← Chapters

ယွီကျိုးသိုင်းလောက တစ်ခုလုံး လှုပ်ခါသွားခြင်း

Vol. 29 Ch. 424

ယွီကျိုးသိုင်းလောက တစ်ခုလုံး လှုပ်ခါသွားခြင်း

Vol. 29 Ch. 424

သိုက်မိသားစုသည် လုံးဝအရှုပ်အထွေးကြားသို့ ကျရောက်နေပြီး မိသားစုရှိ အကြီးအကဲများမှာ အသက်ရှင်သန်ရေးအတွက် အသည်းအသန် ပြေးလွှားနေကြသည်။

ကျန်ရှိသည့် သိုင်းသမားများလည်း အရူးအမူးထွက်ပြေးကာ ခြေတစ်လှမ်းမှ ရပ်တန့်ရဲခြင်း မရှိပေ။ သူတို့၏ အဆိုးဆုံး အိပ်မက်များထဲတွင်ပင် ယနေ့ကဲ့သို့ ဖြစ်ရပ်မျိုးကို ကြုံတွေ့ရမည်ဟု စိတ်ကူးမိခဲ့ခြင်း မရှိပါ။

တစ်နေ့တွင် လူတစ်ယောက်သည် သူတို့၏အိမ်သို့ ရောက်ရှိလာပြီး လေးစားရသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား ဘိုးဘေးကို သတ်ဖြတ်ခဲ့လေသည်။

ဒီအချိန်၌ ရတနာတိုက်အတွင်းမှ သိုလှောင်ထားသည့် ရတနာများ၊ မိသားစုကြီးတစ်ခု၏ ဂုဏ်သိက္ခာ၊ ဩဇာအားလုံးတို့ကို မေ့လျော့သွားခဲ့သည်။

တစ်ယောက်ချင်းစီတိုင်းသည် ခန္ဓာကိုယ်ရွေ့လျားမှုအတတ်အား လုံလောက်စွာ ကျင့်ကြံမှုမပြုခဲ့သည့်အတွက် နောင်တရနေကြပြီး နှေးကွေးသည့် ခြေထောက်များကို ကျိန်ဆဲမိကြသည်။

မိုးပြာရောင်ကောင်းကင်နဂါး၏ အလောင်း ပေါ်လာချိန်၌ အားလုံးသည် အံ့ဩကာ ထိတ်လန့်သွားကြပေမယ့် ထွက်ပြေးရန် စိတ်ကူးမိခြင်း မရှိပါ။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်က သူတို့ကို ကာကွယ်ထား၏။

ထင်ထားသည့်အတိုင်းပင် ဘိုးဘေးက မိုးပြာရောင်ကောင်းကင်နဂါးကို ဖိနှိပ့်ခဲ့လေသည်။ ထို့နောက် ကြောက်စရာကောင်းသည့် လူငယ်တစ်ဦးက ဘိုးဘေးကို ဓားချက်အနည်းငယ်ဖြင့် ခုတ်သတ်ပစ်ခဲ့၏။

မျက်စိတစ်မှိတ်အတွင်းတွင် အကြီးအကဲများစွာတို့ကိုလည်း သတ်ဖြတ်ခဲ့သည်။ ကျန်ရှိသည့်အကြီးအကဲများမှာ ဝိဉာဉ်လွင့်မတတ် ကြောက်လန့်ပြီး လျှပ်တပြက်အတွင်း ပျက်ကွယ်သွားခဲ့၏။

သိုက်မိသားစုတစ်ခုလုံးမှာ ဝရုန်းသုံးကားရှိနေတော့သည်။ အစောင့်များ၊ ကျွန်များကဲ့သို့ အရံလူများမှာ အားလုံး မှင်သက်နေကြပြီး ထည်ဝါကာမြင့်မြတ်သည့် စီနီယာများ၊ သခင်လေး သခင်မလေးများ၏ အရူးအမူးထွက်ပြေးနေမှုကို ကြည့်ရှု့နေမိသည်။ ပြီးနောက် သူတို့လည်းပဲ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျစွာ ထွက်ပြေးကြ၏။

မကြာခင်တွင် မိသားစုတစ်ခုလုံး ဖရိုဖရဲဖြစ်လာခဲ့သည်။

"ပြေး... မိသားစုတစ်ခုလုံးပျက်စီးမယ့် ကပ်ဘေးတစ်ခု ရောက်လာခဲ့ပြီ.."

"ပြေးကြ...သိုက်မိသားစု အဆုံးသတ်ပြီ.."

"ကလေး.. ထွက်ပြေးတော့ သိုက်မိသားစုက ပျက်စီးတော့မယ်.."

အိမ်များစွာတို့တွင် ငိုယိုသံများနှင့် အော်ဟစ်သံများ ဆူညံနေပြီး ထိတ်လန့်မှုက ပိုမိုပိုမိုကာ ပျံ့နှံလာခဲ့သည်။ အားလုံးတို့၏ မျက်လုံးထဲတွင် သိုက်မိသားစု၏ ပျက်စီးမှုကပ်ဘေးက ပေါ်လာခဲ့၏။

ဤနည်းအားဖြင့် ပိုမိုပိုမိုကာ များပြားသည့်လူများ စတင်ထွက်ပြေးလာခဲ့သည်။ ရွှီယန်မှာတော့ သိုက်မိသားစုရတနာတိုက်ကို သိမ်းယူပြီးနောက် အခြားပစ္စည်းများအား ရှာဖွေရန် စိတ်ကူးပင်မရှိဘဲ တစ်ခါတည်း ထွက်ခွာသွားခဲ့သည်။

သိုက်မိသားစု၏ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို ချောင်းမြောင်းလုပ်ကြံကာ သတ်ဖြတ်ခဲ့ပေမယ့် သိုက်ရှန်းသာ ပြန်လာပါက သူ့အနေနှင့် နိုင်ရန်မည်သည့်အခွင့်အရေးမှ ရှိမည်မဟုတ်ပေ။

ထို့ကြောင့် သိုက်ရှန်းပြန်မလာခင်တွင် အမြန်ထွက်ခွာခဲ့ခြင်းဖြစ်၏။ ရတနာတိုက်အတွင်းရှိ ရတနာများမှာ လုံလောက်တာထက် ပိုနေပြီး ဖြစ်သည်။

ဒီအချိန်၌ သိုက်ရှန်း၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည့် ဒေါသတရားတို့ အနည်းငယ် ပြေလျော့သွားခဲ့၏။

သူသည် ကြီးမားသော အကျိုးအမြတ်ကို ရရှိခဲ့လေသည်။ တစ်ကြိမ် လိုက်လံသတ်ဖြတ်ခြင်း ခံရပေမယ့် သိုက်မိသားစုတစ်ခုလုံးကို ဖျက်ဆီးနိုင်ခဲ့၏။

ရွှီယန်သည် ထွက်ခွာရင်းနှင့် ဓားချက်ဖြင့် ခုတ်ပိုင်းခဲ့သေးသည်။ ဓားအလင်းက ဖြတ်သန်းသွားသည့် အရာတိုင်းသည် အပျက်အစီးများအဖြစ် ပြောင်းလဲသွားခဲ့၏။

သိုက်မိသားစု၏ နေထိုင်သူအားလုံးတို့ တစ်ယောက်မကျန် ထွက်ပြေးခဲ့ခြင်း မဟုတ်ရာ လူများစွာတို့ သေဆုံးခဲ့ရသည်။

"ဝူ့.."

မျက်စိတဖြတ်အတွင်း ရွှီယန်သည် လျှင်မြန်စွာ ထွက်ခွာသွားခဲ့၏။ သူ၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေသည့် ယွီရှောင်လုံမှာ လုံးဝ ထိပ်ဖြာနေပါသည်။

ရွှီယန်သည် သိုက်မိသားစုကို ဖျက်ဆီးမည်ဟု ဆိုခဲ့၏။ ဤသည်ကပင် အလွန် ထိတ်လန့်ဖွယ်ကောင်းလှသည်။ သို့ပေမယ့် ယခုအချိန်၌ အမှန်တကယ် လုပ်ဆောင်ခဲ့လေသည်။ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သေး၏။

အခြေအနေမှာ အလစ်အငိုက်မိသွားအောင် ထောင်ချောက်ဆင်နိုင်ခဲ့လျှင်တောင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်မှာ လုပ်ကြံသတ်ဖြတ်ရုံနှင့် သေဆုံးနိုင်သည့် လူတစ်ယောက် မဟုတ်ပေ။

သို့ရာတွင် ရွှီယန်ကတော့ အောင်မြင်အောင် လုပ်ခဲ့၏။ ယွီရှောင်လုံတစ်ယောက် ရွှီယန်ကျင့်ကြံသည့် သိုင်းပညာမှာ လုံးဝ မတူညီဘူးလားဟု စတင် မေးခွန်းထုတ်လာခဲ့သည်။ တစ်ဖက်လူသည် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မဟုတ်ပေမယ့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားနှင့် တူညီသည့် ဒီဗိုင်းဝိဉာဉ်စွမ်းအားအား ပိုင်ဆိုင်ထားသည်။

ဒီဗိုင်းဝိဉာဉ်စွမ်းအား ထက်ပင် ပိုမို လျှို့ဝှက်ဆန်းကြယ်ကာ နက်နဲသည့်ဟန် ပေါ်၏။

ဤသည်က ယွီရှောင်လုံ၏ နားလည်မှုတို့ကို လုံလောက်မှုမရှိအောင် ခံစားရစေသည်။

"မင်းသိုက်မိသားစုကို ဖျက်ဆီးပြီး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့တယ်။ သိုက်ရှန်းတော့ အရူးတစ်ပိုင်း ဖြစ်သွားမှာ သေချာတယ်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကလည်း မင်းကို သတ်ဖို့အတွက် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတွေ စေလွှတ်လာလောက်တယ်.."

ယွီရှောင်လုံက စိုးရိမ်စွာပြောသည်။

"အဲ့ဒါက ကိစ္စသေးသေးလေးပါ... သူတို့တွေ ငါ့ကို လိုက်မမှီပါဘူး။ ငါသာ အဆင့်ချိုးဖျက်ပြီးရင် အားလုံးကို သုတ်သင်ပြီး သူတို့ရဲ့ ရတနာတွေက ငါ့ရဲ့ကျင့်ကြံခြင်းအရင်းအမြစ်တွေ ဖြစ်လာလိမ့်မယ်.."

ရွှီယန်က ဂရုမစိုက်စွာ ပြောသည်။

ဒီတစ်ကြိမ်တွင် ရရှိခဲ့သည့် အကျိုးအမြတ်များမှာ များပြားလွန်းလှ၏။ သူသည် သိုက်မိသားစု၏ ရတနာတိုက်တစ်ခုကိုသာ သိမ်းယူရသေးသည်။ ရတနာများမှာ များပြားလွန်းလှပြီး ရေတွက်ရန်ပင် အချိန်မရပေ။

ရတနာတိုက်အတွင်းတွင် သိုလှောင်ထားသည့် သိုလှောင်အိတ် ၂၀ကျော်ချည်းကပင် အလွန် အားရစရာ ကောင်းနေပြီး ဖြစ်သည်။

သိုင်းကျမ်းများ၊ စိတ်ဝိဉာဉ်ကိရိယာများ၊ အခြားပစ္စည်းများနှင့် ကျယ်ပြောလှသည့် ရတနာတိုက်အတွင်းရှိ ပစ္စည်းအားလုံးကိုလည်း သယ်ဆောင်လာသည့် သိုလှောင်အိတ်များ အတွင်းသို့ ပစ်ထည့်ခဲ့သေးသည်။

ဒီတလျှောက်တွင် လူများစွာတို့ကို သတ်ဖြတ်ခဲ့ပြီး သိုလှောင်အိတ်များစွာတို့ကို ရရှိထားမှုကြောင့်သာ မဟုတ်ပါက အားလုံးကိုပင် ယူဆောင်လာနိုင်မည်မဟုတ်ပေ။

"ဂျူနီယာညီလေးနဲ့ ညီမလေးတော့ သူတို့ရဲ့အခြေခံကို စုဆောင်းဖို့အတွက် ရတနာတွေ မရှားပါးတော့ဘူး။ ပြီးတော့ ဂျူနီယာညီမလေးလည်း ဒန်ဆေးသန့်စင်ဖို့အတွက် စိတ်ဝိဉာဉ်ဆေးပင်တွေ ရှားပါးမနေတော့ဘူး.."

ရွှီယန်မှာ စိတ်လှုပ်ရှားနေ၏။ မိသားစုကြီးတစ်ခု၏ ရတနာတိုက်တစ်ခုကို သိမ်းယူခြင်းထက် ပိုပိုမြန်ဆန်သည့် မည်သည့် စုဆောင်းမှုမှမရှိပေ။

ဒီတစ်ကြိမ် အတွင်းဘက်နယ်မြေသို့ ပြန်ပြီးပါက သူသည် လင်းနယ်မြေသို့ အလောတလျှင် ပြန်လာမည်မဟုတ်ပါ။ ဘာပဲဖြစ်ဖြစ် လုံလောက်စွာ ရှာဖွေစုဆောင်းခဲ့ပြီး ဖြစ်၏။

သူ့မိဘများနှင့် အခြားလူများ၏ ကျင့်ကြံမှုအဆင့်များသည် လျှင်မြန်စွာ တိုးတက်လာမှာ ဖြစ်သည်။

သိုက်မိသားစုနှင့် သူ၏အကွာအဝေး အတိုင်းအတာတစ်ခုအထိ ရောက်ရှိပြီးနောက် သေသေချာချာ ရွေးချယ်ထားသည့် ဝတ်စုံများကိုထုတ်ကာ ဝတ်ဆင်လိုက်သည်။

အစစ်အမှန်ယွမ်ကို အသုံးပြုပြီး မျက်နှာအသွင်အပြင်ကို ပြောင်းလဲလိုက်၏။ မေးစေ့တွင် မုတ်ဆိတ်မွှေးအချို့လည်း ထွက်ပေါ်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်ပင် ပြောင်းလဲသွားပြီး ပိုမိုတောင့်တင်းကာ ထွားကြိုင်းလာခဲ့သည်။ အငွေ့အသက်၊ ရုပ်ရည်နှင့် ခန္ဓာကိုယ်အားလုံးတို့အား ပြောင်းလဲခဲ့၏။

အတွင်းဘက်နယ်မြေသို့ ပြန်ရန်အတွက် လင်းယွီဂိတ်တံခါးအား ဖြတ်ကျော်ရန် လိုအပ်ပါသည်။ ထို့ကြောင့် သဲလွန်စကောက်ကာ လိုက်ပါလာခြင်းကို မခံရစေရန်အတွက် ကောင်းကောင်းရုပ်ဖျက်ခြင်း ဖြစ်သည်။

ဘာပဲဖြစ်ဖြစ် လင်းယွီဂိတ်တံခါးတွင် အစောင့်များလည်း ရှိနေ၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုမှာ သူ့ကိုအချိန်အတော်ကြာအောင် လိုက်လံဖမ်းဆီးခဲ့ပေမယ့် အတွင်းဘက်နယ်မြေမှ လာခြင်းဖြစ်ကြောင်းကို မသိကြပေ။ ကြည့်ရသည်မှာ လင်းယွီဂိတ်တံခါးရှိ လူများသည် ဒီပြဿနာများအကြား၌ ဝင်ပါလေ့မရှိခြင်း သို့မဟုတ် သူတို့တွင် သက်ဆိုင်ရာ အကန့်အသတ်များ ရှိခြင်း ဖြစ်ပေလိမ့်မည်။

အပြင်ဘက်လောကတွင် ဖြစ်ပေါ်နေသည့် အရာများကို မသိရှိဘဲ သတင်းပြတ်လပ်နေခြင်းလည်း ဖြစ်နိုင်၏။

မည်သို့ပင်ဆိုစေကာမူ စိတ်ဝိဉာဉ်ဂိတ်တံခါးရှိ အစောင့်များက သူ၏ အတွင်းဘက်နယ်မြေမှ ရောက်လာခြင်းအကြောင်းကို ဖော်ထုတ်ပြောကြားခြင်း မပြုရာ ကိစ္စကောင်းတစ်ခု ဖြစ်သည်။

သို့ပေမယ့် အတွင်းဘက်နယ်မြေသို့ ပြန်ရာတွင် သူ၏ အစစ်အမှန် အသွင်သဏ္ဍာန်ကို အသုံးပြုရန် စိတ်ကူးမရှိပါ။ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ သိုင်းသမားတစ်ယောက်သဖွယ် ကျော်ဖြတ်သွားမည် ဖြစ်၏။

ရုပ်ဖျက်ရန် ကိစ္စမှာတော့ ပြဿနာမရှိပါ။ လင်းနယ်မြေမှာ အလွန်ကျယ်ပြောလှပြီး ဂိတ်တံခါးရှိအစောင့်များအနေနှင့် အင်အားစုအားလုံးတို့ကို သိရှိနိုင်မည်မဟုတ်ပေ။

သူလုပ်ရန် လိုသည်မှာ စိတ်ဝိဉာဉ်ဂိုဏ်းတစ်ခု၏ သင်္ကေတဝတ်စုံတစ်ခုကို ဝတ်ဆင်သွားရန်သာ ရှိသည်။

ထိုအကြောင်းကို ရှန်ဟိုင်ကျိုးက ပြောပြခဲ့ခြင်း ဖြစ်၏။ လင်းနယ်မြေရှိ စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများ၏ ဝတ်စုံများသည် သာမန်ဝတ်စုံများနှင့် ခြားနားချက်များ ရှိပါသည်။ ထိုလျှို့ဝှက်ချက်ကို လေလွင့်သိုင်းသမားများ မသိကြပေ။ သူတို့အနေနှင့် စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများရှိ တပည့်များအဖြစ် အယောင်ဆောင်ရန် အလွန်ခက်ခဲလှသည်။

သမိုင်းတစ်လျှောက်တွင် ထိုကဲ့သို့ အယောင်ဆောင်ခဲ့သည့် လေလွင့်သိုင်းသမားများ ရှိခဲ့၏။ သို့ပေမယ့် အားလုံးတို့မှာ ဆိုးရွားသည့် အဆုံးသတ်နှင့်သာ ကြုံတွေ့ခဲ့ရသည်။

ထို့ကြောင့် မလိုအပ်ပါက မည်သည့် လေလွင့်သိုင်းသမားမှ စိတ်ဝိဉာဉ်ဂိုဏ်း သို့မဟုတ် မိသားစုကြီးတစ်ခု၏ တပည့်သားတစ်ယောက်အဖြစ် ဟန်ဆောင်ရဲခြင်းမရှိကြပါ။

All Chapters