(ပြင်ပခန်းမရဲ့ပြိုင်ပွဲကြီး)
Vol. 4 Ch. 37
“ပြင်ပခန်းမရဲ့ ပြိုင်ပွဲကြီးကို တရားဝင်စတင်လိုက်ပြီ။”
အတွင်ခန်းမ၏ အကြီးအကဲမှူးဖြစ်သော အကြီးအကဲယန်ရှို့တ ဘက်မှ လက်တစ်ဖက်ယမ်းပြလိုက်သည်နှင့် အတွင်းခန်းမ၏ တပည့်များစွာသည် ရောက်ရှိလာကြကာ နေရာပြောင်းရွှေ့အဆောင်စာရွက်တစ်ခုနှင့် ကြည်ရှင်းသော ကျောက်စိမ်းပြားတစ်ခုကို ပြိုင်ပွဲဝင်တစ်ယောက်ချင်းဆီထံ ပေးလာခဲ့သည်။
အကြီးအကဲ ယန်ရှို့တ၏ အသေးစိတ်ရွေးချယ်မှုကြောင့် ပြိုင်ပွဲဝင် ၁၅၀ လောက်သာ ယှဉ်ပြိုင်ခွင့် ရှိတော့၏။ သရုပ်မှန်ကို ရေးသားအတည်ပြုပြီးသည်နှင့် ကြီးမားသော သင်္ဘောပျံတစ်ခုရှိရာသို့ အားလုံးကို ခေါ်ဆောင်သွားခဲ့သည်။
“တပည့်တွေအားလုံး နားထောင်ကြ။ ဒီကျောက်စိမ်းပြားက ပြိုင်ပွဲကြီးမှာ ပြိုင်နေတဲ့မင်းတို့ကို ကိုယ်စားပြုတယ်။ ဒီထဲမှာ မင်းတို့ရဲ့ အမှတ်တွေကို မှတ်ပေးမယ်။ ဒါကြောင့်ဒီကျောက်စိမ်းပြားကို ပျောက်လို့လည်းမဖြစ်ဘူး အထိခိုက်ခံလို့လည်း မဖြစ်ဘူး။ အကယ်လို့ ကျောက်စိမ်းပြားတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် မင်းတို့ ပြိုင်ပွဲကနေမောင်းထုတ်ခံရမယ်။ ဒါ့အပြင့် ဒီပြိုင်ပွဲကို ပြင်မခန်းမရဲ့ တောင်အနောက်ဘက်မှာ ကျင်းပမှာဖြစ်ပြီး သုံးရက်ကြာအောင် ကျင်းပမယ်။ နတ်ဆိုးသားရဲတွေ သတ်ဖြတ်တာနဲ့ ပြိုင်ပွဲဧရိယာထဲကနေ ရှားပါးရတနာတစ်ချို့ကို ရှာတွေ့တာကနေ မင်းတို့ကိုရမှတ်အသီးသီး ခွဲဝေပေးမယ်။ မင်းတို့ရဲ့ စုစုပေါင်းရမှတ်ကို လက်ထဲက ကျောက်စိမ်းတုံးပေါ်မှာ အမြဲတမ်း ကြည့်ရှုနိုင်တယ်။ အမြင့်ဆုံးရမှတ်ကို ရရှိတဲ့ ထိပ်ဆုံးတပည့် ၁၀ယောက်က...ပြိုင်ပွဲရဲ့ ထိပ်သီး၁၀ယောက်အဖြစ်သတ်မှတ်ခံရမယ်။”
“ဒါ့အပြင် တိုက်ပွဲအတွင်းမှာ ပြိုင်ပွဲဝင်အချင်းချင်း ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လို့ရတယ်။ မင်းတို့ရဲ့ ပြိုင်ဘက်ကို အနိုင်ယူပြီးတာနဲ့ သူ့ရဲ့ကျောက်စိမ်းပြားကို လုယူလို့ရတယ်။ အဲ့လိုဆိုရင် ရှုံးနိမ့်သူရဲ့ ကျောက်စိမ်းပြားထဲက ရမှတ်တွေက အနိုင်ရသူရဲ့ အပိုင်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် ပြိုင်ပွဲအတွင်းမှာ သတ်ဖြတ်ခြင်းကိုတော့ခွင့်မပြုဘူး။ မတော်တဆ သတ်ဖြတ်မိသွားမယ်ဆိုရင်တောင်မှ မင်းတို့ရဲ့အမှတ်တွေအားလုံးကို ဖယ်ရှားခံရပြီး စည်းမျဉ်းအရ ဂိုဏ်းကနေ မောင်းထုတ်မယ်။”
(ဂိုဏ်းကမောင်းထုတ်မယ်တဲ့။ ဒါပေမယ့် ရိုက်လို့တော့ရတာပဲမလား)
အကြီးအကဲယန်၏ စကားလုံးများကြောင့် ပြိုင်ပွဲဝင်အများစုသည် ချီယွမ်ကို စူးဝါးစွာ လှမ်းကြည့်လာကြကာ ပြိုင်ပွဲစတင်တာနဲ့ ချီယွမ်ကို ရိုက်နှက်နိုင်ဖို့ တိတ်တဆိတ် ဆုတောင်းလိုက်ကြသည်။
ချီယွမ်ကတော့ ထိုသူများအားလုံး၏ မယဉ်ကျေးသောအကြည့်များကို လျစ်လျူရှုထားလေကာ လက်ထဲရှိကျောက်စိမ်းပြားကိုပဲ သိချင်စွာဆော့ကစားနေခဲ့သည်။ လက်ရှိတွင် ကျောက်စိမ်းပြားသည် ဗလာဖြစ်နေပြီး မျက်နှာပြင်တွင် ဖျော့တော့သော အလင်းရောင်ကိုထုတ်ပေးနေသည်။ ကြည့်ရတာထိုကျောက်စိမ်းပြားသည် အမှတ် မှတ်ရန်အတွက်သာ သီးသန့်အသုံးပြုဟန်ပင်။
ယန်ရှို့တက ဆက်လက်ပြောလာခဲ့သည်။
“အကယ်လို့ ကိုယ်မရင်ဆိုင်နိုင်တဲ့ အန္တရာယ်နဲ့ ကြုံတွေ့နေတာဖြစ်ဖြစ် ပြိုင်ပွဲကနေ နှုတ်ထွက်ချင်တာဖြစ်ဖြစ် နောက်ဆုတ်ဖို့ ဆန္ဒရှိလာပြီဆိုရင် မင်းတို့ရဲ့နောက်လက်တစ်ဖက်မှာရှိတဲ့ နေရာပြောင်း အဆောင်စာရွက်ကို အသုံးပြုပြီး ပြိုင်ပွဲကွင်းပြင်ကနေ ထွက်သွားလို့ရတယ်။ ထွက်သွားတဲ့သူတွေအားလုံးရဲ့ အမှတ်တွေကတော့ အဖျက်ခံရလိမ့်မယ်။ ဒါ့အပြင် ပြိုင်ပွဲအတွင်းမှာ တိုက်ခိုက်စွမ်းရည် တိုးမြှင့်နိုင်ဖို့ အဆောင်စာရွက်နဲ့ ဆေးလုံးအကူအညီကို အသုံးပြုတာ တင်းတင်းကြပ်ကြပ် တားမြစ်ထားတယ်။ ဒါပေမယ့် မင်းတို့ရဲ့ မှော်လက်နက်နဲ့ ကုသဆေးလုံးကိုတော့ အသုံးပြုနိုင်တယ်။”
ထို့နောက်တွင် ယန်ရှို့တ၏ အသံသည် နက်ရှိုင်းသွားကာ အေးစက်သောမျက်နှာထားဖြင့်
“မင်းတို့မှာ ငြင်းဆိုချက်မရှိတော့ဘူးဆိုရင် အခုပဲသွားလို့ရပြီ။ ဒီသင်္ဘောပျံက မင်းတို့ကို ပြိုင်ပွဲနေရာဆီ လိုက်ပို့ပေးလိမ့်မယ်။”
“တပည့်တို့ မှတ်သားထားပါ့မယ်။”
ပြင်ပခန်းမ၏ တပည့်များစွာသည် တပြိုင်နက်ထဲ ဖြေကြားပြီးသည်နှင့် အတွင်းခန်းမ၏ တပည့်များ ဦးဆောင်မှုနောက်ကနေ လေသင်္ဘောပေါ်သို့ ဝင်သွားခဲ့ကြသည်။ လူအားလုံးရောက်သွားပြီးချိန်မှသာ ယန်ရှို့တသည် တာဝန်ရှိအိမ်တော်ထိန်းကို ခေါင်းငြိမ့် အချက်ပြလိုက်သည်။ အိမ်တော်ထိန်း ချက်ချင်း သဘောပေါက်လိုက်ပြီး လက်ထဲရှိအမိန့်ပေးအလံကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းဆိုသလို လှေသင်္ဘော၏ ပတ်ပတ်လည်တွင် အဖြူရောင်အလင်းများ ဝန်းရံသွားကာ အဆုံးမှာ အလင်းတန်းအဖြစ်ပြောင်းလဲပြီး ကောင်းကင်ပေါ်သို့ ပြေးတက်သွားလေရဲ့။
တစ်ချိန်ထဲမှာပဲ ပွဲကြည့်ပရိတ်သတ်များစွာ ရပ်နေသော ကွင်းပြင်၏ထိပ်တွင် ကြီးမားသည့် ကြေးမုံမှန်တစ်ခု အရိပ်ထင်လာကာ သီးသန့်မြင်ကွင်းတစ်ချို့ကို ပြသခဲ့သည်။ ထိုကြေးမုံမှန်အတွင်းတွင် လက်ရှိယှဉ်ပြိုင်သူများ သွားရောက်ယှဉ်ပြိုင်နေရသော အဓိကပြိုင်ပွဲနေရာဖြစ်သည့် မိုင်ပေါင်းများစွာ ကျယ်ဝန်းသော သစ်တောတစ်ခုကို ပြသထားသည်။
ထိုကြေးမုံမှန်ထွက်ပေါ်လာသည်နှင့် လာရောက်ကြည့်ရှုသော တိမ်ကြွေဂိုဏ်း၏ တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြကာ အကောင်းမွန်ဆုံးသော မြင်ကွင်းကိုရရှိဖို့ နေရာယူလိုက်ကြသည်။ ထိုကြေးမုံကို လက်ညှိုးတထိုးထိုးဖြင့် ချက်ချင်းဆိုသလို ဝေဖန်ပြောဆိုလာကြ၏။
“ဒီပြင်ပခန်းမရဲ့ ပြိုင်ပွဲကြီးက တစ်နှစ်တခြား ပိုပိုပြီးကြီးလာတာပဲ။ ဒီတစ်ခေါက်ဆိုရင် ပြိုင်ပွဲဝင်တွေကြားမှာ မသတ်ဖြတ်သရွေ့ဆိုပြီး စိတ်ကြိုက်တိုက်ခိုက်ခွင့်ပေးထားတယ်။ ကြည့်ရတာ ဂိုဏ်းဘက်က တစ်ကယ့်အရည်အချင်းရှိတဲ့ ကျင့်ကြံသူတွေလိုချင်နေပုံပဲ။”
တပည့်ဟောင်းတစ်ယောက်က ပြောနေရင်း သက်ပြင်းချလိုက်သည်။ သူ၏ လေသံအတွင်းတွင် မနာလိုမှုများဝင်ရောက်နေလေရဲ့။
“ဒီနှစ်ရဲ့ ယှဉ်ပြိုင်သူတွေက မနှစ်ကနဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင် နှစ်ဆလောက် ပိုများသွားတယ်။ ကြည့်ရတာ ပြိုင်ပွဲက ပိုပြင်းထန်တော့မယ်နဲ့တူတယ်။ ဒီတိုက်ပွဲကနေ အတွင်းခန်းမကို ဝင်ရောက်နိုင်တဲ့ တပည့်ကတော့ လူတွေကြားမှာ တော်တော်လေးထင်ပေါ်ပြီး အဆုံးမရှိတဲ့ အနာဂတ်ကို ပိုင်ဆိုင်တော့မှာပဲ”
တစ်ခြားသော အပြင်ခန်းမ၏ တပည့်တစ်ယောက်ကလည်း ဝင်ပြောလာခဲ့သည်။
“ငါ့အမြင်အရဆိုရင် အဲ့ဒီပြင်ပခန်းမရဲ့ တပည့် စီနီယာညီလေး ရှုယုရှင်း ကတော်တော်လေးသန်မာတယ်။ အခြေခံတည်ထောင်ခြင်းနယ်ပယ်ကိုတောင် ရောက်တော့မှာ။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ သူပဲ ၁ ဆွဲလိမ့်မယ်။”
ကျန်သောသူများ ချက်ချင်းခေါင်းရမ်းလာကြကာ
“ငါကတော့ ဂိုဏ်းတူညီလေး ဟန်ကျိုက်ယွမ်ကိုကြိုက်တယ်။ အရင်တစ်ခေါက်ပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့တယ်ဆိုပေမဲ့ ဂိုဏ်းတူညီလေးဟန်က အဲ့တာကို သင်ခန်းစာယူပြီး တစ်နှစ်လုံးသေချာလေ့ကျင့်ထားခဲ့တာ။ သူကြိုးစားထားတာတွေအားလုံးက ဒီတစ်ခေါက်ပြိုင်ပွဲမှာ အနိုင်ယူနိုင်ဖို့ပဲ။ ဒါ့ကြောင့် ဒီတစ်ခေါက်ပွဲမှာတော့ သူ့အတွက်နာမည်ကို ကိုယ်တိုင်ဖန်တီးနိုင်မယ်လို့ ငါယုံတယ်။ ဒါ့ကြောင့် ဂိုဏ်းတူမောင်လေးဟန်နိုင်မယ်လို့ ဝိဉာဉ်ကျောက်တုံး၁၀၀လောင်းတယ်။”
လောင်းကြေးစတင်ထပ်လိုက်သည်နှင့် ကျန်သောသူများအားလုံး ချက်ချင်းဆိုသလို တက်ကြွလာကာ လေထုတစ်ခုလုံးဆူညံလာတော့သည်။
“ဟင်းဟင်း ဒီတစ်ခေါက်မင်းတော့ ဆုံးရှုံးတော့မှာပဲ။ ဒီပွဲမှာ စည်းကမ်းထိန်းသိမ်းရေးခြံဝန်းရဲ့ ဂိုဏ်းတူအစ်မနျိုစွေ့လန်လည်း ပါတယ်။ သူမကနောက်ခံလည်း ကောင်းတယ်။ ဒါ့အပြင် သူမရဲ့ သစ်သားဒြပ်စင်စွမ်းအင်က ပြင်ပခန်းမရဲ့ တပည့်တွေကြားမှာ နှိုင်းယှဉ်လို့မရဘူး။ နောက်ဆုံးအချိန်အထိ ရယ်မောပြီးကျန်နိုင်မယ့်သူက သူမပဲလို့ ငါလောင်းရဲတယ်။ သူမအတွက် ငါဝိဉာဉ်ကျောက်တုံး ၃၀၀လောင်းတယ်အေ။”
“ငါသိတဲ့ ဂိုဏ်းတူညီလေး လုခန်ကသာ တစ်ကယ့်အရည်အချင်းရှိတဲ့သူကွ။ ဒီတစ်ခေါက်ပြိုင်ပွဲမှာ သူက နှိုင်းယှဉ်လို့မရတဲ့ နောက်ဆုံးအနိုင်ရသူ ဖြစ်လာလိမ့်မယ်။ ငါသူ့ကိုယ်စား ဝိဉာဉ်ကျောက်တုံး ၅၀၀ လောင်းတယ်။”
ဆူညံနေသောအသံများကြားထံသို့ လင်ကျန်း ရောက်ရှိလာခဲ့ပြီး တာဝန်ရှိသူအနားသို့ သွားရောက်ကာ အင်္ကျီအတွင်းရှိ သိုလှောင်အိတ်ကိုထုတ်ယူရင်း တည်ငြိမ်စွာပြောလိုက်သည်။
“ဒီပြိုင်ပွဲမှာ ချီတ ပထမနေရာယူနိုင်မယ်လို့ ဝိဉာဉ်ကျောက်တုံး ၁၀၀၀လောင်းတယ်။”
“ချီတဆိုတာ ဘယ်သူလဲ”
ထိုတာဝန်ရှိသူမှာ အံ့ဩစွာဖြင့် ယှဉ်ပြိုင်သူနာမည်စာရင်းကို ရှုပ်ထွေးသော မျက်နှာဖြင့် အလျင်အမြန် လှန်လှောကြည့်ရှုလိုက်သည်။
“မင်းပြောတဲ့သူက ဘာလို့ စာရင်းထဲမှာ မပါရတာလဲ။”
(ချီတက နိုင်နိုင်တဲ့ လူစာရင်းထဲတောင် အမှတ်မခံရဘူးလား)
လင်ကျန်း၏ မျက်နှာထားသည် အနည်းငယ်ထူးဆန်းသွားသော်ငြား စိတ်ရှည်စွာဖြင့်ရှည်းပြလာခဲ့သည်။
“ချီတဆိုတာ ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ အစေခံတပည့်တစ်ယောက်ပဲ။ သူ့ရဲ့ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်၅ကို ရောက်နေပြီ။ သူနိုင်မယ်လို့ ငါလောင်းတယ်။”
လင်ကျန်း၏စကားလုံးများက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးကို ဆွဲဆောင်မိသွားကာ အရူးတစ်ယောက်ကို ကြည့်ရှုနေရသည့်နှယ် ဝိုင်းကြည့်လာလေ၏။
(ဒီကောင်ရူးသွားပြီလား။ တကယ်ကြီး ချီသန့်စင်ခြင်း အဆင့်၅ကျင့်ကြံသူတစ်ယောက်ကို နိုင်မယ်လို့လာလောင်းနေတာလား။)
“မင်းသေချာရဲ့လား”
ထိုတာဝန်ရှိပွဲစားသည် မျက်မှောင်ကျုံ့ဖြင့် ထပ်မံအတည်ပြုလာခဲ့သည်။
“သေချာတယ်”
လင်ကျန်းတည်ငြိမ်စွာ ခေါင်းညိမ့်ပြလိုက်၏။
“ကောင်းပြီလေ ဒါဆိုလဲ”
ဘယ်လိုနေနေ ရောက်ရှိလာသော ပိုက်ဆံကို တာဝန်ရှိပွဲစားက ငြင်းဆိုစရာလား။ ထိုပွဲစားသည် ကူရာမဲ့စွာ ခေါင်းရမ်းလိုက်ရင်း လင်ကျန်းပေးလာသော သိုလှောင်အိတ်ကို ချက်ချင်းဆွဲယူကာ စစ်ဆေးလိုက်သည်။ ထို့နောက်တွင် လင်ကျန်းကို ငွေလက်ခံရကြောင်း တံဆိပ်တုံးပေးလိုက်၏။
“မင်းလောင်းကြေးထပ်ထားတဲ့သူက ငါတို့ရဲ့ စာရင်းထဲမှာ မရှိဘူး။ ဒါ့ကြောင့်လက်ရှိရနိုင်တဲ့ထဲက အမြင့်ဆုံးလောင်းကြေးနဲ့ပဲ ပေးလိုက်မယ်။ မင်းကိုသနားတဲ့အနေနဲ့ ၁ : ၁၀ အချိုးနဲ့ပေးလိုက်မယ်။ အကယ်လို့ပြိုင်ပွဲပြီးသွားလို့ နိုင်ခဲ့ပြီး ပိုက်ဆံလာထုတ်ချင်တယ်ဆိုရင် ငါပေးထားတဲ့ ဒီတံဆိပ်ခေါင်းနဲ့ လာထုတ်လိုက်ပါ။ ဒီနေရာမှာ လူက အဓိကမဟုတ်ဘူး တံဆိပ်ခေါင်းက အဓိကပဲ။”
(၁ : ၁၀ တဲ့လား)
ထိုတံဆိပ်ခေါင်းကြောင့် လင်ကျန်းမနေနိုင်စွာ စိတ်လှုပ်ရှားသွားခဲ့သည်။
(အကယ်လို့ အစ်ကိုချီသာ တစ်ကယ်ပဲအနိုင်ရခဲ့ရင် ငါဝိဉာဉ်ကျောက်တုံး တစ်သောင်းတောင်ရမှာပေါ့ တစ်သောင်းတောင်လေ)
အချိန်ခဏကြာ စဉ်းစားပြီးနောက်တွင် လင်ကျန်းသည် လက်၌ဝတ်ထားသော မဟူရာလက်စွပ်ကို ထိတွေ့ရင်း ခပ်တိုးတိုး ငြီးတွားလိုက်သည်။
“အကြီးအကဲချီ ခင်ဗျားရဲ့ ညွှန်ကြားချက်အတိုင်း ကျွန်တော် အစ်ကိုချီအပေါ်မှာ ဝိဉာဉ်ကျောက်တုံးတွေ လောင်းခဲ့တယ်။”
နောက်တစ်စက္ကန့်မှာပဲ ခြောက်သွေ့အက်ကွဲကာ နက်ရှိုင်းသော အသံတစ်ခုသည် လင်ကျန်း၏ အာရုံအတွင်းသို့ဝင်ရောက်လာခဲ့သည်။
“ကောင်လေး လင် စိတ်ရှည်ရှည်နဲ့စောင့်နေလိုက်စမ်းပါ။ အဲ့ဒီချီတက ရိုးရှင်းတဲ့သူမဟုတ်ဘူး။ အနာဂတ်မှာ ဘာတွေပဲဖြစ်နေပါစေ ချီတကို မဆန့်ကျင်မိစေနဲ့။”
…….
နောက်ဆုံးတွင် လေသင်္ဘောသည် အနည်းငယ် အရှိန်တန့်သွားကာ တံခါးပွင့်လာခဲ့သည်။ တံခါး၏ဘေး၌ အတွင်းခန်းမ၏ အိမ်တော်ထိန်းက ရပ်နေပြီး ယှဉ်ပြိုင်သူအုပ်စုကို ခံစားချက်မဲ့စွာ ကြည့်လာရင်း
“တန်းစီပြီးရပ်ကြပါ။ ပြီးရင် ဒီသင်္ဘောပေါ်ကနေ တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းလိုက်ကြ။ ခုန်ဆင်းလို့ရပါတယ် အရမ်းမမြင့်ဘူး ၁၀ပေလောက်ပဲ။ အောက်ရောက်ပြီဆိုရင် မင်းတို့ကြိုက်တဲ့သူနဲ့ အဖွဲ့ဖွဲ့ပြီးလှုပ်ရှားလို့ရတယ်။”
(ခုန်ဆင်းရမယ်)
လေသင်္ဘောပေါ်က လူတွေအားလုံး အနည်းငယ်အံ့အားသင့်သွားခဲ့သည်။
ပြောရမည်ဆိုလျှင် အခြေခံတည်ထောင်ခြင်းနယ်ပယ်အဆင့်ရှိမှသာ ကျင့်ကြံသူများသည် ပြင်ပအကူအညီမရှိဘဲ လေပေါ်တွင် ပျံသန်းနိုင်မည်ဖြစ်သည်။ ဆယ်ပေဟူသော အကွာအဝေးသည် သာမန်လူအတွက်တော့ ကြီးမားသော ဒဏ်ရာဖြစ်ပေါ်စေနိုင်သည့် အကွာအဝေးတစ်ခုပင်။ ချီသန့်စင်ခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်သည် အတွင်းစွမ်းအင်ကို ထိန်းညှိပြီး ခုန်ချမှုကိုညှင်သာစေနိုင်သည်ဆိုသော်ငြား ဂရုမစိုက်မိလျှင် ဒဏ်ရာရစေလိမ့်မည်။ အထူးသဖြင့် အခုလိုမျိုး ပျံနေသော လေသင်္ဘောပေါ်မှပင်။
ထို့ကြောင့် တပည့်များအားလုံး တွန့်ဆုတ်သွားကြကာ အမြင့်ကြောက်သော တစ်ချို့ဆိုလျှင် ချက်ချင်းပဲ မျက်နှာများဖြူဖွေးသွားလေရဲ့။
“အချိန်ဆွဲမနေကြနဲ့”
အိမ်တော်ထိန်းက ထိုအချင်းအရာကို မြင်သည်နှင့် အေးစက်စွာ မဲ့ရွဲ့လာခဲ့သည်။
“မြန်မြန်ခုန်တော့။ မဟုတ်ဘူးဆိုရင် ငါပစ်ချရမှာလား”
“ကျွန်တော် အရင်သွားပါမယ်။”
အကုန်လုံး၏ စောင့်ကြည့်နေသော မျက်လုံများကို ကျော်ဖြတ်ရင်း ချီယွမ်သည် တံခါးပေါက်ရှိရာသို့ တိုက်ရိုက်သွားရောက်လိုက်သည်။
“မင်းတို့ပဲ ငါ့ကိုပညာပေးမယ်ဆိုပြီး အာချောင်ခဲ့တာ မဟုတ်ဘူးလား။ ငါစောင့်နေတယ်နော်။”
“မောက်မာလိုက်တာ မျိူးမစစ်ကောင်”
“မရဘူး။ ငါအဲ့ဒီကောင်ကို သေချာပေါက်လိုက်ရိုက်မယ်။”
ချီယွမ်၏ ရန်စသော စကားလုံးများကြောင့် အကုန်လုံးစိတ်ကြွဆေး ကျွေးခံလိုက်ရသည့်နှယ် လေသင်္ဘောပေါ်မှ တုံ့ဆိုင်းမှုမရှိ ခုန်ဆင်းလာခဲ့သည်။
ကြေးမုံမှန်အတွင်းမှ မြင်ကွင်းကို ကြည့်ရှုနေသော ဂိုဏ်းခေါင်းဆောင်ပိုင်ချင်းဝူသည်ပင် အကြိမ်ကြိမ်ခေါင်းငြိမ့်ရင်း ထောက်ခံစွာ ပြောဆိုလာခဲ့သည်။
“ဒီနှစ်ရဲ့ တပည့်တွေက တော်တော်လေးသတ္တိရှိတာပဲ။ စိတ်လိုလက်ရ လေသင်္ဘောပေါ်ကနေ ခုန်ချခဲ့တယ်။ တွန်းချရတဲ့လူတောင် မရှိခဲ့ဘူး။”
တစ်ခြားသော အဆင့်မြင့် အကြီးအကဲများလည်း ထောက်ခံစွာ ခေါင်းငြိမ့်လိုက်ကြပြီး နောက်လာမည့်အဖြစ်အပျက်များအတွက်ပါ မျှော်လင့်မိသွားကြသည်။
………