ရူးသွပ်သွားစေရန် ဖိအားပေးခြင်း (2)
Vol. 33 Ch. 330
ကျစ်စုန့်က တောက်တိုမယ်ရပစ္စည်းများ စုပုံနေသည့် ဧည့်ခန်းထောင့်တွင် ရပ်နေခဲ့သည်။ နံရံမှ အနက်ရောင်ထောင့်စွန်းလေးတွင်အဟနေရာလေးတစ်ခုကို ပိတ်ဆို့ထားသည့် သိပ်မသိသာသော လေးထောင့်သစ်သားပြားလေးရှိသည်။
သစ်သားပြား၏ထိပ်တွင် ဝင်ရိုးနှင့် သံမှိုများဖြင့် နံရံကွက်တိကပ်ထားပြီး တခြားသုံးဖက်ကတော့ အတွင်းမှ ဖွင့်နိုင်သည်။ ထိုလေးထောင့်ပြားကို ဖွင့်လိုက်သည့်အချိန်တွင် ဘောလုံးအရွယ်အပေါက်မှတဆင့် အိမ်ပြင်ကို ထွက်နိုင်နေ၏။
ဤအဘွား၏ အိမ်ကို ကြည့်ရလျှင် ဈေးပေါသည့်ခွေးစာအိတ်များ၊ ခွေးတိုးပေါက်ဘေးနှင့် ပလတ်စတစ်အရုပ်လေးများ ရှိနေသောကြောင့်ညသူမအိမ်တွင် ခွေးတစ်ကောင်ရှိကြောင်း သေချာနေသည်။
သူမက လမ်းလျှောက်ရခက်ခဲပြီး အပြင်ထွက်ရသည်ကို မကြိုက်သောကြောင့် ခွေးနှင့် မကြာမကြာ လမ်းလျှောက်ထွက်ပေးနိုင်မည်မဟုတ်ချေ။
ထို့ကြောင့် သူမက ခွေးတိုးပေါက်လေး လုပ်ပေးထားကာ ခွေးက ကိုယ့်ဘာသာ အိမ်ထဲဝင်နိုင်ရန် လုပ်ထားသည်။
အဘွားအိုက သရဲနှင်သည့်ပစ္စည်းများ အိမ်ထဲတွင်ထားသည့်အချိန်တွင် သူမ၏အာရုံအားလုံးက တံခါးနှင့် ပြတင်းပေါက်တွင်သာ ရှိနေခဲ့ပြီး ရည်ရွယ်ချက်ကလည်း ကိုယ်ဝန်ဆောင်သရဲကို ခုခံရန်သာဖြစ်သည်။
သဘာဝကျစွာပင် မသိသာသည့် ခွေးတိုးပေါက်လေးကိုတော့ မေ့သွားခဲ့ခြင်းဖြစ်သည်။
ဤနေရာလေးက သူမ၏ သေဆုံးခြင်းကိုဖြစ်စေခဲ့သော ကျရှုံးမှုတစ်ခုဟု မည်သူကတွေးမိခဲ့လိမ့်မည်နည်း။
ကုကျစ်စုန့်က အိမ်ထဲမှ ထွက်လာပြီး အိမ်နောက်ဘက်သို့ ဦးတည်လိုက်သည်။
သူမက အနီးအနားမှ ကောက်ရိုးပုံတွင် သွေးခြောက်များ၊ အမွေးများနှင့် ကျိုးနေသောအရိုးများကို တွေ့ခဲ့လေသည်။
အိမ်အပြင် နံရံအက်ကွဲကြောင်းအနီး၌ မည်းမှောင်စွာ အရိပ်ထင်နေသော လက်ရာများကို သူမတွေ့လိုက်ရသည်။
ကြည့်ရသည်မှာ အဘွားအို၏ ခွေးသည်လည်း သေဆုံးသွားခဲ့ပြီး ဖြစ်မည်ပင်။
ယင်းက မိစ္ဆာ၏ ဆုတ်ဖြဲခြင်းကို ခံခဲ့ရ၏။
ထို့အပြင် ထိုလက်ရာများကလည်း ကလေးတစ်ယောက်၏ လက်ဝါးအရွယ်မျှသာ ရှိကာ ထိုလက်ရာများတွင် အားကောင်းသော ယင်စွမ်းအင်ကျန်နေခဲ့ပြီး သူမ၏ခန့်မှန်းချက်များကို အတည်ပြုပေးလိုက်နိုင်သည်။
အဘွားအို၏သေဆုံးရခြင်းအကြောင်းရင်းကို အတည်ပြုပြီးနောက် ကုကျစ်စုန့်က ခဏမျှ တွေးတောနေပြီး အနားတွင် စောင့်နေသော လားမူနှင့် မျိုးနွယ်စုခေါင်းဆောင်တို့ကို လှမ်းကြည့်လိုက်သည်။
သူမက သူမ တွေ့ခဲ့သည့်အရာများကို သူတို့ထံသို့ ပြောပြလိုက်၏။
“အခု ရှာဖွေတွေ့ရှိချက်တွေအရတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးက သူမ မသေဆုံးခင်မှာ ဝမ်းနည်းနာကျည်းမှုတွေ အများကြီးကို ခံစားခဲ့ရမှာပဲ.. ဒီတော့ သူမက ညလယ်ကြီးမှာ သစ်ပင်မှာ ဆွဲကြိုးချသေဖို့ ရွေးချယ်ခဲ့တာ”
“ဘာလို့ အိမ်မှာပဲ သတ်သေဖို့မရွေးဘဲ ရွာထိပ်ကိုရွေးလဲဆိုရင် သူမက တစ်ရွာလုံးကို မုန်းလို့ဆိုတာ ထင်ရှားနေတာပဲ”
“ရှင်တို့က မိုးရွာတဲ့နေ့မှာ သူမရဲအလောင်းကို ဖျက်ဆီးခဲ့ပြီး ဗိုက်ထဲက ကလေးကိုလဲ ဖယ်ထုတ်ခဲ့တယ်.. ပြီးတော့ မီးတောက်တွေနဲ့ လောင်ကျွမ်းစေတယ်
ပုံပေါ်နေပြီးသား ကလေးသရဲက မွေးခါနီးမှာပဲ သေသွားရတော့ အဲဒီကလေးမှာ နာကျည်းမှုတွေက အရမ်းများနေပြီဆိုတာကို ရှင်တို့ သိသင့်တယ်”
အကယ်၍ ရွာသားများကသာ အလောင်းကို သင်္ဂြိုဟ်နေချိန် မိုးရွာသောကြောင့် မီးငြိမ်းသွားချိန်တွင် ကြောက်လန့်မသွားခဲ့ကြဘဲ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် မွေးကင်းစကလေးတို့ကို ခြောက်သွေ့သည့်နေရာတစ်ခုသို့ ပြောင်းရွေ့ပြီး မိစ္ဆာစိတ်ဝိညာဉ်များ ဆာမဒီမီးတောက်ကြောင့် ပျောက်ကွယ်သွားသည်ကို သေချာစေရန် ထပ်ကာတလဲလဲ မီးရှို့ခဲ့မည်ဆိုပါက မကောင်းသည့်အရာများ ဖြစ်လာမည်မဟုတ်ချေ။
သို့သော်လည်း ရွာသားများမှာ ကြောက်လန့်သွားခဲ့ကြပြီး မမျှတစွာ သေဆုံးခဲ့ရပြီး အလောင်းဖျက်ဆီးခံလိုက်ရသည့် ကိုယ်ဝန်ဆောင်သည်နှင့် ကလေးတို့ကို ဤအတိုင်းပင် မြေမြှုပ်ခဲ့ပြီး မိုးရွာသည့်ညတွင် မိုးကြိုးပစ်ခံလိုက်ရခြင်းဖြစ်၏။
အကြောင်းရင်းများစွာကြောင့် ထိုညက ပြန်လည်ရှင်သန်လာသည့်သူမှာ ရှင်းမိသားစုမှ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်တည်းသာ မဟုတ်တော့ချေ။
ပုံပေါ်ပြီးဖြစ်ကာ ဗိုက်ထဲတွင်ပင် သေဆုံးသွားရသည့် ကလေးလည်း ပြန်လည်ရှင်သန်လာခဲ့သည်။
ယခုတွင်တော့ အငြိုးကြီးမိစ္ဆာနှစ်ကောင်က ပေါ်ထွက်လာပြီး ၎င်းတို့က သားအမိများဖြစ်နေကာ သူတို့၏စွမ်းအားများကလည်း အဆပေါင်းများစွာ တိုးလာသည်။
နှစ်ပတ်အတွင်း ဤရွာတွင် မိစ္ဆာဆန်သည့်အရာများစွာ ဖြစ်ပျက်သွားခဲ့ခြင်းမှာ မထူးဆန်းတော့ပေ။
ကုကျစ်စုန့်၏ ရှင်းပြချက်ကို ကြားပြီးနောက် လားမူမှာ ပို၍ပင် ကြောက်သွားခဲ့သည်။
“ဒါဆို ကျုပ်တို့တွေ အခု ဘာလုပ်ကြရမလဲ တောက်ကျန့်”
ကုကျစ်စုန့်က အချိန်တစ်ခုလောက် တွေးတောနေခဲ့ပြီး ပြောလာသည်။
“ကျွန်မ အရင်ဆုံး ကိုယ်ဝန်ဆောင်အမျိုးသမီးရဲ့ အိမ်ကို သွားပြီး သူမရဲ့မိသားစုထဲမှာ ဘယ်သူတွေရှိသေးလဲ သွားကြည့်ရမယ်”
လားမူက ပြောသည်။
“ကျုပ်တို့ဘက်က ခင်ဗျားကို အမှန်တရားကို မဖုံးကွယ်တော့ပါဘူး.. သူမက ရှင်းမိသားစုရဲ့ချွေးမအဖြစ် ဝင်လာခဲ့တုန်းက ပြောစရာတွေအများကြီးရှိခဲ့တယ်
သူမရဲ့ မိဘတွေကလည်း ကွယ်လွန်သွားပြီ.. လက်ထပ်ပြီးတော့ သူမက သူမရဲ့ယောကျာ်းနဲ့ ယောက္ခမတွေနဲ့ အတူနေတယ်”လားမူက သက်ပြင်းချကာ မိသားစုကိစ္စများနှင့် ရှင်းမိသားစု၏ချွေးမသေဆုံးရပုံအကြောင်းရင်းတို့ကို ပြောပြလာသည်။
သူ၏ ပြောပြချက်အရ ရှင်းမိသားစုတွင် ကလေးနှစ်ယောက်ရှိသည်။
သားတစ်ယောက် သမီးတစ်ယောက်ပင်။
အကြီးဖြစ်သူမှာ သမီးဖြစ်ပြီး အငယ်ကတော့ သားဖြစ်၏။
ကလေးဘဝကတည်းက မစ္စရှင်းက သူမ၏အဖိုးတန်သားလေးကို ရှားပါးသည့်ရတနာကဲ့သို့ တန်ဖိုးထားပြီး သူမ၏ သားက ကောင်းကင်ဘုံမှနတ်သမီးနှင့်ပင် ထိုက်တန်သည်ဟု ခံစားခဲ့သည်။
မစ္စရှင်းက သူမ၏သမီးကြီး ဦးစွာလက်ထပ်ချိန်တွင် သတို့သမီးအတွက် ရရှိခဲ့သော လက်ဖွဲ့ငွေကို သမီးဖြစ်သူဆီသို့ တစ်ဆင့်မျှပင် ပြန်မပေးခဲ့ပေ။
လူအိုကြီးစုံတွဲက စုဆောင်းထားသည့်ငွေများအားလုံးနှင့်ပေါင်းကာ ရွာထဲတွင် သူမသားအတွက် နှစ်ထပ်အိမ်တစ်လုံးသာ ဆောက်ပေးသည်။
ထိုအိမ်ဖြင့် မစ္စရှင်းက ပို၍ပင် ဝံ့ကြွားမောက်မာလာကာ ရှင်းလော့အာအတွက် ဇနီးတစ်ယောက် ရှာပေးရန်ပြင်ဆင်ခဲ့သည်။
မြို့ကြီးမှ မိန်းကလေးတစ်ဦးဖြစ်ဖြစ်၊ ရွာထဲမှ ချမ်းသာသည့် မိန်းကလေးဖြစ်ဖြစ် ရသည်ပင်။
သို့ရာတွင် ရှင်းလော့အာက သူ့အမေကို မပြောပြဘဲ ရွာထဲမှ မိန်းကလေးတစ်ဦးနှင့် တိတ်တိတ်လေး အတူနေခဲ့ပြီးဖြစ်ကြောင်း မည်သူကသိမည်နည်း။
ထိုမိန်းကလေးမှာ ရှင်းမိသားစု၏ သေဆုံးသွားသည့်ချွေးမပင်ဖြစ်လေ၏။
လားမူ၏ စကားအရ ရှင်းမိသားစုချွေးမ၏ စိတ်နေစိတ်ထားမှာ ကပ်ဖားခြင်းမျိုး မရှိသည့်တိုင် သူမငယ်စဉ်အခါက အမှန်ပင်ချောမောလှပခဲ့ကာ ဖြူစင်တောက်ပနေခဲ့ပြီး ရွာထဲတွင် ပန်းပွင့်လေးဟူ၍ပင် အခေါ်ခံရ၏။
လူငယ်အများအပြားကလည်း သူမကို သဘောကျကြသည်။
သို့သော် သူမ၏ မိသားစုအခြေအနေမှာ သာမန်ဆန်လွန်းပြီး သူမတွင်မွေးကတည်းက အမေ မရှိခဲ့ပေ။ နှုတ်နည်းသောအဖေကသာ သူမကို မွေးမြူခဲ့သည်။
အစပထမတွင် သားအဖနှစ်ဦးက တခြားရွာတွင် နေခြင်းဖြစ်သည်။ အကြောင်းရင်းအချို့ကြောင့် ကလေးမလေး ငါးနှစ်ခြောက်နှစ်အရွယ်တွင် ဇနီးဖြစ်သူ ကွယ်လွန်ပြီးသွားပြီး မုဆိုးဖိုဖြစ်ခဲ့သည့် အဖေဖြစ်သူကက ဝါးထော်ရွာတွင် အခြေချရန် သူမကို ခေါ်လာခဲ့သည်။
ရွာသားများက သူဇနီးမှာ အဝတ်လျှော်နေစဉ် မြစ်ထဲကျသွားပြီး ရေနစ်သွားခဲ့ကြောင်း တစ်စွန်းတစ်စသာ ကြားသိခဲ့ရသည်။
ကလေးမလေး ကြီးပြင်းလာသောအခါ အလွန်ပင်လှပချောမောလာခဲ့သည်။ သူမက ရွာထဲတွင် အလွန်မျက်စိကျစရာဖြစ်လာခဲ့၏။
သူမက လူငယ်အများအပြား၏ နှစ်သက်စရာဖြစ်နေသည့်တိုင် လူကြီးများ၏အမြင်တွင်တော့ သူမက ချွေးမနေရာအတွက် မသင့်တော်ချေ။
သူမ၏ မိသားစုက အလွန်ဆင်းရဲကာ သူမကိုယ်ရည်ကိုယ်သွေးကလည်း လုံလောက်အောင် မတည်ငြိမ်ပါချေ။
လက်ထပ်ပြီးသည့်အချိန်တွင် သူမက ထိန်းချုပ်ရန်ခက်ခဲသည့် ချွေးမဖြစ်လာပေလိမ့်မည်။
သားဖြစ်သူက ထိုသို့သော မိန်းကလေးနှင့် ချစ်ကျွမ်းဝင်နေသည်ကို သိလိုက်ရသည့်အချိန်တွင် မစ္စရှင်းတစ်ယောက် အလွန်စိတ်ဆိုးသွားခဲ့ပြီး လက်မခံခဲ့ချေ။
ထိုမိန်းကလေးက သိက္ခာမဲ့ပြီး သူမသားကို ဖြားယောင်းခဲ့ခြင်းဖြစ်ရမည်ဟု တွေးတောလိုက်သည်။
သူမ၏ တန်ဖိုးထားခဲ့သော သားလေးက ထိုမိန်းကလေးအတွက်နှင့် သူမပင်နှင့် စကားများခဲ့ပြီး မိသားစုကို အေးအေးချမ်းချမ်းမနေရအောင် လုပ်လာမည်ဟု မည်သူကတွေးနိုင်ခဲ့မည်နည်း။
ရှင်းမိသားစု၏ တစ်ဦးတည်းသောသားက ထိုမိန်းကလေးကိုမှ မရလျှင် တစ်သက်လုံးမိန်းမ မယူတော့ဟု မိုက်ရူးရဲစွာ ပြောလာခဲ့သည်။
မစ္စရှင်းမှာ ဒေါသထွက်လွန်းရသောကြောင့် နေမကောင်းပါ ဖြစ်သွားခဲ့သည်။
သူမက အိပ်ရာထဲတွင် လှဲနေရင်း ရင်ဘတ်ဖိကာ နှလုံးအောင့်ကြောင်းပြောနေခဲ့ရသည်။
အဆုံးတွင်တော့ သူမ မည်မျှပင် မကျေနပ်ကာ မပျော်ရွှင်ဖြစ်နေပါစေ၊ သူမ ထိုမိန်းကလေးကို မည်မျှပင် အထင်သေးနေပါစေ၊ သူမ၏ သားအတွက် ထိုရိုင်းစိုင်းပြီး နှုတ်သီးကောင်းလျှာပါးဖြစ်သည်ဟု သူမ တွေးထားခဲ့သည့် မိန်းမကို တောင်းရမ်း၍ လက်ထပ်ပေးရန်ဖြစ်လာခဲ့သည်။
ရှင်းမိသားစု၏ဒုတိယသား အိမ်ထောင်ပြုပြီး ပထမ နှစ်နှစ်တွင် သူသည်က ရွာထဲမှ တခြားအမျိုးသားများ၏ မနာလိုခြင်းခံရ၏။
ဇနီးဖြစ်သူက ချောမောလှပပြီး ခင်ပွန်းက ရိုးသားသည်။
တစ်ခုတည်းသော ပြစ်ချက်မှာကား မိသားစု၏ ယောက္ခမက သုံးရက်တစ်ခါ ပြဿနာရှာကာ စကားများခြင်းပင် ဖြစ်သည်။
သူတို့စကားများကြတိုင်း ရွာတစ်ဝက်လောက်က ကြားနေရ၏။
ထိုအချိန်တွင် ရွာထဲက လူများမှာ ရှင်းမိသားစု၏ ချွေးမနှင့် ယောက္ခမကြားက ရန်ပွဲက ညစာစားပြီးနောက် ပြောစရာခေါင်းစဉ်တစ်ခုအဖြစ် သတ်မှတ်လိုက်ကြသည်။
မစ္စရှင်း စကားများရန်ရှာသ့်အချိန်တိုင်း သူတို့ မိသားစုတိုင်းက အပြင်သို့ထွက်ရပ်ကာ ပွဲကြည့်ကြပေလိမ့်မည်။
မစ္စရှင်းက ချွေးမဖြစ်သူမှာ မိစ္ဆာဆန်ပြီး ပျက်စီးနေသည်ဟု ပြောသည်။
မည်သည့်လက်ထပ်ပြီး ဇနီးငယ်လေးကများ မနက်အစောထကာ ယောက္ခမများအတွက် ဟင်းမချက်ရပါသနည်း။
ကြက်ဘဲများကို မွေးမြူကာ အဝတ်များ မလျှော်ရပါသနည်း။
ထို့အစား သူမက စကတ်များ၊ ဆံညှပ်များ ဝတ်စားပြင်ဆင်သည်။ အပျင်းထူကာ အစားကြီးသည်၊ ခိုင်း၍လည်းမရဟု ပြော၏။
မိန်းကလေးက သတ္တိရှိရှိဖြင့် ပြန်ပြောတတ်ပေသည်။ ထို့ကြောင့် သူမက ယောက္ခမဖြစ်သူကို ဆန့်ကျင်တော့သည်။
အဓိကအချက်မှာ သူမက ရှင်းလော့အာကို ချော့ချော့နိုင်ခြင်းပင်ဖြစ်သည်။ သူတို့စကားများကြလေတိုင်း ရှင်းလော့အာက ခေါင်းကိုက်စွာနှင့် သူတို့ကို သိမ်းသွင်းရသည်။“ဟုတ်ပါပြီ အမေရယ်၊ သူမ မလုပ်ချင်ရင်လဲ ကျွန်တော် နောက်ကိုပိုလုပ်ပါ့မယ်.. ကျွန်တော်လည်း ချက်တတ်တာပါပဲ”
မစ္စရှင်းက သွေးအန်မတတ်ဖြစ်ကာ ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေခဲ့ရသည်။
သူမက သူပျော်စေရန် ကလေးလေးတစ်ယောက်ကိုပင် မွေးပေးချင်လာခဲ့သည်။
တခြားသောလက်ထပ်ပြီးဇနီးသည်များက သူတို့ယောက္ခမနှင့် ယောကျာ်းကို ပြုစုရသည်။
သူမက ထိုသို့ ပြုမူနေသည်ဆိုပါက အဘယ့်ကြောင့် ဇနီးတစ်ယောက်အစား ဘိုးဘေးများကိုသာ အိမ်သို့ခေါ်မလာရမည်နည်း။
မစ္စရှင်းက ထိုအကြောင်းကို တွေးခဲ့ပြီး အဆင်မပြေကြောင်း ခံစားလိုက်ရသည်။
အကယ်၍ သူမ၏သားကို အိမ်တွင်သာနေခိုင်းပြီး နေ့တိုင်း ဖျောင်းဖျခံနေရမည်ဆိုလျှင် အနှေးနှင့်အမြန်ပင် ထိုအကျိုးနည်းချွေးမက သူ့သားကို မယားကြောက်အဖြစ် ပြောင်းလဲကာ သူ့ဇနီးကိုသာ ဂရုစိုက်ပြီး သူ့အမေကို ဂရုမစိုက်သည့်သူအဖြစ် ပြောင်းသွားမည်ကို စိုးရိမ်လာသည်။
ထို့ကြောင့် မစ္စရှင်းက သူမ၏ အဆက်အသွယ်များကိုသုံး၍ မြို့ကြီးတွင် အလုပ်လုပ်နေသည့် ရွာသားတစ်ယောက်ကို ပြောကာ သူမ၏သားကို ဂရုစိုက်ပေးရန် တောင်းဆိုခဲ့ပြီး ပိုက်ဆံရှာထွက်ရန် စေလွှတ်လိုက်တော့သည်။