← Chapters

(အချင်းချင်း ကူညီဖို့သင့်ပြီ)

Vol. 4 Ch. 33

(အချင်းချင်း ကူညီဖို့သင့်ပြီ)

Vol. 4 Ch. 33

ထိုညတွင် ရိုးရှင်းစွာပြင်ဆင်ထားသော အတွင်းခန်းမ၏ ရှေးဟောင်းအုတ်ဂူတစ်ခု အတွင်း၌…

ယင်ချင်းယွမ်သည် ဒေါသကြောင့် မဲမှောင်နေသော မျက်နှာဖြင့် တိမ်မွေ့ယာပေါ်တွင် လေးလံစွာ ထိုင်ချလိုက်သည်။မွေ့ယာ၏ အရှေ့တွင် ဒူးထောက်နေသော ယင်ဟောင်၏ခန္ဓာကိုယ်သည် တုန်ယင်နေကာ ခေါင်းငုံ့ အရိုသေပေးနေရာမှ အသံတစ်ချက်တောင် မထွက်ရဲချေ။

“မင်းပြောခဲ့တာအမှန်ပဲလား”

မြေပြင်ပေါ်တွင်ဒူးထောက်နေသော သားဖြစ်သူကို ယင်ချင်းယွမ် ခပ်ဖျော့ဖျော့ လှမ်းကြည့်လိုက်သည်။

ယင်ဟောင်လျင်မြန်စွာ ခေါင်းငြိမ့်ပြရင်း လေးစားစွာ ဖြေကြားလိုက်၏။

“အဖေ ကျွန်တော် တစ်ကယ်ကိုအမှန်တိုင်းပြောနေတာပါ။ ကျွန်တော်ကိုယ်တိုင် အဲ့ဒီကြေးနီမီးတောက်ကျားကို အသုံးပြုပြီး ဝမ်းကွဲညီလေးကို ချီတကို တိုက်ခိုက်ဖို့ အကြံပေးခဲ့တာ။ ဒါပေမဲ့ ဒီလိုဖြစ်သွားမယ်လို့ ကျွန်တော်လဲ …”

ဖြန်း

ယင်ဟောင်စကားပြောလို့မပြီးခင်မှာပဲ ကြမ်းတမ်းသောအသံတစ်ခု ထွက်ပေါ်လာခဲ့ပြီး ယင်ဟောင်ရဲ့ ပါးတစ်ဖက်သည် နီရဲမို့အစ်သွားသည်။

ယင်ဟောင်၏ နှုတ်ခမ်းထောင့်မှ ချက်ချင်းဆိုသလို သွေးစတချို့ စီးကျလာ၏။

ယင်ချင်းယွမ် အေးစက်စွာ နှာမှုတ်လိုက်ကာ ကျောချမ်းဖွယ် လေသံဖြင့်

“ဒီတစ်ခါ မင်းဘာမှားသွားလဲ သိလား”

ထိုရိုက်ချက်ကို လက်ခံရသည့်တိုင်အောင် ယင်ဟောင်တစ်ယောက် နှုတ်ခမ်းထောင့်မှ သွေးကို မသုတ်ရဲပါချေ။ထိုအစား သတိကြီးစွာဖြင့် ဖြေကြားလိုက်၏။

“ဂိုဏ်းတူ တပည့်အချင်းချင်းကို တိုက်ခိုက်အောင်လုပ်ဖို့ ဝမ်းကွဲညီလေးကို မမြှောက်ပေးသင့်ဘူး”

ဘန်း

ထိုစကားဆုံးသည်နှင့် ကျရောက်လာသော လေးလံသည့်ကန်ချက်ကြောင့် ယင်ဟောင်၏ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်မြှောက်တတ်သွားကာ အနောက်မှာရှိနေသော သစ်သားထိုင်ခုံနှင့် ရိုက်ခတ်ပြီး ထိုထိုင်ခုံပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။

မြေပြင်ပေါ်မှာ လူးလိမ့်ပြုတ်ကျသွားပေမဲ့ ယင်ဟောင် လျင်မြန်စွာ ကုန်းရုန်းထလိုက်၏။ပခုံးထက်က နာကျင်မှုကို တောင့်ခံရင်း ဒူးပြန်ထောက်လိုက်သည်။

“ငတုံးကောင် ငါတို့အခုလုပ်နေတဲ့ ကိစ္စတွေကို မင်းပြန်စဉ်းစားကြည့်လိုက် ဂိုဏ်းတူတပည့်တစ်ယောက်ကို ဒုက္ခရောက်အောင်လုပ်တာက ကိစ္စကြီးတစ်ခုလား”

ရွံရှာမှုများဖြင့် ကိုယ့်၏သားဖြစ်သူကို စိုက်ကြည့်နေသော ယင်ချင်းယွမ်၏လေသံသည် ရေခဲတမျှ အေးစက်နေသည်။

“မင်းရဲ့ဝမ်းကွဲညီလေး ဝမ်လုချန်အတွက် ရပ်တည်ပေးတဲ့ ကိစ္စက မင်းမမှားဘူး။ ဘယ်လိုပဲဆိုဆို သူက ငါတို့ရဲ့မိသားစုပဲ။ ဒါပေမဲ့ အဲ့ဒီအချိန်မှာ မင်းမလုပ်သင့်တာက အဲ့ဒီဝိညာဉ်သားရဲ ကြေးနီမီးတောက် ကျားကို ဆွဲသွင်းတာပဲ ။ ကြေးနီ မီးတောက်ကျားက ဘာကောင်မှမဟုတ်ဘူး။ ဒါပေမဲ့ သူအနောက်မှာရှိနေတဲ့ စည်းကမ်းထိန်းသိမ်းရေးခြံဝင်းရဲ့ အကြီးအကဲရှုကတော့ ပေါ့သေးသေး တွက်လို့ရတဲ့ လူမဟုတ်ဘူးကွ”

“ဝမ်မိသားစုရဲ့ အမွေခံ ဝမ်လုချန်ရဲ့သေဆုံးမှုက ချီယွမ် လုပ်တာဖြစ်စေ၊ အဲ့ဒီကြေးနီမီးတောက် ကျားရဲ့ သစ္စာဖောက်မှု ဖြစ်စေ အရေးမကြီးဘူး။ အဓိကပြသာနာက သူသေသွားပြီး သူ့ရဲ့ပိုင်ဆိုင်မှုတွေ ပျောက်ဆုံးသွားတဲ့အတွက် အဲ့ဒီအဖိုးကြီး ရှုကျို့နဲ့ ငါနဲ့ မလိုအပ်ပဲ ရန်သူဖြစ်လာရပြီကွ။ ဒီနှစ်ပိုင်းအတွင်း တိမ်ကြွေဂိုဏ်းမှာ ငါဘယ်လောက် အလုပ်ကြိုးစားခဲ့လဲ မင်းမသိဘူးလား။ ဒီလောက်များတဲ့ မဟာမိတ်တွေ ငါ့ဘက်ရောက်လာအောင် ကြိုးစားနေချိန်မှာ မင်းက ဒီလိုပြသာနာကို မီးခွက်ထွန်းရှာလိုက်တာလား။ အရမ်းကိုရူးမိုက်နေတဲ့ ငမိုက်သားတစ်ကောင်ပဲ”

ထိုစကားလုံးများကြောင့် ယင်ဟောင်၏မျက်နှာသည် ဖြူဖွေးသွားကာ အဆက်မပြတ် ဦးညွှတ်အရိုအသေပေးရင်း ခွင့်လွှတ်မှုကို တောင်းခံလိုက်၏။

“အဖေ ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ ကျွန်တော်မှားသွားတာ သိပါပြီ။ ကျွန်တော် ဒီလိုမျိုးထပ်မလုပ်တော့ဘူး”

“ဟမ့် ဒီအခြေအနေရဲ့ အလေးပါမှုကို မင်းနားလည်တာကောင်းတယ် “

သားဖြစ်သူ၏ တစ်ကယ်ကြောက်လန့်နေသော ပုံစံကြောင့် ယင်ချင်းယွမ် နောက်ဆုံးတော့ မျက်နှာထားကို အနည်းငယ် ပျော့ပြောင်းစေလိုက်သည်။ထို့နောက်မှာ နက်ရှိုင်းသော လေသံဖြင့် ပြောကြားလိုက်သည်။

“နှစ်တစ်ရာလောက် ငါ မပင်မပန်းအလုပ်လုပ်ခဲ့တာက ငါ့ရဲ့ဂုဏ်သတင်းနဲ့ အာဏာကို ဆုပ်ကိုင်ဖို့ပဲ။ ဒါကိုတောင်မှ အဲ့ဒီစည်းကမ်းထိန်းသိမ်းရေး ခြံဝင်းက ငါ့ကိုစော်ကားခဲ့တယ်။ ငါ့မျက်နှာကို တစ်ချက်တောင်ထောက်တာမဟုတ်ဘူး “

“ကြည့်ရတာ ငါ့ရဲ့ အရင်ရွေးချယ်မှုက မှန်ကန်ခဲ့ပုံပဲ။ သန့်စင်ဂိုဏ်းနဲ့ ပူးပေါင်းမှသာ ငါတို့ရဲ့ ယင်အိမ်တော်က ပိုမြင့်တဲ့နေရာကို တက်လှမ်းနိုင်မယ်။ အခုလို သူများရဲ့ခြေထောက်အောက်မှာ ရှင်သန်ပြီး အရှက်ခွဲခံရမှာ မဟုတ်တော့ဘူး”

ယင်ချင်းယွမ်၏ မျက်လုံးအတွင်းရှိ မုန်းတီးသောအကြည့်များသည် ပိုမို ပြင်းထန်လာကာ

“မင်းရဲ့ ဝမ်းကွဲညီလေးက ဝိညာဉ်သွေးကြောနှစ်ခု ပါတဲ့အတွက် ကောင်းမွန်တဲ့ အနာဂတ်ကိုရလိမ့်မယ်ဆိုပြီး ဝမ်အိမ်တော်မှာ အရမ်းအလေးပေးခံရတယ် ။ မင်းရဲ့ဒေါ်လေးလဲ အရမ်းချစ်တယ်။ အခုတိမ်ကြွေဂိုဏ်းအတွင်းမှာ မလိုအပ်ပဲ သေဆုံးခဲ့ရတဲ့အတွက် ငါတို့သာ အမှန်တရားကို မရှာဖွေဘူးဆိုရင် ဖူကျိုးမြို့မှာရှိနေတဲ့ ဝမ်အိမ်တော်ကို ငါ ဘယ်လိုမျက်နှာချင်းဆိုင်ရမှာလဲ”

“ချီတ၊ ကြေးနီမီးတောက် ဝိညာဉ်သားရဲ၊မိုကျန်းယန်နဲ့ ကိုယ့်ကောင်းကျိုးပဲ သိတဲ့ အဲ့ဒီ အဖိုးကြီး ရှုကျို့ အားလုံးသေဖို့ ထိုက်တန်တယ်။ ဒီလိုဖြစ်လာပြီးဆိုမှတော့ ငါတို့လဲ အကောင်းဆုံးကြိုးစားပြီး ငါတို့ရဲ့ လမ်းမှာလာပိတ်နေတဲ့ အရှုပ်အထွေးတွေကို ဖြေရှင်းပစ်မယ်။”

ယင်ဟောင်၏နှလုံးသားသည် တုန်လှုပ်သွားကာ ထိတ်လန့်တကြားမေးလာ၏။

“အဖေဆိုလိုတာက…..”

ယင်ချင်းယွမ် မျက်လုံးများ မှေးကျဉ်းသွားလေကာ.. အေးစက်မှုများ ဝင်ရောက်လာခဲ့သည်။

“သန့်စင်ဂိုဏ်းအတွက် အလုပ်လုပ်ပေးဖို့ ငါတို့ရဲ့ယင်အိမ်တော်က အများကြီးပေးဆပ်ခဲ့တယ်။ အခု ငါတို့ ဒုက္ခရောက်နေပြီးဆိုရင် သန့်စင်ဂိုဏ်းလည်း ငြိမ်နေနိုင်မှာမဟုတ်ဘူး။ ဒီသန့်စင်ဂိုဏ်းက ငါတို့ကတဆင့် တိမ်ကြွေဂိုဏ်းကို ထိန်းချုပ်ချင်နေကြတာ။ သူတို့က အဲ့ဒီလို အကျိုးအမြတ်ထုတ်ချင်နေပေမဲ့ တစ်ဖက်က ငါကလည်း သူတို့ကို အသုံးပြုပြီး ဂိုဏ်းမှာရှိတဲ့ အနှောက်အယှက်တွေကို ဖယ်ရှားရင်း ဂိုဏ်းခေါင်းဆောင်ဖြစ်လာချင်တယ်။ ဒါက နှစ်ဦးနှစ်ဖက်မျှတတဲ့ အခြေအနေပဲ”

“ဒါက အပေးအယူတစ်ခုဆိုမှတော့ သူတို့ဘက်ကလဲ ငါတို့ကို တစ်ခုခု ပြန်ပေးရမှာပေါ့။ သန့်စင်ဂိုဏ်းရဲ့ တပည့်တစ်ယောက်က ဆေးဥယျာဉ်ထဲမှာ ပုန်းကွယ်နေတာ တော်တော်ကြာပြီ။ သူ့ရဲ့ ရိုးသားမှုကိုပြဖို့ အချိန်ကျပြီပဲ”

ကြီးမားသော သန့်စင်နယ်မြေကြီး ခုနစ်ခုအပြင် သူတို့ကိုသူတို့ သန့်စင်ဂိုဏ်းဟုရဲဝံ့စွာ ခေါ်ဆိုရဲသော ဂိုဏ်းတစ်ခုရှိပါသေး၏…. ယင်ရှဂိုဏ်း။

ကျော်ကြားသော ထိုယင်ရှဂိုဏ်းသည် နတ်ဆိုးဂိုဏ်းများအတွင်းတွင် ထိပ်သီးနေရာမှ ရပ်တည်နိုင်လေ၏။

သန့်စင်ဂိုဏ်း၏ တပည့်ဟူသော ပြောဆိုမှုကြောင့် ယင်ဟောင် ဒူးထောက်နေရာမှ မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်မိပြီး မျက်လုံးအတွင်းသို့ အလိုရမ္မက်များ ဝင်ရောက်လာခဲ့သည်။

ပိုင်ရှီရို့ကို နှစ်သက်သည်ဆိုသော်ငြား

ထိုနတ်ဆိုးဂိုဏ်းဖြစ်သော သန့်စင်ဂိုဏ်း၏ တပည့်ထံမှ ယောကျာ်းလေးကျင့်ကြံသူများကို ရူးသွပ်အောင် ပြုလုပ်နိုင်သည့် အလှတရားနှင့် ကျက်သရေရှိမှုကိုတော့ ငြင်းဆန်၍မရနိုင်ချေ။

သို့ပေမဲ့ ယင်ရှဂိုဏ်း၏ ကြောက်မက်ဖွယ် သတင်းများကို တွေးမိသွားသည်နှင့် ချက်ချင်းဆိုသလို ယင်ဟောင် တုန်ယင်သွားခဲ့သည်။ ဦးနှောက်အတွင်းမှ ဖြစ်တန်ရာမရှိသောအတွေးများကို ချက်ချင်းပဲ မောင်းထုတ်လိုက်၏။ ယင်ရှဂိုဏ်း၏ လက်ရွေးစင် တပည့်တစ်ယောက်သည် သူ့လိုမျိုး သေးငယ်သောလူတစ်ယောက်က အလွယ်တကူ ပတ်သက်နိုင်သော သာမန်သူတစ်ယောက် မဟုတ်ပါချေ။

ထိုအချိန်တွင် ပြင်ပခန်းမရှိ ဆေးဥယျာဉ် အတွင်း၌

နေဝင်သွားပြီးဆိုသော်ငြား ချီယွမ်သည် အလောတကြီး နားနေဆောင်သို့ မပြန်ခဲ့ချေ။ ထိုအစား သူက စိတ်ဝိညာဉ် စမ်းချောင်းအတွင်းမှ ရေတစ်ပုံး သွားယူရင်း အစိမ်းရောင်သစ်ရွက်ဆေးလယ်ကွင်းကို ရေလောင်းဖို့ လုပ်လိုက်သည်။

တစ်ယောက်ယောက်၏ တိတ်တဆိတ် စောင့်ကြည့်မှုခံနေရမှန်း သိသည့်တိုင်အောင် မူမမှန်သော အပြုအမူတစ်ခုကိုမှ ချီယွမ် မပြသခဲ့ပေ။ ထိုအစား အချိန်ပိုဆင်းသည့်အနေဖြင့် မနက်တစ်ကြိမ် ညနေ တစ်ကြိမ် ရေပိုလောင်းခဲ့ပြီး တစ်ဖက်၏တုံ့ပြန်မှုကို အသံတစ်ချက်မှ မလွတ်ရလေအောင် စောင့်ကြည့်ခဲ့သည်။ သိပ်မကြာခင်မှာပဲ ချီယွမ်တစ်ယောက် ဖျော့တော့သော သံစဉ်တစ်ခုကို ခံစားမိလိုက်သည်။ ထိုသံစဉ်လှိုင်းသည် မြေအောက်မှ ထွက်ပေါ်လာပြီး ခေါ်ဆိုမှု တစ်ခုနဲ့ ဆင်တူသည်။ အလွန်အားနည်းသော အသံလှိုင်းဖြစ်ပေမဲ့ လုံးဝ ဖုံးကွယ်လို့တော့ မရနိုင်ခဲ့ပေ။ ချီယွမ်၏ စူးရှသော အာရုံခံမှုကြောင့်သာမဟုတ်ရင် သတိထားမိမှာ မဟုတ်ဘူး။

ပြိုင်ပွဲကြီးကို အနှောက်ယှက်ခံရင်း တစ်ခြားကိစ္စများတွင် ဝင်ပါဖို့ ချီယွမ် စိတ်ကူးမရှိပါချေ။ သို့ပေမဲ့ ကိစ္စတွေသည် ထင်ထားသလို မဖြစ်ခဲ့ပဲ ပြသာနာက အလိုအလျောက်သူ့အား ရှာဖွေလာလေ၏။

(ကြည့်ရတာ ငါစောင့်ရှောက်ရတဲ့ လယ်ကွင်းငယ် အတွင်းမှာ ဆန်းကြယ်ပြီး ရှိန်လောက်တဲ့ အရှိန်အဝါနဲ့အပင်ဝိညာဉ် ရှိနေရုံသာမကဘူး။ အဆင့်မြင့်တဲ့ လှုပ်ရှုားမှုတစ်ချို့ကို ပိုင်ဆိုင်ထားတဲ့ စောင့်ကြည့်သူတစ်ယောက်လဲ ရှိနေပုံပဲ)

ချီယွမ်၏ မူရင်းတာဝန်ဖြစ်သော ဆေးပင်စောင့်ရှောက်ရမည့်တာဝန်ကြောင့် ထိုကိစ္စရပ်များအားလုံးကို လစ်လျူရှုဖို့မဖြစ်နိုင်တော့ချေ။

အခြေအနေကိုတောင် နားမလည်နိုင်လျှင် တိမ်ကြွေဂိုဏ်းအတွင်းမှာ ဆက်လက်နေထိုင်ပြီး စနစ်၏တာဝန်ကို ပြီးမြောက်အောင်ဆောင်ရွက်ဖို့ မလွယ်ကူပေ။ ဤသေးငယ်သောနေရာ အတွင်းမှာ ဘာတွေဖြစ်နေမှန်း ဘယ်သူပြောနိုင်မှာလဲ။ မသိကျေးကျွန်ပြုထားသည်ထက် ရူးမိုက်စွာရှာဖွေစုံစမ်းခြင်းက ပိုမိုကောင်းမွန်လိမ့်မည်။ သူ့၏ လက်ရှိအခြေအနေသည် အမှောင်ထဲမှာရှိနေပြီး ထိန်းချုပ်နိုင်စွမ်း မရှိသေးချေ။

သို့ပေမဲ့ အလောတကြီး ပြုမူလို့မဖြစ်သည့်လျောက် အရင်ဦးဆုံး စမ်းသပ်ဖို့ပြင်ဆင်လိုက်သည်။

အချိန်တစ်ချို့ကြာပြီးနောက်တွင် ရင်းနှီးသော ခေါ်ဆိုသံသည် သူ၏နားအတွင်းသို့ ထပ်မံ ဝင်ရောက်လာ၏။ဖျော့တော့ဆဲ ဆိုသော်ငြား အရင်တစ်ခေါက်ကထက် ပိုမိုကြည်လင်လာခဲ့သည်။

“အကိုကြီး… ကျေးဇူးပြုပြီး….ကယ်..ကယ်…”

ထိုရှင်းလင်းပြီး ကလေးဆန်သောအသံက ငယ်ရွယ်သည့် ကလေးတစ်ယောက်ထံမှ ဖြစ်တန်ရာ၏။ ချီယွမ်၏မျက်နှာထားသည် အနည်းငယ် ပြောင်းလဲ သွားခဲ့သည်။ ချက်ချင်းဆိုသလို အသံပိုင်ရှင်ကို ရှာဖွေဖို့ကြိုးစားချင်ခဲ့သည်။ သို့ပေမဲ့ လှုပ်ရှားဖို့ ပြင်ဆင်လိုက်ချိန်မှာပဲ ထိုအသံဖျော့ဖျော့သည် ရုတ်ချည်းရပ်တန့်သွားကာ မရှိခဲ့သလိုမျိုး ပျောက်ကွယ်သွား၏။

နောက်တစ်စက္ကန့်တွင် ရင်းနှီးသော မိန်းကလေးအသံတစ်ခုကို အနောက်ဘက်မှ ကြားလိုက်ရသည်။

“ဂိုဏ်းတူမောင်လေးချီ ဒီလောက်နောက်ကျနေတာကို ဘာလုပ်နေသေးတာလဲ”

…….

All Chapters