တော်ဝင်မိသားစုကြီးအား နင်းချခြင်း၊ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအား သတ်ဖြတ်ခြင်း
Vol. 29 Ch. 422
ရှန်ဟိုင်ကျိုးသည် ကြောက်ရွံ့စွာဖြင့် ဦးရေပြားများ ယားယံစွာ ခံစားလိုက်ရ၏။ ရွှီယန်သည် သိုက်ရှန်းဆီမှ လွတ်မြောက်လာခါစ ရှိပါသေးသည်။ ယခုအချိန်၌ သိုက်မိသားစု၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန် စီစဉ်နေသည်လား။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ လက်မှ လွတ်မြောက်လာသည့် မည်သူမဆို နှိမ့်ချစွာ နေထိုင်ကြမည်မှာ သံသယဝင်စရာ မလိုပေ။
ကြောက်ရွံ့စွာ ပုန်းအောင်းနေကြပြီး သူတို့၏ တည်နေရာအား ရှာတွေ့သွားမည်ကို စိုးရိမ်နေရမှာ ဖြစ်သည်။
သို့ပေမယ့် ရွှီယန်မှာတော့ သိုက်မိသားစု၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန် ကြံစည်နေ၏။ မယုံကြည်နိုင်စရာကောင်းလောက်အောင် ရဲရင့်လွန်းလှသည်။
ရှန်ဟိုင်ကျိုးတစ်ယောက် မှင်သက်သွား၏။ ရွှီယန်သည် အလွန် ရဲတင်းလွန်းလှသည်။ သိုက်မိသားစုမှာ ဂုဏ်သတင်းရှိသည့် မိသားစုတစ်ခုဖြစ်ပြီး ဒုတိယတန်းစား မိသားစုတစ်ခု ဖြစ်လျှင်တောင် သာမန်ကဲ့သို့ ဆက်ဆံလို့မရပေ။
ရွှီယန်၏မျက်ခုံးများက မြင့်တက်သွား၏။
"ပြဿနာရှိလို့လား.."
"ညီအစ်ကိုရွှီ... သိုက်မိသားစုက ဂုဏ်သတင်းရှိတဲ့ မိသားစုတစ်ခုပဲ.."
ရှန်ဟိုင်ကျိုးက ချွေးစေးများ ထွက်လာရင်းက ပြော၏။
"အဲ့တော့ဘာဖြစ်လဲ... ငါ့ကိုလာပြီးထိပါးရင် တန်ကြေးတစ်ခုကို ပြန်ပေးဆပ်ရမယ်။ ငါရွှီယန်က ဘယ်တော့မှ ဒီအတိုင်း အလွတ်မပေးတတ်ဘူး။ သိုက်ရှန်းက ငါ့ကိုသတ်ချင်နေတာ။ ငါကလည်း သူ့ရဲ့စခန်းကို ဖျက်ဆီးပေးရမှာပေါ့.."
ရွှီယန်က လုပ်နေကျပုံစံ အသွင်ဖြင့် ပြော၏။
ယွီရှောင်လုံမှာ ထိတ်လန့်သွားသည်။ ရွှီယန်သည် သိုက်မိသားစု၏စခန်းကို အမှန်တကယ် ဖျက်ဆီးရန် စဉ်းစားနေသည်လား။
"စိတ်ကိုငြိမ်ငြိမ်ထား။ စိတ်လိုက်မာန်ပါ မလုပ်နဲ့.."
ယွီရှောင်လုံ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ရီနေ၏။ ရွှီယန်၏နောက်သို့ စတင်လိုက်စဥ်ကတည်းက သူ၏ဘဝမှာ ပိုမိုကာ စိတ်လှုပ်ရှားစရာ ကောင်းလာကြောင်းကို တွေ့လိုက်ရသည်။
သူတို့သည် ခုနကတင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံထားရပြီး ယခုအချိန်၌ ဂုဏ်သတင်းရှိသည့် မိသားစုတစ်ခုအား ဖျက်ဆီးရန် စီစဉ်နေ၏။
"ပါးစပ်ပိတ်ထား... ငါဘာလုပ်နေလဲဆိုတာကို ငါသိတယ်.."
ရွှီယန်က ယွီရှောင်လုံကို မာန်မဲစွာ ကြည့်သည်။
ရှန်ဟိုင်ကျိုးက တံတွေးများကို မျိုချ၏။
"ညီအစ်ကိုရွှီ...မင်းတကယ်ပြောနေတာလား.."
"ဒါပေါ့.."
ရွှီယန်က ခေါင်းငြိမ့်သည်။ သူ၏မျက်နှာပေါ်၌ အေးစက်သည့် အပြုံးတစ်ခု ပေါ်လာ၏။
"သိုက်ရှန်းမရှိခင်မှာ သူ့ရဲ့မိသားစုကို ဖျက်ဆီးပစ်ရမယ်။ ငါ့ကိုပြော.. သိုက်မိသားစုရဲ့ အခြေစိုက်စခန်းက ဘယ်နေရာမှာလဲ။ ပြီးတော့ အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေရော ရှိသေးလား.."
ရှန်ဟိုင်ကျိုးလည်းပဲ ပိုမိုလေးနက်လာခဲ့သည်။
"သိုက်မိသားစုက ယွီကျိုးရဲ့ ဒုတိယတန်းစား မိသားစုကြီးတစ်ခုပဲ။ အပြင်ပန်းမှာဆိုရင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဆိုလို့ သိုက်ရှန်းတစ်ယောက်ပဲရှိတယ်။ ဒါပေမယ့် တကယ့်တကယ်က နှစ်ယောက်လောက် ရှိနေလိမ့်မယ်.."
"အခြား စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားက သိုက်မိသားစုရဲ့ ရတနာတိုက်ကို စောင့်ကြပ်နေတယ်။ သူက သိုက်ရှန်းထက် အားနည်းရင်တောင် အရမ်းကြီး မဟုတ်လောက်ဘူး.."
သူက ထပ်ပေါင်းပြောသည်။
ရွှီယန်၏ မျက်လုံးများက လင်းလက်သွား၏။
"သိုက်မိသားစုရဲ့ ရတနာတိုက်လား.."
မိသားစုရတနာတိုက်အတွင်းတွင် မည်မျှ များပြားသည့်ရတနာများ သိမ်းထားမည်နည်းဟု တွေးမိလိုက်သည်။
ရှန်ဟိုင်ကျိုး၏နဖူးမှ ချွေးစေးများ ထွက်လာပြန်ပြီး အမြန်ပြော၏။
"ညီအစ်ကိုရွှီ စိတ်လိုက်မာန်ပါ မလုပ်နဲ့။ သိုက်မိသားစုရဲ့ ရတနာတိုက်ထဲမှာ တကယ်ပဲ ရတနာတွေရှိတယ်။ ဒါပေမယ့် အဲ့ဒါကို စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က စောင့်ကြပ်နေတာ.."
ရွှီယန်က စဉ်းစားသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် စောင့်ကြပ်နေရာ သိုက်မိသားစုကို ဖျက်ဆီးရန်အတွက် ခက်ခဲမှာပါ။
သို့ပေမယ့် မဖြစ်နိုင်တာ မဟုတ်ပေ။ သူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို မျှတစွာတိုက်ခိုက်ပါက အနိုင်ရရန် အခွင့်အရေး မရှိလျှင်တောင် ချောင်းမြောင်းတိုက်ခိုက်လို့ ရ၏။
"လူတစ်ယောက်က သိုင်းပညာလမ်းစဉ်အပေါ်မှာ လျှောက်လှမ်းနေပြီဆိုရင် ဘယ်လို ရှေ့တိုးနောက်ဆုတ်ရမယ်ဆိုတာကို သိရတယ်။ မျက်ကန်းလို ပြုမူလို့မရဘူး။ ခေါင်းမာနေလို့လဲ မရဘူး..."
ရွှီယန်၏စိတ်ထဲတွင် အစီအစဉ်တစ်ခု ပေါ်လာခဲ့၏။ ဆရာ၏ သင်ကြားပေးခဲ့သည့်အတိုင်း သူသည် ခွန်အားချည်းသက်သက်ကို အသုံးပြုမည် မဟုတ်ပါ။ မည်ကဲ့သို့ တိုက်ရဆုတ်ရမည်ကိုလည်း နားလည်ရန် လိုအပ်၏။
ခွန်အားကို အကောင်းဆုံး အသုံးပြုရပေမည်။
"သိုက်မိသားစုအကြောင်းကို အသေးစိတ် ငါ့ကိုရှင်းပြ... ပြီးတော့ သူတို့မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား တစ်ယောက်ထပ်ပြီး ရှိနေဦးမယ်လို့ မင်းက ဘာလို့ဒီလောက်တောင် သေချာနေရတာလဲ.."
ရွှီယန်က လေးနက်စွာမေး၏။
ရှန်ဟိုင်ကျိုးက အသက်ကို နက်ရှိုင်းစွာ ရှူသည်။ ရွှီယန်သည် သိုက်မိသားစု၏ အခြေစိုက်စခန်းကို ဖျက်ဆီးရန် စိတ်ပိုင်းဖြတ်ထားသည့်ပုံ ရှိ၏။ တစ်ဖက်လူ၏ ယုံကြည်ချက်တို့ မည်သည့်နေရာမှ ရရှိလာလဲဟူသည်ကို နားမလည်ပေမယ့် ရွှီယန်သာ ထိုကဲ့သို့ လုပ်ဆောင်ရဲပါက ဆိုလိုသည်မှာ သေချာမှုအချို့ ရှိသည်ဟု ဖြစ်သည်။
"သိုက်မိသားစုက ယွီကျိုးရဲ့ ဂုဏ်သတင်းရှိ ဒုတိယတန်းစားမိသားစုတစ်ခုပဲ။ ဒေသတစ်ခုရဲ့ ဂုဏ်သတင်းရှိ ဒုတိယတန်းစား မိသားစုတစ်ခု ဖြစ်လာဖို့အတွက် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သို့မဟုတ် အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက်ကို ပိုင်ဆိုင်ဖို့ လိုအပ်တယ်။ အဲ့ဒါက ဒုတိယတန်းစား မိသားစုတစ်ခုရဲ့စံနှုန်းပဲ.."
"သိုက်ရှန်းက အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းကောင်းကင်လူသားအဆင့်ရဲ့ အထွက်အထိပ်မှာ ရှိတယ်။ အလယ်အလတ်ကို မချိုးဖျက်သေးဘူး။ ဒါပေမယ့် သိုက်မိသားစုက ဒုတိယတန်းစား မိသားစုတစ်ခု ဖြစ်နေတယ်ဆိုတော့ နောက်ထပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိနေဦးမှာ.."
"ဒီကိစ္စကို စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေအားလုံးသိကြတယ်။ ဒါပေမယ့် အပြင်ဘက်က လေလွင့်သိုင်းသမားတွေကတော့ နားလည်နိုင်တဲ့ အတန်းအစားတွေ မဟုတ်ဘူး.."
ရှန်ဟိုင်ကျိုးက ရွှီယန်ကို စတင်ရှင်းပြ၏။
စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အဆင့်ကို ကျပန်းသတ်မှတ်ထားခြင်း မဟုတ်ပါ။ သက်ဆိုင်ရာခွန်အားနှင့် အမွေအနှစ်တို့ဖြင့် တွက်ချက်ထားခြင်း ဖြစ်၏။
ပထမဆုံးအနေနှင့် မိသားစုကြီးတစ်ခုဟု ယူဆရန်အတွက် နှစ်ပေါင်းတစ်သောင်းကျော်အောင် တည်ရှိရပေမည်။ ဤသည်မှာ အနိမ့်ဆုံး ဖြစ်၏။
တတိယတန်းစား မိသားစုကြီးတစ်ခု ဖြစ်ရန်အတွက် အနည်းဆုံး အစောပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိရပေမည်။
ဒုတိယတန်းစား မိသားစုကြီးတစ်ခု ဖြစ်ရန်အတွက် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သို့မဟုတ် အစောပိုင်းစိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက် ရှိရပေမည်။
ပထမတန်းစား မိသားစုကြီးတစ်ခု ဖြစ်ရန်အတွက် အနိမ့်ဆုံး အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ရှိကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အရေအတွက်မှာ ၅ဦးထက် နည်းပါး၍မရပေ။ မဟုတ်ပါက စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အရေအတွက် ၅ဦးထက်ပိုရင်တောင် အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဂိုဏ်းသာ မရှိပါက ဒုတိယတန်းစား မိသားစုကြီးတစ်ခုဟုသာ ယူဆနိုင်၏။ ဤသည်မှာ အနိမ့်ဆုံးသာ ဖြစ်သည်။
"သိုက်မိသားစုက ဒုတိယတန်းစား မိသားစုတွေထဲမှာမှ အားနည်းတဲ့ မိသားစုတစ်ခုပဲ။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား နှစ်ယောက်ရှိတာက သူတို့ရဲ့အကန့်အသတ်ဖြစ်လိမ့်မယ်.."
ရှန်ဟိုင်ကျိုးက လေးနက်စွာပြော၏။
ရွှီယန်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ထိုသို့ဆိုပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ အဆင့်တွင် သတ်မှတ်ချက်များ ရှိနေ၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းကရော.. သူတို့တွေက ဘယ်လောက်သန်မာလဲ.."
ယခုအချိန်အထိ ရွှီယန်ထိပါးခဲ့သည့် အကြီးဆုံးသော အင်အားစုမှာ ကျောက်စိမ်းနတ်ဘုရားဂိုဏ်း ဖြစ်သည်။ ယွီကျိုးရှိ နံပါတ်တစ်ဂိုဏ်းဟု ကျော်ကြား၏။
"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းသည် ယွီကျိုးတွင် အင်အားအကောင်းဆုံး ဂိုဏ်းတစ်ခုပဲ။ လင်းနယ်မြေရဲ့ စစ်မှန်တဲ့ ထိပ်တန်းအဆင့် စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုလည်းဖြစ်တယ်။ အနည်းငယ်အားနည်းပေမယ့် ယွီကျိုးမှာဆိုရင် သူတို့က အင်အားအကောင်းဆုံးပဲ.."
"ခုနက ကျွန်တော်ပြောတဲ့ အဆင့်တွေက ဒေသ တစ်ခုထဲမှာ သတ်မှတ်ထားတာတွေပဲ။ လင်းနယ်မြေတစ်ခုလုံးမှာ ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်လိုတယ်ဆိုရင်တော့ အနည်းဆုံး နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်နဲ့ အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှစ်ယောက် လိုအပ်တယ်.."
"ယွီကျိုးတစ်ခုလုံးမှာတော့ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှာပဲ နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို ပိုင်ဆိုင်ထားတယ်။ အဲ့ဒါကြောင့်မို့လို့ သူတို့က ယွီကျိုးရဲ့ နံပါတ်တစ်ဂိုဏ်းတစ်ခု ဖြစ်နေတာ။ ပြီးတော့ လင်းနယ်မြေရဲ့ ထိပ်တန်းစိတ်ဝိဉာဉ်ဂိုဏ်းတစ်ခုအဖြစ် ယူဆနိုင်တဲ့ ယွီကျိုးရဲ့ တစ်ခုတည်းသော ဂိုဏ်းလည်းဖြစ်တယ်.."
ရှန်ဟိုင်ကျိုးက လေးနက်စွာပြောသည်။ ယခုအချိန်၌ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအကြားရှိ အဆင့်အတန်းခွဲခြားမှု အကြောင်းကို ရှင်းပြနေရာ ရှန်ဟိုင်ကျိုးအနေနှင့် ရွှီယန်အား ပိုမို အသေးစိတ်ကျသည့် အချက်အလက်များအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။
ထိပ်တန်းအဆင့် အင်အားစုများအကြားတွင်ပင် ရံဖန်ရံခါ၌ ခွန်အားခြားနားချက်မှာ အလွန်ကြီးမားလှ၏။
လင်းနယ်မြေတွင် ထိပ်တန်းအဆင့် အင်အားစုတစ်ခု ဖြစ်လာရန်အတွက် ဦးဆောင်နေသည့် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိရပေမည်။ ဤသည်မှာ အနိမ့်ဆုံး လိုအပ်ချက်ဖြစ်၏။
အချို့စွမ်းအားကြီးမားသည် ပထမတန်းစား မိသားစုကြီးများနှင့် စိတ်ဝိဉာဉ်ဂိုဏ်းများတွင် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ၅ယောက်၆ယောက်လောက်ပင် ပိုင်ဆိုင်ထားကြသည်။
အချို့အမြင့်ဆုံး စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများတွင်ဆိုလျှင် အထွတ်အထိပ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် အနိမ့်ဆုံး ရှိကြသည်။ အဆင့်လွန် စိတ်ဝိဉာဉ်ဂိုဏ်းများမှာတော့ ခေါင်းမော့၍သာ ကြည့်နိုင်သည့် တည်ရှိမှုတစ်ခု ဖြစ်၏။
အခြေခံမှာ ခန့်မှန်း၍မရနိုင်အောင်ရှိနေပြီး စိတ်ဝိဉာဉ်နယ်မြေတစ်ခုလုံးတွင် ရှာကြည့်လျှင်တောင် ထိုကဲ့သို့သောဂိုဏ်း အနည်းငယ်သာ ရှိပါသည်။