(မင်းကို နေရာတကာ သေးပေါက်ချဖို့ ဘယ်သူပြောထားလဲကွ)
Vol. 4 Ch. 32
"ချီတ၊ မင်းသေပြီသာမှတ်"
အမှောင်ထဲက ရပ်ကြည့်နေသည့် ဝမ်လုချန်၏ မျက်လုံးအတွင်းတွင် မကောင်းတဲ့အရိပ်အငွေ့များ အပြည့်ရှိနေသည်။ ချီယွမ်ကတော့ နေရာမှာပဲ မလှုတ်မယှက် ရပ်နေလေရဲ့။
"ဝမ်းကွဲအကိုရဲ့အကြံက တစ်ကယ်ကောင်းတယ်၊ ဒီတစ်ခေါက် မင်းလွတ်အောင်ပြေးနိုင်မလား ငါကြည့်မယ်"
"ဒီကြေးနီမီးတောက်ကျားကလည်း အဆင့်တက်တော့မှာဆိုတော့ အာဟာရလိုအပ်နေတယ်။ မင်းလိုမျိုး ချီသန့်စင်ခြင်းနယ်ပယ်ပဲ ရှိသေးတဲ့ အစေခံတပည့်တစ်ယောက်ကို သတ်ရတာက သူ့လို ထိပ်သီးအဆင့် ဝိညာဉ်သားရဲအတွက် ဘာကိစ္စမှ မဟုတ်ဘူး၊သူက နဂိုထဲက ရိုင်းစိုင်းတဲ့သားရဲပဲ။ ဒါ့အပြင် အကြီးအကဲရှုရဲ့ နောက်ခံရထားတဲ့အတွက် အပြင်ဂိုဏ်းက တပည့်ကို သတ်လိုက်မိတယ်ဆိုရင်တောင်မှ ရက်တစ်ချို့ အကျဉ်းချခံထားရရုံပဲ ရှိမှာ၊ဘယ်လိုအကျိုးဆက်ကိုမှ ရင်ဆိုင်ရမှာ မဟုတ်ဘူး"
"မင်းသေပြီးသွားတာနဲ့ ဟိုကောင် လင်ကျန်းတစ်ကောင်ပဲ ကျန်တော့မှာ၊ သေချာပေါက် အဲ့ကောင်ကိုလည်း ငါလက်စသတ်ပေးမယ်"
ဝမ်လုချန် တွေးလေလေ ကျေနပ်လေလေ ဖြစ်လာကာ ကျယ်လောင်စွာ ရယ်မောချင်ခဲ့သည်။
တစ်ဖက်တွင်တော့ အကြမ်းပတမ်း ပြေးဝင်လာသော ကျားကြီးကို ချီယွမ် တည်ငြိမ်စွာဖြင့် ကြည့်လိုက်လေရဲ့။ သူ့ထံတွင် ရှောင်ရှားလိုစိတ် နည်းနည်းလေးတောင် မရှိချေ။
"ငတုံးကောင် မင်းသေချင်နေတာလား"
ထိုမြင်ကွင်းကြောင့် အရိပ်ထဲမှ တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော ဝမ်လုချန် အနည်းငယ် အံ့ဩသွားခဲ့သည်။
[သေတော့မှာကို ဒီကောင်က အခုလိုမျိုး မတုန်မလှုပ် ရပ်နေတာလား။ ဘာလဲ ထွက်ပြေးတာထက် သေတာက ပိုဂုဏ်ရှိမယ်လို့ ထင်နေလို့လား]
နောက်တစ်စက္ကန့်မှာပဲ ဝမ်လုချန်၏ မျက်နှာထားသည် အလွန့်အလွန် မယုံကြည်နိုင်မှုများ ပြည့်နှက်လာတော့သည်။
ချီယွမ်၏ အသံထွက်ပေါ်လာသည်နှင့် ကြမ်းတမ်းကာ ထိန်းချုပ်မရခဲ့သော ကြေးနီမီးတောက်ကျားကြီးသည် တစ်ကိုယ်လုံး တုန်ယင်သွားကာ နေရာမှာပင် အေးခဲသွားလေ၏။ ထိုကျား၏ အရှိန်အဝါသည်လည်း သိသာစွာ လျော့ကျသွားခဲ့သည်။ ထို့နောက်မှာ ချက်ချင်းဆိုသလို ကြောင်ပေါက်လေးတစ်ကောင်လို ဝပ်ဆင်းလိုက်ရင်း...
"ငါမလုပ်ပါဘူး... ငါမလုပ်ရဲပါဘူး၊ ဒါအထင်လွဲတာပါ... ဒါလုံးဝကို အထင်လွဲတာ"
"အဲလိုလား"
ချီယွမ် အေးစက်စွာ မဲ့ရွဲ့ရင်း ကြေးနီမီးတောက်ကျားကြီးဆီသို့ တစ်လှမ်းချင်း ရှေ့တိုးသွားလိုက်သည်။
ချီယွမ် ချဉ်းကပ်လာလေလေ၊ ကြေးနီမီးတောက်ကျားခဗျာ အလွန်ကြောက်မက်ဖွယ်ကောင်းသော သားရဲတစ်ကောင်ကို ရင်ဆိုင်ရသည့်နှယ် သွေးပျက်လာလေလေ ဖြစ်လာ၏။ သွေးနီရောင်မျက်လုံးအတွင်းမှာ လူသားများလို ကြောက်ရွံ့မှုများ ထွက်ပေါ်နေရင်း တစ်ဆတ်ဆတ် တုန်ယင်လာသည်။ သူ၏အမြီးကိုပါ မသိလိုက်စွာဖြင့် ခြေထောက်ကြားတွင် ဖွက်လိုက်မိသည်။ နောက်ဆုံးတွင် ကြေးနီရောင်မီးတောက်ကျားဆီမှ ထွက်ပေါ်လာသော အဝါရောင်အရည်များက မြေပြင်ပေါ် စီးကျလာခဲ့ပြီး စူးရှသည့်အနံ့က လေထုကို ဖုံးလွှမ်းသွားလေရဲ့။
(ဟမ်)
ဝမ်လုချန်တစ်ယောက် မိုးကြိုးပစ်ချခံလိုက်ရသလိုမျိုး နေရာမှာ အံ့ဩမှင်သက်နေမိ၏။
[ငါဘာတွေ မြင်နေရတာလဲ။ ဒီကြေးနီမီးတောက်ကျားက ကြမ်းတမ်းပြီး ရိုင်းစိုင်းတဲ့ သားရဲတိရစ္ဆာန် မဟုတ်ဘူးလား။ ဒီလောက်ယဉ်ပါးတဲ့ တိရစ္ဆာန်လား။ ငါဘာလို့ မသိခဲ့ရတာလဲ]
ကြေးနီမီးတောက်ကျားသည် ဝိညာဉ်အခြေတည်အလယ်အဆင့် ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး ထိုကျား၏ တိုက်ခိုက်စွမ်းရည်သည် သာမန်ဝိညာဉ်အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက် မနိမ့်ကျပါချေ။ သို့ပေမယ့် ထိုကြမ်းကြုတ်သော ကျားကြီးသည် ချီသန့်စင်ခြင်း အစေခံတပည့်တစ်ယောက်ကို ကြောက်ရွံ့နေလေ၏။
ဝမ်လုချန် အဖြေမရှာနိုင်ခင်မှာပဲ ကြေးနီမီးတောက်ကျား ရှိရာသို့ ချီယွမ် ရောက်သွားလေကာ ထိုကျား၏ ကြီးမားသော ခေါင်းကြီးကို ခပ်ဖွဖွ ကန်လိုက်သည်။
"မင်းကို ဒီနေရာမှာ သေးပေါက်ချဖို့ ဘယ်သူပြောလဲ။ ရွံစရာကောင်းလိုက်တာ သွားစမ်း"
အကန်ခံလိုက်ရသော ကြေးနီမီးတောက်ကျားသည် ပြန်လည်မတုံ့ပြန်ပါချေ။ ထို့အစား ထိုကျားသည် စိတ်သက်သာရာ ရသွားစွာဖြင့် မြေပြင်ပေါ်မှ ပြန်ထလိုက်သည်။ အလွန်နာခံစွာဖြင့် အမြီးတစ်ယမ်းယမ်းနှင့် ချီယွမ်ကို မော့ကြည့်လိုက်ပြီးမှ အဝေးကို ထွက်သွားသည်။
ချီယွမ် ခပ်ဝေးဝေး ရောက်သွားပြီးနောက်မှသာ ဝမ်လုချန်တစ်ယောက် ထိတ်လန့်မှုမှ ရုန်းထွက်နိုင်ခဲ့ပြီး အစစ်အမှန်မဟုတ်သော ခံစားချက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းနေလေရဲ့။
နောက်တစ်စက္ကန့်မှာပဲ ကျောချမ်းဖွယ် အရှိန်အဝါတစ်ခုက ဝမ်လုချန်၏ ခန္ဓာကိုယ်ကို ပိတ်လှောင်လာခဲ့သည်။ တဖြည်းဖြည်း ရောက်ရှိလာသော လူသတ်အရိပ်ငွေ့များကြောင့် ဝမ်လုချန်တစ်ယောက် ဆံပင်မွေးများ ထထောင်လာသလို ခံစားလိုက်ရရင်း လှည့်ကြည့်လိုက်ရာ..
အစောက ထွက်သွားသော ကြေးနီမီးတောက်ကျားကြီးသည် သူ့အနောက်တွင် ရောက်နေပြီး ရေခဲတမျှ အေးစက်သော မျက်လုံးများဖြင့် စောင့်ကြည့်နေလေရဲ့။
ဝမ်လုချန် ခက်ခဲစွာ တံတွေးမျိုချလိုက်ရင်း အကြောက်တရားအပြည့်နှင့် ပြောလိုက်သည်။
"ကျားသခင်ကြီး၊ ဘာလုပ်နေတာပါလဲ။ ကျွန်တော့်ရဲ့ဦးလေးက ရွှေအမြုတေနယ်ပယ် အကြီးအကဲယင်ချင်းယွမ်နော်၊ ကျားသခင်ကြီး ကျွန်တော့်ကို အန္တရာယ်ပြုမယ်ဆိုရင် အကြီးအကဲယင်က ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး"
ထိုကြေးနီမီးတောက်ကျားကြီးကလည်း သွေးနီရောင်မျက်လုံးများဖြင့် နေရာတွင် မလှုတ်မယှက် စိုက်ကြည့်နေကာ လူသတ်အရိပ်ငွေ့များ အဆက်မပြတ် ထုတ်လွှတ်နေသည်။
"မင်း ငါ့ကို အသတ်ခံရတော့မလို လုပ်လိုက်တာနော်၊ ဒီတစ်ခေါက်တော့ မင်းရဲ့ဦးလေးက ဘာကြီးပဲ ဖြစ်နေပါစေ ငါဂရုမစိုက်ဘူး၊ အကယ်၍ ဒီနေရာကို ဂိုဏ်းခေါင်းဆောင် ရောက်လာတယ်ဆိုရင်တောင်မှ မင်းကို ကယ်တင်နိုင်မှာ မဟုတ်ဘူး၊ မင်းဒီနေ့မသေဘူးဆိုရင် ငါဒီည သေလိမ့်မယ်"
ပြောပြီးသည်နှင့် ကြေးနီမီးတောက်ကျားကြီးသည် ဟိန်းလာကာ ချွန်မြသော လက်သည်းချွန်များကို မြှောက်ရင်း အကြမ်းပတမ်း ခုန်အုပ်လိုက်သည်။
"မဟုတ်ဘူး၊ ချမ်းသာပေးပါ ချမ်းသာပေးပါ အား"
ချက်ချင်းဆိုသလို သွေးများ ဖြာထွက်သွားပြီး အော်ဟစ်သံသည် ကြောက်မက်ဖွယ် ရပ်တန့်သွားလေ၏။ ဝမ်လုချန်ကို ဖြေရှင်းပြီးသည်နှင့် ကြေးနီမီးတောက်ကျားကြီးသည် ခန္ဓာကိုယ်ကို သယ်ဆောင်ကာ ဂူနက်အတွင်းသို့ လျင်မြန်စွာ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
နောက်တစ်နေ့မနက်တွင် အကြီးအကဲရှု၏ ဝိညာဉ်မီးတောက်သားရဲသည် စိတ်ရိုင်းဖောက်ကာ အစေခံတပည့် ဝမ်လုချန်ကို သတ်ဖြတ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်လာခဲ့ပြီး ဂိုဏ်းအတွင်းတွင် ပွက်လောရိုက်နေတော့သည်။ ဝမ်လုချန်သည် ဂိုဏ်းအတွင်း၌ ထူးခြားသော အနေအထားကို ပိုင်ဆိုင်ထားပါ၏။ ဝမ်လုချန်ထံတွင် ရှားပါးဝိညာဉ်သွေးကြောဖြစ်သော ဒြပ်စင်နှစ်မျိုး အသုံးပြုလို့ရသည့် ဝိညာဉ်သွေးကြောကို ရထားသည်။ ထို့အပြင် တပည့်အသစ်ခန့်အပ်ရေးအတွက် တာဝန်ရှိသူ အကြီးအကဲယင်ချင်းယွမ်၏ တူလည်း ဖြစ်နေသေး၏။ ပုံမှန်အားဖြင့် ထိုအဖြစ်အပျက်ကို သေချာစစ်ဆေးပြီး ရိုင်းစိုင်းသည့် ဝိညာဉ်သားရဲကို ပြင်းထန်စွာ အပြစ်ပေးလိမ့်မည်။ သို့ပေမဲ့ ကြေးနီမီးတောက်ကျား၏ ပိုင်ရှင်ဖြစ်သူ အကြီးအကဲရှုသည် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ အကြီးအကဲဖြစ်လေရာ တိမ်ကြွေဂိုဏ်း၏ မြင့်မားသောရာထူးကို ရယူနိုင်သည့်အတွက် အကြီးအကဲ ယင်ချင်းယွမ်ကို ဖိနှိပ်နိုင်ခဲ့သည်။ ရလဒ်အဖြစ် နောက်ဆုံးထွက်လာသော စစ်ဆေးမှုသည် တပည့်များစွာကို ထိတ်လန့်စေခဲ့သည်။
စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ စစ်ဆေးမှုအရ နစ်နာသူ ဝမ်လုချန်သည် မကြာသေးခင်က အပြစ်ပေးခံရမှုအတွက် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ အကြီးအကဲကို အမုန်းထားနေသည်ဖြစ်လေရာ အကြီးအကဲရှု၏ နှစ်သက်ခံရသော သားရဲ ကြေးနီမီးတောက်ကျားကို တစ်ခါတစ်ရံ အစာမကျွေးဘဲ ရိုင်းရိုင်းစိုင်းစိုင်း စတင်ပြုမူခဲ့သည်။
အဆာလွန်သွားသော ကြေးနီမီးတောက်ကျားသည် ထိန်းချုပ်မှုများ လွတ်ကင်းပြီး စိတ်လွတ်သွားကာ ဒေါသတကြီးဖြင့် ဝမ်လုချန်ကို မတော်တဆ သတ်မိသွား၏။ သို့ပေမဲ့ အခြေအနေကို နားလည်ကြည့်လျှင် နားလည်နိုင်သော ကိစ္စတစ်ခုပါပေ။
ထို့ကြောင့် ပညာပေးသည့်အနေဖြင့် တိုက်ခိုက်ခဲ့သော ကြေးနီမီးတောက်ဝိညာဉ်သားရဲကို သုံးလ အကျဉ်းချခဲ့ပြီး နေ့စဉ်အစာကို တစ်ဝက်လျှော့ချခံလိုက်ရသည်။
အပြင်တွင် ထုတ်ပြန်ထားသော သတိပေးချက်ကြောင့် ချီယွမ် လောကကြီးအကြောင်းကို ချက်ချင်းနားလည်သွားခဲ့သည်။ စုံစမ်းမှု၏ အချက်အလက်အားလုံးက မယုံကြည်နိုင်စရာ ကောင်းနေသော်ငြား အံ့သြဖို့ကောင်းစွာပင် ဂိုဏ်းဘက်မှ အတည်ပြုပေးထားသည်။ ပိုပြီးအံ့အားသင့်ဖွယ်ကောင်းသည်မှာ တိမ်ကြွေဂိုဏ်း၏ တပည့်အများစုသည် သတိပေးချက်ကို မြင်သည်နှင့် ဝမ်လုချန်ကို စိတ်ဓာတ်ကျဉ်းမြောင်းပြီး တိရစ္ဆာန်ကိုတောင် အနိုင်ကျင့်တဲ့ နှလုံးသားမရှိသူဟု ဆဲရေးကြလေရဲ့။ အကယ်၍ နစ်နာသူသာ မြင်သွားမည်ဆိုလျှင် ဒေါသထွက်ပြီး အသက်ပြန်ရှင်လာလောက်သည်။
အမှန်ကတော့ ဝမ်လုချန်သည် ထပ်မံရန်စလာခဲ့သည့်အတွက် ချီယွမ် သတ်ပစ်ဖို့ ကြိုးစားခဲ့တာပဲ။ ကြေးနီမီးတောက်ကျားသည် ချီယွမ်၏ သာမန်ဆင်ခြေတစ်ခုသာ ဖြစ်၏။ ထိုက်ရွှမ်းသန့်စင်မြေ၏ တာအိုသားတော် ဖြစ်သောသူ့ကို ယုတ်မာတဲ့ လူပြက်တစ်ယောက်က အကြိမ်ကြိမ် ရန်စနေတာကို ငြိမ်ခံစရာလား..
ထိုသို့သော သေးငယ်သည့် အမှိုက်ကောင်မျိုးကို ရှင်းလင်းပစ်ရမည်ပင်။ သူဆိုသောပုဂ္ဂိုလ်က သဘောကောင်းစွာဖြင့် ရန်သူကို အကြိမ်ကြိမ် တိုက်ခိုက်ဖို့ ခွင့်ပြုတတ်သူ မဟုတ်ချေ။ တစ်စုံတစ်ယောက်က သေဖို့ရန် ခုန်ထွက်လာပြီဆိုမှတော့ ထိုသူတို့၏ ဆန္ဒကို ဖြည့်ဆည်းပေးမည်သာ။
"အဲဒီလူလိမ် ဝမ်လုချန်က နောက်ဆုံးတော့ သေပြီပဲ၊ ဟားဟား ကောင်းကင်ဘုံမှာ မျက်စိရှိတာပဲ"
ချီယွမ်၏ ဘေးတွင်ရှိနေသော လင်ကျန်းသည် သတိပေးစာကို ကြည့်နေရင်း မုန်းတီးမှုအပြည့်နှင့် ပြောဆိုလိုက်သည်။
"ငါကိုယ်တိုင် မသတ်လိုက်ရတာတော့ စိတ်မကောင်းစရာပဲ၊ အဲ့ဒီလို အမှိုက်ကောင်ကို အလွယ်တကူ သေခွင့်ပေးလိုက်ရတာက သူ့အတွက် အရမ်းကောင်းလွန်းနေတယ်"
ချီယွမ်သည် လင်ကျန်း၏ ပခုံးကို ပုတ်လိုက်ကာ ဆန်းကြယ်သော လေသံနှင့် ပြောလိုက်သည်။
"ဒီကိစ္စက သူကိုယ်တိုင် ဖန်တီးခဲ့တာပဲ၊ ပိုကောင်းတာက ငါတို့ရဲ့လက်တွေ မညစ်ပတ်တော့ဘူးပေါ့"
လင်ကျန်း ခေါင်းညိတ်လိုက်ကာ...
"ကောင်းကင်ဘုံက တစ်ကယ်ကို မျှတတယ်၊ လူကောင်းနဲ့လူဆိုးကို ထိုက်တန်တဲ့ ကံတရားကို ပေးအပ်ထားတယ်၊ ဒါပေမဲ့ အဲ့ဒီကောင်ရဲ့အသက်ကို ဝိညာဉ်သားရဲတစ်ကောင်ဆီမှာ ဆုံးပါးသွားလိမ့်မယ်လို့ ငါမထင်ထားမိဘူး၊ လူတစ်ယောက်ရဲ့ဘဝက တော်တော်လေး မှန်းဆလို့မရပါလား"
ချီယွမ် ခပ်ဖွဖွပြုံးလိုက်ကာ ပုံမှန်လိုပဲ ဖြေကြားလိုက်သည်။
"ဒါက ကံတရားနေမှာပေါ့"
ထိုအချိန်တွင် ချီယွမ်သည် တစ်စုံတစ်ခုကို ရိပ်စားမိလိုက်သည်။
ဘယ်သူမှ သတိမထားမိစွာပင် လင်ကျန်းသည် ချီသန့်စင်ခြင်းအဆင့် ၄သို့ ရောက်ရှိခဲ့ပြီး ကျင့်ကြံရေးဗျူဟာသည် ပိုမိုနက်ရှိုင်းလာရုံသာမက စကားပြောပုံပင် ပြောင်းလဲကာ ပိုမိုသိမ်မွေ့လာခဲ့သည်။
[ဟိုအနက်ရောင်လက်စွပ်ထဲမှာ တကယ်ပဲ ရှေးဟောင်းအဘိုးကြီးတစ်ယောက် ရှိနေတာများလား]
……