← Chapters

(အခုမှပြိုင်ပွဲက ထွက်ပြေးလို့ နောက်ကျပြီလားဟင်)

Vol. 4 Ch. 36

(အခုမှပြိုင်ပွဲက ထွက်ပြေးလို့ နောက်ကျပြီလားဟင်)

Vol. 4 Ch. 36

အချိန်တစ်ချို့ကြာ တိတ်ဆိတ်ပြီးနောက်မှသာ ပြိုင်ပွဲကွင်းပြင်သည် ထပ်မံ ဆူညံပွတ်လောရိုက်လာခဲ့သည်။

“ ကောင်လေး မင်းဘယ်သူ့ကို စကားပြောနေတာလဲ သိရဲ့လား ”

“ သေလိုက်စမ်း ဒီကောင်က သေချင်နေတာပဲ၊ အမြဲတမ်းစကားပြောတာ ဒီလိုထောင့်မကျိုးဘူးလား ”

“ ဒီကောင်ကများ ငါတို့အားလုံးကို ရန်စရဲတယ် ဒီကောင်စုတ်က တော်တော်မောက်မာတာပဲဟ“

ပြိုင်ပွဲကွင်းပြင်ရှိ ပြင်ပခန်းမက တပည့်အားလုံးသည် ဒေါသထွက်စွာဖြင့် ချီယွမ်တို့ကို လှည့်ကြည့်လာခဲ့သည်။ စိတ်ဆတ်သော လူတစ်ချို့ဆိုလျှင် ချက်ချင်းပဲ အကျီလက်များ ခေါက်တင်ရင်း ချီယွမ်၏ဘေးသို့ ရောက်လာလေရဲ့။

“ ငါမင်းကို ဒီနေ့ပဲ သတ်ပစ်မယ် ”

လူအုပ်ထဲမှ ရှေ့တိုးလာခဲ့သော ကြမ်းတမ်းသည့်ရုပ်ရည်နှင့် လူကြီးသည်လည်း ထိတ်လန့်မှုမှ သတိပြန်ဝင်လာကာ ချီယွမ်ကို ကြောက်မက်ဖွယ်စိုက်ကြည့်လာသည်။ ထိုလူကြီးနှင့်တကွ ဘေးရှိကျန်သောလူများအားလုံးကလည်း တိုက်ခိုက်ဖို့ပြင်ဆင်လိုက်ကြသည်။

“ မင်းတို့ဘာလုပ်နေတာလဲ၊ ပြိုင်ပွဲမစခင်မှာ တိုက်ခိုက်တာကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတယ်နော် အကြမ်းပတမ်း ပြုမူတဲ့လူတွေအားလုံး ဒီနေရာကနေမောင်းထုတ်ခံရမယ်။ ဆက်ပါဖို့ ခွင့်မပြုဘူး”

ထိုအချိန်မှာပဲ စင်အနောက်တွင် အသင့်ရှိနေသော စည်းကမ်းထိန်းသိမ်းရေးခြံဝန်းမှ တပည့်များသည် ချက်ချင်းအရှေ့တိုးလာကာ အခြေအနေကို ထိန်းချုပ်လိုက်သည်။ တိုက်ရိုက်သင်ခန်းစာ မပေးနိုင်တော့သည့်အတွက် ထိုလူအုပ်သည် ဒေါသများကို ယာယီဖိနှိပ်လိုက်ကာ ချီယွမ်နှင့် လင်ကျန်းကို မုန်းတီးစွာစိုက်ကြည့်လာကြသည်။ သို့သော်ငြား ခြိမ်းခြောက်စကားအသီးသီး ပြောလိုက်ကြသေး၏။

“ ကောင်စုတ် မင်းတိုက်ပွဲအတွင်းမှာ ငါနဲ့မတွေ့ရဖို့ပဲ ဆုတောင်းနေလိုက် မဟုတ်ဘူးဆိုလို့ကတော့… ဟွန်းဟွန်း မင်းစောင့်နေလိုက်စမ်းပါ “

“ ဟုတ်တယ် ငါလည်းအဲ့ဒီကောင်တွေကို တွေ့တာနဲ့ညှာပေးမှာ မဟုတ်ဘူး၊ ဒီနှစ်ကောင်ကိုသာ ကောင်းကောင်းပညာမပေးဘူးဆိုရင် ငါတို့ပြင်ပခန်းမရဲ့ တပည့်တွေမျက်နှာကို ဘယ်သွားထားရမှာလဲ”

“ ဟုတ်တယ် ငါရောပဲ၊ ပြိုင်ပွဲနေရာမှာ တွေ့လို့ကတော့ မင်းဒူးထောက်ပြီး အသနားခံလာရတဲ့အထိ ငါရိုက်သတ်ပစ်မယ်။ မဟုတ်ရင် ငါ့နာမည်ကိုပါ ပြောင်းပစ်မယ်ကွ။ ”

“ ဟေ့ကောင်၊ မင်းရဲ့နာမည်ကိုတော့ ပြောင်းပစ်ဖို့မလိုပါဘူးကွာ ”

“ချီးပဲဟေ့ မင်းကရော ဘာကိစ္စအကုန်လိုက်မေးခွန်းထုတ်နေရတာလဲ။ ငါ့နာမည်ပြောင်းပြောင်း၊ မပြောင်းပြောင်း။ သောက်ရေးကိုမပါဘူး”

တိုက်ရိုက်ကျရောက်လာသော ဆဲဆိုစကားလုံးများကို ချီယွမ်တစ်ယောက် မပြောင်းမလဲ မျက်နှာထားဖြင့် လှောင်ပြောင်ပြုံးတစ်ခု တပ်ဆင်ကာ ရင်ဆိုင်လိုက်သည်။

“ ဘာလဲ ငါ့ကိုတားချင်တာလား၊ ဒါဆိုရင်တော့ ကောင်းကောင်းကြိုးစားပေါ့။ ကြိုပြောထားမယ် ဒီတစ်ခေါက်ပြိုင်ပွဲမှာ ငါက ထိပ်ဆုံးနေရာယူမှာ။ တာအိုဘိုးဘေးကြီးတစ်ယောက် ဆင်းလာရင်တောင်မှ ငါ့ကိုတားနိုင်မှာ မဟုတ်ဘူး။ ငါပြောလိုက်မယ်”

ချီယွမ်၏ ထိုစကားလုံးများက လူအုပ်ကို ထပ်မံဆူညံသွားစေခဲ့သည်။ ပြိုင်ပွဲကွင်းပြင်ရှိ ပြင်ပတပည့်များအားလုံး ဒေါသထွက်သွားကြလေကာ အံကြိတ်ရင်း တိုက်ခိုက်လိုစိတ်များ အဆမတန်မြင့်မားသွားကြ၏။

“ ဒီကောင်က သောက်ရမ်းမောက်မာတာပဲ ဒီကောင့်ကို သေချာပေါက် ပညာပေးမှရတော့မယ်။ ”

“ ချီးပဲ ငါလုံးဝသည်းမခံနိုင်တော့ဘူး၊ ငါဒီတစ်ခေါက် အမှတ်ကောင်းကောင်း မရဘူးဆိုရင်တောင်မှ ဒီကောင့်ကိုအရင်ဦးဆုံး ရှင်းပစ်ရမယ်။ ”

“ ဟုတ်တယ် ငါတို့အားလုံးပူးပေါင်းပြီးတော့ ဒီအာချောင်နေတဲ့ မျိုးမစစ်ကောင်ကို ပညာပေးကြတာပေါ့။ အဲ့ဒီအချိန်ကျမှ အခုလိုမျိုး မောက်မာနိုင်ဦးမလား ငါကြည့်မယ်။ ”

နောက်ဆုံးတွင် ပန်းတိုင်ကို အောင်မြင်စွာရောက်ရှိသွားသဖြင့် ချီယွမ် ခပ်ဖွဖွပြုံးလိုက်ကာ လင်ကျန်းကို အဝေးသို့ ဆွဲခေါ်သွားခဲ့သည်။ ဤနေရာရှိ လူအုပ်တစ်အုပ်လုံးသည် လွန်စွာစိတ်လှုပ်ရှားနေကြသဖြင့် အခုချိန်မသွားခဲ့လျှင် စည်းကမ်းထိန်းသိမ်းရေးခြံဝန်း၏ တပည့်များတောင် မတားမြစ်နိုင်တော့မှာ စိုးရ၏။

“ ညီလေးလင်၊ မင်းရဲ့မျက်နှာက အရမ်းဖြူဖျော့နေတယ် ဘာဖြစ်တာလဲ။ ”

လူအုပ်အတွင်းက ထွက်လာပြီးချိန်မှသာ ချီယွမ်တစ်ယောက် လင်ကျန်း၏ မူမမှန်သောမျက်နှာထားကို ရုတ်တရက်သတိထားမိသွားပြီး ရှုပ်ထွေးစွာဖြင့်မေးလာခဲ့သည်။ လင်ကျန်းတစ်ယောက် ငိုယိုတော့မတတ်ပဲ

“ အစ်ကိုချီ ကျွန်တော်အခုမှ ပြိုင်ပွဲက ထွက်ရင် အရမ်းနောက်ကျသွားပြီလားဟင်..”

လင်ကျန်းသည် အလွန်အမင်းကြောက်ရွံ့နေခဲ့သည်။ သူသည်ချီသန့်စင်ခြင်း အဆင့်လေးသာရှိသေးပြီး ပြိုင်ပွဲကြီးအတွင်းသို့ ဝင်ရောက်ခဲ့သည်ကလည်း အမြင်ကျယ်စေချင်၍သာ။ အခုတော့ ပြိုင်ပွဲအတွင်းမှာ ပါဝင်သော ပြင်ပခန်းမ၏ တပည့်များအားလုံးကို ရန်စမိသွားပြီ။ သူဘယ်လိုလုပ် ဆက်လက်ယှဉ်ပြိုင်ရဲတော့မလဲ။ လက်ရှိအခြေအနေအရ တိုက်ခိုက်မည်ဆိုလျှင် တိုက်ပွဲစသည်နှင့် ချက်ချင်းပင်သေစေလောက်သော တိုက်ကွက်နှင့် ရင်ဆိုင်ရနိုင်သည်။ ထိုသို့ဆိုလျှင် သူ၏ရှင်သန်နိုင်စွမ်းက...

“ ဘာတွေကြောက်နေတာလဲ ”

လင်ကျန်း၏ပုခုံးကို ချီယွမ်က ယုံကြည်ချက်ရှိစွာ ပုတ်လိုက်ပြီး..

“ အကို့နားကိုသာ ကပ်နေလိုက်စမ်းပါ၊ ဘာမှမဖြစ်စေရဘူး ကတိပေးတယ်။ ”

လင်ကျန်း အတင်းအကြပ်ပြုံးလိုက်လေကာ

“ ထားလိုက်ပါတော့ ”

“ ကျွန်တော်တော့ ပထမပွဲစဉ်တောင် ကျော်ဖြတ်နိုင်မယ်မထင်ဘူး “

ချီယွမ် ဘာမှဆက်မပြောတော့ချေ။

ချီယွမ်သည် ပြိုင်ပွဲအတွင်းရှိ ခက်ခဲမှုအခြေအနေကို မြှင့်တင်စေရန် ရည်ရွယ်ချက်ဖြင့် ပြိုင်ပွဲဝင်များကို သေချာရန်စခဲ့တာပင်။ ထိုမှသာ အဆုံးသတ်ရလဒ်ကို ကြည့်ရှုပြီး အံ့ဩတုန်လှုပ်ဖွယ်ရာ အခြေအနေကို ဖန်တီးနိုင်လိမ့်မည်။ အဘယ့်ကြောင့်ဆိုလျှင် စနစ်၏တာဝန် ထပ်တိုးအခြေအနေသည် ပထမနေရာကို အနိုင်ယူနိုင်ပြီး လူတိုင်းကို အံ့ဩသင့်စေရန်ပင်။

စည်းကမ်းအလွန်တင်းကြပ်သည့် ငတုံးစနစ်၏ အပြုအမူအရဆိုလျှင် 'လူတိုင်းကို အံ့ဩသင့်စေရန် ပြုလုပ်ပါ'ဆိုသော ထိုအခြေအနေသည် ခက်ခဲသော တောင်းဆိုမှုတစ်ခုလို့ ယူဆနိုင်ပါ၏။ ချီသန့်စင်ခြင်း အဆင့်ငါးပဲရှိသေးသော သာမန်အစေခံတပည့်တစ်ယောက်က ပြိုင်ပွဲကြီးအတွင်းမှာ တခြားသူများအားလုံးကို အနိုင်ယူသွားပြီး ပထမအဆင့်ကို တတ်ရောက်နိုင်ခြင်းသည် အံ့ဩစရာစရာ ကိစ္စတစ်ခုဆိုသော်ငြား စနစ်ဘက်မှ 'တင်ပြလာသော အလွန်အံ့ဩသင့်ဖွယ်'ဟူသော စကားလုံးက ပိုမိုချဲ့ကားသည်။ စနစ်ထံမှ ဘယ်လောက်ပမာဏအထိ လိုချင်လည်း အတိအကျ မသိရနိုင်သေးပေ။

ထို့အပြင် ချီယွမ်သည် ချီသန့်စင်ခြင်းအဆင့်‌ ၇ရှိသော တပည့်တစ်ယောက်ကို လူသိရှင်ကြားအနိုင်ယူခဲ့ပြီး စမ်းသပ်စဉ်အတွင်းမှာလည်း ပြီးပြည့်စုံသောအခြေအနေဖြင့် ဝင်ရောက်နိုင်ခဲ့သည်။ သူ၏သန်မာမှုကို လူတိုင်းက အထင်သေးလိမ့်မည် မဟုတ်ချေ။ ပထမအဆင့် ရသည့်တိုင်အောင်၊ လုံလောက်အောင် မအံ့သြစေခဲ့ပါက.. ဆုလာဘ်ဆုံးရှုံးရလိမ့်မည်။

ဤတစ်ခေါက် စနစ်၏ဆုလာဒ်သည် ဝိညာဉ်သွေးကြော၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးမည်ဖြစ်လေရာ၊ ချီယွမ်တစ်ယောက် အနည်းငယ်သော်မျှ မမှားရဲပါချေ။

ရိုးရိုးလေးပြောရလျှင် လူတိုင်းကို အံ့ဩသင့်စေချင်ပါက.. အသက်ရှူမှားလောက်စေသော နည်းလမ်းဖြင့် အနိုင်ယူရပေမည်။

ချီယွမ် အတွေးလွန်စဉ်နေမှာပဲ ပြိုင်ပွဲကွင်းပြင်အတွင်းသို့ ဆူညံသံများ ထပ်မံဝင်ရောက်လာခဲ့သည်။

“ ကြ့ည်လိုက်၊ ဂိုဏ်းခေါင်းဆောင်တောင် ရောက်လာတယ် ”

ထိုအသံထွက်ပေါ်လာသည့်နှင့် ကွင်းပြင်ရှိ ဆူညံသံများ ရုတ်ချည်းရပ်တန့်သွားလေကာ လူတိုင်းသည် ကောင်းကင်ပေါ်သို့ မျှော်လင့်တကြီးလှမ်းကြည့်လိုက်ကြသည်။ မကြာခင်မှာပဲ ကောင်းကင်ပေါ်မှ ဆယ်ခုကျော်သော အလင်းတန်းများက ဖြတ်ပြေးလာကာ ကွင်းပြင်ပေါ် ကျဆင်းလာ၏။ ထိုသူတွေအားလုံးက တိမ်ကြွေဂိုဏ်း၏ အဆင့်အမြင့် အကြီးအကဲများပင်။ ထိုသူတွေအားလုံးကို ပိုးဝတ်ရုံဝတ်ဆင်ထားသော သက်လက်ပိုင်းအရွယ် အမျိုးသားကြီးတစ်ဦးက ဦးဆောင်ထားသည်။ ထိုသူ၏ ပုံစံသည် ကျက်သရေရှိသော သခင်ကြီးတစ်ဦးနှင့်ဆင်တူသည်။ တည်ငြိမ်သော မျက်နှာထားနှင့် အင်အားကြီးသောအရှိန်အဝါကြောင့် ထိုသူသည် တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းတောင် ပိုင်‌ချင်းဝူ မှအပမဖြစ်နိုင်ပေ။

သို့ပေမဲ့ ထိုတည်ငြိမ်သော မျက်နှာထက်တွင် အနည်းငယ်အလိုမကျမှုများ ဝင်ရောက်နေလေရာ တိမ်ကြွေဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ပိုင်ချင်းဝူ ဝိညာဉ်အခြေတည်နယ်ပယ်သို့ အဆင့်တတ်ခြင်း မအောင်မြင်ခဲ့မှန်း အကုန်လုံး ရိပ်စားမိလိုက်ကြသည်။

" အကြီးအကဲယန်၊ စကြတာပေါ့ "

ပိုင်းချင်းဝူက အတွင်းခန်းမကို တာဝန်ယူရသော အကြီးအကဲယန်ကို ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ်ကဲ့ "

ပြိုင်ပွဲကြီးကို တာဝန်ယူရသော အတွင်းခန်းမ၏အကြီးအကဲ ယန်ရှို့တ ခပ်ဖြည်းဖြည်းအရှေ့တိုးလာကာ ကြေညာချက်ကို စတင်လိုက်သည်။

" ပြင်ပခန်းပရဲ့ ပြိုင်ပွဲကြီးကို တရားဝင်စတင်လိုက်ပြီ "

နောက်တစ်စက္ကန့်မှာပဲ အကြီးအကဲယန်သည် ကောင်းကင်ပေါ် ပျံတတ်သွားခဲ့သလို ရွှေအမြုတေနယ်ပယ်ကျင့်ကြံသူတစ်ယောက်၏ အင်အားကြီးအရှိန်အဝါများသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ပြိုင်ပွဲတွင် ဝင်ရောက်ရန် စာရင်းပေးထားသော တပည့်များအားလုံးလည်း ရုတ်တရက်ကျရောက်လာသော ပြင်းထန်သည့်ဖိအားကို ခံစားလိုက်ရ၏။ ထိုသူတွေအားလုံး လွဲမှားမှုမရှိစွာ အသက်ရှူမြန်လာကြပြီး အတွင်းစွမ်းအင်ကို လည်ပတ်‌စေရင်း ဖိအားကိုတောင့်ခံဖို့ အတတ်နိုင်ဆုံး ကြိုးစားလိုက်ကြသည်။

ချီယွမ်လည်း အများနီးတူဖြစ်စေရန် နဖူးပြင်ထက်သို့ ချွေးစီးနှစ်ကြောင်း စီးကျလာအောင် အသည်းအသန်ကြိုးစားလိုက်ပါသည်။ ထိုသို့ဖြင့် ပြိုင်ပွဲကြီး၏ ပထမပွဲစဉ်အတွက် လူရွေးချယ်ခြင်း ပြီးဆုံးသွားသည်ကို နေရာမှာပဲ တိတ်တဆိတ်စောင့်ဆိုင်း လိုက်တော့သည်။

ထိုအချိန်မှာပဲ ချီယွမ်‌၏ဘေး၌ ရပ်နေခဲ့သော လင်ကျန်းသည် မြေပြင်ပေါ်သို့ ရုတ်ချည်း လဲကျသွားကာ ခပ်တိုးတိုးရွတ်လာလေ၏။

" အကိုချီ... ကျွန်တော်...တစ်ကယ်တောင်းပန်ပါတယ်။ ကျွန်တော် တောင့်မခံနိုင်တော့ဘူး "

ရင်မဆိုင်နိုင်သော ရန်သူများစွာနှင့် ကြုံတွေ့ရလျှင် ဘယ်သူမဆို ယခုကဲ့သို့ တုံ့ပြန်မည်မှန်း ချီယွမ်နားလည်ပါသည်။ သို့သော်ငြား ကောင်းကင်သားတော်ဖြစ်သည့် လင်ကျန်းကတော့ သူရဲဘောကြောင်ခြင်းဆိုသည်ထက် မိတ်ဆွေဖြစ်သော သူ့ကို ဆွဲချမိမှာ ပိုစိုးရိမ်နေဟန်ပဲ။ ထိုကြောင့် ချီယွမ်စိတ်ထဲမထားချေ။ ရိုးရှင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး

" သွားနားတော့။ အကိုတိုက်တဲ့အချိန်ကျရင် အကို့ဘက်က လောင်းဖို့မမေ့နဲ့။ "

လင်ကျန်း “...”

ဘန်း ဘန်း ဘန်း

မကြာမီမှာပဲ ပိုများသောလူတွေသည် မြေပြင်ပေါ်သို့ ပြုတ်ကျ‌ကာ ဖျော့တော့သောအသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေရဲ့။

နောက်ဆုံးတွင်တော့ ယန်ရှို့တသည် ပြင်းထန်သော ဖိအားကို ပြန်ရုတ်သိမ်းလိုက်ပြီး လက်ကျန်တပည့်များကို နက်ရှိုင်းစွာ ညွှန်ကြားလိုက်သည်။

" မြေပြင်ပေါ်ကို လဲကျတဲ့သူတွေအားလုံး ပြိုင်ပွဲကနေ ဖယ်ထုတ်ခံရမယ်။ မတ်တပ်ရပ်ပြီး ကျန်နေနိုင်တဲ့ သူတွေက်ိုပဲ ပြိုင်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်ဖို့ ခွင့်ပြုတယ်။ "

ထိုစကားလုံးကြောင့် ပြိုင်ပွဲကွင်းပြင်ရှိ လူများစွာသည် ပင့်သက်ရှိုက်လိုက်မိကြသည်။ ပြိုင်ပွဲကြီးမစတင်ခင်မှာပဲ ပြိုင်ပွဲဝင် တဝက်ကျော်သည် ဖယ်ထုတ်ခံလိုက်ရလေ၏။

……

All Chapters