← Chapters

(နတ်ဆိုးဂိုဏ်းက ကျိချန်အာ)

Vol. 4 Ch. 34

(နတ်ဆိုးဂိုဏ်းက ကျိချန်အာ)

Vol. 4 Ch. 34

(ကျန်းယုယန်လား)

ကျန်းယုယန် ဝင်လာသည်နှင့် ချီယွမ်၏ အကြည့်သည် အနည်းငယ် စူးရှသွားသလို ချက်ချင်း သတိကပ်သွား၏။ သို့သော်ငြား ချီယွမ် တည်ငြိမ်စွာ မေးလိုက်သည်။

“ဂိုဏ်းတူအမကျန်း ဒီရက်ပိုင်း ဒီအစိမ်းရောင် သစ်ရွက်အပင်တွေက ကောင်းကောင်း မကြီးထွားဘူး။ ဒါ့ကြောင့် နောက်နှုတ်ရင် အပင်တွေ မလိုအပ်ပဲ သေကုန်မှာ စိုးလို့ ကျွန်‌တော် မနက်နဲ့ည‌နေ ရေပိုလောင်းဖို့ ဆုံးဖြတ်လိုက်တာလေ”

“အို့ အဲ့လိုလား အမသိပြီ”

ပုံမှန်လိုမျိုး ကျမ်းယုယန် ခေါင်းညိတ် ပြလိုက်ရင်း သူမ၏နူးညံ့သော မျက်နှာထက်တွင် အပြုံးတစ်ခု ဝင်ရောက်လာခဲ့သည်။

“ဂိုဏ်းတူအမပိုင်က မင်းကို စောင့်ရှောက်ပေးဖို့ ပြောခဲ့တာ မဆန်းတော့ပါဘူး။ မောင်လေးချီက အလုပ်ကို သေချာစိတ်ထည့်ပြီး လုပ်တတ်တာပဲ”

ထိုစကားကြောင့် ချီယွမ် မျက်ခုံးတစ်ဖက် ပင့်သွားကာ လက်ထဲရှိရေပုံးအလွတ်ကို လက်ညှိုးထိုးပြလိုက်ရင်း ခံစားချက် မရှိစွာဖြင့် ပြောလိုက်သည်။

"ဂိုဏ်းတူအမကျန်းက ကြင်နာလွန်း နေပါပြီ။ ကျွန်တော်က အဲ့လို ချီးမြှောက်မှုမျိုးနဲ့ မထိုက်တန်ပါဘူး။ အခု ဒီလယ်ကွင်းကို ရေတစ်ကြိမ်လောင်း ပြီးသွားရင် ကျွန်တော်က ပြန်ပြီး ကျင့်ကြံမလို့ရယ်"

“ဒါဆိုရင် အမ မင်းကို နှောင့်ယှက်မိသွားပြီ”

ကျန်းယုယန်သည် ခပ်ဖွဖွ ပြုံးလိုက်ကာ ဝေဝါးနေသော မျက်လုံးများဖြင့် နူးညံ့စွာ ကြည့်လာ၏။

“အစောပိုင်းက ထူးဆန်းတဲ့ အသံတစ်ခုကို မောင်လေးချီ ကြားလိုက်ရသလား”

သူမ၏ အသံသည် စွမ်းအင်တစ်ခုပါဝင်နေသည့်နှယ် ရေတစ်ခုလို နူးညံ့သိမ်မွေ့ကာ သံစဉ်တစ်ပုဒ်လို ချိုသာ၏။ ထို့အတူ သူမ၏ ဆန်းကြယ်သော မျက်လုံး အတွင်းမှာလည်း လူစိတ်ကို ညှို့ယူနိုင်သည့်ဆွဲဆောင်မှု တစ်မျိုး ရှိနေခဲ့သည်။

ချီယွမ် စိုက်ကြည့်နေမိရင်း ထိုနေရာမှာပဲ မျက်လုံးများ ဗလာဖြစ်သွားကာ မျက်နှာထားသည်လည်း ရီဝေသွားခဲ့သည်။

“ဘယ်လို.... ဘယ်လိုအသံမျိုးလဲ။ ကျွန်တော် ဘာအသံမှ မကြားခဲ့ရဘူး”

“အို့ ဟုတ်လား။ ဒါဆိုရင် အမ အမှတ်မှားတာ နေမှာပါ”

ကျန်းယုယန် အနည်းငယ်မျက်မှောင် ကြုတ်သွားကာ လက်တဖက် ယမ်းပြလိုက်သည်။

“ဒါဆိုရင် စောစောပြန်ပြီး နားတော့လေ။ အကယ်လို့ မနက်ဖြန်နိုးလာခဲ့ရင် အမနဲ့ တွေ့ခဲ့တာကို မောင်လေးချီ လုံးဝ မေ့သွားလိမ့်မယ်”

“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါပြီ”

သစ်သားတုံး တစ်တုံးလိုမျိုး ချီယွမ် တောင့်တင်းစွာ ခေါင်းညိတ် ပြလိုက်ပြီး တစ်ချက်ကလေးတောင် နောက်လှည့် မကြည့်တော့ပဲ ထွက်သွားခဲ့သည်။ ချီယွမ်၏ ခြေလှမ်းများသည်လည်း အနည်းငယ် တောင့်တင်းနေ၏။

ဆေးဥယျာဥ်နှင့် အဝေးသို့ ရောက်မှသာ ချီယွမ် လေးလံစွာ သက်ပြင်း တစ်ချက်ချလိုက်သည်။ စိတ်သက်သာရာ ရသွားခြင်းကြောင့် ချီယွမ်၏ မျက်လုံးတစ်စုံသည် ချက်ချင်းဆိုသလို ကြည်ရှင်းလာကာ အစောပိုင်းကလို ရီ‌ဝေနေသည့် အပြုအမူမျိုး မရှိတော့ချေ။ ထိုအချိန်တွင် သူ့၏ နှလုံးသားသည် တဒုတ်ဒုတ် ခုန်နေဆဲဖြစ်ပြီး နဖူးပြင်ထက်မှာလည်း ချွေးများအပြည့်ပင်။

“ဘယ်လိုတောင် အင်အားကြီးတဲ့ ဝိညာဉ်ဖမ်း သိုင်းလဲ။ ငါ့ရဲ့အသက်နဲ့ ဆက်နွှယ်ထားတဲ့ စိတ်ဝိညာဉ်ရတနာက ငါ့ဝိညာဉ်ကို ကာကွယ် ပေးထားလို့သာမဟုတ်ရင် သူမရဲ့ လှည်ကွက်ထဲ ကျသွားတော့မှာပဲ”

နှလုံးသားတွင် ကပ်ငြိနေသော အကြောက်တရားများကြောင့် ချီယွမ်၏ မျက်နှာထားသည် လွန်စွာ တည်ငြိမ်လာခဲ့သည်။

( ဒါ နတ်ဆိုးဂိုဏ်းပဲ )

ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော် ဖြစ်သောကြောင့် ချီယွမ်သည် အနာဂတ်တွင် ကြုံလာရနိုင်သော ရန်သူများကို ကောင်းစွာ နားလည်ထားသည်။ နတ်ဆိုးဂိုဏ်းများထဲမှ တစ်ခုဖြစ်သော ယင်ရှဂိုဏ်းသည် လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဆိုးသိုင်းများကြောင့် အထူးကျော်ကြားသည်။ နတ်ဆိုးဂိုဏ်းများအတွင်းမှ ခေါင်းဆောင်အဖြစ် ရပ်တည်နိုင်သော ယင်ရှဂိုဏ်းသည် စည်းကမ်း တင်းကျပ်ကာ အပြုအမူလည်းရက်စက်၏။ ယင်ရှဂိုဏ်း၏ နတ်ဆိုးကျင့်ကြံ သူများသည် ကောက်ကျစ်စဉ်းလဲပြီး မျိုးစုံသော အောက်လမ်းအတတ်ကို တတ်ကျွမ်းကြသဖြင့် သူတို့၏ တိုက်ခိုက် စွမ်းရည်ကို ခန့်မှန်းလို့ မရနိုင်ကာ ကျင့်ကြံမှုနယ်ပယ်တူ ကျင့်ကြံသူများထက် ကျော်လွန်သောအရည်အချင်းရှိသည်။

ထို့ကြောင့်ပင် ယင်ရှဂိုဏ်း၏ သိုင်းပညာ အရည်အချင်းကို စမ်းသပ်နိုင်ရန် ဘယ်လိုပင် ကြိုးစားပါစေ လုံလောက်သော အချက်အလက်ကို မရနိုင်ပဲ သန့်စင်နယ်မြေကြီး ခုနှစ်ခုသည် များစွာသော လျှို့ဝှက်အထောက်တော် များကိုသာ ဆုံးရှုံးခဲ့ရ၏။

ကျန်းယုယန် အသုံးပြုသွားသော သိုင်းပညာကို ချီယွမ် ချက်ချင်းပဲ မှတ်မိလိုက်သည်။ ထိုသိုင်းသည် ယင်ရှဂိုဏ်း၏ နာမည်ကြီး သိုင်းတစ်ခုဖြစ်သော တစ္ဆေဖမ်း ယင်သိုင်းပညာပင်။

ယင်ရှဂိုဏ်း၏ အမွေအနှစ်ဖြစ်သော ဤသိုင်းပညာကို လက်ရွေးစင် တပည့်တစ်ချို့သာ သင်ယူခွင့်ရှိ၏ ။ ဤမျှ သေးငယ်‌သော တိမ်ကြွေဂိုဏ်း အတွင်းတွင် နာမည်ကြီး ယင်ရှဂိုဏ်း၏ ဝိညာဉ်အခြေတည်နယ်ပယ် လက်ရွေးစင်တပည့်တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဟု ချီယွမ် တစ်ခါမှ စိတ်ကူးမယဉ်ခဲ့ မိပါချေ။

အစောပိုင်းက အခြေအနေသည် အလွန် အန္တရာယ်ရှိသည်။ သူ့၏ တမူ ထူးခြားသော သရုပ်ဆောင် စွမ်းရည်ကြောင့်သာ မဟုတ်လျှင် တော်တော်လေး အခြေအနေ ဆိုးနိုင်၏။ နတ်ဆိုးဂိုဏ်းထံတွင် ထိုက်ရွှမ်း သန့်စင်နယ်မြေ၏ တာအိုသားတော် ဖြစ်သော သူ့၏ သရုပ်မှန်ကို ဖော်ထုတ် ခံလိုက်ရပါက စိတ်ကူးမယဥ်နိုင်သော အကျိုးဆက်ကို ရင်ဆိုင်ရပေလိမ့်မည်။

နောက်ဆုံး တိုက်ခိုက်လျှင် သူမထံမှ လွတ်မြောက်နိုင်သည် ဆိုသော်ငြား ထိုအချက်သည် တိမ်ကြွေဂိုဏ်း အတွင်းရှိ တခြားကျင့်ကြံသူများကို မလိုအပ်ပဲ သတိပေးမိသလို ဖြစ်သွားကာ စနစ်မှ ထပ်မံ ပေးအပ်လာသော တာဝန်ကို ဆောင်ရွက်ဖို့ ကျရှုံးလိမ့်မည်။ ထိုအချက်ကလည်း လက်ခံဖွယ်ရာ မရှိချေ။

“လက်ရှိမှာ ယင်ရှဂိုဏ်းရဲ့ အမျိုးသမီးကျင့်ကြံသူက ငါ့ကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးထင်တယ်။ သူမက တိမ်ကြွေဂိုဏ်းမှာ သရုပ်မှန်ကို ဖုံးကွယ်ပြီး ဆေးဥယျာဉ်ကို စောင့်ရှောက်ဖို့ အသည်းအသန်

တောင်းဆိုခဲ့တယ်။ ဒါ့ကြောင့် သူမရဲ့ ပစ်မှတ်က နှစ်တစ်သောင်း သက်တမ်းရှိတဲ့ အပင်ဝိညာဉ်ပဲ ဖြစ်ရမယ်”

ချီယွမ် အသက်တစ်ချက် ရှုသွင်းကာ နှလုံးသားထဲရှိ အကြောက်တရားများကို ဖိနှိပ်လိုက်သည်။

“အခုငါက အဲ့ဒီဆေး လယ်ကွင်းကို စောင့်ရှောက်နေရတာ ဆိုတော့ ငါသာ သတိထားနေရင် သူမရဲ့ ရုတ်တရက် တိုက်ခိုက်မှုကို စိုးရမ်ဖို့ လိုမှာမဟုတ်ဘူး”

ထိုသို့ဖြင့် ချီယွမ် ဆက်လက် မတွေးတောတော့ပဲ နားနေရာ ဝါးလုံးအိမ် ရှိရာသို့ လျှောက်သွားလိုက်သည်။ ဝါးလုံးအိမ် အတွင်းသို့ ရောက်သည်နှင့် တရားထိုင်ဖို့ ပြင်လိုက်စဉ်မှာပဲ စနစ်၏ အသိပေးချက်က ရုတ်တရက် ဝင်ရောက်လာ၏။

“ပိုင်ရှင်က ပုန်းကွယ် ထားတဲ့အခြေအနေကို နှိုးဆွနိုင်ခဲ့တဲ့ အတွက် အရန်တာဝန်တစ်ခု အသက် သွင်းလိုက်တယ်”

“ဆေးဥယျာဥ် အတွင်းမှာ နှစ်တစ်သောင်း နီးပါး သက်တမ်းရှိတဲ့ အပင်ဝိညာဉ်က အစီအရင်ကြောင့် ပိတ်မိနေခဲ့တယ်။ ဒီတော့ ပိုင်ရှင်က သုံးလအတွင်းမှာ အဲဒီ အပင်ဝိညာဉ်ရဲ့ နေရာကို ရှာဖွေပြီး လွတ်မြောက်အောင် လုပ်ပေးရမယ်။ ဒီတာဝန်က အရန်တာဝန် ဖြစ်တဲ့အတွက် ပိုင်ရှင် ငြင်းပယ်ချင်လို့ ရပါတယ်”

“တာဝန်ရဲ့ ခက်ခဲမှု... ကြယ်ငါးပွင့် (အထူးခက်ခဲသည်)”

“တာဝန်၏ ဆုလာဒ်....ဤတာဝန်ကို ပြီးမြောက်လျှင် ပိုင်ရှင်က လမ်းကြောင်းနှစ်ခုကို ရွေးချယ် နိုင်ပါတယ်”

“ပထမ လမ်းကြောင်း- ပိုင်ရှင်က ဆင်ခြင်မဲ့စွာနဲ့ အဲ့ဒီ နှစ်တစ်သောင်း အပင်ဝိညာဉ်ကို ဆေးပင်အဖြစ် ပြောင်းလဲပြီး စားသုံးလိုက်လို့ ရတယ်။ ဒါဆို အလင်းပွင့်မှုကို ရရှိပြီး ကျင့်ကြံမှုပိုင်း အများကြီး တိုးတက်လာမယ်”

“ဒုတိယ လမ်းကြောင်း- အပင်ဝိညာဉ်ကို ကယ်တင်ပြီးရင် သဘောကောင်းစွာနဲ့ လွတ်ပေးလိုက်ပြီး သူ့ဆီကနေ အသိအမှတ် ပြုခံရဖို့ ကြိုးစားပါ။ ဒါဆိုရင် ကောင်းကင်တာအို ချီစွမ်းအင်တွေပါတဲ့ ချီစွမ်းအင်အမျှင်တစ်ခုကို ရရှိမယ်။ အဲ့ဒါနဲ့ဆိုရင် ကောင်းကင်တာအို အခြေခံ တည်ထောင်ခြင်းကို ရရှိဖို့ ပိုင်ရှင့်မှာ အခွင့်အရေး ရှိလာမှာပါ”

“မှတ်ချက်.... ဒီတာဝန်ကို ယူလိုက်မယ်ဆိုရင် ဝိညာဉ် အခြေတည်နယ်ပယ် ကျင့်ကြံသူ ကျိချန်အာကို ရန်စမိသလို ဖြစ်သွားမယ်။ သူမသိသွားရင် ပိုင်ရှင် သေချာပေါက် သေမှာပဲ။ ဒါ့ကြောင့် စနစ်ဘက်က အကြံပြုချင်တာကတော့.. ပိုင်ရှင် ဒီတာဝန်ကို လက်ရှောင်လိုက်ပါ”

စနစ်၏ စကားလုံးများကြောင့် ချီယွမ်၏ စိတ်ဝိညာဥ်တစ်ခုလုံး ချက်ချင်းဆိုသလို တက်ကြွသွားကာ နှလုံးသား အတွင်းမှာလည်း ကြည်ရှင်းလာခဲ့သည်။

( ကြည့်ရတာ အစောပိုင်းက အကူအညီ တောင်းတဲ့သူက နှစ်တစ်သောင်း ဝိညာဉ်အိုပဲနေမှာ။ ငါ့ရဲ့ပင်ကိုယ် စွမ်းရည်ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဝိညာဉ်ချစ်ခင်ခြင်း စွမ်းရည်ကြောင့်သာ ငါ့ကို စွန့်စားပြီး ဆက်သွယ်လာခဲ့တာ နေမယ် )

အပြည်ပြည်ဆိုင်ရာ ဝိညာဉ်ချစ်ခင်ခြင်း စွမ်းရည် - နတ်သားရဲများ စိတ်ဝိဉာဉ်အပင်များက မိမိကို လူစိမ်းထက် ပိုရင်းနှီးလိုခြင်းစွမ်းရည်

လူသားပုံစံ မဟုတ်သည့် ထိုအပင်ဝိညာဉ် ရှိရာလယ်ကွင်းကို နေ့စဥ်ရက်စက် ရေလောင်း ပေါင်းသင် နေရသည့်အပြင် ထိုစွမ်းရည်ကိုပါ ပိုင်ဆိုင်ထားသည့် အတွက် အချိန် ကြာလာသည်နှင့်အမျှ ထိုဝိညာဉ်အိုသည် ချီယွမ်ကို ရင်းနှီးလာသလို ခံစားလာရတာ.ဖြစ်နိုင်သည်။ သို့သော်ငြား ချီယွမ်ထံတွင် ပထမ လမ်းစဉ်ကို ရွေးချယ်ဖို့ စိတ်ကူးမရှိပါချေ။

ထိုက်ရွှမ်း သန့်စင်နယ်မြေ အတွင်းတွင် လူတစ်ဦး၏ ကျင့်ကြံဆင့်ကို များစွာတိုးမြှင့်ပေးနိုင်သော မိုးမြေ ရတနာများ ရှိသည်။ ထိုရတနာများကို စားသုံးလိုက်လျှင် ကျင့်ကြံမှု၌ အရှိန်တင်နိုင်သည်ဆိုသော်ငြား ရလဒ်အဖြစ် အတွင်းစွမ်းအင် မသန့်စင်မှုနဲ့ မတည်မငြိမ် ဖြစ်မှုကို ကြုံတွေ့ရလိမ့်မည်။ ထိုအရာကြောင့်ပဲ ထိုအတွင်း စွမ်းအင်များကို မသန့်စင် နိုင်ခင်မှာ နောက်ထပ် အဆင့်တက်ဖို့ လွယ်ကူမည် မဟုတ်ချေ။ မွေးရာပါ ကောင်းမွန်သောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားခြင်းကြောင့် ချီယွမ်အတွက် အတွင်းစွမ်းအင်ကို တည်ငြိမ်အောင် ပြုလုပ်ခြင်းသည် အဆင့်မြင့်သော ကျင့်ကြံဆင့် သိုင်းပညာကို အသုံးပြုဖို့ လိုအပ်သည်။ ထို့ကြောင့် မလိုအပ်ပဲ အချိန်ပို ကုန်နိုင်သည်။

ချီယွမ် ပိုမို စိတ်ဝင်စားသည့် ကိစ္စကတော့ ကောင်းကင် တာအိုချီစွမ်းအင်များ ပါဝင်နေသည့် ချီစွမ်းအင်ကို ရရှိနိုင်သော ဒုတိယရွေးချယ်ခွင့်ပင်။

တာအိုဆရာသခင်ဟန့်ကျန်း ထံမှ သင်ယူခဲ့ရသော အချက်အလက် များအရ ဝိညာဉ်အခြေတည် နယ်ပယ်တွင် ဖန်တီးနိုင်သော ဝိညာဉ် အမျိုးအစားထဲတွင် ဒဏ္ဍာရီလာ ကောင်းကင်တာအို ဝိညာဉ်ကို ချီယွမ် အလွန်အထင်ကြီးသည်။ ထို့ကြောင့် စနစ်ထံမှ ဖော်ပြခဲ့သော ကောင်းကင်တာအို အခြေခံ တည်ထောင်ခြင်း သည်လည်း ထိုဒဏ္ဍာရီလာ ကောင်းကင်တာအို ဝိညာဉ်သန္ဓေနှင့် သေချာပေါက် ဆက်နွယ်နေရမည်။

ထို့အပြင် သူသည် လက်ရှိတွင် အခြေခံ တည်ထောင်ခြင်း နယ်ပယ်ကို ကျင့်ကြံနိုင်ပြီးဖြစ်သည်။ ထိုကောင်းကင်တာအို ချီစွမ်းအင်ပါသော စိတ်ဝိဉာဉ်စွမ်းအားနှင့် ကျင့်ကြံမည်ဆိုပါက ကောင်းကင်တာအို အခြေခံ တည်ထောင်ခြင်း နယ်ပယ်သို့ အလိုအလျောက် ရောက်ရှိနိုင်မည် မလား။

ဒဏ္ဍာရီလာ ကောင်းကင်တာအို ဝိညာဉ်သန္ဓေ....နာမည် ကြားလိုက်ရုံနဲ့တင် တော်တော်လေး အထင်ကြီးဖို့ ကောင်းပြီး သူ၏စရိုက်နှင့် ကိုက်ညီလှသည်ဟု ထင်သည်။

ထိုသို့သော အခွင့်အရေးမျိုးကို လက်လွတ် ခံစရာလား။ နတ်ဆိုးဂိုဏ်းဘက်မှ စေလွှတ်ထားသော ကျန်းယုယန် အဖြစ် ဖုံးကွယ်ထားသည့် လက်ရွေးစင်တပည့်သည်လည်း ဒုက္ခပေးနိုင်သည် ဆိုသော်ငြား သူမ အသုံးပြုသွားသော သိုင်းကျင့်စဉ်အရ သူမ၏ လက်ရှိကျင့်ကြံမှုသည် ဝိညာဉ် အခြေတည်နယ်ပယ် အစောပိုင်း အဆင့်သာ ရှိနိုင်သည်။ သူ၏အသက်နှင့် ဆက်နွယ်ထားသော စိတ်ဝိညာဉ်ရတနာ၏ အကာကွယ်အပြင် ကြိုတင်ပြင်ဆင် ထားမည်ဆိုပါက သူမကို ဆန့်ကျင်လို့ ရနိုင်ပါသည်။

စနစ်၏ သတိပေးချက်ကို စဉ်းစားရန် အတွက်တော့ မလိုအပ်ပါချေ။ စနစ်၏ အမြင်တွင် ချီယွမ်သည် ချီသန့်စင်ခြင်း နယ်ပယ်သာ ရှိသေးသည့် ကျင့်ကြံသူအသစ်ကလေး ဖြစ်သည့်အတွက် ဝိညာဉ်အခြေတည်နယ်ပယ် ကျိချန်အာကို ရင်ဆိုင်ပါက သေချာပေါက် သေဆုံးနိုင်သည်။

သို့ပေမယ့် ဝိညာဉ်အခြေတည် နယ်ပယ်သို့ အဆင့်တက်လု နီးပါးဖြစ်နေသော ချီယွမ်သည် စိတ်ပိုင်းဖြတ်လိုက်ကာ တာဝန်ကို တုံ့ဆိုင်းမှုမရှိ လက်ခံလိုက်သည်။

သို့သော်ငြား ထိုအရန်တာဝန်ကို မဆောင်ရွက်ခင် စနစ်၏ပင်မ တာဝန်ဖြစ်သော ပြင်ပခန်းမ၏ ပြိုင်ပွဲကြီးကို ဝင်ပြိုင်ရင်း မထင်ထားသော အခက်အခဲများကို ရင်ဆိုင်ရပေအုံးမည်။

……..

All Chapters