← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

ယုန်လေးက သူမ၏ နေရာလွတ်ထဲမှ အမွှေးပွပွ ဝါဂွမ်းအသိုက်လေးကို ထုတ်ယူလိုက်လေ၏။

ထို့နောက်တွင် ဝါဂွမ်းအသိုက်လေးကို အိပ်ယာခြေရင်းတွင် ထားလိုကာပြီး ၎င်းအပေါ်သို့လျှင်မြန်စွာ ခုန်ဝင်သွားခဲ့သည်။

ကျင်းယန်တစ်ယောက် သူမ၏ လှုပ်ရှားမှုများကို သတိထားမိသွားခဲ့ပြီး မျက်ခုံးတစ်ဖက်ကို မသိသာစွာ ပင့်မ,လိုက်မိသည်။

သူ့ရဲ့သူငယ်ချင်းလေးက သူနှင့်အတူ မအိပ်ချင်တော့ဘူး။

ယင်ရိလျို၏ ယုန်အရေပြားအောက်တွင် မိန်းမပျိုလေးတစ်ယောက်၏ ဝိညာဥ်တစ်ခုရှိနေခဲ့ပြီး၊ သူမကလည်း Weibo ပေါ်မှ ဝမ်းဗိုက်နှင့် ရင်ဘက်ကြွက်သားများ၏ ဓာတ်ပုံများကို သွားရည်တမြားမြား ကျကာ အမျိုးမျိုးသောပုံများကို (ငမ်း)ကြည့်ခဲ့ဖူးသော မိန်းကလေးတစ်ယောက်ဖြစ်နေကြောင်းကို ကျင်းယန်က မည်သို့ သိနိုင်ပါမည်နည်း။

သူ ယုန်လေး၏ခေါင်းကို ပွတ်သပ်လိုက်လေ၏။

ထိုယုန်လေးက သူမ၏မျက်နှာကို အသိုက်ထဲတွင် မြှုပ်၍ သေချင်ယောင်ဆောင်နေသော်လည်း နားရွက်ရှည်ရှည်များက အနည်းငယ် တုန်ရီနေသည်ကို သူမြင်နိုင်ခဲ့လေသည်။

သူ နူးညံ့သောအသံဖြင့် ခပ်တိုးတိားရယ်မောလိုက်မိပြီးပြောခဲ့သည်။

“ကောင်းသောညပါ”

ထို့နောက်တွင်တော့ အိပ်ယာဆီသို့ ပြန်သွားကာ သူ့ကိုယ်သူစောင်ခြုံလိုက်ပြီးနောက် အိပ်ယာဘေးမှ ဖယောင်းတိုင်ကို မှုတ်ပြီးနောက် မျက်လုံးများပိတ်လိုက်လေသည်။

အခန်းက မှောင်မဲပြီး တိတ်ဆိတ်နေခဲ့လေ၏။

တစ်နာရီလောက်ကြာအောင် စောင့်ပြီးနောက် အိပ်ယာပေါ်မှ လူ၏ တည်ငြိမ်သော အသက်ရှူသံကို ကြားလာခဲ့ရသည်။

ထိုအခိုက်တွင် အိပ်ယာခြေရင်း၏ အသိုက်၌ မသိသာလှစွာလှုပ်ရှားလာသည့်အရိပ်လေး တစ်ခုရှိလာခဲ့လေသည်။

ဝဖြိုးသော ယုန်လေးက သူမ၏အသိုက်ထဲထွက်လာပြီး နူးညံ့သော လက်ဖဝါးလေးများနှင့် တိတ်တဆိတ် အောက်သို့ဆင်းလိုက်သည်။

သူမက ခြေဖျားများကို ထောက်လိုက်ပြီး အိပ်ယာပေါ်တွင် မျက်လုံးများပိတ်ထားကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော လူတစ်ယောက်၏ လှပသောမျက်နှာကို လှမ်းကြည့်လိုက်လေသည်။

ယင်ရိလျို ညင်သာစွာ အသက်ရှူထုတ်လိုက်၏။

ကျင်းယန်နှင့် အိပ်ယာတစ်ခုတည် မအိပ်ရခြင်းသည်က သူမ ရှက်ရွံ့နေသောကြောင့် သို့မဟုတ် သူ့ခန္ဓာကိုယ်၏ သွေးဆောင်ခြင်းကို မခုခံနိုင်မည် ကြောက်ရွံသောကြောင့်ဆိုသည့် အချက်တစ်ခုတည်းသာမဟုတ်ပါချေ။

အရေကြီးဆုံးအရာက သူမကိုယ်သူမ စစ်ဆေးကြည့်ချင်၍သာ ဖြစ်၏။

ထိုနေ့က သူမ လူသားအသွင် အသွင်သို့ ပြောင်းလဲခဲ့သည်။ ထို့နောက်တွင် ယုန်တစ်ကောင်အဖြစ် ပြန်ပြောင်းသွားခဲ့ပြန်သည်။

ထိုနေ့ပြီးကတည်းက သူမ၏ ခန္ဓာကိုယ်ထဲ၌ လိမ်ယှက်နေသော သက်တောင့်သက်သာမဖြစ်သည့် ယားယံမှုနှင့် နာကျင်မှုကို ထပ်၍မခံစားရတော့ချေ။

မူလက သူမအနေဖြင့် ကျင်းယန်၏လက်မောင်းထဲတွင် လူသားကလေးတစ်ယောက် အဖြစ် ရုတ်တရက်ပြောင်းလဲသွားမည်ကိုစိတ်ပူနေခဲ့လေ၏။

သို့သော် ထိုကဲ့သို့ မဖြစ်ခဲ့ပါချေ။

လွန်ခဲ့သည့် နှစ်ရက်၊ သုံးရက်အတွင်း မည်သည့်အရာမှ မဖြစ်ပျက်ခဲ့ချေ။

ဆိုရလျှင် စားသောက်ပြီး အိပ်နေသည့် အသုံးမကျသည့် ယုန်တစ်ကောင်ထက် မပိုခဲ့ချေ။

သို့သော်ငြား သူမ၏နှလုံးသားထဲတွင် သူမ လိုချင်သည့်အချိန်တိုင်း လူသားတစ်ယောက်အဖြစ် အသွင်ပြောင်းနိုင်သည်ဟူသော ခံစားချက်တစ်ခု ရှိနေခဲ့သည်။

သူမ ဤအိမ်ထဲသို့ ဝင်သောအချိန်က ကလေးမလေးတစ်ယောက်၏ အခန်းဖြစ်ဟန်တူသော အခန်းထဲမှ ကိုယ်လုံးပေါ်မှန်တစ်ခုကို သတိထားမိခဲ့သည်။

ထို့ကြောင့် သူမ၏ခန့်မှန်းချက် မှန်မမှန်ကိုကြိုးစားကြည့်ချင်နေခဲ့ပြီး၊ လူသားတစ်ယောက်အနေဖြင့် သူမမည်သို့ရုပ်ရည်သွင်ပြင်မျိုးရှိသည်ကိုလည်း မြင်တွေ့ချင်လေသည်။

ထို့ကြောင့် ကျင်းယန်နှင့် အိပ်ယာတစ်ခုတည်း အိပ်စက်ခြင်းကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားခဲ့ခြင်းဖြစ်၏။ ညဘက်၌ သူမ၏လှုပ်ရှားမှုကြောင့် တစ်ဖက်လူကို နိုးသွားစေမည်ကို ကြောက်သည့်အတွက် အိပ်ယာခြေရင်းမှ အသိုက်လေးထဲတွင်သာ သွားအိပ်ခဲ့လေသည်။

သန္ဓေပြောင်းကြွက်တစ်ကောင်က အခန်းနံရံ၏ အောက်ဘက်တွင် အပေါက်ကြီးတစ်ပေါက်ဖြစ်အောင်ဖောက်ခဲ့ပုံရသည်။

၎င်းအပေါက်က သူမကိုကူညီနေသကဲ့သို့ပင်။ သူမက ယုန်အသွင်ဖြင့်သာ ဖြစ်‌သောကြောင့် အပေါက်ကိုဖြတ်၍ အသံတစ်သံမှမထွက်ဘဲ အခန်းထဲမှ ထွက်နိုင်ပေသည်။

အိမ်ထဲမှ ထွက်လာပြီးနောက် ယင်ရိလျို၏ စိတ်လှုပ်ရှားမှုက ဖြည်းညင်းစွာ ပြေလျော့သွားခဲ့၏။

သူမက နေ့လည်ခင်းကမြင်ခဲ့သော အခန်းဆီသွားခဲ့လေ၏။ အလင်းမှိန်မှိန်သာရှိသော အမှောင်ထဲတွင် သူမ၏အနီရောင်မျက်လုံးများက ရှင်းလင်းစွာ ဖြတ်မြင်နိုင်ခဲ့၏။

အခန်း၏ ပရိဘောဂများက အလွန်မိန်းကလေးဆန်၏။ ပြတင်းပေါက်လိုက်ကာများက ပန်းရောင်ဖြစ်ပြီး ဤအချိန်တွင်တော့ ဖုန်မှုန့်များ ဖုံးလွှမ်းနေပေသည်။

ထို့အပြင် ဖုန့်မှုန့်များဖြင့်ဖုံးလွှမ်းနေသာ ကွန်ပျူတာစားပွဲတစ်လုံးလည်း ရှိနေခဲ့၏။ ၎င်းက မိန်းကလေးတစ်ယောက်၏အခန်း ဖြစ်ပုံရသည်။

အခန်း၏တံခါးနှင့် ပြတင်းပေါက်များကို ပိတ်မထားခဲ့သောကြောင့် ငွေဖြူရောင် လရောင်က ပြတင်းပေါက်ကိုဖြတ်၍ တောက်ပနေကာ အိမ်ထဲမှ ရှိနေသမျှအရာများကို ရှင်းလင်းစွာမြင်နိုင်စေရန် အလင်းပေးနေခဲ့သည်။

ယင်ရိလျို အခန်းထဲကိုဝင်သွားပြီးနောက် မှန်ထဲတွင်ပေါ်နေသော အမွှေးပွပွယုန်လေးကို ကြည့်လိုက်၏။သူမ၏နှာခေါင်းကိုရှုံ့လျှင် မှန်ထဲမှယုန်လေးသည်လည်း လိုက်ပါ နှာခေါင်းရှုံ့ကာ တထေရာတည်းတူညီစွာ လုပ်နေခဲ့လေသည်။

ချစ်စရာကောင်းလွန်းသည့်အရုပ်လေးတစ်ခုက ရိုးရှင်းစွာပင် ပြင်ပလောကသို့ အသက်ရှင်လျက်ရောက်ရှိလာခဲ့သည်။

မှန်ထဲမှယုန်လေးက သူမ၏ ခေါင်းကို ဆက်တိုက် လှုပ်နေခဲ့ပြီးနောက် သူမ၏ မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်လေ၏။

အခိုက်အတန့်ခဏမျှ ကြာမြင့်ပြီးနောက် လရောင်အောင်တွင် မြင်နိုင်ရုံသာမြင်နိုင်သည့် အဖြူရောင်အလင်းဖျော့ဖျော့တစ်လွှာက သူမ၏ခန္ဓာကိုယ်ပေါ်တွင် ပေါ်ထွက်လာခဲ့သည်။

ယင်ရိလျို မျက်လုံးများကို နောက်တစ်ဖန် ပြန်ဖွင့်လိုက်ချိန်တွင် မှန်ထဲတွင် ပေါ်လာသည်က လူသားမိန်းကလေးတစ်ယောက် ဖြစ်နှင့်နေပြီပင်။

ကလေးမလေးက အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားခဲ့သည်။ သူမ၏ဖြူဖွေးသော ခြေထောက်လေးက ခြေဗလာနှင့် ကြမ်းပြင်ပေါ်တွင် ရပ်နေခဲ့သည်။

သူမ၏ပါးပြင်ပေါ်တွင် ကလေးအဆီတချို့ရှိပြီး မျက်လုံးများက ကြီးမား၍ဝိုင်းစက်ပြီး မွေးကင်းစဒရယ်လေးနှင့်ပင်တူကာ မှန်ထဲမှ သူမကိုယ်သူမ မြဲမြံစွာ စိုက်ကြည့်နေခဲ့သည်။

ယင်ရိလျို သူမ၏ခေါင်းထိပ်မှ ယုန်နားရွက်လေးကို တုံ့ဆိုင်းစွာထိလိုက်သည်။

သူမ နားရွက်များ၏ အထိအတွေ့ကို ခံစားလိုက်ရသဖြင့် ပြုံးလိုက်မိလျှင် သူမ၏မျက်လုံးဝိုင်းဝိုင်းများက လခြမ်းကွေးများအဖြစ် ပြောင်းသွားခဲ့သည်။

အရမ်းချစ်စရာကောင်းတာပဲ!

ယင်ရိလျို သူမကိုယ်သူမ ပွေ့ဖက်ထားချင်ခဲ့၏။ ဤကဲ့သို့ နှစ်လိုဖွယ်ကောင်းပြီး အမူအကျင့်ကောင်းသော သမီးလေးတစ်ယောက်သာ ရှိနေခဲ့မည်ဆိုပါလျှင် သူမ၏လက်မောင်းထဲ ပွေ့ချီပြီး သူမ၏ခေါင်းပြောင်မသွားမချင်း နေ့တိုင်းနမ်းရှိုက်နေလိမ့်မည်ဖြစ်၏။

ဤသို့ဆိုလျှင်ပင် လူသားနှင့် ယုန်အသွင်ကြားတွင် ခေါက်တုံ့ခေါက်ပြန်ပြောင်းနိုင်သည်ကို သူမ သိလိုက်ရသော်ငြား သူမ၏ လူသားအသွင်က နားရွက်နှင့် အမြီးလုံးကို ပြန်မသိမ်းနိုင်သည့် လေးနှစ် သို့မဟုတ် ငါးနှစ်အရွယ်ကောင်မလေး တစ်ယောက်သာ ဖြစ်နေခဲ့၏။

ကံကောင်းစွာဖြင့် ဤသည်က သူမအပေါ်တွင် သက်ရောက်မှုအနည်းငယ်သာရှိ၏။

ယင်ရိလျို သူမ၏ ချစ်စရာကောင်းသော လူသားအသွင်အပြင်ကို အနီးကပ်ကြည့်ရန် မှန်အနီးသို့ ချဥ်းကပ်သွားလိုက်၏။

သို့သော် သူမလေး မသိခဲ့သည်မှာတစ်ခြားတစ်ဖက်မှ တံခါးအပြင်ဘက်တွင် လေးနက်သော မျက်နှာအမူအရာနှင့်အတူ မြေပြင်‌ပေါ်မှ အရိပ်ကိုမျက်မှောင်ကြုတ်ကြည့်လျှက် တိတ်တဆိတ် ရပ်နေသော လူတစ်ယောက် ရှိနေခဲ့လေသည်။

အခန်းပြတင်းပေါက်မှ လရောင်က မိန်းကလေး၏ အရိပ်ကို အနည်းငယ် ဆွဲဆန့်သွားပြီး သူမ၏ယုန်နားရွက်များကို အနည်းငယ် ပုံပျက်သွားစေသော်ငြား ကျင်းယန်ကတော့ သူ၏ဘဝကို သံသယဝင်ခြင်းမှ မရပ်တန့်နိုင်ခဲ့ပါချေ။

ယင်ရိလျို အပေါက်ထဲသို့ တိတ်တဆိတ်ဝင်သွားသောအချိန်မီသာ ကျင်းယန်တစ်ယောက် သူ၏မျက်လုံးများကို မျက်တောင်ခတ်လိုက်မိသည်။

ယုန်လေးက သူမ၏ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန် အပြင်သို့ ထွက်သွားသည်ဟု ထင်ခဲ့သော်ငြား သူမ၏ခိုးကြောင်ခိုးဝှက် အပြုအမူတို့က သူ့ကို သံသယဝင်သွားစေသည်။

သူမ၏အမူအရာတို့က သူမ၏ ဖုံးကွယ်မှုကို ရှာမတွေ့စေချင် သကဲ့သို့ပင်။

ထို့ကြောင့် ခဏကြာအောင် တုံ့ဆိုင်းပြီးနောက်တွင် ကျင်းယန်က ယုန်လေးကိုလှမ်းမခေါ်ဘဲ ပြတင်းပေါက်မှ သွက်လက်စွာ ခုန်ထွက်လိုက်ပြီး သူငယ်ချင်းလေးမှ အခန်းထဲသို့ ခိုးဝင်သွားသည်ကို စောင့်ကြည့်နေခဲ့သည်။

ကျင်းယန် အနည်းငယ် သိချင်သွားရလေ၏။

ညလယ်သန်းခေါင်ကြီးမှာ ခိုးကြောင်ခိုးဝှက်သွားရလောက်အောင် သူငယ်ချင်းလေးက သူဆီကနေ ဘာတွေကို ဖုံးကွယ်နေတာလဲ?

ဒီအခန်းထဲမှ ရတနာတွေများ ရှိနေလို့လား?

သို့သော်လည်း သူတံခါးဆီသို့ ချဥ်းကပ်သွားလျှင် အိမ်ထဲမှ အလွန်ဖေျာ့တော့သည့် ဖျတ်ခနဲ အလင်းရောင်ကို သတိထားမိလိုက်၏။

သူ့အနေဖြင့် သူငယ်ချင်းလေးထံတွင် မကောင်းသည့်အရာတစ်ခုခု ဖြစ်သွားမည်ကို ကြောက်သွားခဲ့လေသည်။

သို့သော် သူ အပြေးအလွှားဝင်တော့မည့်အခိုက်တွင် လူသားတစ်ယောက် ၏ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားသည့်တိုင်အောင် ဆန့်ထွက်နေသော မြေပြင်ပေါ်မှ အရိပ်ကို မြင်ခဲ့လေသည်။

ခေါင်းပေါ်တွင် နားရွက်ရှည်များရှိနေသည့် လူသားတစ်ယောက်ဖြစ်၏။

ထိုအခိုက်တွင် သူ၏ မျက်လုံးကပြဿနာ ရှိနေသည် သို့မဟုတ် အမြင်မှားခဲ့သည်ဟု ကျင်းယန်ထင်ခဲ့သော်ငြား အရိပ်က ပိုင်ရှင်၏လှုပ်ရှားမှုအတိုင်း လိုက်ပါ လုပ်ဆောင်ခဲ့ကာ သူမ၏ လက်မောင်းကို မြှောက်လျှင် လိုက်ပါမြှောက်ပြီး ၊ နားရွက်ကိုထိနေလျှင် လိုက်ပါထိနေသည်ကို သူ ရှင်းလင်းစွာ မြင်ခဲ့ရကြောင်း သတိထားမိသွားခဲ့သည်။

သူငယ်ချင်းလေးက လူသားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့သည်…

ချင်ဖူဟိုင်၏ အသင်းဖော်များ၏ ထူးဆန်းသော စကားလုံးများနှင့် ယုန်လေးမှ တစ်စုံတစ်ခုကို ဖုံးကွယ်ရန် အလောတကြီး ကြိုးစားနေသည့်အချိန်အကြောင်းကို စဥ်းစားလိုက်သောအခါ ကျင်းယန်အနေဖြင့် နားမလည်သည့်အရာဟူ၍ မည်သည်များ ရှိပါမည်နည်း?

*

ထိုည ယင်ရိလျို အခန်းထဲသို့ပြန်လာသောအခိုက်တွင် ကျင်းယန်က အိပ်ပျော်နေဆဲဖြစ်သည်။

သူ၏အမြဲတစေအေးစက်နေသော မျက်လုံးများက ပိတ်နေခဲ့ပြီး သူ၏ဘေးတိုက် မျက်နှာပေါ်သို့ တောက်ပသည့် လရောင်များက ဖြာကျနေကာ အနည်းငယ် ထိခိုက်လွယ်သည့်ပုံပေါ်နေသည်။ယုန်လေးက အိပ်ယာပေါ်မှ လူကို တစ်ချက်ကြည့်ပြီးနောက် သူမ၏အသိုက်ဆီသို့ တိတ်တဆိတ် ခုန်လိုက်ကာ နူးညံ့သည့်ကူရှင်ကို ခေါင်းနဲ့ပွတ်လိုက်ပြီး အိပ်ပျော်သွားသည်။

သို့သော် အိပ်မက်ထဲ၌ သူမ၏ နားတဝိုက်တွင် ဆက်တိုက် ရစ်ဝဲသော မီးခိုးတန်းလေးရှိနေ၏။

ယင်ရိလျို သူမ၏ ပန်းရောင်နှာခေါင်းကို ရှုံ့မဲ့ပြီး လက်မောင်းများကို ရမ်းနေခဲ့‌သော်ငြား ထိုအရာဆီသို့ ရောက်ရန်အတွက် သူမ၏လက်မောင်းများက တိုလွန်းနေခဲ့သည်။

သူမက ဘေးကို လှည့်ပြီး သူမ၏ချိုမြိန်သော အိပ်မက်များကို ဆက်မမက်ခင် အလွန်ပေါ့ပါးသည့် သက်ပြင်းချသံတစ်သံကို ကြားလိုက်ရသကဲ့သို့ပင်။

All Chapters