← Chapters

(သိုင်းပြိုင်ပွဲမှာဝင်ပြိုင်တာက မလွယ်ဘူးနော်)

Vol. 4 Ch. 31

(သိုင်းပြိုင်ပွဲမှာဝင်ပြိုင်တာက မလွယ်ဘူးနော်)

Vol. 4 Ch. 31

ဆေးဥယျာဉ်ရှိ တာဝန်များလုပ်ဆောင်ပြီးသည်နှင့် ချီယွမ်သည် ပြင်ပခန်းမ၏ ပင်မဆောင်သို့ သွားခဲ့သည်။ ပင်မဆောင်ရှိရာ တောင်ထိပ်သည် ပတ်ဝန်းကျင်ရှိ တောင်များထက် သိသာစွာ မြင့်မားပြီး တောင်များကြားတွင် ခမ်းနားစွာ တည်ရှိနေသည်။ ထိုတောင်ထိပ်ရှိ စုဝေးနေသော စိတ်ဝိညာဥ် စွမ်းအင်သည်လည်း တခြားသော နေရာများထက် ပိုမိုများပြားသည်။

"ဂိုဏ်းတူညီလေးချီ၊ ဒီနေရာကို ဘာကြောင့် ရောက်လာတာလဲ"

ခန်းမဆောင် အပြင်ဘက်သို့ ရောက်သည်နှင့် စောင့်ကြပ်နေသော တပည့်နှစ်ယောက်သည် ချီယွမ်ကို တားမြစ်လာခဲ့သည်။ လွန်ခဲ့သောရက်က အဖြစ်အပျက်တစ်ချို့ကြောင့် ချီယွမ်၏ နာမည်ကို ဂိုဏ်းအတွင်းမှာ လူသိများသွားလေပြီ။ ချီယွမ်ကို ချက်ချင်း မှတ်မိကြသဖြင့် ထိုအစောင့်တပည့် နှစ်ယောက်က မောင်းမထုတ်ခဲ့ဘဲ ထိုအစား ယဥ်ကျေးစွာဖြင့် မေးခွန်းထုတ်လာခဲ့သည်။

ချီယွမ် လက်နှစ်ဖက်ယှက်ကာ အရိုအသေ ပေးပြီးသည်နှင့် ရည်ရွယ်ချက်ကို တိုက်ရိုက် ဖော်ထုတ်လိုက်သည်။

"ဂိုဏ်းတူအစ်ကိုတို့၊ ကျွန်တော် အကြီးအကဲမိုကို တွေ့ချင်လို့ ရောက်လာခဲ့တာပါ။ ကျေးဇူးပြုပြီး အကြောင်းကြားပေးလို့ရမလား"

ထိုတပည့်နှစ်ယောက် အချင်းချင်း အကြည့်ဆုံလိုက်ကာ ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်ထဲမှ တစ်ယောက်သည် အတွင်းသို့ဝင်ကာ သတင်းသွားပေးသည်။ မကြာခင်မှာဘဲ ထိုတပည့် ပြန်ရောက်လာကာ

"ဂိုဏ်းတူညီလေးချီ၊ အကြီးအကဲမိုက ဝင်ခဲ့ပါတဲ့”

ကျေးဇူးတင်ကြောင်း ပြောပြီးသည်နှင့် ပင်မခန်းမဆောင်အတွင်းသို့ ချီယွမ် ခြေချလိုက်သည်။ ထိုအချိန်မှာပဲ ထိုင်ခုံတွင် ထိုင်ကာ ကျောက်စိမ်းစုတ်တံကို ကိုင်ဆောင်ရင်း ရွှေစာလိပ်ပေါ်တွင် ရေးသားနေသော မိုကျန်းယန်ကို မြင်တွေ့လိုက်၏။ ခြေသံကြားရ၍ ဖြစ်မည်….မိုကျန်းယန်သည် အနည်းငယ် ခေါင်းမတ်လာကာ ချီယွမ်ကို လှမ်းကြည့်ပြီး ကြင်နာစွာ မေးလိုက်သည်။

"တူလေးချီ၊ ဘယ်လိုလုပ် ရောက်လာတာလဲ"

အကြီးအကဲ မိုကျန်းယန်သည် အသစ်ဝင်လာသော ဤအစေခံအသစ် ချီတကို အလွန်အမင်း အကောင်းမြင်သည်ဟု ပြောနိုင်သည်။ ထိုချီတသည် ထူးချွန်သည့် စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပိုင်ဆိုင်ထားရုံတင် သာမက လျင်မြန်သော တုံ့ပြန်နိုင်စွမ်းရှိသည်။ ကံဆိုးသော ဝိညာဥ်သွေးကြော ၄ခုကြောင့်သာ ထိုကောင်လေး၏ ကျင့်ကြံမှုလမ်းစဥ်သည် ခက်ခဲနိုင်လိမ့်မည်။

မိုကျန်းယန် တွေးတောနေစဥ်မှာပဲ ချီယွမ်၏ အခြေအနေကို သတိထားမိသွားသဖြင့် ရုတ်တရက် ကျယ်လောင်စွာ အံ့သြတကြီး မေးခွန်းထုတ်လိုက်လေရဲ့..။

"ချီသန့်စင်ခြင်း အဆင့်၄ကို မင်း ဘယ်လိုလုပ် ရောက်သွားတာလဲ"

ဂိုဏ်းအတွင်းသို့ စတင်ဝင်ရောက်စဥ်တွင် ချီတ၏ ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်၂သာ ရှိသေးသည်။ ထိုကောင်လေးက ၁၀ရက်အတွင်းမှာပဲ ချီသန့်စင်ခြင်း အဆင့်၄သို့ အဆင့်တက်သွားနိုင်၏။ ဤမျှ လျင်မြန်သည့် ကျင့်ကြံမှုနှုန်းထားကို မမြင်ဖူးပါချေ။

(ဒီကောင်လေးက ဝိညာဉ်သွေးကြော ၄ခုပဲရှိတာ ဟုတ်ရဲ့လား)

ချီယွမ် နှိမ့်ချစွာ ပြုံးလိုက်ပြီး

"အကြီးအကဲမို ကျွန်တော့်ကို ပေးခဲ့တဲ့ အဆင့်မြင့် ချီစုပ်ယူခြင်း ဆေးလုံး၅၀က တော်တော်လေး အကျိုးရှိတယ်။ အဲဒီဆေးလုံးတွေ စားပြီးနောက်မှာ ကျွန်တော့်ရဲ့ ကိုယ်အတွင်းက စိတ်ဝိညာဥ်စွမ်းအင်တွေ များပြားလာပြီး အဆင့်၂ဆင့် တက်နိုင်သွားတာပါ"

မိုကျန်းယန် အနည်းငယ် ပြုံးမိသွားသည်။ သို့ပေမဲ့ ဘယ်လိုပဲ စဥ်းစားပါစေ ချီစုပ်ယူခြင်း ဆေးလုံး၅၀သည် ဝိညာဉ်သွေးကြော ၄ခုနှင့် ကျင့်ကြံသူတစ်ယောက်ကို ၁၀ရက်အတွင်းမှာ အဆင့်၂ဆင့် တက်စေဖို့ မလုံလောက်ပါချေ။ ရှုပ်ထွေးနေသော်ငြား မိုကျန်းယန် ဆက်လက်မေးမြန်းဖို့ မကြိုးစားတော့ဘဲ ချီယွမ်ကို လှမ်းကြည့်ကာ မေးလိုက်တော့သည်။

"ဒီနေ့ လာရှာတာ အကြောင်းရင်းရှိလို့လား"

ချီယွမ် လေးစားစွာ ဖြေလိုက်သည်။

"ကျွန်တော့်မှာ တစ်ကယ်ပဲ တောင်းဆိုချင်တာ တစ်ခုရှိပါတယ်"

"ပြောပါ"

မိုကျန်းယန်သည် မျက်ခုံးတစ်ဖက်ပင့်ကာ ချီယွမ် ဆက်လက်ပြောဆိုဖို့ စောင့်စားနေခဲ့သည်။

ချီယွမ် ခေါင်းညိတ်ပြီးသည်နှင့် အနည်းငယ် ပြုံးလိုက်ပြီး

"နောက်ထပ် လဝက်နေရင် ဂိုဏ်းဘက်ကနေ ပြင်ပခန်းမအတွက် ပြိုင်ပွဲကြီးတစ်ခု စီစဥ်ပေးမယ်လို့ ကျွန်တော် ကြားထားတယ်။ ပြိုင်ပွဲမှာ ထိပ်ဆုံး၁၀ယောက်က အတွင်းခန်းမကို တိုက်ရိုက် ဝင်ရောက်နိုင်မယ်တဲ့။ ကျွန်တော်လည်း ဝင်ပြိုင်ချင်တယ်။ အကြီးအကဲမို ခွင့်ပြုပေးဖို့ မျှော်လင့်ပါတယ်"

"ပြင်ပခန်းမရဲ့ ပြိုင်ပွဲကြီးမှာ မင်းက ဝင်ပြိုင်ချင်လို့လား"

မိုကျန်းယန် အနည်းငယ် ရှုပ်ထွေးသွားကာ နက်ရှိုင်းစွာ လှမ်းကြည့်လာသည်။

"ပြိုင်ပွဲအတွင်းမှာ အစေခံတပည့်တွေ ပါဝင်ဖို့အတွက် ဂိုဏ်းဘက်က သီးသန့် တားမြစ်ထားတာ မရှိဘူးဆိုပေမဲ့ မင်းတို့ အစေခံတပည့်တွေက ဂိုဏ်းကို ဝင်လာတာ မကြာသေးဘူး။ ဒီနှစ် ချက်ချင်းကြီး ဝင်ပြိုင်လိုက်တာက မင်းအတွက် စိမ်းနေမှာပေါ့။ မင်း မတွေးမိဘူးလား"

အခြေအနေကို နားမလည်သည့် ချီတ၏ပုံစံကြောင့် မိုကျန်းယန်သည် မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဆက်လက်ရှင်းပြလာခဲ့သည်။

"ပြိုင်ပွဲရဲ့ မှတ်တမ်းတွေအရဆိုရင် ထိပ်ဆုံး ၁၀ယောက်ထဲကို ဝင်ချင်ရင် အဲဒီကျင့်ကြံသူက အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်၉ကို ရှိမှရမယ်။ မင်းက လက်ရှိမှာ ချီသန့်စင်ခြင်း အဆင့်၄ပဲ ရှိသေးတယ်။ မင်း အရမ်းကြီး ကြိုးစားရင်တောင် ပထမပွဲစဥ်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး"

ချီယွမ်သည် မပြောင်းမလဲ မျက်နှာထားဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

"ကျွန်တော်က ပြိုင်ပွဲမှာ အတွေ့အကြုံတစ်ချို့ ယူချင်လို့ပါ။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ကိစ္စမရှိပါဘူး။ ဝင်ပြိုင်နိုင်ဖို့က အဓိကပဲ"

ချီယွမ်၏ စိတ်ပိုင်းဖြတ်ထားမှုကြောင့် မိုကျန်းယန် ဖျောင်းဖျဖို့ မကြိုးစားတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ။ မင်းက ကြိုးစားချင်နေမှတော့ ငါလည်း အခွင့်အရေးပေးမယ်။ ဒီစာရွက်ကို ယူသွားပြီးတော့ အိမ်တော်ထိန်းလျိုဆီသွားပြီး စာရင်းသွင်းလိုက်"

ချီယွမ် အပျော်လွန်သွားခဲ့သည်။

"ကျေးဇူးပါ ဦးလေးမို။ ကျွန်တော့်ရဲ့ ဆန္ဒကို ဖြည့်ပေးလို့ တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ်"

မိုကျန်းယန်သည် ဘာမှမပြောတော့ဘဲ လက်တစ်ဖက်ယမ်းကာ ခွင့်ပြုစာစောင်ကို ရေးသားပြီး ချီယွမ်ကို ပေးလိုက်သည်။

"သွားပြီး ပြင်ဆင်တော့"

ပင်မတောင်ထိပ်မှ ထွက်လာပြီးနောက်တွင် ချီယွမ် မနေနိုင်စွာ သက်ပြင်းချလိုက်သည်။ စနစ်ဘက်မှ တာဝန်မပေးလာရင်တောင်မှ တိမ်ကြွေဂိုဏ်း၏ အတွင်းခန်းမသို့ ဝင်ရောက်နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားဖို့ ချီယွမ် စိတ်ပိုင်းဖြတ်ထားပြီးသားပင်။ တိမ်ကြွေဂိုဏ်း၏ အတွင်းခန်းမ တပည့်တစ်ယောက် ဖြစ်လာပြီးလျှင် ဂိုဏ်းတာဝန်တစ်ချို့ ထမ်းရွက်ရန် အဝေးသို့ ခရီးထွက်နိုင်မည် ဖြစ်သည့်အတွက် စနစ်မှ ထပ်မံပေးအပ်လာသော တာဝန်များကို စိတ်ပူရန် မလိုအပ်တော့ချေ။ အတွင်းခန်းမသို့ ဝင်ရောက်နိုင်ခြင်းက အကျိုးကျေးဇူး များပြားသော ရွေးချယ်စရာ တစ်ခုပါပင်။ ထို့အပြင် စနစ်မှ ဆက်တိုက်ပေးပို့လာသော ဆုလာဘ်များသည် တာဝန်များကို လက်လျှော့ဖို့ မစွမ်းဆောင်နိုင်အောင် ပြုလုပ်နေ၏။

စနစ်ကို တွေးမိသွားသည်နှင့် ချီယွမ်သည် စနစ်၏ စာမျက်နှာကို ဖွင့်လှစ်လိုက်သည်။

"လဝက်အတွင်းမှာ တိမ်ကြွေဂိုဏ်းဘက်ကနေ ပြင်ပခန်းမအတွက် ပြိုင်ပွဲကြီးတစ်ခု ကျင်းပလိမ့်မယ်။ ပြိုင်ပွဲမှာ ထိပ်ဆုံးရတဲ့ ၁၀ယောက်က အတွင်းခန်းမကို တိုက်ရိုက်ဝင်ရောက်ခွင့် ရလိမ့်မယ်။ အဲဒါအပြင် ဆုလာဘ် အသီးသီးကိုလည်း ရကြဦးမှာ။ ပိုင်ရှင်အတွက်တော့ အစေခံတပည့် တစ်ယောက်အဖြစ်ကနေ လွတ်မြောက်ဖို့ အခွင့်အရေးတစ်ခုပဲ"

"မှတ်ချက်... ဤတာဝန်သည် အရန်တာဝန်ဖြစ်ပြီး ဆောင်ရွက်သည်ဖြစ်စေ မဆောက်ရွက်ဘူးဖြစ်စေ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်"

"တာဝန်အကြောင်းအရာ... ပြင်ပခန်းမ၏ ပြိုင်ပွဲကြီးအတွင်းသို့ ဝင်ရောက် စာရင်းပေးပြီး ထိပ်ဆုံး၁၀ယောက်မှာ ပါဝင်ဖို့ ကြိုးစားပါ"

"အပိုတာဝန် အခြေအနေ... ပြင်ပခန်းမ၏ ပြိုင်ပွဲကြီး အတွင်းက လူအားလုံးကို ထိတ်လန့်အောင်လုပ်ရင်း ထိပ်ဆုံးနေရာကို အနိုင်ယူရမယ်”

"တာဝန်ဆုလာဘ်... အမှတ်၅၀၀၊ ထိပ်သီးအဆင့် ချီစုပ်ယူခြင်း ဆေးလုံး၅၀၊ ထိပ်သီးအဆင့် အခြေခံတည်ထောင်ခြင်း ဆေးလုံး၁လုံး၊ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး ၁၀၀၀"

"အပိုအခြေအနေအတွက် ဆုလာဘ်... ပိုင်ရှင်ရဲ့ ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမယ်"

(ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်မယ့် နောက်ထပ်အခွင့်အရေးတစ်ခုပဲ)

နောက်ဆုံးတစ်ခေါက်က တိုးမြှင့်မှုအပြီးတွင် ချီယွမ်၏ ဝိညာဉ်သွေးကြော စွမ်းဆောင်ရည်သည် အလွန်အမင်း ထူးခြားသွားခဲ့သည်။ နောက်တစ်ကြိမ်သာ တိုးမြှင့်ခံရမည်ဆိုလျှင် ဘယ်လောက်ထိ ကြောက်မက်ဖွယ် ကောင်းသွားမလဲ စိတ်ကူးတောင် မယဥ်ရဲပါချေ။ ဖြစ်နိုင်တာ ဒဏ္ဍာရီလာ အမတ ဝိညာဉ်သွေးကြော အခြေအနေအထိ ထိတွေ့ခွင့်ရနိုင်လောက်သည်။

အမတတစ်ယောက် ဖြစ်လာစေရန် စိတ်ကူးမယဥ်သော ကျင့်ကြံသူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါချေ။ ထိုအတိုင်းပင် ချီယွမ်လည်း အမတတစ်ယောက် ဖြစ်လာချင်သည်။

သို့ပေမဲ့ ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ မှတ်တမ်းအရ ကြည့်ရှုမည်ဆိုလျှင် ဤလောကအတွင်းတွင် တာအိုကျင့်ကြံသူ ပေါများပြီး အင်အားကြီး ပုဂ္ဂိုလ်အသီးသီး ရှိကြသော်ငြား ဘယ်လိုကျင့်ကြံသူကမှ နှစ်သောင်းချီ ကြာသည်အထိ အမတနယ်ပယ်သို့ အစစ်အမှန် မတက်ရာက်နိုင်သေးချေ။ အလွန့်အလွန် ထူးချွန်သည့် ပါရမီရှင်တစ်ချို့သည် များစွာသော နတ်အတိဒုက္ခကို ကျော်ဖြတ်ပြီး အထက်ဘုံ တက်လှမ်းခြင်း နယ်ပယ်သို့ ရောက်ရှိသည့်တိုင်အောင် ဤလောကအတွင်းမှာပဲ ပိတ်မိနေခဲ့ပြီး ကောင်းကင်ဘုံသို့ မတက်ရောက်နိုင်ခဲ့ချေ။ ထို့ကြောင့် များစွာသော အထက်ဘုံ တက်လှမ်းခြင်းနယ်ပယ် ကျင့်ကြံသူများသည် ဤလောကကို စွန့်ခွာရန် ရွေးချယ်ခဲ့ကြပြီး အဆုံးမရှိသော လေဟာနယ်အတွင်းမှာ သူတို့ကိုယ်သူတို့ ပိတ်လှောင်ရင်း အမတ အစစ်တစ်ယောက် ဖြစ်လာစေရန် နည်းလမ်းကို ရှာဖွေနေခဲ့သည်။

တစ်ချို့သတင်းများတောင် ရှိကြသေးသည်။ လူတစ်ယောက်သည် အမတ ဝိညာဉ်သွေးကြော သို့မဟုတ် အမတ ဖြစ်လာစေရန် ကံတရားကို မပိုင်ဆိုင်ထားပါက မည်မျှလေ့ကျင့်ပါစေ သာမန်လူသား တစ်ယောက်အနေနှင့် အမတ ဖြစ်လာဖို့ အခွင့်အရေးမရှိဘူး။

အမတတစ်ယောက် ဖြစ်လာစေရန် ကံတရားသည် တသီးတသန့်ဆန်လွန်းပြီး မွေးရာပါ အမတ ဝိညာဉ်သွေးကြောသည် ပိုလို့တောင် ရှားပါး၏။ နှစ်တစ်သောင်းမှာ တစ်ယောက်သာ တွေ့ရတတ်သည်။ ကမ္ဘာလောကအတွင်းရှိ များစွာသော ကျင့်ကြံသူများထဲမှ လူတစ်ချို့သာ အမတအဖြစ်သို့ ရရှိပြီး ထာဝရ လွတ်လပ်မှုကို ရကြသည်။

အထက်ဘုံ တက်လှမ်းခြင်း ကျင့်ကြံသူများသည် များပြားသော စွမ်းအားအပြင် ရှည်လျားသော သက်တမ်းကို ရရှိသည်ဆိုသော်ငြား အဆုံးမှာတော့ အချိန်၏ တိုက်စားမှုကို မခံစားနိုင်ဘဲ ကံကြမ္မာကို မလှည့်ပြောင်းနိုင်ကြချေ။ နှစ်သောင်းချီ ရှင်သန်လာပေမဲ့ နောက်ဆုံးမှာတော့ သေခြင်းတရားမှ မလွတ်မြောက်နိုင်ကာ ဗလာအခြေအနေအဖြစ် ထွက်ခွာရသည်။ ထိုရလဒ်မျိုးကို ဘယ်ကျင့်ကြံသူကမှ မလိုချင်ကြချေ။

အခုချိန်တွင် စနစ်ထံမှ ဝိညာဉ်သွေးကြောကို မြှင့်တင်ပေးနိုင်မည့် နောက်ထပ်အခွင့်အရေးတစ်ခုကို ပေးလာခဲ့သည်။ ချီယွမ် လက်လွတ်ခံစရာလား။

ပြင်းထန်သော စိတ်လှုပ်ရှားမှုများကို ချီယွမ် တည်ငြိမ်အောင် ကြိုးစားရင်း နေအိမ်သို့ပြန်သည့် လမ်းတစ်လျှောက်တွင် သီချင်း တညည်းည်းဖြင့် သက်သာစွာ သွားနေလိုက်သည်။ ထိုအချိန်မှာပဲ တစ်ကိုယ်လုံး နီရဲနေသော ကြီးမားသည့် ကျားတစ်ကောင်သည် အဝေးရှိ သစ်တောအုပ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာလေရဲ့။

ထိုဧရာမကျားကြီးသည် အလွန်အမင်း ကြီးမားပြီး ၈မီတာလောက် ရှိနိုင်သည်။ အဆက်မပြတ် ထွက်ပေါ်နေသော အနီရောင် အငွေ့များကြောင့် ကြောက်မက်ဖွယ် အရှိန်အဝါကို ဖော်ထုတ်နေ၏။

"ဂါး"

ခမ်းနားသော ဟိန်းသံကြီးကြောင့် နီရဲနေသည့် ပါးစပ်သည် ပွင့်ဟသွားခဲ့ပြီး ကြောက်မက်ဖွယ် အစွယ်များနှင့် လက်သည်းကို ဖော်ထုတ်ရင်း ချီယွမ်ရှိရာသို့ တစ်ဟုန်ထိုး ပြေးလာလေရဲ့။

……..

All Chapters