ကလေးမွေးဖွားခြင်း (2)
Vol. 33 Ch. 322
လူသုံးယောက်မှာ နီးကပ်လာပြီးနောက်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဗိုက်က အလွန်ကြီးကြောင်းကို တွေ့လိုက်ရသည်။ ထိုဗိုက်မှာကြီးလွန်းသောကြောင့် သူတို့ ထိပင်မထိရဲကြချေ။
တုတ်တစ်ချောင်းကဲ့သို့ ပိန်ပါးသောအမျိုးသမီး၏ ခန္ဓာကိုယ်တွင် လာကပ်နေသော အဖုလုံးကြီးကဲ့သို့ပင်။
သူတို့ သူမ၏လက်မောင်းကို ထိလိုက်သောအချိန်တွင် သူမ၏လက်များက အေးစက်တောင့်တင်းနေသည်ကို တွေ့လိုက်ရ၏။
မဖော်ပြနိုင်သော အနံ့အသက်ဆိုးက လူများ၏ခေါင်းပေါ်မှ ဖြတ်သွားလေသည်။
ထိုအနံ့ဆိုးက ချဉ်စူးစူးနှင့် သွေးနံ့လည်း ပါနေသည်။
သို့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးက လမ်းဘေးတွင် ကလေးမွေးတော့မည်ဟု သူတို့တွေးလိုက်ကြသောအခိုက်တွင် ထိုသွေးနံ့စူးစူးဖြစ်နေသည်ကို နားလည်နိုင်ပေသည်။
ဝန်ထမ်းတစ်ယောက်က နောက်သို့လှည့်ကြည့်လိုက်ပြီး သူ့အဖော်များကို စောင့်ရမည်လားဟု ကြည့်လိုက်သည်။ ထိုခဏတွင် သူ တွဲထူထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးက သူ့လက်မောင်းကို ရုတ်တရက်ဆွဲလိုက်လေသည်။ အားကြီးလှသည့်အတွက် သူ့၏အမူအရာပင် ပျက်ယွင်းသွားရလေသည်။
“နာလိုက်တာ.. ဗိုက်အရမ်းနာနေပြီ!”
အရှေ့မှကားသမားက ပို၍ပင် ကြောက်လန့်သွားခဲ့လေ၏။
“မြန်မြန်လုပ်..အထဲဝင်ကြတော့.. ဒါရိုက်တာကို ခေါ်ပြီး ဘာလုပ်ရမလဲမေးလိုက်၊ ရှောင်ကျန်း အနီးဆုံးဆေးရုံကိုရှာဖို့ ဖုန်းထုတ်လိုက်.. ပြီးတော့ လူကို ဆေးရုံအရင်ပို့ရမယ်”
ယာဉ်မောင်ဘေးထိုင်ခုံမှ လူငယ်က ကြောက်အားလန့်အားဖြင့် ခေါင်းငြိမ့်သည်။ သူ ဖုန်းထုတ်၍ စခရင်ကို ဖွင့်လိုက်လေသည်။ ထိုအခိုက်တွင် သူ့နောက်မှ လုပ်ဖော်ကိုင်ဖက်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ရလာသည်။
သူ ဖုန်းဖြေလိုက်သည်နှင့် သူက အခြေအနေကိုပြောပြတော့မည့်ဆဲဆဲတွင် အခြားတစ်ဖက်မှ ကင်မရာသမားက တုန်လှုပ်စွာဖြင့် အမြန်ပြောလာသည်။
“ကျန်းကော ကားရပ်လိုက်! စုန့်ကျဲက အစ်ကို့ကို မြန်မြန်ကားရပ်ခိုင်းနေတယ်!”
လူငယ်လေးရှောင်ကျန်းက ကြောင်အမ်းသွားသည်။
“ငါတို့ အခုအကူအညီလိုနေတာ.. မင်း မမြင်လိုက်ဘူးလား.. ငါတို့ တစ်ယောက်ယောက်ကိုတင်ဖို့ ကားရပ်ထားတယ်လေ..ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က ကလေးမွေးတော့မှာ”
ကင်မရာသမား ကြောက်လန့်သွားသည်။
“သူမက ဘယ်ကရောက်လာတာလဲ. ခင်ဗျားတို့ ရုပ်တရက် ဘရိတ်အုပ်လိုက်တာ ကျွန်တော်တွေ့တယ်
ပြီးတော့ ကားထဲကထွက်လာပြီး ပြန်ဝင်သွားတယ်၊ အဲဒီနောက် ခင်ဗျားတို့ သေချင်နေတဲ့အတိုင်း အမြန်နှုန်းအသားကုန်နဲ့ မောင်းတော့တာ”
“ကော သေချာလေးတွေးစမ်းပါ.. စုန့်ကျဲက ကောတို့ကို ကားအမြန်ရပ်ခိုင်းတယ်ဆိုမှတော့ တခြားဘာအကြောင်းပြချက်ရှိအုံးမှာလဲ”
ကင်မရာသမား၏ အော်သံက ရှောင်ကျန်းနှင့် ကားထဲမှ အခြားနှစ်ယောက်၏နားထဲတွင် ပဲ့သံထပ်၍ဝင်သွားခဲ့သည်။
သူတို့ တစ်ခုခုကိုသတိထားမိသွားခဲ့ပြီး ဦးနှောက်များက တဝီဝီဖြစ်ကုန်လေ၏။
စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အင်ဂျင်သံမှလွဲ၍ နောက်ခုံမှ ကိုယ်ဝန်ဆောင်အမျိုးသမီး၏အသံညောင်နာနာက ထွက်လာသည်။
“ကောင်းတဲ့လူပဲ... ကျွန်မ လူကောင်းတစ်ယောက်ကို တွေ့ခဲ့တာ..”
“ဗိုက်... ဗိုက်အရမ်းနာနေပြီ.. အရမ်းနာတယ်..”
နောက်ခုံတွင်ထိုင်နေသည့် လူငယ်မှာ တောင့်တင်းသွားရ၏။
သူ အထင်မှားနေခြင်းမဟုတ်ချေ။
သူ့၏ ဘေးမှ သွေးနံ့နှင့် မသတီစရာအသားပုပ်နံ့က ပိုမိုအားကောင်းလာပြီး ညောင်နာနာအသံက ပိုစူးရှလာပြီး ရူးသွပ်လာသည်။
သူ့၏ဆံပင်များထောင်သွားပြီး လျှပ်စီးရှော့တိုက်လိုက်သည့်အတိုင်း သူ့ခေါင်းကို အမြန်လှည့်လိုက်လေသည်။
“ဘန်း! ဘန်း!”
သူ့၏ဘေးမှ စူးရှရှအသံနှင့် တွဲလျက် ဝူးဝူးဝါးဝါးအသံများက ကြမ်းကြမ်းတမ်းတမ်း တီးနေသော သားရေဗုံတစ်လုံးနှယ် ကြက်သီးမွှေးညှင်းထစရာ ထွက်ပေါ်နေခဲ့သည်။ အခြေအနေက ညို့မှိုင်းမှိုင်းအသံတစ်ခုကို ဖြစ်နေစေ၏။
“ထွက်လာပြီ.. ထွက်ပြီ... နာလိုက်တာ”
ရှောင်ကျန်းမှာ ငိုတော့မလိုဖြစ်နေလေပြီ။ ထိုအသံကို သိသည့်အတွက် သူ့ခန္ဓာကိုယ်ကလည်း မထိန်းချုပ်နိုင်အောင် တုန်ယင်နေသည်။
ပိန်ညောင်ညောင်နှင့်ကိုယ်ဝန်ဆောင်မိန်းမက သူမ၏ဗိုက်ကို အကြမ်းပတမ်းထုနေ၏။
ဖုန်းထဲမှအသံမှာမူ ဆက်ထွက်နေဆဲ။
“ဟဲလို? ကျန်းကော နားထောင်နေသေးလား.. ဘယ်အရူးက ကားမောင်းနေတာလဲ.. ရူးနေပြီလား.. ဘာလို့ကားကို အဲဒီလောက်အမြန်ကြီးမောင်းနေတာလဲ!လမ်းကိုကြည့်! လမ်းကိုကြည့်လို့!”
ထို့နောက် ကင်မရာသမားအသံ၏ အသဲကို ဖုံးလွှမ်းသွားစေသည့် ဂါထာရွတ်သံတစ်ခုက ဖုန်းကို ဖြတ်လာပြီး စကားလုံးတစ်လုံးချင်းက ကြည်လင်ပြတ်သားနေ၏။
အပနှင်ဂါထာကို ရွတ်ဆိုနေသည့် ကုကျစ်စုန့်၏ အသံပင်။
သူမ၏အသံက ဝန်ထမ်းသုံးယောက်၏နားထဲသို့ဝင်သွားသည်။ ထိုအသံက တောအုပ်အတွင်းမှ ခေါင်းလောင်းသံလေးများကဲ့သို့ မြင့်မြတ်ကြည်လင်ကာ ကြည်ညိုဖွယ်ကောင်းနေခဲ့သည်။
ဂါထာရွတ်သံကြောင့် သူတို့ အသိပြန်ရသွားကြ၏။
ကြည်လင်မှုပြန်ရပြီး ကမ္ဘာအစစ်ကို ကြည်ကြည်လင်လင်မြင်လိုက်ရပြီးနောက်တွင် လူသုံးယောက်မှာ သေမလောက် ကြောက်သွားကြလေ၏။
ကားသမားလောင်ဝူ၏ ခြေထောက်က လီဗာကို အောက်ဆုံးအထိချနင်းထားသည့်အတွက် ကားက လမ်းပေါ်တွင် အမြန်ပြေးနေခဲ့၏။လမ်းဘေးမှ ရှုခင်းများမှာ အမြန်ဖြတ်ကျော်သွားနေပြီး ကားက မည်မျှထိအမြန်မောင်းနေသည်ကို ပြရန် လုံလောက်ပေသည်။
ထို့အပြင် ကားတစ်စီးလုံးတွင် အနံ့အသက်ကလည်း နှစ်ဆစီတိုးတိုးလာနေကာ သူတို့သုံးယောက်ကို ပျို့လာစေသည်။
ထိုသို့သော လှုပ်ရှားမှု၊ ထိုသို့သော အမြန်နှုန်း၊ ထိုသို့သော အနံ့ဆိုးကြီး!!
သို့သော် ယခုလေးတင်ပင် လူသုံးယောက်က မမြင်တော့သလိုဖြစ်သွားကာ ပုံမှန်မဟုတ်သည့် မည်သည့်အရာကိုမှ မတွေ့ခဲ့ရပေ။
လောင်ဝူက ဘရိတ်ကို အမြန်နင်းလိုက်ပြီး ကားကို ရပ်ရန်လုပ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူက နောက်ခုံကို တစ်ချက်လှည့်ကြည့်လိုက်မိပြီး မျက်လုံးများပြူးကျယ်သွားခဲ့သည်။
အလွန်အမင်းကြောက်လန့်ခြင်းနှင့် ရှော့ခ်ရသွားမှုကြောင့် သူ့မျက်ဆံများ ကျုံ့ဝင်သွားပြီး စက္ကန့်ဝက်လောက်ကြာသည့်အခါ အာခေါင်ခြစ်အော်သံဖြင့် အော်လိုက်သည်။
ရှေ့ကလူနှစ်ယောက်မှာလည်း ကြောက်လန့်နေကြ၏။
ဘေးခုံတွင်ထိုင်နေသည့် ရှောင်ကျန်းမှာ အလိုအလျောက်တုံ့ပြန်မှုကို မထိန်းနိုင်လိုက်ဘဲ ကြည့်ရန် ခေါင်းလှည့်လိုက်သည်။
ထိုအကြည့်က သူ့ဘဝတွင် ဘယ်သောအခါမှ မေ့မရတော့မည့် အိပ်မက်ဆိုးကြီးဖြစ်သွားတော့သည်။
သူတို့ ကူတွဲပြီး ကားပေါ်တင်ပေးခဲ့သော ကိုယ်ဝန်ဆောင်မိန်းမမှာ ပုံမှန်မဟုတ်သော တွန့်လိမ်ခြင်းမျိုးဖြင့် ခြေလက်ပိန်များကို တွန့်လိမ်နေပြီး တကျစ်ကျစ်လုပ်နေသည်။
“ဟီးဟီး.. နောက်ဆုံးတော့ ထွက်လာပြီပဲ!”
အဖုလုံးကြီးကဲ့သို့ ဖောင်းနေသော သူ့ဗိုက်ကြီးမှာ ယခုတော့ လုံးဝရှုံ့တွနေ၏။
အနံ့ဆိုးရှိသော အနီနှင့်အဖြူအရာများက ဗိုက်အက်ကွဲကြောင်းမှထွက်လာကာ ကိုးရိုးကားရားအနိုင်ဆုံးမှာ မည်းပြာနေသည့် လက်ဝါးတစ်ဖက်က ထိုအထဲမှထွက်လာပြီး ကလေးငိုသံသဲ့သဲ့ကို ဖြစ်နေစေသည်။
အမျိုးသမီး၏မျက်လုံးမှာ အနက်ရောင်အပေါက်ကြီးနှစ်ခုသာဖြစ်ကာ မျက်ဆံများမပါဘဲ ပုပ်သိုးနေသော အမည်းရောင်အရည်များက ရှုံ့တွနေသော မျက်ကွင်းများမှ စီးကျလာသည်။
ရှောင်ကျန်း၏အကြည့်ကို သတိထားမိသည်ထင်၏၊ ထိုမိန်းမက ခေါင်းခါလိုက်ပြီး လူတို့မလုပ်နိုင်သည့်ပုံစံမျိုးဖြင့် ကိုယ်ကို လှည့်လိုက်သည်။ ထို့နောက် ရှောင်ကျန်း၏နားသို့ ရုတ်ခြည်းကပ်လိုက်ပြီး မျက်နှာချင်းဆိုင်ဖြစ်သွားသည်။
ထိုအချိန်မှသာ ရှောင်ကျန်းက ထိုမိန်းမမှာ အစကတည်းက ခေါင်းစည်းပဝါမစည်းထားခဲ့ကြောင်း သိလိုက်သည်။
ထို့အစား မျက်နှာတစ်ခုလုံးက သွေးကဲ့သို့နီရဲနေခြင်းပါပေ။
“ငါတို့တွေ ကြင်နာတတ်တဲ့လူတွေကို ရှာတွေ့ခဲ့တာပဲ”
ရှောင်ကျန်းမှာ အလွန်ထိတ်လန့်သွားပြီး အော်ပင်မအော်နိုင်တော့ချေ။ သူ သူ၏ မျက်လုံးများလည်သွားကာ သတိလစ်သွားတော့၏။
ခေါင်းပြန်မလှည့်လာသည့် ကားသမားလောင်ဝူကလည်း သူ့ခေါင်းပေါ်တွင် တစ်ခုခုတွားသွားနေမှန်း ခံစားလိုက်ရသည်။
သူက မသိလိုက်ပါဘဲ မျက်လုံးများပင့်ကြည့်လိုက်သောအခိုက်တွင် မည်းပြာပြီး ခေါင်းကြီးသည့် ကလေးသရဲက ခြေလက်လေးဖက်လုံးကို သုံးပြီး နောက်ကြည့်မှန်သို့ပေါ်တက်နေသည်ကို တွေ့လိုက်ရ၏။
ထိုကလေးက ခေါင်းမော့လာပြီး သူ့ကို စပ်ဖြီးဖြီးမျက်နှာဖြင့် တဟီးဟီးရယ်ပြလာခဲ့ပြန်သည်။
လောင်ဝူမှာ သေလုမတတ်ကြောက်လန့်သွားသောကြောင် ကားစတီယာရင်ကို ပရမ်းပတာလှည့်လိုက်ကာ ကားမှာလည်း ထိန်းချုပ်မှုလွတ်ထွက်သွားတော့၏။
•
ယာဉ်တန်းနောက်မှ ကားဟွန်းအသည်းအသန်တီးနေကြသူများက ရှေ့ဆုံးမှကားမှာ ထူးဆန်းကြောင်တောင်နိုင်နေသည်ကို တွေ့လိုက်ရသည်။
အစတွင် ကားက ရုတ်တရက် ရပ်သွားပြီး ကားထဲမှလူများက ထွက်လာကာ ကားကို နှစ်ပတ် ပတ်လိုက်ကြသည်။
မကြာမီ သူတို့ကားထဲသို့ ပြန်ဝင်သွားပြီးနောက် ကားက မြင်းစောင်းမှလွှတ်လိုက်သည့် မြင်းရိုင်းတစ်ကောင်လို အရိုင်းဆန်စွာ မောင်းတော့သည်။
လမ်းပေါ်တွင် အမြန်နှုန်းမှာလည်း ၉၀ ထက်ကျော်သည် သို့မဟုတ် ထို့ထက်မြန်သည်ဟု ခန့်မှန်းရသည်။
ယင်းက သူတို့နောက်မှလိုက်လာသည့် အစီအစဉ်အဖွဲ့သားများကို ကြောက်လန့်သွားစေကာ အမြန်လိုက်ရန် မောင်းကြပြီး ကားဟွန်းများလည်းတီးကြသည်။
ကုကျစ်စုန့်၏ပြောစကားကြောင့် ရှောင်ကျန်းကို ဖုန်းခေါ်ပြီးနောက် ကင်မရာသမားတို့အဖွဲ့မှာ ဖုန်းအခြားတစ်ဖက်မှ နှလုံးတုန်လောက်စရာအော်သံများကိုသာ ကြားလိုက်ရသည်။
ထို့နောက် ကားက လည်သွားကာ လမ်းဘေးမှသစ်တောများထဲ ပြေးသွားပြီး သစ်ပင်ပင်စည်တစ်ခုကို ဝင်တိုက်မိသွားတော့သည်။
ပုံစံပျက်ပြီး မီးခိုးများတလူလူထွက်နေသည့် ရှေ့မှကားကို ကြည့်ကာ လူတိုင်းက ကားရပ်လိုက်ကြပြီး ကားထဲမှထွက်ကာ အပြေးသွားလိုက်ကြသည်။ ကားထဲမှ လူတို့၏နာမည်ကိုလည်း စိုးရိမ်စွာ အော်ခေါ်နေကြ၏။
ထိုကြောက်လန့်စရာအဖြစ်က တင်ဆက်သူလျို၏ ကင်မရာထဲတွင် ရိုက်ကူးခံထားရသည်။
အကွာအဝေးတစ်ခုမှနေ၍ ကြောက်စရာမြင်ကွင်းကို မြင်လိုက်ကြရသည့် တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှ ပရိသတ်များမှာ အေးခဲသွားပြီးနောက် အုံကြွလာတော့သည်။
[ကားထဲက ဝန်ထမ်းတွေအဆင်ပြေရဲ့လား.. ရွာကိုတောင် မရောက်သေးခင် တစ်ယောက်ယောက်သေတော့မှာလား]
[အဲဒီရွာက အရမ်းကြောက်ဖို့ကောင်းတာပဲ]