ရွှီယန်၏ နှလုံးသားဓားအဆင့်သို့ ချိုးဖျက်ခြင်း
Vol. 29 Ch. 433
လီရွှမ်မှာ သိုက်မိသားစုမှ ရွှီယန်သိမ်းဆည်းလာခဲ့သည့် စိတ်ဝိဉာဉ်လက်ဖက်ရည်အား သောက်သုံးနေ၏။
အလွန်လန်းဆန်းစွာ ခံစားလိုက်ရသည်။
သိုက်မိသားစုသည် ဒီစိတ်ဝိဉာဉ်လက်ဖက်ရည်အား ရတနာတိုက်အတွင်း၌ သိမ်းဆည်းထားတာ အံ့သြစရာမရှိပေ။ ဒီစိတ်ဝိဉာဉ်လက်ဖက်ရည်သည် အရည်အသွေး မြင့်မားပြီး ဝိဉာဉ်အားအား ဖြည့်နိုင်သည့် အာနိသင်ရှိ၏။
ထိရောက်မှုက အားနည်းလျှင်တောင် သောက်လိုက်ပါက လူကိုလန်းဆန်းစွာ ခံစားရစေဆဲရှိသည်။ အထွတ်အထိပ် စစ်ဘုရင်တစ်ယောက်သာ ဒီစိတ်ဝိဉာဉ်လက်ဖက်ရည်ကို သောက်သုံးပါက တဖြည်းဖြည်း တစ်ဝက်တစ်ပြက်ကောင်းကင်လူသားအဆင့်သို့ ချိုးဖျက်ကာ စိတ်ဝိဉာဉ်စုဆောင်းခြင်းအဆင့်သို့ ဝင်ရောက်နိုင်မှာ ဖြစ်၏။
ရွှီယန်မှာ တောင်ထိပ်ပေါ်တွင်ထိုင်ကာ သူ၏သိုင်းပညာအပေါ် အာရုံစိုက်နေပါသည်။ ခွန်အားက နေ့စဉ်နေ့တိုင်း တိုးတက်လာနေ၏။
အခိုက်အတန့်တစ်ခုတွင် သူ၏ ပတ်ဝန်းကျင်၌ ဓားအလင်းများဖြင့်ပင် ပြည့်နှက်လာခဲ့ဟန် တူသည်။ ဓားအလင်းသည် သက်ဆိုင်ရာ အခင်းအကျင်း သို့မဟုတ် စီမံမှုအတိုင်းရှိနေ၏။
လီရွှမ်က တိတ်တဆိတ် ဝမ်းသာသွားသည်။
'ဖြစ်နိုင်တာက ရွှီယန် ဓားအခင်းအကျင်းတစ်ခုကိုများ နားလည်သဘောပေါက် လာတော့မှာလား..'
ရွှီယန်၏ ထူးကဲသည့် ပါရမီနှင့် အခင်းအကျင်းပုံကြမ်းကို ကြည့်ရှု့ပြီးနောက် ဓားဖွဲ့စည်းပုံတစ်ခုကို နားလည်သဘောပေါက်နိုင်လျှင်ပင် ထူးဆန်းခြင်း မရှိပေ။
စုလင်းရှုံမှာ ရွှီကျွင်းဟယ်၊ ရှီအာ၊ ကျိုးယင်နှင့် မုန့်ရှူရှူတို့၏ ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရေးအတွက် ဒန်ဆေးလုံးများကို စတင်သန့်စင်နေပြီ ဖြစ်၏။
အဓိကကုန်ကြမ်းအဖြစ် တတိယအဆင့် စိတ်ဝိဉာဉ်ဆေးပင်များကို အသုံးပြုသည်။
ခုံရော့ကျစ်မှာ မကြာသေးခင်က မူလအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခဲ့၏။ သို့ရာတွင် သူသည် ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် လိုအပ်မှုအချို့ ရှိနေသေးသည်။ အချိန်အချို့ယူကာ မြှင့်တင်ရန် လိုအပ်သေး၏။
ဒန်ဆေးသန့်စင်ခြင်း သင်တန်းသားနှစ်ယောက်မှာ မူလအဆင့်သို့ ချိုးဖျက်ပြီး ဖြစ်သည်။ လူတိုင်းသည် စွမ်းအင်နှင့် ဖျက်လက်မှုအပြည့်ဖြင့် ရှိနေ၏။
ဒန်ဆေးလုံးများ၏ အကူအညီကို အသုံးပြုနေရာ ကျင့်ကြံမှုအမြန်နှုန်းက နှေးကွေးခြင်းမရှိပေ။ သိုင်းပညာ ပညာရှင်များ အကြားတွင်လည်း ထုံးရွှမ်အဆင့်သို့ ချိုးဖျက်ရန် ပြင်ဆင်နေသူများ ရှိပါသည်။
ချန်းလန်ကျွန်း၏ ခွန်အားသည် လျှင်မြန်စွာ တိုးမြင့်လာနေပြီး ရွှီမိခင်သာလျှင် ချွင်းချက်တစ်ခုအဖြစ် ရှိနေသည်။
လီရွှမ်က ထိုက်ချန်းစာအုပ်၏ တတိယစာမျက်နှာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို စဉ်းစားနေပြီး ဒီဗိုင်းဆန်းကြယ်စွမ်းအား အဆင့်၏ အထက်ရှိ သိုင်းအဆင့်အပေါ် ရှာဖွေနေပါသည်။
'ဒီဗိုင်းစွမ်းအားကို မူလစိတ်ဝိဉာဥ်အဖြစ် စုစည်းလာနိုင်တဲ့အခါကျရင် ဒီဗိုင်းဆန်းကြယ်စွမ်းအားဆိုပြီး စကေးတွေ ပေါက်ဖွားလာနိုင်တယ်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားရဲ့အလွန်မှာ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမအပေါ် နားလည်မှု ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမြတ်တဲ့ စွမ်းအားရှိတယ်။ လူတစ်ယောက်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ နိယာမကို ဘယ်လိုအသုံးပြုသင့်ပြီး ကောင်းကင်နဲ့ကမ္ဘာမြေကြီးရဲ့ ကြီးမြတ်တဲ့ စွမ်းအားကို ဘယ်လိုစုပ်ယူသင့်လဲ..'
လီရွှမ်က အတွေးနက်သွားသည်။
'သိုင်းပညာက ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ကန့်သတ်ချက်တွေကနေ လွန်မြောက်သင့်တယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နိယာမကို အသုံးပြုပေမယ့် အဲ့ဒီ့နိယာမတွေရဲ့ ချည်နှောင်မှုကို ခံလို့မရဘူး။ နိယာမတွေကို အသုံးပြုနိုင်ပြီး နိယာမတွေရဲ့ ကန့်သတ်ခြင်းကို မခံရဘူး..'
လီရွှမ်တွင် စိတ်ကူးအချို့ ရလာခဲ့သည်။ ဒီဗိုင်းဆန်းကြယ်စွမ်းအားအဆင့်၏ အထက်ရှိ အခြေအနေမှာ တဖြည်းဖြည်း ရှင်းလင်းလာခဲ့၏။
အချိန်က တိတ်တဆိတ် ကုန်လွန်သွားသည်။ မုန့်ချုံ၏ အခြေခံစုဆောင်းမှုမှာ ပြည့်စုံခြင်းနှင့် မဝေးတော့ပါ။ ဆိုလိုသည်မှာ သူ၏ မဖျက်ဆီးနိုင်သည့် ကြီးမြတ်သောနေ ရွှေခန္ဓာသို့ ချိုးဖျက်ရန်နေ့မှာ နီးကပ်လာပြီဟု ဖြစ်၏။
စုလင်းရှုံအတွက်လည်း တူညီစွာဖြစ်သည်။ ကျစ်ယွင်မှာ စစ်ဘုရင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးဖြစ်သည်။ သို့ပေမယ့် ဆက်လက် အဆင့်ချိုးဖျက်ရန် ကြိုးစားရမည့်အစား သူမသည် မုန့်ချုံဆီမှ သိုင်းပညာအပေါ် အကြံပေးချက်တို့အား ရံဖန်ရံခါ တောင်းလေ့ရှိသည်။
သိုင်းပညာလမ်းစဉ်မှာ မတူပေမယ့် မုန့်ချုံသည် ညွှန်ကြားချက်တို့အား အလွယ်တကူ ပေးနိုင်ဆဲရှိ၏။
ယွီရှောင်လုံမှာ နောက်ဆုံးတွင် ကြောင်နီနှင့် အသိအကျွမ်း ဖြစ်လာခဲ့သည်။ မဟာနတ်ဆိုးကျင့်စဉ်အား သင်ယူရန် ရည်ရွယ်၏။
နောက်ဆုံးတွင် သူသည်လည်း ရွှီမိခင်အား မျက်နှာချိုသွေးရန် ကြိုးစားလာခဲ့သည်။ သူမအနေနှင့် မြွေများအပေါ် နှစ်သက်မှုမပြလျှင်တောင် ဖြစ်၏။
သို့ရာတွင် သားဖြစ်သူ၏ သားရဲဖြစ်ရာ ကြောင်နီနှင့် ယွီရှောင်လုံတို့ကို ပေါင်းသင်းခွင့် ပြုထားပေးသည်။
ချန်းလန်ကျွန်း၏ တောင်ထိပ်တွင် ရွှီယန်သည် တိတ်ဆိတ်စွာ ထိုင်နေ၏။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးနှင့် တစ်သားထဲ ဖြစ်လာပုံပေါ်သည်။ သူ၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပင်လျှင် ပြောင်းလဲလာခဲ့၏။
သူ၏အလင်းနှင့်မြူ ပေါင်းစည်းခြင်းအတတ်မှာ ပိုမိုတိုးမြင့်လာနေပြီး ရုပ်ရည်အသွင်အပြင်ကို ပြောင်းလဲလိုက်သည်နှင့် မည်သူမှ မသိရှိနိုင်တော့ပေ။
"သင်၏တပည့် ရွှီယန်သည် အလင်းနှင့်မြူပေါင်းစည်းခြင်းအတတ်အား အောင်မြင်မှုရခဲ့သည်။ သင်၏အလင်းနှင့်မြူပေါင်းစည်းခြင်း အတတ်သည် အစစ်အမှန်အသွင်အဆင့်သို့ ရောက်ရှိသွားသည်.."
တာအိုရွှေစာအုပ်က ပွင့်လာပြီး ရွှေရောင်အလင်းတို့ ထွက်ပေါ်လာ၏။ အစစ်အမှန်အသွင် အတတ်တွင် အရာအားလုံးသည် အစစ်အမှန် ဖြစ်လာခဲ့သည်။
လီရွှမ်က ချီးကျူးစွာဖြင့် သက်ပြင်းချသည်။ ဒီအစစ်အမှန်အသွင် အတတ်သည် အမှန်တကယ်ကို စွမ်းအားကြီးမား၏။ လူတစ်ယောက်၏ အငွေ့အသက်သည် ကျောက်တုံးနှင့် ပေါင်းစပ်လိုက်ပါက ကျောက်တုံးဖြစ်လာခဲ့သည်။ အစစ်အမှန်ကဲ့သို့ ရှိ၏။
စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် သို့မဟုတ် ပိုမိုအဆင့်မြင့်မားသည့် သိုင်းသမားတစ်ယောက်ပင်လျှင် မည်သည်ကိုမှ သတိထားမိမည်မဟုတ်ပေ။ ခြားနားချက်တို့ကိုလည်း ရှာတွေ့မည် မဟုတ်ပေ။
ရွှီယန်သည် ကိုယ့်ကိုယ်ကို ကျင့်ကြံခြင်း၌ ဆက်လက်နှစ်မြှုပ်ထား၏။ သူ၏ ခန္ဓာကိုယ်ပတ်ဝန်းကျင်၌ ဓားဆန္ဒက ပေါ်လာခဲ့သည်။ သူ့ကို လျှို့ဝှက်ဆန်းကြယ်သည့် အခြေအနေတစ်ခုသို့ ကျရောက်သွားစေ၏။
တစ်နေ့တွင် လီရွှမ်က ထိုက်ချန်း တတိယစာမျက်နှာရှိ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ နိယာမများကို မှတ်သားကာ ရွှေစာအုပ်အတွင်း၌ ချရေးရန် လုပ်သည်။
အနာဂတ် သိုင်းပညာဖန်တီးမှုအတွက် ကိုးကားချက်တို့ ရယူရန် ဖြစ်၏။
ထိုအချိန်၌ ရုတ်တရက် တောင်ထိပ်ပေါ်သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူ၏မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာ၏။ ရွှီယန်၏ ဓားတာအိုသည် အဆင့်ချိုးဖျက်မှု ဖြစ်ပေါ်ပေတော့မည်။
အခြေခံအား ပြည့်စုံအောင် ပြုလုပ်နေသည့် မုန့်ချုံလည်း ရုတ်တရက် တောင်ထိပ်ပေါ်သို့ အံ့သြစွာ ကြည့်မိ၏။
ထိုနေရာတွင် စီနီယာအစ်ကိုကြီး ရှိနေပါသည်။ စုလင်းရှုံလည်း လိုက်လံကြည့်ရှု့မိသည်။
တဖြည်းဖြည်းနှင့် ချန်းလန်ကျွန်းပေါ်ရှိ လူတိုင်းသည် တောင်ထိပ်ပေါ်သို့ အကြည့်ရောက်ကုန်ကြ၏။ အချို့မှာ အံ့ဩနေပြီး အချို့မှာ ကြောင်တောင်နေကြသည်။
"တောင်ပေါ်မှာ ဘယ်တုန်းက ဓားတစ်ချောင်း ရောက်နေတာလဲ.."
"ငါမှတ်မိတာမှန်ရင် အဲ့ဒီ့နေရာမှာ သစ်ပင်တစ်ပင်ရှိတာ မဟုတ်ဘူးလား.."
တစ်ယောက်ယောက်က ကြောင်တောင်စွာပြောသည်။
"ရှီအာ... အဲ့ဒါကို ဓားတစ်ချောင်းလို့ နင်မြင်တာလား.."
ကျိုးယင်က တောင်ထိပ်ကိုကြည့်ရင်းက မျက်မှောင်ကျုံ့စွာ မေးသည်။ သူမသည် ထိုနေရာတွင် သစ်ပင်ကြီးတစ်ပင်ရှိကြောင်းကို ကောင်းကောင်း မှတ်မိနေ၏။
"ဟုတ်တယ် အဲ့ဒါက ဓားတစ်ချောင်းပဲ။ မကြာသေးခင်က တစ်ယောက်ယောက် သွားထားလိုက်တာဖြစ်မယ်.."
ရှီအာက ခေါင်းငြိမ့်၏။ သို့ပေမယ့် သံသယတို့ ရှိနေဆဲရှိသည်။
မည်သူက ထိုနေရာတွင် အဘယ်ကြောင့် ဓားတစ်ချောင်းကို သွားစိုက်ထားသနည်း။
ပိုမိုအားနည်းလေလေ ဓားတစ်ချောင်းဟု ပိုမိုမြင်တွေ့ရလေ ရှိသည်။ သို့ပေမယ့် မုန့်ချုံ၏ မျက်လုံးထဲတွင်တော့ ဤသည်မှာ သစ်ပင်တစ်ပင်ဖြစ်သလို ဓားတစ်ချောင်းလည်း ဖြစ်၏။
ဓားဆန္ဒက စုစည်းနေကာ စူးရှသည့် ဓားအလင်းတစ်ခု ထွက်ပေါ်နေ၏။ သို့ပေမယ့် ဤသည်မှာ သစ်ပင်ကြီးတစ်ပင် ဖြစ်ပါသည်။
လျှပ်တပြက်အတွင်း မုန့်ချုံ၏ စိတ်အစဉ်၌ ဉာဏ်အလင်းတစ်ခု ပေါ်လာခဲ့သည်။
"စီနီယာအစ်ကိုကြီးများ နှလုံးသားဓားအဆင့် နားလည်သဘောပေါက်လာခဲ့တာလား။ ဒါက နှလုံးသားဓားအဆင့်ပဲ။ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ အရာအားလုံးကို ဓားတစ်ချောင်းအဖြစ် အသုံးပြုနိုင်တယ်။ တောင်တွေကလည်း ဓားဖြစ်လာတယ်။ မြစ်တွေကလည်း ဓားဖြစ်လာတယ်... ဆေဘာတာအိုရဲ့ ဒုတိယအဆင့်ဖြစ်တဲ့ လျှို့ဝှက်ဆေဘာအဆင့်ကလည်း နှလုံးသားဓားအဆင့်နဲ့ အနှစ်သာရခြင်း ဆင်တူတယ်။ ဆေဘာက ကောင်းကင်နဲ့ ကမ္ဘာမြေအကြားမှာ ပုန်းအောင်းနေပြီး ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ နေရာတိုင်းမှာ ဆေဘာရှိနေတယ်။ ကောင်းကင်နဲ့ ကမ္ဘာမြေအကြားမှာ ဆေဘာတစ်ချောင်း မဖြစ်နိုင်တာ ဘာရှိမှာလဲ..."
မုန့်ချုံသည် သစ်ပင်ကို စူးစမ်းနေရင်းနှင့် သူ၏စိတ်အစဉ်အတွင်း၌ ဉာဏ်အလင်းတို့ဖြင့် ပြည့်နှက်လာခဲ့၏။
ဒီအချိန်၌ သူ၏ ဆေဘာဝိဉာဉ်သည် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိပြီး ဒုတိယအဆင့်ဖြစ်သည့် လျှို့ဝှက်ဆေဘာအဆင့်အား မည်ကဲ့သို့ ကျင့်ကြံကာ နားလည်သဘောပေါက်အောင် လုပ်ဆောင်နိုင်မည်ကို လားရာတစ်ခု ရလာခဲ့သည်။
"သင်၏တပည့် မုန့်ချုံသည် သူ၏ ဆေဘာဝိဉာဉ်အား ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်ခဲ့ပြီး လျှို့ဝှက်ဆေဘာအဆင့်၏ ကျင့်ကြံခြင်းလမ်းကြောင်းကိုလည်း နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် လျှို့ဝှက်ဆေဘာအဆင့်အား ရရှိသည်.."
လီရွှမ်က မုန့်ချုံကို ခေါင်းလှည့်ကြည့်ကာ နှလုံးသားထဲတွင် ဝမ်းသာသွားသည်။
"ဒါက လျှို့ဝှက်ဆေဘာ အဆင့်ပေါ့..."
ဆေဘာဆန္ဒက ထွက်ပေါ်ခြင်းမရှိဘဲ ထက်မြမှုက ပုန်းအောင်းနေ၏။ သို့ပေမယ့် ဆေဘာဓားတစ်ချက်နှင့် ကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ပိုင်းဖြတ်နိုင်လေသည်။