← Chapters

အခန်း (၆၅)

Vol. 7 Ch. 65

အခန်း (၆၅)

Vol. 7 Ch. 65

နောက်တစ်နေ့မနက်ခင်းတွင် ကျောင်းမောင်နှမက အိပ်ယာမှ စောစောထပြီး မနက်စာအတွက် မနေ့ညက မချက်ရသေးဘဲ ကျန်နေခဲ့သော ပြောင်းဖူးများကို ပြုတ်ခဲ့ကြသည်။

ယင်ရိလျိုနိုးလာချိန်တွင် သူမကိုယ်သူမ အိပ်ယာပေါ်တွင် လဲလျောင်းနေသည်ကို ရှာတွေ့လိုက်ရသည်။

သူမက စောင်အသေးလေးတစ်ခုကို ခြုံထားခဲ့ပြီး သူမ၏ခြေထောက်ဝဝများက လေထဲတွင်မြောက်လျှက် ပက်လက်လှန်နေခဲ့သည်။

သူမ၏ နူးညံ့သော ဗိုက်လေးကတော့ ရှင်းလင်းစွာ ပေါ်ထွက်နေခဲ့လေသည်။ သူမ၏ဘေးနားတွင် မည်သူမှ မရှိကြောင်းကို ရှာတွေ့လိုက်လျှင် သူမ ဆတ်ခနဲတုန်ယင်သွားခဲ့လေ၏။

ကျင်းယန်က နေရာမှထွက်သွားနှင့်ပေပြီ။

ယင်ရိလျိုက တစ်ကြိမ်မျှသာ အသုံးပြုခဲ့သော စောင်များနှင့် ဂွမ်းကပ်များကို သူမ၏ နေရာလွတ်ထဲတွင် ပစ်ထည့်ပြီးနောက် အိပ်ယာပေါ်မှ ခုန်ချပြီး သန်းဝေလိုက်သည်။

ထို့နောက်တွင် အပြင်ဘက်ကို ထွက်လိုက်ပြီးနောက် ခြံဝင်းထဲတွင် အလုပ်ရှုပ်နေသော ကျောင်းမောင်နှမကို မြင်လိုက်ရသည်။

သူမရဲ့ရွှေပေါင်လုံးကြီးက ဘယ်‌ကိုရောက်သွားတာလဲ?

ယင်ရိလျိုတစ်ယောက် တစ်ဖက်လူလိုက်ရှာတော့မည့်အချိန်တွင် လက်တစ်ဖက်က သူမကို ညင်သာစွာကောက်မ,သွား ပြီး လက်မောင်းထဲတွင် ပစ်ထည့်လိုက်လေ၏။

သူမ ခေါင်းကို လှည့်ကြည့်လိုက်လျှင် ကျင်းယန်၏ မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့သည်။

ထိုသူ၏ မျက်လုံးများက ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဆွဲဆောင်မှုရှိနေခဲ့ပေ၏။

ယင်ရိလျို ယမန်နေ့ညက လုပ်ခဲ့သည့်ကိစ္စအတွက် အနည်းငယ်လောက် အပြစ်ရှိစိတ်ဝင်နေသောကြောင့် တစ်ဖက်လူ၏ လက်မောင်းများကို သူမ၏လက်ဖဝါးများနှင့် မျက်နှာလိုမျက်နှာရ ဖိလိုက်သည်။

ကျင်းယန်က မူလတွင် ယုန်လေးကို သူမ၏တင်ပါးမှ ပင့်မ၍ချီထားခြင်းဖြစ်သော်လည်း အချို့သော ကိစ္စများကို စဥ်းစားပြီးနောက် မျက်မှောင်ကြုတ်လိုက်မိလေ၏။

ထို့နောက် သူမကို နောက်တစ်ဖန်ဆွဲမလိုက်ကာ သူ၏လက်မောင်းပေါ်တွင် ခြေဖဝါးများနှင်် တက်နင်းရန် သူငယ်ချင်းလေးကို ခွင့်ပြုလိုက်သည်။

ကျင်းယန်က သူ၏ ပုံမှန်ကိုယ်‌နေဟန်ထားကို အဘယ်ကြောင့် ရုတ်တရက် ပြောင်းလိုက်သည်ကို ယင်ရိလျို အဖြေမရှာနိုင်ခင်မှာပင် ထိုအမျိုးသား စား‌ပွဲပေါ်သို့ တင်လိုက်သည့် ရေတစ်ဇလုံကို သတိထားမိလိုက်သည်။

သူက သူ၏လက်များကို ဆပ်ပြာနှင့်ဆေးကြောလိုက်ပြီးနောက် သူမ၏ပါးစပ်ဆီသို့ လက်ခုပ်နှင့်အပြည့်ရေများ ယူလာပေးခဲ့လေသည်။

ယင်ရိလျိုတစ်ယောက် ခေါင်းကို ပြန်လှည့်ကြည့်လိုက်မိသည်။

ဒါက ဘာအဓိပ္ပာယ်လဲ?

ရွှေပေါင်လုံးကြီးက သူမကို မကျိုချက်ရ‌သေးတဲ့ ရေတွေ သောက်စေချင်တာလား?

ကျင်းယန်ကတော့ သူငယ်ချင်းလေးမှ ပလုပာကျင်းရန် အလိုမရှိသည်ကို မြင်ခဲ့သောကြောင့် တွန်းအားမပေးခဲ့ချေ။

သူ၏ ဤသူငယ်ချင်းလေးမှာ လူသားများ၏ အမူအကျင့်များနှင့် မရင်းနှီးသေးပုံရသည်။ သူမ၏သွားများကို မည်သို့တိုက်ပြီး မည်သို့ပလုတ်ကျင်းရမည်ကိုပင် မသိသေးပုံရလေသည်။

သူ့အနေဖြင့် သူငယ်ချင်းလေးကို အမှန်ပြောရန် တိုက်တွန်းဖိအားပေးမည် မဟုတ်သော်လည်း လူသားများ၏ အလေ့အကျင့်များကို သင်ယူရာတွင်တော့ သူမကို လမ်းပြချင်နေဆဲဖြစ်ပေ၏။

သူက ပုဝါအသေးလေးတစ်ခုကို ရေစွတ်ပြီးနောက် ယုန်လေး၏ မျက်နှာနှင့် လက်ဖဝါးများကို ဂရုတစိုက်သုတ်ပေးလိုက်သည်။

ယင်ရိလျို စိတ်ရှုပ်သွားရပြန်၏။

ကျင်းယန် ဘာဖြစ်သွားတာလဲ?

သူ ဘာလို့ ဒီနေ့ ထူးထူးဆန်းဆန်း ပြုမူနေရတာလဲ?

သူငယ်ချင်းလေး၏ မျက်နှာကိုသုတ်ပေးပြီးနောက် ကျင်းယန်က သူမကိုခြံထဲသို့ ခေါ်သွားလိုက်သည်။

ကျောင်းချီယန်က စားသောက်နှင့်နေပြီးဖြစ်၏။ သူက ပါးစပ်တစ်ဝိုက်မှ အမွှေးများစိုနေဆဲ ဖြစ်သည့် ယုန်လေးကို လှမ်းကြည့်လိုက်ရင်း တွေးလိုက်မိပြန်သည်။

ကျင်းကောက ဘာလို့ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို အလွန်အမင်းယုယနေလဲဆိုတာ သူနားမလည်နိုင်တော့ဘူး။

သူ့အနေဖြင့် ကျင်းယန်ကို စနောက်ချင်သော်လည်း သတိမပြုမိဘဲပြောင်းဖူးကို အလွန်ပြင်းပြင်း ကိုက်လိုက်ချိန်တွင် ၎င်းကိုမတော်တဆ တစ်ဝက်ချိုးမိသွားခဲ့လေ၏။

သူ ခေါင်းကို ပြန်ငုံ့ပြီး ကြည့်လိုက်လျှင် အူတိုင်၏ အဆုံးတွင် အပေါက်တစ်ခုကို မြင်လိုက်ရသည်။

ပြောင်းဖူ၏အတွင်းပိုင်းက ပုပ်ပြီးမဲနေကာ အနံ့အသက်ဆိုးဆိုးကို ထုတ်လွှတ်နေခဲ့သည်။

ရွံ့စရာအကောင်းဆုံးအရာက အပေါက်ထဲတွင် ပိုးကောင်ဝဝကြီး တစ်ကောင်ပင် ရှိနေခဲ့၏။

၎င်း၏အရေပြားက အချက်ပြုတ်ခံထားရပြီးနောက် အနီရောင်ပြောင်းနေနှင့်ပြီ ဖြစ်သော်ငြား ခန္ဓာကိုယ်က အသက်ပြင်းစွာဖြင့် တွန့်လိမ်နေဆဲဖြစ်၏။

ကျောင်းချီယန်တစ်ယောက် ၎င်း၏ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းများနှင့် ရွံ့စရာကောင်းသော ခန္ဓာကိုယ်ကို တစ်ချက်သာလျှင် ကြည့်ခဲ့ပြီးနောက် သူ၏လက်ထဲမှ ပြောင်းဖူးကို ဝေးဝေးလွှင့်ပစ်လိုက်ကာ မသတိစွာဖြင့် ပျို့တက်သွားလေသည်။

“ဖာ့ခ်! ဒါကြီးက ရွံ့စရာကောင်းလွန်းတယ်!”

ဆယ်ကျောင်သက်လေးက ရှားပါးစွာဖြင့် ကျိန်ဆဲလာခဲ့၏။

ဤအကြိမ်တွင် သူ၏မျက်နှာကတော့ အလွန်ပင်ဆိုးရွားနေခဲ့ကာ ပျက်ယိင်းနေသော အမူအရာတို့နှင့်အတူ ပလုတ်ကျင်းနေခဲ့သည်။

ကျန်ရှိနေသော ပြောင်းဖူးများကို သူ၏အစ်မက အပိုင်းသေးသေးလေးအဖြစ် ချိုး၍ စစ်ဆေးပေးပြီဖြစ်သော်ငြားလည်း သူ့အနေဖြင့် ပြောင်းဖူးကို မြင်လိုက်ရသည့်အချိန်ိုင်တွင် အစာအိမ်က လှုပ်ရမ်းနေဆဲဖြစ်လေ၏။ကျောင်းစီဟွေ့ထံတွင် သူ့အတွက် သနားငဲ့ညာမှု သေးလေးလေးပင် မရှိချေ။ သူမ၏မောင်ဖြစ်သူ၏ ဒုက္ခရောက်သောအမူအရာကို မြင်လိုက်ရလျှင် သူမက ကူကယ်ရာမဲ့ ပြုံးမိကာ ပြောလာခဲ့သည်။

“အခုချိန်မှာ အရာအားလုံးက ဆင့်ကဲပြောင်းလဲပြီးသွားပြီ.. ခုနက တစ်ကောင်ဆိုရင် ပရိုတင်းဓာတ်အတော်လေး မြင့်လောက်တယ်”

“ နင်စားချင်ရင် တစ်ယောက်တည်းသွားပြီး ကောက်စားလိုက်စမ်းပါ!”

ကျင်းယန်ကတော့ ကျောင်းချီယန်၏ ကံမကောင်းမှုမှ သင်ယူကာ သူ၏လက်မောင်းထဲမှ သူငယ်ချင်းလေးကို မကျွေးခင် ပြောင်းဖူးစေ့ တစ်စေ့ချင်းစီတိုင်းကို စစ်ဆေးကြည့်ခဲ့သည်။

ပြောင်းဖူးကို အပြီးသတ်စားပြီးနောက်တွင်တော့ သူတို့၏ပိုင်ဆိုင်မှုများကို ထုပ်ပိုးပြီး လယ်တောအိမ်မှ ထွက်ခွာရန် ပြင်ဆင်ခဲ့ကြ၏ ။

ထိုအချိန်တွင် ယင်ရိလျိုသည် နေ့စဥ်အသုံးအဆောင်များကို သူမ၏နေရာလွတ်ထဲ ပြန်ထည့်လိုက်သည်။

အနက်ရောင် ဝံပုလွေသားပေါက်လေးသည် အမြီးယမ်းလျက် ပျင်းရိစွာထလာပြီး အိမ်မှထွက်ခွာရန် အဆင်သင့်ဖြစ်နေခဲ့လေသည်။

ထိုအချိန်တွင် ကျင်းယန်က မသိလိုက်မသိဘာသာဖြစ် ဂရုမစိုက်စွာ မေးလာခဲ့သည်။

“မနေ့ညက မင်းတို့တွေတစ်ယောက်ယောက်လောက်များ အသံတစ်ခုခုကြားကြသေးလား?”

သားပေါက်လေးမှာ အခိုက်အတန့်တစ်ခုလောက် ဆွံ့အသွားခဲ့ပြီး ကျိန်းသေပေါက် မည်သည့်အရာမှမရှိခဲ့ဟု ပြောလျှက် “အာဝူး အာဝူး”ဟု အော်နေခဲ့သည်။

သို့သော်ငြား ကံမ‌ကောင်းစွာဖြင့် ယင်ရိလျိုမှလွဲ၍ ၎င်း၏စကားတို့ကို ဘယ်သူမှနားမလည်ခဲ့ပေ။ ၎င်းတွင် အထိမခံသော အာရုံများရှိ၏။

တစ်စုံတစ်ယောက်ကသာ နံရံကိုကျော်တက်ခဲ့လျှင် သို့မဟုတ် တံခါးကို ခုန်ကျော်ခဲ့လျှင် ၎င်းက ပထမဆုံး သတိထားမိမည်ဖြစ်၏။

ကျောင်းမောင်နှမသည်ကတော့ သူတို့‌၏ခေါင်းများကို တုံ့ဆိုင်းစွာ ယမ်းလျက် ကျင်းယန် သူတို့ကို မေးလာသည့် အကြောင်းအား စဥ်းစားလိုက်သည်။

“ကျင်းကော.. မနေ့ညက ကော ဘာတွေကြားခဲ့လို့လဲ?”

ကျင်းယန် ခပ်တိုးတိုးရယ်မောလိုက်လဆ၏။ ထိုရယ်မောသံက ယင်ရိလျို၏ နှလုံးသားထဲတွင် လမ်းလွဲသွားသည့် ကျည်ဆန်တစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင်။

သူမ တစ်ချက်မျှတုန်ရီသွားပြီး မနေ့ညက အခြေအနေများကို ပြန်လည်သတိရရန် ကြိုးစားကာ သူမ၏နောက်ကျောမှ ပြေးဆင်းသွားသော အေးစိမ့်မှုများကို ခံစားခဲ့ရသည်။

သူမ ပြန်လာသောအချိန်တုန်းက ကျင်းယန်က ‘နှစ်နှစ်ခြိုက်ခြိုက်’ အိပ်ပျော်နေခြင်းဖြစ်၏။

သူ တကယ်ကြီး တစ်ခုခုကို ကြားခဲ့တာလား?

မဖြစ်နိုင်ဘူး.. မဖြစ်နိုင်ဘူးမလား!

ထိုအခိုက်တွင် သူမသာ လူသားအသွင်ဖြစ်နေခဲ့လျှင် ကြောက်စိတ်မွှန်ပြီး ပျာယာခတ်နေနိုင်သော်ငြား လက်ရှိတွင်တော့ အမူအရာကို ဖုံးကွယ်နိုင်သော ယုန်တစ်ကောင်ဖြစ်နေခဲ့သည်။

သူမက တည်ငြိမ်ချင်ယောင်ဆောင်ပြီး ကျင်းယန်ကို သူမ၏ အပြစ်ကင်းစင်သော မျက်လုံးများနှင့် ကြည့်ရန် သူမကိုယ်သူမ တွန်းအားပေးကာ သူမသည်လည်း မည်သည်ကိုမှ မကြားခဲ့ကြောင်း ခိုင်မာစွာ ဖော်ပြနေခဲ့သည်။

သူမ၏နူးညံ့သော လက်ဖဝါးလေးများက ကျင်းယန်၏ အဝတ်ထောင့်ကို မသိစိတ်အရ ဆွဲကုတ်နေမိသည်ကိုတော့ သူမကိုယ်တိုင် သတိမပြုမိခဲ့ပါချေ။

ကျင်းယန်က မျက်ခုံးတစ်ဖက်ပင့်မ,လိုက်ပြီး အနည်းငယ်တုန်ရီနေသော ပွင့်ချပ်သုံးချပ် နှုတ်ခမ်းလေးများနှင့် စကားပြောချင်နေသော သူငယ်ချင်းလေးကို ကြည့်လျှက် ပြောလိုက်သည်။

“ငါ နားကြားမှားခဲ့တာဖြစ်နိုင်တယ်.. အပေါက်ဖောက်နေတဲ့ ကြွက်လေးတစ်ကောင်လည်း ဖြစ်နိုင်တာပဲ”

ကျောင်းချီယန် ခေါင်းကုတ်မိ၏။

ကျင်းယန်က ယနေ့တွင်ထူးဆန်စွာ ပြုမူနေသည်ဟု သူခံစားရသော်လည်း ထိုသူနှင့်ပက်သက်၍ ထူးဆန်းနေသည့်အရာကို သူ အတိအကျမပြောနိုင်ချေ။

ပြောတိုင်သည့် တစ်ခုတည်းသောအရာမှာ သူ ယနေ့တွင် အတော်လေး စိတ်ကောင်းဝင်နေပုံရသည်။

*

SUV မပါရှိတော့သည့်အတွက် သူတို့၏ခရီးကို ခြေကျင်သာသွားနိုင်ခဲ့၏။

သူတို့က ဆင်ခြေဖုံးနေရာမှ မြို့ဆီသို့ တဖြည်းဖြည်း ချဥ်းကပ်လာကြကာ မြို့၏ကောက်ကြောင်းသည်က သူတို့၏မျက်လုံးထဲတွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။

ရင်းနှီးကျွမ်းဝင်သည့် အထပ်မြင့်အဆောက်အဦးများကို မြင်တွေ့လိုက်ရမှသာ ကျောင်းစီဟွေ့သက်ပြင်းချလိုက်မိသည်။

ဤမြို့ထဲမှ အပင်များကလည်း အရွယ်အစားအားဖြင့် ဆင့်ကဲပြောင်းလဲခဲ့ပြီ ဖြစ်သော်လည်း မြို့တော် M မှ ထိုအပင်ကြီးကဲ့သို့ အလွန်အကြူးကြီးမားမှုတို့မရှိဘဲ အတော်လေး လျော့ပါးလေသည်။

မြို့ထဲတွင် အလွန်အမင်း တိတ်ဆိတ်နေခဲ့လေ၏။ လူဟူ၍ မည်သူ့ကိုမှ မမြင်တွေ့ခဲ့ကြချေ။

ကျင်းယန်က အရှေ့သို့ ရွေ့လျားမှုကို အရှိန်လျှော့ချရန် အလိုအလျှောက် ဝှီးချဲကို ထိန်းချုပ်လိုက်သည်။

ကျောင်းချီယန်သည်လည့် သူ၏အဖိုးတန်သေနတ်ကို လက်ထဲတွင် ထုတ်ကိုင်ထားပြီး ပတ်ဝန်းကျင်ကို သတိထားစွာ စောင့်ကြည့်နေခဲ့သည်။

ရုတ်တရက် မီးခိုးရောင် ကြွက်ကြီးတစ်ကောင်က လမ်းဘေးမှ မဖုံးထားသော ရေဆိုးမြောင်း၏အပေါက်မှ ပေါ်ထွက်လာကာ တကျွီကျွီအော်မြည်ပြီး ကျင်းယန်၏ဘောင်းဘီအနားပေါ်သို့ ခုန်ဝင်လာခဲ့သည်။

ကျောင်းစီဟွေ့က အလျှင်အမြန် တုံ့ပြန်ခဲ့လေသည်။

သူမက ကြွက်၏ဝမ်းဗိုက်ကို ပြင်းပြင်းကန်လိုက်ပြီး ရေဆိုးမြောင်းထဲမှ သန္ဓေပြောင်းသားရဲကို နာကျင်မှုဖြင့် အော်ဟစ်သွားစေခဲ့သည်။၎င်းက သူတို့ကို အနီရောင်မျက်လုံးများနှင့် ခဏမျှ စိမ်းစိမ်းဝါးဝါးကြည့်ပြီးနောက် ရေဆိုးပိုက်ထဲသို့ ပြန်ငုပ်ဝင်သွားလေသည်။

“ဒီနေရာမှာ ထူးဆန်းတာတစ်ခုခုရှိတယ်လို့ ကျွန်မထင်တယ်”

ကျောင်းစီဟွေ့က ဘေးပတ်ပတ်လည်ကို ကြည့်လျှက် ကျင်းယန်ကို စိတ်ပူပန်စွာ ပြောခဲ့သည်။

“ကျဲ .. ကျဲကနေရာတိုင်းမှာ ထူးဆန်းတာတစ်ခုခုရှိတယ်လို့ ထင်ပြီး အရမ်းသတိထားလွန်းနေတာပဲ”

ကျောင်းချီယန် နှာမှုတ်လိုက်သည်။

“ဒါပေမဲ့ ပျက်ကပ်နေ့တွေမှာ နေရာတိုင်း ထူးဆန်းတာတစ်ခုခုရှိတာပဲ.. တကယ်တော့ မထူးဆန်းနေရာ တစ်နေရာမှ မရှိဘူး”

All Chapters