(ဒီကောင်လေး မူမမှန်ဘူး)
Vol. 4 Ch. 39
"ငါတို့ အလုပ်များပြီပဲ"
များစွာသော ဝံပုလွေအုပ်ကြီးကြောင့် လူသုံးယောက်၏ မျက်နှာထားသည် ထိတ်လန့်ရမည့်အစား ပျော်ရွှင်မှုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုဝံပုလွေအားလုံးက တိုက်ခိုက်ရန် လွယ်ကူသည့် ချီသန့်စင်ခြင်း အဆင့်သာ ရှိကြသည်။ အနောက်တောင်ရှိ နတ်ဆိုးသားရဲများအတွင်းတွင် ထိုနက်ပြာရောင် ဝံပုလွေသည် အားအနည်းဆုံးပင်။ ဘယ်လိုပင် အရေအတွက်များပါစေ နိမ့်ကျသည့် အစွမ်းကြောင့် အသုံးဝင်လိမ့်မည် မဟုတ်ချေ။
"ညီအစ်ကိုတို့ လာ သတ်ကြစို့"
ရှဲ့ယုရှင်း နောက်လိုက်နှစ်ယောက်ကို လက်တစ်ဖက်ယမ်းကာ အချက်ပြလိုက်ပြီး အရင်ဦးဆုံး ပြေးဝင်သွားခဲ့သည်။ ကျန်နှစ်ယောက်လည်း တောင်ပေါ်ကို ခုန်ဆင်းလာသည့် ကျားများနှယ် ဝံပုလွေအုပ်အတွင်းသို့ အင်အားနှင့် ပြေးဝင်သွားခဲ့ပြီး မြင်မြင်ရာသို့ အကြမ်းပတမ်း ခုတ်ထစ်ကာ ဒေါသများ ပုံချခဲ့သည်။ ချက်ချင်းဆိုသလို မြေပြင်ပေါ်တွင် ဝံပုလွေ အလောင်းများ ပြည့်နှက်သွားခဲ့ပြီး သွေးများသည် မြစ်တစ်ချောင်းလို စီးဆင်းသွားသည်။
နာရီဝက်ခန့် ကြာပြီးနောက်တွင်
"ဟီးဟီး မဆိုးပါဘူး။ ဒီတစ်ခေါက် အမှတ်၅၀တောင် ရလိုက်တယ်"
ဦးခေါင်းပေါ် စင်နေသော သွေးစတစ်ချို့ကို သုတ်လိုက်ရင်း ရှဲ့ယုရှင်း ပျော်ရွှင်မှုအပြည့်ဖြင့် ပြောလိုက်သည်။ သူ၏နောက်လိုက် နှစ်ယောက်ထံတွင်လည်း ပျော်ရွှင်မှုများ လျှံထွက်နေလေရဲ့။
ထိုသို့ဖြင့် အောင်မြင်မှုကို ပျော်ရွှင်လို့ မပြီးစဥ်မှာ နောက်ထပ် ဝံပုလွေတစ်အုပ် ထပ်မံ ရောက်ရှိလာခဲ့သည်။ ထိုသို့ဖြင့် ကြမ်းတမ်းသော တိုက်ပွဲအပြီးမှာ ဝံပုလွေများ ထပ်မံသေဆုံးရလေပြီ။ ဒီတစ်ခေါက်မှာတော့ ထိုသုံးယောက်လုံး မောပန်းလွန်း၍ စကားတောင် မပြောနိုင်တော့ချေ။ သိုလှောင်အိတ်ထဲတွင် ထည့်ထားသော ကုသဆေးလုံးများ ထုတ်ယူလိုက်ပြီး စတင်ကျင့်ကြံရတော့သည်။
မကြာခင်မှာဘဲ ရှဲ့ယုရှင်း၏ စိတ်ဝိညာဥ် စွမ်းအင်သည် ၈၀℅ ပြန်ကောင်းသွားခဲ့သည်။ ၁၀၀ကျော်သွားပြီဖြစ်သော အုပ်စုလိုက် ရမှတ်ကြောင့် ရှဲ့ယုရှင်းတစ်ယောက် ကျေနပ်သွားလေ၏။
"ဟူး မောလိုက်တာ။ ဒါပေမဲ့ အနည်းဆုံးတော့ တန်ပါသေးတယ်လေ"
"ဒီနှုန်းနဲ့ဆိုရင် ဒီတစ်ခေါက် ပြိုင်ပွဲမှာ ပထမနေရာ ရတော့မယ်ထင်တယ်"
သို့ပေမဲ့
"ဂါး"
လျှပ်စစ်ဓာတ်များ ဝန်းရံထားသော မိုးကြိုးဝက်ဝံ နှစ်ကောင်သည် ထိုသုံးယောက်ရှိရာသို့ အင်အားနှင့် ပြေးဝင်လာကာ တိုက်ခိုက်ဖို့ အသင့်ပြင်လိုက်သည်။ ထိုမိုးကြိုးမုန်တိုင်းဝက်ဝံနှင့် ရင်ဆိုင်ပြီးနောက်တွင် နောက်ထပ် ရောက်လာသော မီးလူဝံ၊ ဦးချိုပါ ကင်းလိပ်လျှော အုပ်လိုက်ကြီး၊ ဧရာမအစွယ် ပုတ်သင်ညို၊ ငွေလရောင် ကျားသစ်များ...
ရောက်ရှိလာသော မျိုးစိတ်ကွဲ ထိုနတ်ဆိုးသားရဲများသည် အဆုံးမရှိနိုင်လောက်အောင် များပြားဟန်ပင်။ အချိန်တစ်ခုကြာတိုင်း ရောက်ရှိလာခဲ့သည့်အတွက် ထိုသုံးယောက်လုံး နေမထွက်ခင်အထိ မနားမနေ အလုပ်လုပ်နေရကာ နောက်ဆုံးမှသာ အနားယူနိုင်တော့၏။
"မောလိုက်တာ"
ထပ်မံရောက်လာသော နတ်ဆိုးသားရဲများ မရှိတော့တာကို အတည်ပြုပြီးချိန်မှသာ ထိုသုံးယောက်လုံး ပင်ပန်းစွာ မြေပြင်ပေါ် လဲချလိုက်ပြီး ချွေးများအပြည့်ဖြင့် လေးလံစွာ အသက်ရှူနေလေရဲ့။
"ငါတို့မှာ အမှတ်ဘယ်လောက်ရှိလဲ"
"၅၀၀ နည်းနည်းကျော်နေပြီ"
"ဟူး ဘယ်လိုလုပ် ဒီလောက်အများကြီး ရောက်လာရတာလဲ မသိဘူး"
"ဒီနေရာလေးအတွင်းမှာပဲ များစွာတဲ့ ဝိညာဉ်သားရဲတွေကို သတ်ခဲ့ရတာ ဘာကြောင့် ဒီလိုဖြစ်လာတယ်လို့ ထင်လဲ"
ရုတ်တရက် ရှဲ့ယုရှင်း တစ်ခုခုကို သတိရသွားကာ ခါးတွင် ချိတ်ဆွဲထားသော သိုလှောင်အိတ်ကို အလျင်အမြန် ဆွဲဖွင့်လိုက်သည်။ ကျောက်စိမ်းပုလင်းကို ယူကာ စစ်ဆေးလိုက်ချိန်တွင် ဗလာဖြစ်နေပြီး အောက်ခြေကိုပါ မြင်နေရသော ပုလင်းကိုသာ တွေ့လိုက်ရ၏။
“ဟ မဖြစ်တော့ဘူး။ ငါ့မှာ ကုသဆေးလုံးတွေ ကုန်နေပြီ။ မင်းတို့ရော ကျန်သေးလား”
ကျန်နှစ်ယောက်လည်း သိုလှောင်အိတ်များ ဖွင့်လိုက်သည်နှင့် မျက်နှာများ မည်းမှောင်သွားလေရဲ့။
"ကျွန်တော့်ဟာလည်း ကုန်ပြီ"
"ကျွန်တော်ရောပဲ"
ထိုသုံးယောက်လုံး အချင်းချင်း ကြည့်လိုက်ကြပြီး မျက်နှာတစ်ခုလုံး စိတ်ပျက်သွားလေသည်။
ဤပြိုင်ပွဲသည် ၃ရက်ကြာမြင့်မည် ဖြစ်သည့်အပြင် ၁ရက်အတွင်းမှာပဲ သူတို့ထံတွင် ကုသဆေးလုံးများ မရှိတော့ချေ။ သူတို့၏ နောက်ပိုင်းအခြေအနေသည် လွန်စွာ ဆိုးရွားလာနိုင်သည်။
ထိုအချိန်မှာပဲ...
ဗုတ်
နူးညံ့သော အသံတစ်ခုနှင့်အတူ သူတို့၏ မျက်လုံးအရှေ့သို့ ကောင်းကင်ပေါ်မှ သိုလှောင်အိတ်တစ်ခု ပြုတ်ကျလာခဲ့သည်။ ထိုသိုလှောင်အိတ်က သူတို့သုံးယောက်နှင့် ၃လှမ်းအကွာမှာ ရပ်သွားလေရဲ့။
"ဘယ်သူလဲ"
ထူးဆန်းသော သိုလှောင်အိတ်ကြောင့် ထိုသုံးယောက်လုံး သတိကပ်သွားကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။ သို့သော်ငြား မူမမှန်တာ တစ်ခုမှ မတွေ့ခဲ့ချေ။
သိုလှောင်အိတ်ပေါ်တွင် အဆိပ်မရှိတာကို အတည်ပြုပြီးချိန်မှသာ ရှဲ့ယုရှင်း လှမ်းယူကာ ဖွင့်ကြည့်လိုက်သည်။ ထိုအထဲတွင် ကုသဆေးလုံးများဖြင့် ပြည့်နေသော ကျောက်စိမ်းပုလင်း ၃ပုလင်းကို တွေ့လိုက်ရလေ၏။
"..."
"အတွင်းခန်းမဘက်က အကြီးအကဲက ငါတို့ရဲ့ ထူးချွန်တဲ့ လုပ်ဆောင်ချက်ကို မြင်ပြီးတော့ အကူအညီ ပေးလာခဲ့တာလား"
တောက်ပသော အရောင်အဆင်းနှင့် မွှေးပျံ့နေသော ကုသဆေးလုံးများကို ကြည့်နေရင်း ရှဲ့ယုရှင်း အတွေးများသွားခဲ့သည်။
ထိုအချိန်တွင် ပြိုင်ပွဲကွင်းပြင်အတွင်းရှိ အဖြစ်အပျက်များကို ပြသနေသော ကြေးမုံမှန်အား ကြည့်နေသည့် တိမ်ကြွေဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲများအားလုံး၏ မျက်နှာထားသည် တဖြည်းဖြည်း ထူးဆန်းလာကာ အချင်းချင်း အကြည့်ဖလှယ်လိုက်ကြသည်။ အချိန်အကြာကြီး တိတ်ဆိတ်ပြီးနောက်တွင် အတွင်းခန်းမ၏ တာဝန်ရှိ အကြီးအကဲမှူး ယန်ရှို့တ မနေနိုင်အောင် ရေရွတ်လိုက်သည်။
"တစ်ခုခုတော့ မှားနေပြီ"
ပိုင်ရှီရို့၏ နှုတ်ခမ်းလည်း အနည်းငယ် တင်းကျပ်သွားကာ
"ဂိုဏ်းတူမောင်လေးချီ၊ တစ်ကယ်ပဲ ဘာလုပ်နေတာလဲ”
…….