(မဟာအစီအစဥ်ကြီး ဖျက်ဆီးခံရမှာစိုးတယ်)
Vol. 4 Ch. 35
ဆေးဥယျာဉ်အတွင်းရှိ ဝါးလုံးသစ်တောအတွင်း၌ရှိသော သေးငယ်သည့် နှစ်ထပ်အိမ်လေးအတွင်း၌ ကျိချန်အာသည် ကြာပန်းပုံစံ ထိုင်ကာ လေပေါ်မှာ တန့်နေခဲ့သည်။ အခန်းအတွင်းရှိ လေထုသည် ကျောချမ်းဖွယ်ကောင်းအောင် လှုပ်ရှားနေပြီး ပေါ်လိုက်ပျောက်လိုက် ဖြတ်ပြေးနေသော အရိပ်တစ်ချို့နှင့် အဆက်မပြတ် ထွက်ပေါ်နေသည့် အနက်ရောင် အငွေ့များကြောင့် ကျိချန်အာ၏ ပုံစံသည် တစ္ဆေတစ်ကောင်လိုမျိုး ချောက်ချားဖွယ် ကောင်းနေသည်။
တစ်ဦးတည်း ကျင့်ကြံနေသည်ဖြစ်သောကြောင့် ကျိချန်အာက သူမ၏ ဖုံးကွယ်ထားမှုကို ဖြေဖျောက်လိုက်သည်။ ထိုသို့ဖြင့် ရင်သပ်ရှုမောဖွယ်ရာ မျက်နှာလှလှလေး ထွက်ပေါ်လာ၏။ ဝတ်ဆင်ထားသော ခရမ်းဖျော့ရောင် ဝတ်ရုံကြောင့် လှပသည့် ကိုယ်လုံးသည် မြင်သာနေကာ မျက်နှာထက်၌လည်း ပေါ့ပါးသော မျက်နှာချေမှုန့်ကြောင့် ဆွဲဆောင်မှု ရှိနေသည်။ ကျောက်စိမ်းလိုမျိုး ဖြူဖွေးကာ ကြည်ရှင်းသော အသားအရေကြောင့် သူမ၏ ပုံစံသည် ပွင့်အာနေသော ခရမ်းဖျော့ရောင် ကြာပွင့်တစ်ခုနှယ် သေလောက်အောင် ဆွဲဆောင်နိုင်စွမ်းများ ထုတ်လွှတ်နေ၏။ သာမန်ရုပ်ရည်ရှိသော ကျန်းယုယန်၏ ပုံစံနှင့် နှိုင်းယှဉ်လိုက်ပါက သူမ၏ လက်ရှိပုံစံသည် မိုးနှင့်မြေလိုမျိုး ကွာခြားသည်။
ရုတ်တရက် သူမ မျက်လုံးဖွင့်လိုက်သည်။ အဆုံးမရှိသော ညအမှောင်လိုမျိုး နက်ရှိုင်းမည်းမှောင်နေသော သူမ၏ မျက်လုံးတစ်စုံအတွင်းတွင် ကျောချမ်းဖွယ်ရာ အရှိန်အဝါများ ထွက်ပေါ်နေသည်။
(တစ်ယောက်ယောက် လာနေတယ်)
ကျိချန်အာ ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့ပြီး လက်တစ်ချက် ယမ်းကာ သူမရှေ့ရှိ လေထုကို ပျက်ယွင်းစေပြီး အပြင်ဘက်ရှိ မြင်ကွင်းများကို ကြေးမုံမှန်ပုံစံ အရိင်ထင်စေလိုက်သည်။
ရောက်ရှိလာသူကြောင့် ကျိချန်အာ၏ မျက်နှာထားသည် အနည်းငယ် ပေါ့ပါးသွား၏။ လက်တစ်ဖက် ယမ်းကာ အပြင်ဘက်ရှိ ကန့်သတ်ချက် အစီအရင်ကို ပယ်ဖျက်ရင်း ပုံမှန်လိုမျိုး ပြောဆိုလိုက်သည်။
"ဝင်ခဲ့"
မြင်သာစွာ ပွင့်သွားသော တံခါးသံနှင့်အတူ အနက်ရောင်ဝတ်စုံပြည့် ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုသည် အမှောင်ထုထဲမှ ဝင်ရောက်လာ၏။
"ဒီလက်အောက်ခံက လက်ရွေးစင်တပည့် ကျိနတ်သမီးကို အရိုအသေ ပေးပါတယ်"
အတွင်းရှိ ကျိချန်အာကို မြင်သည်နှင့် ထိုပုံရိပ်သည် လျင်မြန်စွာ ခေါင်းငုံ့ကာ ရိုသေစွာဖြင့် ဒူးထောက်နှုတ်ဆက်လာခဲ့သည်။ ရှည်လျားသော အရပ်အမောင်းနှင့် ပိန်သွယ်သော ခန္ဓာကိုယ်ရှိသည့် ဂုဏ်သိက္ခာရှိဟန်ရသော ထိုပုံရိပ်သည် တိမ်ကြွေဂိုဏ်း၏ အကြီးအကဲ ယင်ချင်းယွမ်မှအပ တခြားမဖြစ်နိုင်ချေ။
"ဘာလို့ ရောက်လာတာလဲ။ တိတ်တိတ်ဆိတ်ဆိတ်နေဖို့ ငါ မမှာထားဘူးလား။ မလိုအပ်ရင် လာမရှာနဲ့"
ကျိချန်အာ၏ မျက်နှာထားသည် အေးစက်နေကာ သူမ၏ လေသံအတွင်းတွင် မလိုမကျမှုများ ဝင်ရောက်နေခဲ့သည်။
မျက်စိရှေ့တွင် အသက်ရှူမှားလောက်အောင် လှပသော မိန်းကလေးတစ်ယောက် ရှိနေသော်ငြား ယင်ချင်းယွမ် အနည်းငယ်သော်မျှ မရိုမသေ မပြုမူရဲချေ။ သူ၏ ဦးခေါင်းကို တစ်လက်မလေးတောင် မမော့ရဲဘူး။
"သခင်မကျိကို ဖြေကြားပါတယ်။ သခင်မကျိ ပြောထားသလိုမျိုး တိတ်တဆိတ် ကျင့်ကြံပြီးတော့ တိမ်ကြွေဂိုဏ်းရဲ့ သတင်းတွေကို စုဆောင်းနေခဲ့တာ တော်တော်လေးလည်း ရလဒ်ထူးနေပြီ။ ဒါပေမဲ့ လက်ရှိမှာ ဂိုဏ်းထဲမှာ လူတစ်ချို့က ကျွန်တော့်ကို ပစ်မှတ်ထားလာပြီး စစ်ဆေးမှုကို အဟန့်အတား ဖြစ်အောင်လုပ်နေတယ်။ နောက်ဆုံး ဂိုဏ်းအတွင်းမှာရှိတဲ့ ကျွန်တော့်ရဲ့ အာဏာသက်ရောက်မှုကိုပါ ထိပါးလာခဲ့တယ်။ ကျွန်တော့်ရဲ့ အကျိုးအမြတ်တစ်ချို့ ယုတ်လျော့သွားရမှာကို စိတ်ထဲမထားပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ကြီးမားတဲ့ မဟာအစီအစဉ်ကြီး ပျက်စီးသွားမယ်ဆိုရင်တော့ မလိုအပ်ဘဲနဲ့ ကျွန်တော်လည်း သေဆုံးရလိမ့်မယ်"
ထိုစကားလုံးများအတွင်းမှ ယင်ချင်းယွမ်၏ စစ်မှန်သော ဆိုလိုရင်းကို ကျိချန်အာ သဘောပေါက်သွားသည်နှင့် စိတ်ထဲမှ မဲ့ရွဲ့လိုက်သည်။
(ကြီးမားတဲ့ မဟာအစီအစဉ်ကြီးကို ဖျက်ဆီးမိမှာ ဟုတ်လား။ နင့်ကိုယ်နင် ဒီလောက်ထိ တန်တယ် ထင်နေလို့လား)
(နင့်လိုမျိုး မြေခွေးအို သစ္စာဖောက် တစ်ယောက်ကိုသာ အားကိုးနေရမယ်ဆိုရင် ငါတို့ရဲ့ အင်အားကြီးလှတဲ့ ယင်ရှဂိုဏ်းက အခုလိုမျိုး နာမည်ကြီးလာမှာ မဟုတ်ဘူး)
"ဘာလဲ။ ရှင့်ရဲ့ဘက်မှာ ရပ်ပေးစေချင်နေတာ မလား"
ကျိချန်အာ မျက်ခုံးတစ်ဖက်ပင့်ကာ ယင်ချင်းယွမ်ကို အပြုံးတစ်ချို့နှင့် လှမ်းကြည့်လိုက်သည်။
ယင်ချင်းယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားကာ လျင်မြန်စွာဖြင့်..
"အစကတော့ ကျွန်တော်လည်း သခင်မကျိကို မနှောင့်ယှက်ရဲပါဘူး။ ဒါပေမဲ့ လက်ရှိမှာ ကျွန်တော့်ရဲ့ အခြေအနေက အရေးနိမ့်နေတယ်။ တိမ်ကြွေဂိုဏ်း တစ်ခုလုံးနဲ့လည်း ကျွန်တော် ပြိုင်ပြီး ရန်ဖြစ်လို့ မရဘူး။ ဒါကြောင့် သခင်ကျိဘက်က အကူအညီပေးဖို့ကို တစ်ကယ်ပဲ မျှော်လင့်မိတယ်"
"ဟုတ်ပြီ"
ကျိချန်အာ၏ မျက်လုံးအတွင်းတွင် ခန့်မှန်းလို့ရသော ရွံရှာမှုတစ်ချို့ ဖြတ်ပြေးသွားခဲ့သည်။ အချိန်တစ်ခု ကြာသည်အထိ တိတ်ဆိတ်နေပြီးမှ သူမသည် ဖြည်းညင်းစွာဖြင့် ပြောလာခဲ့သည်။
"အဲဒီပြဿနာတွေကို ငါ ကူညီပြီး ဖြေရှင်းပေးလို့ရတယ်။ ဒါပေမဲ့ ငါတို့ဂိုဏ်းရဲ့ အထွတ်အမြတ်ထားရတဲ့ သိုင်းကျင့်စဥ်တစ်ခုကို အခုငါက လေ့ကျင့်နေတယ်။ အခုက အရေးကြီးဆုံး အခြေအနေမှာပဲ။ ဒါကြောင့် ငါ နောက်ထပ် အချိန်၃လ လိုအပ်တယ်။ အချိန် ၃လ ပြည့်တဲ့အချိန်ကျမှ ငါ့ရဲ့တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်လိမ့်မယ်"
“ဒီအချိန်အတွင်းမှာ ရှင်လည်း ပြဿနာမရှာဘဲ အေးအေးဆေးဆေး နေဖို့ မျှော်လင့်တယ်။ ၃လကြာပြီးရင် ရှင့်ရဲ့ လမ်းမှာရှိနေတဲ့ အနှောင့်အယှက် မှန်သမျှကို ငါ ဖျက်ဆီးပေးမယ်။ ပိုင်ချင်းဝူကို သတ်ပစ်ဖို့ အခွင့်အရေး ရှာပြီးတော့ ဒီတိမ်ကြွေဂိုဏ်းရဲ့ ခေါင်းဆောင်အဖြစ် ရှင့်ကို နေရာပေးမယ်"
ယင်ချင်းယွမ်၏ မျက်နှာသည် ပျော်ရွှင်မှုများကြောင့် ရုတ်တရက် ဝင်းလက်သွားခဲ့သည်။ သူ၏ မူလရည်ရွယ်ချက်သည်လည်း တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့ပင်။ အခုလိုမျိုး ပန်းတိုင်သို့ ရောက်ရှိတော့မည့် အခြေအနေမှာ မပျော်ရွှင်သည့်သူ ရှိမလား။ ပျော်ရွှင်မှုဖြင့် လွှမ်းမိုးခံလိုက်ရသော ယင်ချင်းယွမ်သည် အကြိမ်ကြိမ် ဦးညွတ်အရိုအသေ ပေးလိုက်ကာ ကျေးဇူးတင်စွာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ သခင်မကျိ။ စိတ်အေးလက်အေးနေပါ။ ကျွန်တော် သေရမယ်ဆိုရင်တောင်မှ သန့်စင်ဂိုဏ်းကို အစွမ်းကုန် ကြိုးစားပြီး ကူညီပါ့မယ်"
ကျိချန်အာ လက်တစ်ဖက် ယမ်းလိုက်လေကာ
"ပြန်တော့။ ငါ အဆင်သင့်ဖြစ်ရင် ဆက်သွယ်လိုက်မယ်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ကျွန်တော် အခု သွားတော့ပါမယ်"
နောက်ဆုံးတော့ ယင်ချင်းယွမ် မတ်တတ်ထရပ်ကာ အခန်းအတွင်းမှ တိတ်တဆိတ် ထွက်သွားခဲ့သည်။
ယင်ချင်းယွမ် ထွက်သွားချိန်မှသာ ကျိချန်အာ၏ လှပသော မျက်လုံးအတွင်းသို့ ကျောချမ်းဖွယ် အရိပ်အငွေ့များ ဝင်ရောက်လာပြီး အေးစက်စက် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကြည့်ရတာ ဆရာသခင် ပြောတဲ့စကားက အမှန်ပဲ။ ဒီအမှန်တရား လမ်းစဥ်ကို လိုက်ပါတယ်ဆိုတဲ့ တာအိုကျင့်ကြံသူတွေ အားလုံးက တစ်ကယ်တော့ လောဘကြီးတဲ့ ငမိုက်သားတွေပဲ။ သူတို့ကို လှည့်စားဖို့ အရမ်းလွယ်လွန်းတယ်။ ငါတို့လိုမျိုး ကြီးမားတဲ့ သန့်စင်ဂိုဏ်းက ဒီလိုသေးငယ်တဲ့ တိမ်ကြွေဂိုဏ်းအထိ လာပြီးတော့ ဒုက္ခများခံပြီး သူ့ကို ဂိုဏ်းခေါင်းဆောင် တင်ပေးလိမ့်မယ်လို့ တစ်ကယ်ထင်နေတာလား"
ကျိချန်အာ မျက်နှာကို မဲ့လိုက်ကာ သူမ၏ အကြည့်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။
"၃လကြာပြီးရင် အဲ့ဒီအပင်လည်း..."
"ကြယ်ပုံရိပ်ယောင် မြက်ပင်လည်း နောက်ဆုံးကျရင် ရင့်မှည့်လာတော့မယ်။ နောက်၃လနေရင် အဲဒီအပင် ဝိညာဉ်က နှစ်တစ်သောင်းတိတိပြည့်ပြီ။ အဲဒီအချိန်ကျရင် သန့်စင်ပြီးသော ပုံရိပ်ယောင် နတ်ဘုရား ဆေးလုံး ဖန်တီးဖို့ အဓိက ပါဝင်ပစ္စည်းအဖြစ် သုံးလို့ရနိုင်ပြီ။ အဲဒါကို စားပြီးတဲ့အချိန်ကျရင် ငါ့ရဲ့ ပုံရိပ်တစ်ထောင် နတ်ဆိုးခန္ဓာကိုယ်က လုံးဝကို ပြီးပြည့်စုံတဲ့အဆင့် ရောက်သွားလိမ့်မယ်။ ဂိုဏ်းအတွင်းမှာ သူတော်စင်မ တစ်ယောက်ဖြစ်လာနိုင်ဖို့ သိပ်မဝေးတော့ဘူး။ ဒီ၃နှစ်လောက် အလုပ်ကြိုးစားခဲ့တာက နောက်ဆုံးတော့ အချည်းနှီး မဖြစ်သွားဘူးဘဲ"
"အဲဒီအချိန်ကျရင် နင်တို့ကို သနားပြီးတော့ နင်နဲ့ နင့်ရဲ့သားကို အတူတူ သတ်ပေးမယ်။ အနည်းဆုံးတော့ တိမ်ကြွေဂိုဏ်းလည်း စိတ်မပျက်ရတာပေါ့"
ကျိချန်အာ မနေနိုင်စွာဖြင့် ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး သူမ၏ မျက်လုံးကို ပြန်ပိတ်ကာ ဆက်လက်ကျင့်ကြံလိုက်သည်။
ထိုသို့ဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပဲ အချိန်သည် ကုန်ဆုံးသွားကာ နောက်ထပ်လဝက်ကို ရောက်ရှိလာခဲ့သည်။ နေဝင်ချိန်ပြီးသည်နှင့် ပြင်ပခန်းမသည် ဆူညံသံနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုလျှင် ဤနေ့သည် ပြင်ပခန်းမရှိ ပြိုင်ပွဲကြီး ကျင်းပရာ နေ့တစ်ခုပင်။
ပြင်ပခန်းမရှိ များစွာသော တပည့်များစွာသည် ပြိုင်ပွဲအတွင်းမှာ ကောင်းမွန်သော အဆင့်ကို ရရှိပြီး အသိအမှတ်ပြုခံရဖို့ စိတ်အားထက်သန်နေချိန်မှာပဲ အတွင်းခန်းမရှိ တပည့်ဟောင်းတစ်ချို့သည်လည်း လာရောက်ကြည့်ရှုရင်း ပြိုင်ပွဲကို စိတ်လှုပ်ရှားမှုနှင့် ဝေဖန်အကဲဖြတ်ကြသည်။
နောက်ပိုင်းနှစ်များတွင် တိမ်ကြွေဂိုဏ်းသည် အောင်မြင်မှု ဆုတ်ယုတ်လာကာ သာမန် အလယ်အလတ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်လာသည်ဆိုသော်ငြား ဂိုဏ်းအတွင်းမှာ တပည့်သောင်းချီပြီး ရှိနေ၏။ ပြင်ပခန်းမအတွင်းမှာကို တပည့် ထောင်ချီပြီး ရှိသည်။ ထိုတပည့်များ အားလုံးသည် ကျယ်ပြန့်သော ကွင်းပြင်တွင် စုဝေးကာ အသီးသီး ရပ်နေကြသည်။
ပြိုင်ပွဲကွင်းပြင်ကြီး၏ အလယ်တည့်တည့်တွင် ယှဥ်ပြိုင်ဖို့ရန် စာရင်းသွင်းထားသော ပြင်ပခန်းမ၏ တပည့် အယောက်၃၀၀ခန့်ကို နေရာချထားပေး၏။
ထိုသူအများစုသည် ပြင်ပခန်းမ၏ တပည့်များဖြစ်လေရာ အနိမ့်ဆုံး သန်မာသူကတောင်မှ ချီသန့်စင်ခြင်း အဆင့်၇ရှိသည်။ ထိုအထဲတွင် အစေခံတပည့် ဝတ်စုံကို ဝတ်ဆင်ထားသော လူနှစ်ဦးတည်းသာ ထီးထီးကြီးရပ်နေလေရဲ့။
"အဲဒီကောင်ကို ကြည့်လိုက်။ သူက မကြာခင်ကမှ စိတ်ဓာတ်စမ်းသပ်မှုမှာ ပြီးပြည့်စုံတဲ့ အနေအထားနဲ့ ဝင်ရောက်လာတဲ့ တပည့်အသစ်မလား။ သူ့ရဲ့နာမည်က ဘာပါလိမ့်"
"ဟမ်း မင်း ဘယ်လိုပဲပြောပြောပါ။ သူက နောက်ဆုံးတော့ ဝိညာဉ်သွေးကြော ၄ခုနဲ့ အသုံးမကျတဲ့ အမှိုက်တစ်ကောင်ပဲ။ ဒီလို ဂုဏ်သတင်းကောင်း ရနေတော့ရော ဘာအသုံးဝင်လို့လဲ။ အစေခံ တပည့်တစ်ယောက်အနေနဲ့ ကိုယ့်အလုပ်ကို ကောင်းကောင်းမလုပ်ဘဲ ပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ စိတ်ကူးယဥ်နေသေးတယ်။ အဲဒီကောင် ရူးသွားပြီလား"
"ကြည့်လိုက် သူ့ရဲ့ဘေးမှာ နောက်ထပ် အစေခံတပည့်တစ်ယောက် ရှိနေတယ်။ အဲဒီကလေး နှစ်ယောက်လုံး ပထမဆုံး ပွဲစဥ်မှာတင် အဆင်ပြေမှာ မဟုတ်ပါဘူးကွာ။ သူတို့က သက်သက် အရှက်ကွဲခံနေကြတာပဲ။ ဟားဟားဟားဟား"
"ကြည့်ရတာ နှစ်ယောက်ဆိုတော့ သူတို့ကိုယ်သူတို့ အဖော်ရပြီထင်ပြီး လာပြိုင်နေတာ နေမှာပေါ့။ ဒီကိုမလာခင် မှန်ထဲရော သေချာကြည့်လာရဲ့လား။ သူတို့ ဘာယုံကြည်ချက်တွေနဲ့များ ရောက်လာရတာလဲ"
ပတ်ဝန်းကျင်ရှိ မျိုးစုံသော လှောင်ပြောင်စကားလုံးများကို ရင်ဆိုင်နေရသော ချီယွမ်၏ မျက်နှာထားသည် တည်ငြိမ်ကာ မပြောင်းမလဲ ရှိနေသည်။ သို့ပေမဲ့ ဘေးမှာရပ်နေသော လင်ကျန်းကတော့ နီရဲနေသော မျက်နှာဖြင့် လက်သီးဆုပ်ကို တင်းနေအောင် ဆုပ်လိုက်သည်။
"လင်ကျန်း၊ အဲဒီအမှိုက်တွေကို ငါ ကိုင်တွယ်မယ်"
ရုတ်တရက် ချီယွမ်သည် လင်ကျန်းရှိရာသို့ အနည်းငယ် ပြုံးပြလိုက်ကာ ကျယ်လောင်စွာ ဝေဖန်ပြောဆိုနေသော လူအုပ်ဆီ တိုးသွားရင်း အော်ဟစ်လိုက်သည်။
"ဟိတ်ကောင်တွေ မင်းတို့ ဘယ်သူ့ကို အမှိုက်ကောင်လို့ ခေါ်လိုက်တာလဲ"
ချီယွမ်ဘက်မှ အနီးသို့ ရောက်မလာခင်မှာဘဲ လူအုပ်ကြားထဲရှိ ကြမ်းတမ်းသော ရုပ်ရည်နှင့် အမျိုးသား ကျင့်ကြံသူတစ်ယောက်သည် ရုတ်တရက် ခုန်ထွက်လာကာ အကြမ်းပတမ်း အော်ဟစ်လာ၏။
ချီယွမ်သည် ထိုသူကို ဂရုမစိုက်စွာ လှမ်းကြည့်လိုက်ပြီး ခေါင်းယမ်းလိုက်ရင်း
"အထင်မလွဲပါနဲ့။ ကျုပ်က ခင်ဗျားကို ရည်ရွယ်ပြီး မပြောပါဘူး။ ကျုပ်ပြောချင်တာက.. ဒီနေရာမှာရှိတဲ့ လူတွေအားလုံးကိုပဲ"
ချီယွမ်၏ စကားကြောင့် ကွင်းပြင်ရှိ လေထုသည် ရုတ်ချည်း အေးခဲသွားခဲ့သည်။ ဝေဖန်လေကန်နေသူများ အားလုံး ပြောလက်စများ ရပ်တန့်သွားလေကာ ချီယွမ်ကို ပြင်းထန်သော ဒေါသများဖြင့် စူးရဲနေအောင် ကြည့်လာကြ၏။
……