစ်စုန့်က အသာခေါင်းငြိမ့်ပြသည်။
“ကျွန်မတို့ကို အခြေအနေလေး တစ်ချက် ပေးကြည့်ပါဦး”
ဘေးဘက်ပတ်လည်မှ ရွာသားများ ပြန်သွားကြပြီးနောက် သူမနှင့် အခြားယှဉ်ပြိုင်သူများက သစ်သားအိမ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြသည်။
မဝင်ခင်တွင် အခင်းဖြစ်ရာနေရာကို မပျက်စီးစေရန် သူမက တွေးတောကာ ဖုံးကွယ်အစီအရင်တစ်ခုကို ချလိုက်သည်။
အစီအရင်၏ကျေးဇူးနှင့် သူမနှင့် အခြားယှဉ်ပြိုင်သူများက ဤနေရာဝန်းကျင်ကို သက်ရောက်မှုနည်းသွားမည်ဖြစ်သည်။
သူမ အိမ်ထဲသို့ဝင်လိုက်သည့်အချိန်တွင်ပင် သွေးနံ့ပြင်းပြင်းနှင့် ပုပ်နံ့အဲ့အဲ့က ပို၍အားကောင်းလာသည်။
သစ်သားအိမ်မှာ ပြတင်းပေါက်တစ်ပေါက်သာရှိပြီး ပန်းပွင့်ခန်းဆီးများက အနေအထားတစ်ခုဖြင့် ဆွဲခံထားရသည်။ အခန်းမှာ လေဝင်လေထွက်မကောင်းဘဲ မှုန်မှိုင်းနေ၏။
အိပ်ရာနားလှဲနေသော အဘွားအိုမှာ အရပ်ပုပြီး မီးခိုးရောင်ဆံပင်ရှိကာ သူမမျက်နှာပေါ်တွင် အမာရွတ်မှိန်မှိန်လေးများ ရှိနေသည်။
သူမက ဝမ်းနည်းဖွယ်ကောင်းစွာ သေဆုံးသွားခြင်းဖြစ်ပြီး သူမ ခန္ဓာကိုယ်အောက်ပိုင်းကို စောင်ခြုံထားသည်။
ဟဲမီတူက တစ်စုံတစ်ခုကို အာရုံခံမိပုံရကာ အိပ်ရာနားသို့ ကပ်လာသည်။
သူက စောင်ကို ဖယ်ပြီး ကြည့်လိုက်ကာ သူ့၏မျက်ခုံးများ ချက်ချင်းတွန့်ချိုးသွားရသည်။
အဘယ်ကြောင့်ဆိုသော် ဂွမ်းစောင်မှာ ရှုပ်ပွနေပြီး သွေးမျာဖြင့်းဖုံးနေ၍ပင်။
သူက လက်မြှောက်ကာ နှာခေါင်းကိုအုပ်လိုက်ပြီး ကုကျစ်စုန့်နှင့် အခြားသူများဘက် လှည့်လိုက်သည်။
“ကိုယ်တွင်းကလီစာတွေအထုတ်ခံရလို့ သေသွားတာပဲ”
ကံကောင်းစွာဖြင့် ထိုမြင်ကွင်းဆိုးက ဂွမ်းစောင်ဖြင့် အုပ်ခံထားရသည်။
မဟုတ်ပါက အရင်ဆုံးဝင်သွားသော အဆင်ခြင်မဲ့သည့်ရွာသားမှာ လက်ခံနိုင်ရန် မလွယ်ကူသော မြင်ကွင်းကို မြင်ရမည်ဖြစ်သည်။
ရှီဟိုင်ဟုန်က ပြောသည်။
“ကြည့်ရတာ ဒီမိစ္ဆာကောင်က ဗိုက်ဖွင့်ရတာ သဘောကျပုံပဲ.. ရှင်းမိသားစုက သေသွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုတာ အတည်ပြုလို့ရတယ်”
“သူမက ခေါင်းကိုင်အဘွားနဲ့ ရွာသားတွေက သူမအလောင်းကို ဖျက်ဆီးပြီး ကလေးကိုဖျက်ခဲ့လို့ လက်စားပြန်ချေနေတာလား”
“မသေချာသေးဘူး”
ထိုအချိန်တွင် ကုကျစ်စုန့်က သစ်သားအိမ်ကို နှစ်ကြိမ်မျှ ပတ်ကြည့်ပြီးပြီဖြစ်သည်။
သူမ အချို့သဲလွန်စများကို တွေ့လိုက်၏။
ပထမတစ်ခုမှာ ဤသစ်သားအိမ်၏ပိုင်ရှင်ဖြစ်သည့် ရွာ၏နတ်ဆရာမက အသက် ၈၀ နားနီးပြီဖြစ်သည်။
သူမက တစ်ခါမှလည်း လက်မထပ်ဖူးသလို ကလေးလည်း မရှိခဲ့ဖူးချေ။
သို့သော် သူမက နေမကောင်းခြင်းကို ကုသပေးနိုင်မှုနှင့် ဝိညာဉ်များနှင့် ဆက်သွယ်နိုင်သောကြောင့် ရွာထဲတွင် အလွန်လေးစားခံရသည်။
အိမ်ထဲမှ အပြင်အဆင်များနှင့် အဘွားအို၏ အဝတ်အစားမှ အကွက်များကို အခြေခံ၍ ကုကျစ်စုန့်က ထိုနတ်ဆရာမက ရှေးဦးနတ်ဆရာဝါဒ၏ သားစဉ်မြေးဆက်တစ်ဦးဖြစ်ကာ အရည်အချင်းတချို့ရှိကြောင်း တွက်ချက်လိုက်နိုင်သည်။
ထိုသို့သော အတွေ့အကြုံရှိသည့် နတ်ဆရာအိုကြီးမှာ အမှားမလုပ်မိစေဘဲ ဤသို့လည်း အဆုံးမသတ်သင့်ချေ။
အိမ်ပတ်လည်နှင့် အိမ်တွင်းမှ သူမ၏ရှာဖွေတွေ့ရှိမှုများက အတည်ပြုနေသည်မှာ ခေါင်းကိုင်အဘွားက အရာအားလုံးအတွက် ပြင်ဆင်ခဲ့ပြီးဖြစ်ကြောင်းပင်။
ကုကျစ်စုန့် : “ကြည့်လိုက်၊ အိမ်ရှေ့မှာ အဆောင်စာရွက်တွေ ကပ်ထားတယ်၊ ဝိညာဉ်ငြိမ်းစေတဲ့သံမှိုတွေကိုလည်း အိမ်ပြင်က မြေကြီးမှာ စိုက်ထားတယ်..
အဲဒါက မိစ္ဆာစိတ်စွမ်းအင်ကို ဖယ်ရှားပြီး သရဲကိုနှင်ဖို့ပဲ.. အမှုန့်ဖြူတစ်လွှာကိုလဲ တံခါးရှေ့ကနေ အိပ်ခန်းထဲထိ ဖြူးထားသေးတယ်.. အဲဒါက မိုးမခရည်ထဲ နှစ်ထားတဲ့ ကောက်ညှင်းဆန်နဲ့ သစ်နံရွက်တွေပဲ
ဒါတွေက မိစ္ဆာစိတ်ဝိညာဉ်တွေကို ကန့်သတ်ထားနိုင်တယ်၊ အထူးသဖြင့် ဖုတ်ကောင်တွေပေါ့”
ခေါင်းကိုင်အဘွားက အလောင်းများနှင့် ရင်ဆိုင်ရန် သေသေချာချာပြင်ဆင်ထားသည့် မှော်ဝင်ပစ္စည်းများမှ မိုးကြိုးကြောင့်ပျက်စီးသွားသည့် အုတ်ဂူနှင့် ပျောက်ဆုံးသွားသော အလောင်းနှစ်လောင်းမှာ ကံဆိုးမှုအတိပင်ဖြစ်လိမ့်မည်ဖြစ်ကြောင်းကို သူမ ရှင်းလင်းစွာ သိထားကြောင်း တွေ့မြင်လိုက်ရသည်။
ကုကျစ်စုန့်က ဆက်ပြောသည်။
“သရဲက အိမ်ထဲကို ဝင်နိုင်နေသရွေ့ သူတို့တွေက ကောက်ညှင်းမှုန့်ကြောင့် ဒဏ်ရာရသွားမှာပဲ.. ဒီတော့ သူမ(အဘွား) အာရုံစိုက်မိသွားလိမ့်မယ်
အဲ့ဒီအချိန် သူမ(အဘွား)က ကြိုပြင်ထားတဲ့ အဆောင်စာရွက်တွေနဲ့ ကိရိယာတွေကို အသက်သွင်းလိုက်ရုံပဲ
တကယ်လို့ သူမ မိစ္ဆာစိတ်ဝိညာဉ်တွေကို အပြတ်မရှင်းနိုင်ခဲ့ရင်တောင် အဲဒီသရဲတွေကို မောင်းထုတ်ပြီး ကိုယ့်ဘာသာလုံခြုံအောင်လုပ်ဖို့က ပြဿနာရှိမနေဘူး”
ထူးဆန်းသည့်အရာတစ်ခုမှာ အဘွားအိုက ယင်းနှင့်ရင်ဆိုင်ရန် ကောင်းစွာပြင်ဆင်ထားခဲ့သော်လည်း အိပ်ရာတွင် တိတ်တိတ်ကလေး သေဆုံးသွားခြင်းကိုဖြစ်၏။
မသေခင် သူမ၏ အေးခဲနေသည့်အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမက မှော်ဝင်ပစ္စည်းများ လုပ်နေစဉ် အခင်းပေါ်တွင် ထိုင်ခဲ့ခြင်းဖြစ်သည်။
သူမ မိစ္ဆာစိတ်ဝိညာဉ်နှင့် အတိုက်ခိုက်ခံရသောအခါ လုံးဝ တုံ့ပြန်ခြင်းမရှိခဲ့ပေ။ ဤရလဒ်ကိုလည်း မျှော်လင့်ထားပုံမပေါ်သည့်အတွက် သူမ၏ မျက်လုံးများမှာ ပွင့်နေကာ သူမအမူအရာက အံ့အားသင့်ပြီး ပုံပျက်နေခဲ့သည်။
ဤသည်ကို ကြားလျှင် ရှီဟိုင်ဟုန်က မျက်မှောင်ကြုတ်၍ မေးသည်။“ထူးဆန်းတယ်.. တကယ်လို့ မိစ္ဆာစိတ်ဝိညာဉ်မှာသာ ခန္ဓာကိုယ်တစ်ခုမရှိဘူးဆိုရင် ဒီအဘွားကို ဒီလိုဆိုးဆိုးရွားရွား သေစေနိုင်မှာမဟုတ်ဘူး”
“ဒါပေမဲ့ သူမက ခန္ဓာကိုယ်ရှိနေတဲ့ သရဲလည်း မဟုတ်ဘူး.. အဲ့ါက ဘယ်လိုလုပ်ပြီး အသံတစ်ချက်မှ မထွက်ဘဲ နံရံတွေကို ဖြတ်လာနိုင်တာလဲ”
ကုကျစ်စုန့်က စိတ်ရှည်စွာနှင့် အိမ်ကို နှစ်ကြိမ်မျှ ပတ်ကြည့်နေသည်။ နောက်ဆုံးတွင် သူမ သဲလွန်စများ တွေ့လိုက်တော့၏။
“သူမကို သတ်သွားတာ ကိုယ်ဝန်ဆောင်သရဲမဟုတ်ဘူး.. ဗိုက်ထဲက ကလေးပဲ”