လင်းယွီဂိတ်တံခါးဖွင့်လှစ်ပြီး ယွီလင့် ပိုင်ရှင်များအား ဝင်ရောက်စေခြင်း
Vol. 29 Ch. 435
ကျိန်နိုင်ငံ၏ နန်းတော်အတွင်းတွင် ဧကရာဇ်ကျိန်က ရာထူးကြီး၊ စွမ်းအားကြီး ပုဂ္ဂိုလ်တစ်စုကို ဦးဆောင်ကာ အမတ်ကြီးများနှင့် မြေပြင်ပေါ်တွင် နိမ့်ကျစွာဒူးထောက်နေ၏။
သူတို့၏ရှေ့ရှိ ကုလားထိုင်ပေါ်တွင် ပုဂ္ဂိုလ်နှစ်ဦးတို့ ထိုင်နေပါသည်။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် ဖြစ်၏။
အမျိုးသားသည် ဖြူဖျော့သည့် မျက်နှာရှိပြီး ရှည်လျားသည့် မုတ်ဆိတ်တို့ ပိုင်ဆိုင်ထား၏။ ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ကာ မည်သည့်အမျက်ဒေါသမှ ထုတ်လွှတ်ခြင်းမရှိဘဲ လူအများအား ရိုကျိုးစေသည့် အငွေ့အသက်ကို သယ်ဆောင်ထား၏။
အမျိုးသမီးမှာ လှပတင့်တယ်ပြီး အစိမ်းနုရောင် ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်များကို ဆံထုံးထုံးထားကာ ထူးမခြားနားသည့် မျက်နှာပေးရှိပြီး ဘယ်တော့မှ ပြုံးရယ်ခြင်းမရှိပေ။
"လင်းယွီဂိတ်တံခါးရဲ့ ဖွင့်လှစ်မှုနဲ့အတူ အတွင်းဘက်နယ်မြေကို အကြောင်းကြားလိုက်။ ယွီလင့်ကို ကိုင်ဆောင်ထားတဲ့လူတွေ ဂိတ်တံခါးကနေဝင်ပြီး ယွီလင့်အမျိုးအစားအလိုက် ပိုင်ရှင်စိတ်ဝိဉာဉ်ဂိုဏ်းတွေနဲ့ မိသားစုကြီးတွေရဲ့ လက်အောက်ကိုဝင် ရောက်နိုင်လိမ့်မယ်။ ကျိန်နိုင်ငံက ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားတဲ့လူတွေကို သက်ဆိုင်ရာ အင်အားစုအသီးသီးကို ပို့ဆောင်ပေးဖို့ တာဝန်ယူပါ.."
အမျိုးသားက အနိမ့်အမြင့် အတက်အကျမရှိသည့်လေသံဖြင့် ညွှန်ကြားချက်ပေး၏။
"နားလည်ပါပြီ.."
ဧကရာဇ်ကျိန်နှင့် အားလုံးတို့မှာ အံ့သြသွားကြသည်။ မူလ စည်းမျဉ်းအတိုင်းသာဆိုပါက ယခုအချိန်မှာ လင်းယွီဂိတ်တံခါး ဖွင့်လှစ်ရန် အချိန်မကျသေးပေ။ အဘယ်ကြောင့် စောစီးစွာ ဖွင့်လှစ်ရသနည်း။
လင်းယွီဂိတ်တံခါးအား ဖွင့်လှစ်ပြီး ဖြစ်သောကြောင့်လား။
ထိုဖြစ်နိုင်ချေကို တွေးမိပြီးနောက် ဧကရာဇ်ကျိန်တစ်ယောက် ချွေးစေးများထွက်လာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်သည်။
"အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းက ပုဂ္ဂိုလ်တို့ကို တင်ပြပါတယ်။ လင်းယွီဂိတ်တံခါးက ပွင့်နေပါပြီ။ ပြီးတော့ ရွှေရှင်းနန်းတော်ကလူတွေ အတွင်းဘက်နယ်မြေကို ဝင်ရောက်သွားကြပါတယ်.."
အမျိုးသားက သူ့ကို ထူးမခြားနားစွာ ကြည့်သည်။
"စည်းမျဉ်းအတိုင်းပဲလုပ်... တင်ပြစရာမလိုဘူး.."
"ဟုတ်ကဲ့ပါအရှင်.."
ဧကရာဇ်ကျိန်က စိတ်သက်သာရာ ရသွားသည်။ စည်းမျဉ်းအတိုင်းသာဆိုပါက စိတ်ဝိဉာဉ်ဂိုဏ်းနှင့် မိသားစုကြီးများအား လင်းယွီဂိတ်တံခါး ဖွင့်လှစ်ပြီး အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ရန် ခွင့်ပြုနိုင်ပါသည်။
ဧကရာဇ်ကျိန်တို့ လူစုသည် ဦးညွှတ်ရင်းဖြင့် ဆုတ်ခွာသွားကြ၏။ ထို့နောက် လူအသီးသီးကို ရွေးချယ်ကာ စိတ်ဝိဉာဉ်ဂိတ်တံခါး၏ ဖွင့်လှစ်မှုနှင့် ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားသူများအား ဝင်ရောက်ရန် ကိစ္စအတွက် တာဝန်ပေးသည်။
ဤသည်မှာ နှစ်ပေါင်းတစ်သောင်းနီးပါး ကြာပြီးနောက် ပထမဆုံးအကြိမ် စိတ်ဝိဉာဉ်ဂိတ်တံခါးအား စစ်မှန်စွာ ပြန်လည်ဖွင့်လှစ်ခြင်း ဖြစ်သည်။
အတွင်းဘက်နယ်မြေရှိ ယွီလင့်တံဆိပ်ပြားအား ကိုင်ဆောင်ထားသူများကို စိတ်ဝိဉာဉ်နယ်မြေသို့ ဝင်ရောက်ခွင့်ပြုမည် ဖြစ်၏။ ပြီးနောက် တံဆိပ်ပြား အသီးသီးအား ထုတ်ပြန်ခဲ့သည့် အဖွဲ့အစည်းတို့ဆီသို့ သွားမည်ဖြစ်သည်။ ဂရုမစိုက်ပြုလို့ မရပေ။
ဤသည်မှာ ကျိန်တော်ဝင်မိသားစု၏ တစ်ခုတည်းသော တာဝန်လည်း ဖြစ်၏။ တစ်ခုခုသာ မှားယွင်းပါက နိုင်ငံတစ်ခုလုံး ပျက်စီးရနိုင်သည်။
သို့ပေမယ့် တာဝန်အတိုင်းသာ လုံလောက်စွာ လုပ်ဆောင်ပါက ယွီလင့်တံဆိပ်ပြား ကိုင်ဆောင်ထားသူကို တစ်ယောက်ယောက်က တိုက်ခိုက်ပြီး ကျိန်နိုင်ငံအနေနှင့် ကာကွယ်ရန် စွမ်းအားမဲ့နေခဲ့လျှင် အပြစ်ခံရမည်မဟုတ်ပေ။ အဆင့်လွန်စိတ်ဝိဉာဉ်ဂိုဏ်းများက တိုက်ခိုက်သူကိုသာ အပြစ်ပေးမည် ဖြစ်၏။
ကျိန်နိုင်ငံက တာဝန်ကို ကောင်းမွန်စွာ လုပ်ဆောင်ခြင်းမရှိဘဲ တမင် လျစ်လျူရှု့မှု ပြုထားမှသာလျှင် ကြီးမားသည့်အပြစ် ဖြစ်ပေလိမ့်မည်။
ပြီးခဲ့တုန်းက အလေ့အကျင့်များအရ ယွီလင့်တံဆိပ်ပြားအား ကိုင်ဆောင်ထားသူများကို တံဆိပ်ပြားထုတ်လွှတ်သည့် အဖွဲ့အသီးသီးက လာရောက်ခေါ်ဆောင်ကာ ကျိန်နိုင်ငံအနေနှင့် လိုက်ပို့စရာမလိုပေ။ သို့ရာတွင် ယခုအချိန်၌ အခြေအနေက ခြားနား၏။ အတွင်းဘက်နယ်မြေတွင် တံဆိပ်ပြားကိုင်ဆောင်ထားသူများ ရှိနေသေးသည်လား ဟူသည်မှာ မသိရပေ။
"ယရုန်.. ဒီတစ်ခေါက် ထိုက်မြောင်တောင်က နင့်ကိုလွှတ်မယ်လို့ မထင်ထားဘူး။ နင့်ရဲ့ ဆရာမရော ဘယ်လိုရှိလဲ.."
အမျိုးသားက လှပသည့် အမျိုးသမီးကို ကြည့်ကာ ပြောသည်။
"ဟုတ်ကဲ့ပါ မိုးပြာရောင်ဘုရင်.. ဆရာမ နေကောင်းပါတယ်.."
ယရုန်၏လေသံက နဂိုအတိုင်းသာ ရှိသည်။
မိုးပြာရောင်ဘုရင်မှာ ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် ကျိုးနိုင်ငံ တော်ဝင်မိသားစုမှ မြင့်တက်လာခဲ့သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ သူ၏အသက်မှာ တစ်ရာကျော်သာ ရှိပေမယ့် နှောင်းပိုင်း စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။
နောင်တွင် စိတ်ဝိဉာဉ်သန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်မှာ သံသယဝင်စရာ မရှိပေ။
ရှန်ချင်းမှာ ယရုန်၏ ထူးမခြားနားစွာရှိသည့် ဆက်ဆံပုံအား အသားကျနေဟန်ရှိပုံ တူ၏။ ဆက်လက်ကာ မေးသည်။
"နင့်ရဲ့ဆရာမ အတွင်းဘက်နယ်မြေကိုဝင်ပြီး သွေးနတ်ဆိုးကို သတ်ခဲ့တုန်းက လုံးဝ သုတ်သင်နိုင်ခဲ့တာလား.."
"သွေးနတ်ဆိုးက သေပြီးပြီ။ သူ့ကို ဆရာမကိုယ်တိုင် မြေမြှုပ်ခဲ့တာ.."
"သွေးနတ်ဆိုးက ဉာဏ်များပြီးတော့ သုံးကြိမ်တိုင်အောင် ပြန်လည် မြင့်တက်လာခဲ့တယ်။ နင့်ရဲ့ဆရာက အရမ်းစွမ်းအားကြီးပြီး သွေးနတ်ဆိုးက အားနည်းတဲ့ အခြေအနေကို ကျရောက်နေပေမယ့် သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအရ..."
ရှန်ချင်းက ခဏတာ စဉ်းစားပြီးနောက် ပြော၏။
"ပါးစပ်ပိတ်ထား.."
ယရုန်က ရုတ်တရက် အေးစက်သွားပြီး ပြောသည်။
ရှန်ချင်းက သက်ပြင်းချ၏။
"နင်ဒေါသထွက်ဖို့ မလိုပါဘူး... ငါ့ရဲ့အဘိုးကို နင်လည်းသိတာပဲ။ ပြီးခဲ့တုန်းက မိုးပြာရောင်ဘုရင်က အတွင်းဘက်နယ်မြေမှာ သွေးနတ်ဆိုးရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတယ်.."
"ငါ့အဖေက သာမန်ဆန်ပြီး မိုးပြာရောင်ဘုရင် ဘွဲ့ထူးကို အမွေဆက်ခံဖို့ ကျရှုံးခဲ့တယ်။ ဒီဘွဲ့ထူးကို ပြန်ရဖို့အတွက် ငါမနည်းကို ကြိုးစားရုန်းကန်ခဲ့ရတာ။ ငါ့အတွက် သွေးနတ်ဆိုးက နက်ရှိုင်းတဲ့ အမုန်းတရားနဲ့ ကြီးမားတဲ့ ရန်ငြိုးတွေရှိနေတယ်.."
"နင့်ရဲ့ဆရာကို ယုံပေမယ့်.. ငါစိုးရိမ်တာက သွေးနတ်ဆိုးရဲ့ ဉာဏ်များမှုပဲ။ သူမကို စိတ်ပျော့သွားမှာ ကြောက်မိတယ်.."
ယရုန်က အေးစက်စွာကြည့်ကာ ပြော၏။
"ကျွန်မ ဆရာမက အချစ်အမုန်း ခံစားချက်တွေကို စွန့်လွှတ်လိုက်တာကြာပြီ။ သွေးနတ်ဆိုးကိုသတ်ပြီး လောကကြီးရဲ့ ခံစားချက်တွေအားလုံးကို ဖျက်တောက်လိုက်တယ်။ သူမ အဲ့ဒီ့ကန့်သတ်ချက်တွေကို ချိုးဖျက်ခဲ့ပြီးပြီ..."
ရှန်ချင်းက အံ့သြသွားသည်။ အသက်ကိုနက်ရှိုင်းစွာရှူ၏။
"နင့်ဆရာတကယ်ပဲ အဲ့ဒီ့အဆင့်ကို တက်လှမ်းသွားပြီလား.."
ယရုန်က တစ်ဖက်သို့ ခေါင်းလှည့်ပြီး သူ့ကိုလျစ်လျူရှု့သွားသည်။
စိတ်ဝိဉာဉ်ဂိတ်တံခါးရှိ ခန်းမကြီးအတွင်းတွင်....
အစောင့်နှစ်ယောက်တို့မှာ အံ့သြသွားပြီး အလျှင်အမြန် ဦးညွှတ်ကြ၏။
"အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်.."
ဧကရာဇ်ကျိန်မှာ ကိုယ်တိုင် ရောက်ရှိလာခဲ့လေသည်။ ဖြစ်နိုင်သည်မှာ ဟိုကောင်လေးကို သွေးနတ်ဆိုးဟူ၍ အတည်ပြုချင်၍လား။ အရှင်မင်းကြီးကိုယ်တိုင် လာရောက်အပြစ်ပေး သည်လား။
ခဏတာအတွင်း နှစ်ယောက်သား ထိတ်လန့်နေကြသည်။
"လင်းယွီဂိတ်တံခါးကို ဖွင့်ပြီး အတွင်းဘက်နယ်မြေကို အကြောင်းကြားလိုက်။ ယွီလင့်ကို ကိုင်ဆောင်ထားတဲ့လူတွေ တစ်လအတွင်းမှာ စိတ်ဝိဉာဉ်နယ်မြေကို ဝင်နိုင်ကြတယ်.."
ဧကရာဇ်ကျိန်က နက်ရှိုင်းသည့်အသံဖြင့် အမိန့်ပေးသည်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး.."
အစောင့်နှစ်ယောက်တို့မှာ ချက်ချင်းပင် စိတ်သက်သာရာ ရသွားကြ၏။ တစ်ချိန်တည်းတွင် လင်းယွီဂိတ်တံခါး၏ စောစီးစွာ ဖွင့်လှစ်လာမှုကို အံ့ဩနေကြသည်။
လင်းယွီဂိတ်တံခါး၏ ဒီတစ်ကြိမ်ဖွင့်လှစ်မှုမှာ အက်ကွဲကြောင်းတစ်ခုပင် မဟုတ်ပေ။ လုံးဝ ဖွင့်လှစ်ခြင်းဖြစ်၏။
တစ်ချိန်တည်းတွင် ဧကရာဇ်ကျိန်နောက်မှ လိုက်လာသည့် အဘိုးအိုတစ်ဦးက ရှေ့သို့တက်ကာ အတွင်းဘက်နယ်မြေဆီသို့ ဂိတ်တံခါးမှတစ်ဆင့် ဝင်ရောက်သွားသည်။
"အုန်း.."
ချန်းပိန်မြေတွင် အလင်းတစ်ခု တောက်ပစွာလင်းလက်လာပြီး ထန်းပေါင်စံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်အားလုံးတို့ကို ချက်ချင်းပင် သတိကြီးသွားစေသည်။ တောင်ထိပ်ပေါ်တွင် ရပ်ရင်းမှ ဂိတ်တံခါးဆီသို့ ကြည့်ရှု့နေကြ၏။
"ဒါက... လင်းယွီဂိတ်တံခါး လုံးဝဖွင့်လှစ်ခြင်းလား.."
ခရမ်းရောင်သရဖူနှင့်လူက အံ့သြစွာဖြင့် အသံပြုသည်။
ခဏအကြာ၌ ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ အကြားတွင် ကြီးမားသည့် အပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။ ထိုအပေါက်ကြီးမှတစ်ဆင့် ကြွယ်ဝသည့် စိတ်ဝိဉာဉ်စွမ်းအင်တို့ အတွင်းဘက်နယ်မြေသို့ စီးဝင်လာခဲ့သည်။
လင်းယွီဂိတ်တံခါးမှ မိုင်၁၀၀အတွင်းရှိ စိတ်ဝိဉာဉ်စွမ်းအင်၏ သိပ့်သည်းမှုကို နှစ်ဆဖြစ်လာစေ၏။ ထိုမိုင်၁၀၀အတွင်းရှိ ကောင်းကင်နှင့် ကမ္ဘာ့မြေကြီး၏ လင်းကျီမှာလည်း အလွန် လှုပ်ရှားတတ်ကြွလာခဲ့သည်။
လင်းယွီဂိတ်တံခါးမှ အဘိုးအိုတစ်ယောက် လျှောက်ထွက်လာခဲ့သည်။ အနည်းငယ် မျက်မှောင်ကျုံ့နေပြီး အတွင်းဘက်နယ်မြေ၏ ပါးလျသည့် စိတ်ဝိဉာဉ်စွမ်းအင်အတွက် မနှစ်မြို့စွာရှိနေ၏။
ထန်းပေါင်စံအိမ်ဆီသို့ ခေါင်းမော့ကြည့်သည်။ ခြေတစ်လှမ်းနှင့်အတူ တောင်ထိပ်ပေါ်သို့ ရောက်ရှိသွား၏။
ထိုပုံကိုတွေ့ရပြီးနောက် ခရမ်းရောင်သရဖူနှင့်လူက ကြောက်ရွံ့စွာဖြင့် တုန်ခါသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
"အရှင့်ကို တွေ့ဆုံပါတယ်.."
ထန်းပေါင်စံအိမ်ရှိ အခြားပုဂ္ဂိုလ်များလည်း အမြန်ဒူးထောက်လိုက်ကြသည်။ သူတို့၏ဦးခေါင်းများကို မြေကြီးထဲတွင် နှစ်မြှုပ်ထားနိုင်ရန် မျှော်လင့်မိကြ၏။ ဒီပုဂ္ဂိုလ်ကြီးအား မကျေမနပ်ဖြစ်စေကာ သေကြေပျက်စီးရမည်ကို ကြောက်ရွံ့နေကြသည်။