← Chapters

ယွီကျိုးသိုင်းလောက တစ်ခုလုံး လှုပ်ခါသွားခြင်း(၂)

Vol. 29 Ch. 425

ယွီကျိုးသိုင်းလောက တစ်ခုလုံး လှုပ်ခါသွားခြင်း(၂)

Vol. 29 Ch. 425

ရွှီယန်သည် လင်းယွီဂိတ်တံခါးဆီသို့ တည့်မတ်စွာ ထွက်ခွာခဲ့၏။ အတွင်းဘက်နယ်မြေသို့ ပြန်ရန် အဆင်သင့် ဖြစ်နေပါပြီ။

သိုက်မိသားစုရှိ ဆူပူမှုများနှင့် သိုက်ရှန်း၏ အမျက်မှာတော့ သူ့အနေနှင့် ဂရုစိုက်ခြင်း မရှိပေ။ ဝမ်းယုံမှာ ယွီကျိုးမှ ထွက်ပြေးသွားခဲ့တာ ကြာပြီဖြစ်၏။

သိုက်ရှန်းမှာတော့ ရွှီယန်ရှိသည်ဟူ၍ သတင်းရသည့် နေရာဆီသို့ သွားရောက်သည့်လမ်းပေါ်၌ ရှိနေပါသည်။

ရုတ်တရက် သူ၏ပုံစံက ပြောင်းလဲသွားပြီး အင်္ကျီအတွင်းသို့ နှိုက်လိုက်၏။ ကွဲကြေနေသည့် အလုံးတစ်ခု ပါလာခဲ့သည်။

"မိခင်နှင့်ကလေး ပုတီးလုံး.."

ထို့အပြင် ပုတီးလုံး ကွဲကြေခြင်း၏ ဆိုလိုရင်းမှာ သိုက်မိသားစုသည် အန္တရာယ်အတွင်းသို့ ကျရောက်နေသည်ဟု ဖြစ်၏။

သိုက်ရှန်း၏ မျက်နှာက ဖြူရော်သွားသည်။ သိုက်မိသားစုသည် အန္တရာယ်အတွင်းသို့ ကျရောက်နေသည်လား။ မည်သူက လာရောက်တိုက်ခိုက်ခဲ့သနည်း။

သူ့အနေနှင့် စဉ်းစားမရနိုင်အောင် ရှိနေပါသည်။

ယခုကဲ့သို့ အချိန်မျိုးတွင် သိုက်မိသားစုကို မည်သူက တိုက်ခိုက်မည်နည်း။

ယခုအချိန်၌ သူသည် ရွှီယန်အပေါ် လက်စားချေရန်အတွက် စိတ်ကူးတို့ မရှိတော့ပါ။ သိုက်မိသားစုဆီသို့သာ အရူးအမူး ပြန်သွားခဲ့၏။

ထိုအရာအားလုံးတို့အတွက် တာဝန်ရှိသူမှာ ရွှီယန်ဖြစ်မည်ဟုတော့ သိုက်ရှန်းတစ်ယောက် ဘယ်တုန်းကမှ စဉ်းစားမိခြင်း မရှိပေ။ သူ၏အမြင်တွင် ရွှီယန်မှာ စွမ်းအားကြီးမားပေမယ့် သိုက်မိသားစုအား အန္တရာယ်အတွင်းသို့ ကျရောက်အောင် လုပ်ဆောင်နိုင်ခြင်း မရှိပါ။

မိသားစုတွင် စောင့်ကြပ်နေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ရှိနေ၏။

သိုက်ရှန်းက သိုက်မိသားစုဆီသို့ ပြန်လာချိန်တွင် သတင်းအချက်အလက် မြန်ဆန်သည့် အင်အားစုအချို့မှာ သိုက်မိသားစု တိုက်ခိုက်ခံခဲ့ရပြီး ပိုင်နက်တစ်ဝက်လောက် ပျက်စီးသွားကြောင်းကို သိရှိပြီး ဖြစ်သည်။

သိုက်မိသားစု၏ လှုပ်ရှားမှုအားလုံးတို့ကို စောင့်ကြည့်နေသည့် ရှန်ဟိုင်ကျိုးမှာ ဆွံ့အနေမိသည်။

"ကြမ်းတမ်းလွန်းတယ်.."

လက်ရှိသတင်းအရ သိုက်မိသားစုရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမှာ သေဆုံးသွားခဲ့ပါပြီ။ ရွှီယန်က သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။

ရှန်ဟိုင်ကျိုး၏ မျက်နှာမှ ချွေးစေးများ ထွက်လာခဲ့သည်။ ယခုကဲ့သို့နှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သေဆုံးခဲ့သည်လား။

ရွှီယန်အနေနှင့် မည်မျှပင် ချောင်းမြောင်းလုပ်ကြံတိုက်ခိုက်စေကာမူ အလွန်ဆုံး စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားအား အနည်းငယ် ထိခိုက်ရုံသာ ရှိနိုင်မည်ဟု သူတွေးထားခဲ့သည်။ ဤသည်မှာ အတွေးလွန်နေသည်လားဟုပင် ထင်မှတ်ခဲ့၏။

နောက်ဆုံးတွင် ရွှီယန်က တစ်ဖက်လူကို တစ်ခါတည်းသတ်ဖြတ်ခဲ့လေသည်။

'စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား... ယွီကျိုးမှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မသေဆုံးတာ အချိန်ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ ပြီးတော့ ပထမဆုံး သေဆုံးခဲ့တဲ့ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သူ့ထက်အားနည်းတဲ့ လူတစ်ယောက်က အဆင့်ကျော်သတ်ဖြတ်ခဲ့တာ..'

'ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစု ထိုင်နေနိုင်ဦးမလား..'

ရှန်ဟိုင်ကျိုးက သူ၏ ချွေးစေးများကိုသုတ်ကာ မိသားစုဆီသို့ ပြန်ခဲ့သည်။

ရွှီယန်၏သတင်းအား တိတ်တဆိတ် ထုတ်ပြန်ခဲ့သူမှာ သူဖြစ်သည်ဟု သိုက်ရှန်းသိသွားလို့ မဖြစ်ပေ။ မဟုတ်ပါက ရူးသွပ်စွာဖြင့် သူ၏ ရှန်မိသားစု၏ အကြီးဆုံးသားဟူသည့် နောက်ခံကိုပင် ဂရုမစိုက်တော့ဘဲ သတ်ဖြတ်မှာဖြစ်သည်။

မသတ်ဖြတ်လျှင်တောင် ရှန်မိသားစုဆီမှ ကြီးမားသော လျော်ကြေးတို့ကို တောင်းခံမှာဖြစ်၏။ ထိုအချိန်၌ ရှန်မိသားစုအတွက် ရွေးချယ်စရာ နှစ်ခုသာရှိမှာပါ။ တစ်ခုမှာ ပဋိပက္ခကို ဖြေရှင်းရန်အတွက် လျော်ကြေးပေးရန်ဖြစ်ပြီး နောက်တစ်ခုမှာ သိုက်ရှန်းကို သတ်ဖြတ်ရန်ဖြစ်သည်။

နှစ်ခုစလုံးက အခြေအနေများကို ပြောင်းလဲမှုတို့ ဖြစ်ပေါ်စေနိုင်၏။

သူ၏ ကိုယ်ပိုင်လုံခြုံရေးအတွက် ရှန်ဟိုင်ကျိုးသည် ဒီအချိန်အတွင်း မိသားစုပိုင်နက်အတွင်း၌ နှိမ့်ချစွာနေရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်သတင်းအချက်အလက်မှ ပေါက်ကြားသွားခြင်းမရှိကြောင်း သေချာမှသာလျှင် ပြင်ပသို့ထွက်ကာ ပျော်ပါးမည်ဖြစ်၏။

သိုက်ရှန်းသည် ပြန်လာပြီးနောက် တစ်ဝက်တစ်ပြက် ပျက်စီးနေသည့် မိသားစုနှင့် မြင့်မြတ်နယ်မြေတို့ကို တွေ့လိုက်ရသည်။ ရတနာတိုက်အတွင်းရှိ ရတနာအားလုံးတို့လည်း မရှိတော့ပေ။

သူ၏ဦးလေးဖြစ်သူ ရတနာတိုက်၌ စောင့်ကြပ်နေသည့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားမှာလည်း သတ်ဖြတ်ခံခဲ့ရသည်။

သွေးလွှမ်းသည့် မျက်လုံးများဖြင့် ဒေါသတကြီး အော်ဟစ်၏။

"ဘယ်ကောင်လုပ်တာလဲ... ရန်သူကဘယ်မှာလဲ.."

သိုက်ရှန်းပြန်လာချိန်၌ သိုက်မိသားစု၏ အကြီးအကဲများလည်း နောက်ခံကို တွေ့လိုက်ရပြီး စတင် ပြန်လာခဲ့ကြသည်။

"အဲ့ဒါက မိုးပြာရောင်ကောင်းကင်နဂါးပါ... မဟုတ်ဘူး အဲ့ဒါက ဟိုလူငယ်ပဲ.."

"သူဦးလေးကိုသတ်ပြီး အကြီးအကဲတွေ အများအပြားကိုလည်း သတ်ဖြတ်ခဲ့တယ်.."

"ဒီတစ်ကြိမ် ငါတို့သိုက်မိသားစု အကြီးကြီးထိခိုက်ခဲ့တယ်။ ဒီနေ့ကစပြီး ဒုတိယတန်းစား မိသားစုကြီးတစ်ခုဆိုတဲ့ အဆင့်အတန်းကနေပြီး ပြုတ်ကျသွားမယ် ထင်တယ်.."

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားဟူ၍ သိုက်ရှန်းတစ်ယောက်သာရှိရာ သိုက်မိသားစုသည် ဒုတိယတန်းစားမှ တတိယတန်းစား မိသားစုတစ်ခုသို့ ကျဆင်းသွားမှာ ဖြစ်၏။

သိုက်ရှန်း အလယ်အလတ် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်လာမှသာလျှင် အဆင့်အား ထိန်းသိမ်းနိုင်လိမ့်မည်။

မိသားစုကြီးတစ်ခု၏ ခွန်အားသည် အရင်းအမြစ် ရှာဖွေနိုင်မှုနှင့် သြဇာညောင်းမှု စွမ်းအားတို့ကိုလည်း ထိခိုက်၏။

သိုက်မိသားစုရှိ အကြီးအကဲများသည် ဝမ်းနည်းမှုကြီးစွာဖြင့် သိုက်ရှန်းကို အရာအားလုံးအား ပြောပြနေကြသည်။

"အား.."

သိုက်ရှန်းမှာ ဒေါသဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေပါပြီ။ လက်စသတ်တော့ ဟိုကောင်ဖြစ်နေ၏။ မည်မျှရဲတင်းလိုက်သနည်း။ သိုက်မိသားစုကို လာရောက် ဖျက်ဆီးရဲလေသည်။ ထို့အပြင် သူ၏ ဦးလေးဖြစ်သူကိုပင် လုပ်ကြံတိုက်ခိုက်ကာ သတ်ဖြတ်ခဲ့သေး၏။

ရူးသွပ်လုမတတ်ဖြစ်နေသည့် သိုက်ရှန်းက အံကိုကြိတ်ကာ ပြောသည်။

"ငါသူ့ကို အမှုန့်ဖြစ်အောင် ကြိတ်ပစ်မယ်.."

ထိုစကားနှင့်အတူ နောက်သို့လှည့်ကာ ရွှီယန်ကို သွားရောက် ရှာဖွေတော့မှာ ဖြစ်သည်။ သူသည် တစ်ဖက်လူကို သတ်ဖြတ်ရပေမည်။

"ဦးလေး... ဦးလေးထွက်သွားလို့ မရဘူး။ သူပြန်လာပြီး ကျွန်တော်တို့အားလုံးကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ.."

"ဟုတ်တယ်... မင်းထွက်သွားလို့မရဘူး.."

အကြီးအကဲအားလုံးက သူ့ကို ဝိုင်းဝန်းတားကြသည်။ သိုက်ရှန်းထွက်ခွာသွားပြီး လူသတ်သမားသာ ပြန်လာပါက သူတို့သည် အသက်ရှင်နိုင်ဦးမည်လား။

ထွက်ခွာသွားတော့မည့် သိုက်ရှန်းက ရပ်တန့်သွားသည်။ သူသည် လေးပင်စွာ အသက်ရှူနေပြီး မျက်လုံးများက သွေးလွှမ်းနေ၏။

အကြီးအကဲများ၏ စကားက အဓိပ္ပါယ်ရှိပါသည်။ ထိုမုန်းစရာကောင်းသည့်ကောင်သာ ပြန်လာပြီး သူမရှိခင်တွင် သိုက်မိသားစုကို လာရောက် သတ်ဖြတ်ပါက အားလုံးအဆုံး သတ်သွားမှာ ဖြစ်၏။

"ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနဲ့ စုမိသားစုကို အကြောင်းကြားလိုက်။ သူတို့ အမဲလိုက်ဖို့ ကြိုးစားတဲ့လူငယ်က အရမ်းအန္တရာယ်များတယ်လို့.."

သိုက်ရှန်းက အံကိုကြိတ်ကာ ပြောသည်။ ဒီအဖြစ်အပျက်သာ ပေါက်ကြားသွားပါက သေချာပေါက် အလေးအနက် စဉ်းစားကြမှာ ဖြစ်၏။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုက အန္တရာယ်ကို အကောင်းဆုံး ပျောက်ပျက်အောင် ပြုလုပ်မည် ဖြစ်သည်။

သိုက်မိသားစု တိုက်ခိုက်ခံရခြင်းနှင့် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သေဆုံးခဲ့ခြင်းသတင်းက အချိန်တိုအတွင်းတွင် ယွီကျိုးတစ်လျှောက် ပျံ့နှံ့သွားသည်။ သိုင်းလောကတစ်ခုလုံးကို လှုပ်ခါသွားစေ၏။

စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သေဆုံးခဲ့လေသည်။

ယွီကျိုးတွင် စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် မသေဆုံးခဲ့သည်မှာ မည်မျှကြာခဲ့လေပြီနည်း။ နှစ်ပေါင်းများစွာတို့ ကြာညောင်းခဲ့ပါပြီ။

ထို့အပြင် သိုက်မိသားစုကို တိုက်ခိုက်ကာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားကို သတ်ဖြတ်ခဲ့သည့် သိုင်းသမားမှာ မိုးပြာရောင်ကောင်းကင်နဂါးသင်္ချိုင်းမှ လူငယ်ဖြစ်ပြီး သူ့ကို ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုကလည်း လိုက်လံဖမ်းဆီးနေပါသည်။

ဒီအချိန်၌ သိုင်းလောကတစ်ခုလုံး၏ မျက်လုံးများက ကျောက်စိမ်းနတ်ဘုရားဂိုဏ်းနှင့် စုမိသားစုတို့အပေါ်သို့ ကျရောက်သွား၏။

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား အားလုံးတို့သည် ညှို့မှိုင်းသော အသွင်ဖြင့် စုစည်းနေကြ၏။ သူတို့သည် တစ်ဖက်လူအား လေးလွင့်သိုင်းသမားလေး တစ်ယောက်ဟုသာ တွေးထားခဲ့၏။ သို့ပေမယ့် ထိုကောင်သည် အလွန်ကြမ်းတမ်းလှပြီး သိုက်မိသားစုရှိ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက်ကို သတ်ဖြတ်ခဲ့၏။

ဤသည်မှာ လုပ်ကြံတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပေမယ့် တစ်ဖက်လူ၏ ပရိယာယ်နှင့် စွမ်းအားတို့ကို ပြသနေပါသည်။ သေချာပေါက် ထပ်မံကြီးထွားခွင့် ပေးလို့မဖြစ်ပေ။

"ဒီကောင်လေး သေရမယ်... မဟုတ်ရင် ပြဿနာကြီးတစ်ခု ဖြစ်လာလိမ့်မယ်.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်း၏ ဂိုဏ်းချုပ်က လေးနက်စွာပြောသည်။

"စုမိသားစုကို ဆက်သွယ်လိုက်... အဲဒီ့ကောင်ကို အတူတူရှာကြရအောင်။ သေခြင်းအမိန့်တစ်ခုကို ထုတ်ပြန်ရမယ်။ ဘာတန်ကြေးပဲ ပေးရပေးရ ဒီကောင့်ကို သတ်မှရမယ်.."

ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ ပုဂ္ဂိုလ်ကြီးအားလုံးတို့မှာ အလွန် လေးနက်စွာ ရှိနေကြသည်။ စုမိသားစုတွင်လည်း တူညီသည့် မြင်ကွင်းတစ်ခု ပေါ်လာခဲ့၏။

သွေးနတ်ဆိုးအဖြစ်ပျက် ပြီးကတည်းက စိတ်ဝိဉာဉ်ဂိုဏ်းများနှင့် မိသားစုကြီးများသည် လေလွင့်သိုင်းသမားများ၏ ခြိမ်းခြောက်နိုင်စွမ်းကို အထင်သေးရဲခြင်း မရှိတော့ပါ။ သူတို့သည် တစ်ဖက်လူအား လုံးဝသုတ်သင်ရန်အတွက် အရာအားလုံးကို ကြိုးစားမည်ဖြစ်၏။ ထိုအခါမှသာ စိတ်ချလက်ချ နေနိုင်မည်ဖြစ်သည်။

All Chapters