အခန်း (၆၃)
Vol. 7 Ch. 63
ကျောင်းချီယန်တစ်ယောက် သူ၏မျက်နှာထက်ကြီးသော ကြက်ပေါင်ကြီးကို ကင်ပြီးနောက် သူ့ဘေးတွင်ထိုင်နေသော အစ်မဖြစ်သူဆီသို့ လှမ်းပေးလိုက်သည်။
ကျောင်းစီဟွေ့က သူ့ကို ကျင်းယန်ဆီသို့ အရင်ပေးရန် လက်ဟန်ပြလိုက်သည်။
ဝံပုလွေအနက်လေးသည်ကား ၎င်း၏အမြီးကို ပို၍လျှင်မြန်စွာ ယမ်းနေခဲ့ပြီး ကြက်ပေါင်ကြီးက လူများ၏အနီးတွင် လှည့်ပတ်ပြီး တစ်ယောက်ကိုတစ်ယောက် လှမ်းပေးနေသည်ကို စောင့်ကြည့်ကာ တံတွေးပြင်းပြင်း မြိုချလိုက်လေသည်။
ဤလူသားအစားအစာများကို စားရန်အတွက် သူ့ကို ခွင့်မပြုထားကြောင်း သိပေသည်။ ၎င်း၏ကိုယ်ပိုင်အစားအစာအတွက် ကိုယ်တိုင် အမဲလိုက်ရန် ယခင်ကစည်းကမ်းချမှတ်ခံထားရ၏။
သို့သော် သူ့အနေဖြင့် အလွန် ဆာလောင်နေခဲ့ပြီး ထိုကြက်သားကင်ကို အာသီသရှိနေခဲ့သည်။
ကျင်းယန်က ရိုးရိုးရှင်းရှင်းပင် ပေါင်သားမှ အရည်အရွှမ်းဆုံးနှင့် အနူးညံ့ဆုံးအပိုင်းကို ဖဲ့ယူပြီးနောက် ကြက်ပေါင်တစ်ခုလုံးကိုတော့ အသင်းထဲမှ တစ်ဦးတည်းသောအမျိုးသမီးကို အရင်ဆုံးစားခိုင်းရန်အတွက် ကျောင်းစီဟွေ့ဘက်သို့ လှမ်းပေးလိုက်သည်။
ကျောင်းစီဟွေ့တစ်ယောက် ယုန်လေးကို အစာကျွေးနေသော လူကို တစ်ချက်ကြည့်လိုက်သည်။ တုံ့ဆိုင်းမှုတချို့ပြီးနောက်တွင်တော့ ခေါင်းငုံ့ပြီး စားသောက်လိုက်ပေသည်။
အသားကင်၏ မွေးရနံ့က မတွန်းလှန်နိုင်လောက်ပါချေ။
သူမက ဇီဇာကြောင်သော အလှလေးတစ်ယောက်၏ တင့်တယ်မှုမျိုးနှင့် မဟုတ်ဘဲ အားရပါးရစားနေခဲ့သည်။
သူမ၏လက်ချောင်းမှ စီးကျနေသော ဆီအပေအကျံများကိုပင် လျှာထိပ်ဖြင့် လျှက်နေခဲ့ကာ အနည်းငယ် လောဘကြီးပုံပေါ်ကြောင်း ပြောနိုင်ပေသည်။
ယင်ရိလျိုကတော့ ကျင်းယန်ထံတွင် ကောင်းစွာ ဂရုစိုက်ခြင်းခံနေရ၏။ ထိုအမျိုးသား၏ ဖြူဖွေးပြီး သွယ်လျသော လက်ချောင်းများမှ လျှောကျနေသာ ဆီကို ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာပေါ်မှ နားမလည်နိုင်သော တဟုန်ထိုးအပူကို ခံစားခဲ့ရပြီး အကြည့်ကို အလျှင်အမြန်အဝေးသို့ ရွှေ့လိုက်သည်။
ယုန်လေးက အပိုင်းတစ်ပိုင်းစီကို တစ်ကိုက်တည်း စားနိုင်ရန်အတွက် ကျင်းယန်မှ အသားများကို အပိုင်းသေးသေးလေးများအဖြစ် ဖဲ့ထားလိုက်လေသည်။
ယုန်လေးထံတွင် သေးငယ်သော ခန္ဓာကိုယ်နှင့် သေးငယ်သော အစာအိမ်တို့ရှိ၏။ ထို့ကြောင့် သူမက လျှင်မြန်စွာ ဗိုက်ပြည့်သွားခဲ့လေ၏။
သူမ အပြီးသတ်စားပြီးနောက်မှသာ ကျင်းယန်က သူ၏ကိုယ်ပိုင်ဝေစုကို ကောက်ကိုင်ပြီး စားသောက်ခဲ့လေသည်။
ကြက်ရိုးပေါ်မှ အသားကို ကိုက်ဝါးနေခြင်းဖြစ်သော်ငြား သူ စားသောက်နေသော မြင်ကွင်းက တမူထူးကဲနေခဲ့ကာ အလွန်ကြည့်ကောင်းနေဆဲပင်ဖြစ်၏။
တစ်စိတ်တစ်ပိုင်းသာလျှင် ချက်ထားသည့် သန္ဓေပြောင်းကြက်၏ ကျန်နေသော တစ်ဝက်ကိုတော့ ကျင်းယန်၏ ခွင့်ပြုချက်နှင့်အတူ ဝံပုလွေလေးဆီ ပေးလိုက်လေသည်။
မည်သို့ပင်ဖြစ်စေ ဤအသားများကို သူတို့အပြီးမသတ်နိုင်ပါက လျှင်မြန်စွာ ပုတ်သိုးသွားလိမ််မည်ပင်ဖြစ်၏။ ထပ်ပေါင်းအနေဖြင့် သားပေါက်လေးကို ၎င်း၏ကိုယ်ပိုင်အစားအစာအတွက် အမဲလိုက်ရန် သူတို့ညွှန်ကြားထားသော်လည်း သူတို့လမ်းတစ်လျှောက်တွင် တခြားတိရစ္ဆာန်များ အမှန်တကယ်မရှိချေ။
သူတို့အနေဖြင့် ၎င်းကို အငတ်မထားသင့်ချေ။
သားပေါက်လေးက ၎င်း၏တစ်ဘဝလုံးတွင် အသားစိမ်းကိုသာ စားခဲ့သောကြောင့် ကင်ထားသော အသားကိုစားရခြင်းက ပထမဆုံးအကြိမ်ဖြစ်ပေသည်။
အသားကင်က အရသာအလွန်ကောင်းလွန်းသဖြင့် တခြားအရာများအကြောင်းကို ဂရုမစိုက်နိုင်ဘဲ ကျန်သည့်ကြက်သားတစ်ဝက်ကို ၎င်း၏အစာအိမ်ထဲသို့ ထိုးသွတ်နေခဲ့လေသည်။
စားသောက်ပြီးနောက်တွင် သားပေါက်လေးက ၎င်း၏အမြီးကိုယမ်းလျှက် ခြံထောင့်ကို ဖြည်းညှင်းစွာသွားပြီး တံခါးနောက်တွင် လဲလျောင်းကာ တံခါးစောင့်သည့် တာဝန်ကို အလွန်တာဝန်သိတတ်စွာ ယူလိုက်လေသည်။
ကျင်းယန်က ပြောင်းဖူးကို လက်ခံရရှိသောအခါတွင်လည်း ထုံးစံအတိုင်း ယင်ရိလျိုကို အရင်ဆုံးကျွေးခဲ့လေသည်။ ယုန်လေးမှာ စားချင်စိတ် အနည်းငယ်သာရှိ၏။
ကြီးမားပြီး မွှေးပျံ့သည့် ပြောင်းဖူးစေ့အနည်းငယ်ကို စားရုံမျှဖြင့် သူမ၏ဗိုက်က လုံးဝိုင်းနေနှင့်ပြီဖြစ်၏။
ယင်ရိလျိုက သူမ ထပ်မစားနိုင်တော့သည့် အချက်ကို နောက်ဆုံးတွင် လက်ခံလိုက်ပြီး သူမ၏ ယုန်သွားလေးဖြင့် ပြောင်းဖူးစေ့ပေါ်တွင် ကိုက်ရာတိမ်တိမ်တစ်ခု ချန်ထားခဲ့လေသည်။
ထို့နောက်တွင် ခေါင်းကိုအသာစောင်းပြီး ခေါင်းယမ်းရုံသာတတ်နိုင်ကာ သူမ စားပြီးသည်ကို ညွှန်ပြလိုက်၏။
ထို့နောက်တွင်တော့ ထိုကိုက်ရာသေးသေးလေးနှင့် အစေ့ကို ကျင်းယန်က တုံ့ဆိုင်းမှုမရှိ တိုက်ရိုက်စားလိုက်ခြင်းကို မြင်လိုက်ရပြီး သူမ၏မျက်နှာပေါ်တွင် ဆွံ့အနေသော အမူအရာလေးပေါ်လာခဲ့လေ၏။
သားမွှေးအောက်တွင် ဖုံးကွယ်နေသော သူမ၏ယုန်မျက်နှာလေးသည်လည်း ချက်ချင်း ပူလောင်လာခဲ့လေ၏။
ဗီလိန်ဘော့စ်ကြီး ကျင်းယန်က အသန့်ကို အလွန်အကြူးကြိုက်သူ တစ်ယောက်ဖြစ်ပြီး တခြားသူတွေ ထိထားတဲ့ အစားအစာတွေကို ဘယ်တော့မှ မထိဘူးလို့ ဝတ္ထုထဲမှာ ပြောမထားခဲ့ဘူးလား?
ညစာစားပြီးနောက် ကျောင်းချီယန်က သူ့ဗိုက်ကိုပွတ်ပြီး အိမ်ဝင်းအလယ်မှ မီးဆီသို့ မျက်စိကိုမှေးကျဥ်း၍ကြည့်ကာ ပျင်းရိစွာ လဲလျောင်းနေလျက် ရှားပါးသည့် အားလပ်ချိန် အခိုက်အတန့်ကို ခံစားနေခဲ့သည်။
ရုတ်တရက် ဆယ်ကျော်သက်လေးက သက်ပြင်းချပြီး ပြောခဲ့သည်။
“ကောင်းမွန်တဲ့ နေ့ရက်ဟောင်းတွေအကြောင်းကို စဥ်းစားလိုက်ရင် အဲတီနေ့တုန်းက အမေ့ကိုပြန်ပြောပြီး သူမကို ဒေါသကြော င့်မူးဝေးသွားအောင် လုပ်မိတဲ့အတွက် ကျွန်တော် တကယ်နောင်တရတယ်”
ကျောင်းစီဟွေ့၏ ပြောင်းဖူးကို ချိုးနေသောလက်များက နှေးသွားခဲ့ကာ မည်သည့်အရာကိုမှ မပြောဘဲ သူမ၏ခေါင်းကိုသာ နှိမ့်လိုက်သည်။
ကျောင်းချီယန်က ကောင်းကင်မှ တောက်ပနေသော ကြယ်များကိုစိုက်ကြည့်နေခဲ့သည်။ ထို့နောက်နှာရှုံ့ပြီး မျက်လုံးကိုလက်ဖြင့် ဖုံးအုပ်လိုက်လေသည်။ တခဏကြာပြီးနောက် သူ့၏ လက်များကို ပြန်ဖယ်လိုက်ချိန်တွင် သူ၏မျက်လုံးများကနီရဲနေခဲ့သည်။
သူက သူ့အစ်မကို မျက်နှာချင်းဆိုင်ရန် လှည့်ပြီး အနည်းငယ် စိတ်ထိခိုက်လွယ်စွာ ပြောလိုက်သည်။
“ကျဲ .. ကျဲကကျွန်တော်ရဲ့ တစ်ဦးတည်းကျန်ရစ်တဲ့ မိသားစုပဲ.. ကျွန်တော်တို့ ဘယ်နေရာကိုပဲ သွားသွား ကျွန်တော် ကျဲကိုစောင့်ရှောက်မယ်”
ကျောင်းစီဟွေ့ ကူကယ်ရာမဲ့သည့် အပြုံးပါးပါးတစ်ခုဖြင့် ပြုံးလိုက်မိသည်။
“အရမ်းစိတ်အားငယ်နေတာကို ရပ်လိုက်တော့”
သူမက ဝှီးချဲပေါ်တွင် ထိုင်နေသော ကျင်းယန်ကို လှည့်ကြည့်လိုက်ပြီး ရုတ်တရက် အလွန်သိချင်စိတ်ပြင်းပြလာခဲ့သည်။
ထိုသူက သူ၏လက်မောင်းထဲမှ ယုန်မှလွဲ၍ မည်သည့်အကြောင်းအရာကိုမှ ဂရုမစိုက်သည့်ပုံရသည်။
မည်သည့်အချိန်တွင်ဖြစ်စေ ဤလူကို ကြည့်ရသည်မှာ အရာအားလုံးကိုလျစ်လျစ်ရှုနေသကဲ့သို့ဖြစ်နေခဲ့သည်။
သူရဲ့မိသားစုကရော ဘယ်လိုမျိုးရှိနေလို့လဲ?
၎င်းက အနည်းငယ် စည်းကျော်နေသည်ကို သူမ သတိမထားမိခင် စကားလုံးများက ပါးစပ်မှထွက်သွားနှင့်ပြီးဖြစ်၏။
ပျက်ကပ်ကြောင့် သူ၏မိသားစုဝင်များ ဆုံးပါးသွားခဲ့လျှင် ၎င်းက သူ၏နှလုံးသားထဲမှ ဒဏ်ရာကို ဖော်ထုတ်သကဲ့သို့ မဖြစ်နိုင်လောက်ဘူးလား?
ကျင်းယန်ဘက်မှ တုံ့ပြန်လာမည်ကို သူမ လုံးဝ မမျှော်လင့်ထားသော်ငြား သူက ပြန်ဖြေလာခဲ့လေသည်။
“ငါ့မှာ ညီမလေးတစ်ယောက်ရှိတယ်”
သူက ယုန်ခေါင်းလေးကို ညင်သာစွာ ပွတ်သပ်လျက် ပြောလာခဲ့သည်။
“ညီမလေး?”
ကျောင်းချီယန်၏ ခါးက အနည်းငယ်မတ်သွားခဲ့သည်။
“ဒါဆို သူက ဘာလို့ ခင်ဗျားနဲ့အတူမရှိတာလဲ.. ကျင်းကော?”
သူနှင့်အနည်းငယ်ဆင်တူသော မျက်နှာတစ်ခုက ကျင်းယန်၏ စိတ်ထဲတွင်ပေါ်လာပြီး သြရှသောအသံနှင့်ပြောလိုက်လေသည်။
“သူက မြို့တော် B မှာ သူရဲ့ PhD အတွက် စာသင်နေတာ”
ကျောင်းချီယန် ခေါင်းငြိမ့်လိုက်သည်။
သေချာသည့် အရေးကြီးသင်တန်းများအတွက် ကျောင်းသားများမှာ အိမ်သို့နောက်ကျမှ ပြန်ရမည်က သေချာပေ၏။
ကျောင်းစီဟွေ့က သူမ၏မောင်တွင် မေးစရာမေးခွန်းများ ကျန်သေးသည်ကို တွေ့လျှင် ပါးစပ်ပိတ်ရန်အတွက် သူ့လက်ကို အလျှင်အမြန် လှမ်းဆွဲလိုက်သည်။
ယင်ရိလျိုတစ်ယောက် သူမ ကျင်းမိသားစု၏ ဗီလာဆီသို့ ကူးပြောင်းခဲ့ချိန်တွင် ပျက်ကပ်၏ ပထမနေ့တွင် သူမ အမှတ်တမဲ့ကြားခဲ့သည့် ကျင်းယန်နှင့် သူ၏ညီမတို့ ဖုန်းပြောနေသည့်အချိန်ကို ပြန်လည် သတိရလိုက်သည်။
ဒါဆို ဝတ္ထုထဲမှာတုန်းက ဇာတ်လမ်းရဲ့နှောင်းပိုင်းမှာ ပေါ်လာတုန်းက ကျင်းယန်က ဘာကြောင့် တစ်ယောက်တည်း ဖြစ်နေရတာလဲ?
သူတို့၏ စကားဝိုင်းကို ဆုံးဖြတ်ခြင်းအားဖြင့် သူ၏ညီမနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိပုံရ၏။ သူမကိုသွားရှာရန် မသွားခဲ့ခြင်းသည်က အကျိုးအကြောင်းမသင့်ချေ။
သူ ဇာတ်လိုက်၏ အသင်းနှင့် တိုက်ခိုက်သောအချိန်တုန်းက ပျက်ကပ်၏ နောက်ပိုင်း အဆင့်များတွင် ကျင်းယန်သည် မြို့တော် B တွင် ရောက်နေနှင့်ပြီဖြစ်၏။
ထိုအချိန်က သူ၏ညီမကို အဘယ်ကြောင့် သွားမရှာရပါသနည်း?
ထိုအချိန်တွင် သူ၏ညီမသည်က အန္တရာယ်နှင့်ရင်ဆိုင်နှင့်ပြီး ဖြစ်နိုင်မည်လား?
ဇာတ်လိုက်များနှင့် တစ်စုံတစ်ရာ ပက်သက်ခြင်း ဖြစ်နိုင်သည်လား?
မြို့တော် B ဆီသို့ ခရီးကို အရှိန်မည်သို့မြှင့်ရမည့်အကြောင်းကို လျှို့ဝှက်စွာ စဥ်းစားလျှက် ယင်ရိလျို အနည်းငယ် စိတ်ပူသွားရသည်။
=
ညလယ်၌ ခြံထဲမှမီးက သူ့ဘာသာ ဖြည်းညင်းစွာ ငြိမ်းသွားပြီး မှောင်မည်းနေသော ထင်းပုံထဲတွင် သေးငယ်သည့်မီးတောက်လေးများသာလျှင် လူးလွန့်နေခဲ့လေ၏။
လယ်တောအိမ်က အခန်းအရေအတွက် အတန်အသင့်နှင့် ကြီးမားလေသည်။ သူတို့က တစ်ယောက်တစ်ခန်းယူပြီးနောက် ဝံပုလွေအနက်လေးကတော့ ခြံထဲတွင် အိပ်ခဲ့လေသည်။
အိမ်ထဲမှ အိပ်ယာခင်းများနှင့် စောင်များထဲတွင် သန္ဓေပြောင်းအင်းစက်များ အောင်းနေမည်ကို ကြောက်သည့်အတွက် ယင်ရိလျိုက ၎င်းတို့ကို မသုံးရဲဘဲ မဖွင့်ရသေးသော စောင်နှင့်ဂွမ်းကပ်အစုံအချို့ကို ထုတ်ယူပြီး ကျင်းယန်နှင့် ကျောင်းမောင်နှမကို ပေးလိုက်၏။
ကျောင်းမောင်နှမမှာ နူးညံ့သောအိပ်ယာကို ထိတွေ့နိုင်ခြင်းမရှိခဲ့ရသည်မှာ အချိန်ကြာခဲ့ပြီဖြစ်၏။
သန္ဓေပြောင်းသားရဲများနှင့် ဧရာမသစ်ပင်ကြီးကို ကျောချင်းကပ် ပက်ပင်းကြုံတွေ့ခဲ့ရသောကြောင့် သူတို့အနေဖြင့် အများအားဖြင့် SUV ထဲတွင်သာ အိပ်ခဲ့လေသည်။
ကျင်းယန်က အခန်းထဲတွင် ဖယောင်းတိုင်တစ်တိုင်ကို ထွန်းပြီးနောက် သူ၏အင်္ကျီကို ချွတ်ကာ သူ၏ချောမွတ်သော အပေါ်ပိုင်းခန္ဓာကိုယ်ကို ထုတ်ဖော်ပြသခဲ့သည်။
ဖယောင်းတိုင်မီးရောင်အောက်တွင် သူ၏အနည်းငယ် တင်းမာဖောင်းကားနေသော ရင်ဘက်နှင့် ပျားရည်ရောင် ဝမ်းဗိုက်ကြွက်သားများကိုပင် ယင်ရိလျို မြင်နိုင်လေသည်။သူမ၏အကြည့်က ကြွက်သားလိုင်းများ၏ ေအာက်ဘက်ကို လိုက်သွားခဲ့သည်…
ဒါက ငါ့ကိုသတ်နေတာပဲ!
ငါထပ်ပြီး မကြည့်သင့်ဘူး!
ယင်ရိလျို သူမ၏မျက်လုံးလေးများကို လက်ဖဝါးဝဝလေးဖြင့် ဖုံးကွယ်ခဲ့သည်။
သူမသာ ထပ်ကြည့်မိလျှင် သူမ၏ဦးနှောက်က အဝါရောင်အတွေးများနှင့် ပြည့်နှက်နေမည်ဖြစ်သည်။ သူမက ဖြူစင်သန့်ရှင်းသောယုန်လေးတစ်ကောင်သာဖြစ်ပေ၏။
အဝါရောင်နှလုံးသားနှင့် ယုန်တစ်ကောင်မဟုတ်ချေ။