← Chapters

တာအိုဖွဲ့စည်းပုံ

Vol. 1 Ch. 207

တာအိုဖွဲ့စည်းပုံ

Vol. 1 Ch. 207

"သေမင်းတမန် ဝင်္ကပါဖွဲ့စည်းဖို့ အမိန့်ပေးလိုက်  ...   ကုထယ်ကို မှော်ပညာသုံးပြီး ကျန်းရီကို ချုပ်ထားဖို့ ပြောလိုက်  ...   ... မင်ဟွေ့ကို သူ့လူတွေခေါ်ပြီး အဲ့ခွေးမကို သတ်ဖို့ပြော  ...  "

သူ့စိတ်ထဲတွင် သတ်ဖြတ်ချင်စိတ်များ အပြည့် ဖြစ်နေသော်လည်း ယွင်ဟဲသည် ကျန်းရီ၏ မီးတောက်များနှင့် ယွင်ဖေး၏ မှော်အတတ်ကို ကြောက်လန့် နေသောကြောင့် ကိုယ်တိုင် မလှုပ်ရှားပေ။ သူသည် သူ့ဘေးရှိ ဦးချိုမှုတ်နေသော သူကိုသာ အမိန့်များ ပေးနေလေသည်။ ဦးချိုသည်  အထူး ဆက်သွယ်သော နည်းလမ်း တစ်ခုဖြစ်သည်မှာ ထင်ရှားသည်။

"ယွင်ဟဲ ... ကျွန်မတို့ ဘာမှ မလုပ်ကြတော့ဘူးလား  ...  "

ယွင်ဟဲသည် လူဝံကြီး၏ ပခုံးပေါ်တွင်သာ အတည်တကျ ထိုင်နေသည်ကို တွေ့သောအခါ ရွှေချမ်လော့သည် သံသယဖြစ်စွာ မေးလိုက်သည်။ သူမအမြင်တွင် ဤတိုက်ပွဲသည် မည်သည့် ကျွမ်းကျင်မှုမှ မလိုပေ။ သူတို့သည် အားကုန် တိုက်ခိုက်ကြဖို့သာ လိုလေသည်။

"အလျင်မလိုနဲ့  ...   ... ကျန်းရီက ဝိညာဉ်ခေါင်းလောင်း ဝတ်စုံကိုတောင် ဖျက်ဆီး နိုင်တယ်ဆိုရင် သူ့မှာ ပိုကြောက်ဖို့ ကောင်းတဲ့ ဝှက်ဖဲတွေ ရှိမလားဆိုတာ အရင် လေ့လာရမယ် ... သူ့ကိုယ်က ထွက်နေတဲ့ အဲဒီ မီးတောက်တွေ အကန့်အသတ် မရှိဘူးလို့ ငါမယုံဘူး  ...  "

ယွင်ဟဲသည် တော်ဝင်မိသားစုထဲတွင် ကြီးပြင်းလာသူ ဖြစ်၍ သူအကျွမ်းကျင်ဆုံး အလုပ်သည် လူများကို အသုံးချခြင်း ဖြစ်လေသည်။ သူ၏ အဆင့်အတန်းဖြင့် သူ့အသက်အား ရင်းမည် မဟုတ်ချေ။ သူကိုယ်တိုင် မလုပ်မဖြစ် လုပ်ရမည် မဟုတ်ရာ သူ့အသက်အား မရင်းနိုင်ပေ။

"ဒါဆို ကောင်းပြီလေ  ...  "

ရွှေယွဲ့လျန်မျှော်စင်မှ အသက်များ ဆုံးရှုံးခြင်း မဟုတ်ရာ ရွှေချမ်လော့သည် ဆန္ဒကို ထိန်းချုပ်၍ တိုက်ပွဲကိုသာ စူးစိုက် ကြည့်နေလေသည်။

ယွင်ဟဲ၏ အမိန့်များကို ကြားသော် အဖိုးတန် အဝတ်အစားများကို ဝတ်ဆင်ထားသော သခင်လေး နှစ်ယောက်သည် ကောက်ကျစ်လှသော ယွင်ဟဲအား ကျိတ်၍ ကျိန်ဆဲ လိုက်ကြသည်။ သို့သော် သူတို့တွင် ရွေးချယ်စရာ မရှိဘဲ တိုက်ခိုက်ရုံသာ တတ်နိုင်လေသည်။

တစ်ယောက်သည်  ဘယ်ဘက်နားတွင် နားကပ်တစ်ဖက် ဝတ်ဆင်ထားသော တောင်ဝှေး ကိုင်ဆောင် ထားသည် ဆံပင် ကောက်ကောက်ဖြင့် ကောင်လေး တစ်ယောက် ဖြစ်သည်။ သူသည် ကုဂိုဏ်း၏ ဆက်ခံသူ ကုထယ် ဖြစ်လေသည်။ သူအော်ဟစ် လိုက်သည်။

"သေမင်းတမန် ဝင်္ကပါ  ...   "

သေမင်းတမန် ဝင်္ကပါသည် ရှန်မိနိုင်ငံတွင် အလွန်ကျော်ကြားသည်။ ထိုဝင်္ကပါအား အသုံး ပြုလိုက်သည်နှင့် သူတို့သည် သေဆုံးရမည့် တိုက်ပွဲအတွင်း ရောက်ရှိသွားကြမည်။ တစ်ဖက်ဖက်မှ အားလုံး မသေမချင်း ထိုဝင်္ကပါ ရပ်တန့်လိမ့်မည် မဟုတ်ချေ။ ထိုဝင်္ကပါကို စတင်ပြီးမှ ထွက်ပြေးရန် ကြိုးစားသူတိုင်းအား သူရဲဘောကြောင်သူ အဖြစ် သတ်မှတ်ကာ ရှန်မိနိုင်ငံသားများက အလွန်အထင် သေးကြလေသည်။

"ဝှစ်..ဝှစ်..ဝှစ်  ...  "

လူတစ်ထောင် နီးပါးသည် ကျန်းရီရှိနေသော နေရာတွင် စုစည်းနေကြသည်။ သူတို့သည် ကျန်းရီထံ လူသုံးယောက်စီ ပါသော မြားပုံစံ ဖွဲ့စည်းကာ ချီတက် လာနေကြသည်။ လူတိုင်း၏ မျက်နှာတွင် သေခြင်း အငွေ့အသက်များ လွှမ်းလျက် ရှိသည်။ ယွင်ဟဲသည် သေမင်းတမန် ဝင်္ကပါသုံးရန် အမိန့်ပေးလိုက်ပြီ ဖြစ်ရာ သူတို့တွင် နောက်ဆုတ်ရန် လမ်းမရှိတော့ချေ။ သူတို့က ကျန်းရီကို သတ်နိုင်လျှင်သတ်၊ မသတ်နိုင်လျှင် ကျန်းရီသတ်သည်ကို ခံရမည်သာ ဖြစ်လေသည်။

"ကောင်းတယ်  ...   ... သတ်ဖြတ်ခြင်း အရှိန်အဝါ  ...  "

အခြေအနေများသည် ကျန်းရီ လိုချင်သည့် အတိုင်း ဖြစ်လာခဲ့သည်။ ယွင်ဟဲနှင့် ရွှေချမ်လော့သည် ကိုယ်တိုင် မလှုပ်ရှားဘဲ ဤလူအုပ်အား သူနှင့် အချိန်ဖြုန်းခိုင်း နေလေသည်။ အရာရာသည် သူမျှော်လင့် ထားသလိုသာ။ ယခုတွင် သူ့မျက်လုံးများ ရဲရဲနီလာခဲ့ပြီး ပတ်ဝန်းကျင်အား ဖိအားတို့ သက်ရောက် လာခဲ့သည်။ အချို့ဆိုလျှင် ဒူးများ ပျော့ခွေကုန်ကြသည်။ သို့သော် ဘယ်သူမှ ခြေတစ်လှမ်းတောင် နောက်မဆုတ်ရဲပေ။

စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည် အတွင်းအား တိုက်ခိုက်မှုများ ပြုလုပ်လိုက်ကြပြီး တစ်မူထူးခြားစွာ ဝတ်စား ဆင်ယင်ထားသော သခင်လေး ကုထယ်၏ တောင်ဝှေးမှ အလင်းများ တောက်ပ လာခဲ့သည်။

"လေဖြင့် ချုပ်နှောင်ခြင်း  ...  "

လေအေးတစ်ချို့ တိုက်ခတ်လာပြီး ကျန်းရီကိုယ်ပေါ် ကျဆင်း သွားခဲ့သည်။ သဏ္ဌာန်မဲ့သော စွမ်းအား တစ်မျိုးက ကျန်းရီအား ချုပ်နှောင် လိုက်လေသည်။ ကျန်းရီသည် အစက ရှေ့သို့ ပြေးသွား၍ ထိုလူအုပ်အား ကမ္ဘာ့မီးလျှံသုံး၍ မီးရှို့ပစ်ရန် ကြံစည် ထားခဲ့သည်။ ယခုမူ သူ့တွင် ရွေးစရာ မရှိတော့ဘဲ ကောင်းကင် နတ်ဆိုးပိုးချည်ကို သုံး၍သာ တိုက်ခိုက်မှုများအား တားဆီး လိုက်ရသည်။

"ဖုန်း ... ဖုန်း ... ဖုန်း  ...  "

သူ့ကိုယ်သည် လွင့်ထွက် သွားခဲ့သော်လည်း ကောင်းကင် နတ်ဆိုးပိုးချည်၏ အကာအကွယ် ရှိနေရာ မည်သည့် ဒဏ်ရာမှ မရခဲ့ပေ။ ထိုအချိန်တွင် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် အနည်းငယ် အားနည်းသွားခဲ့ရာ လူတစ်ရာကျော်သည် သုံးဖက်သုံးတန်မှ သူ့ထံ ချည်းကပ် လာကြလေသည်။ ယခု သူ့ကိုယ်သည် လှုပ်ရှားရန် မနည်း ရုန်းကန်နေရလေသည်။

ဒီမှော်ပညာက တော်တော်လေး အန္တရာယ်များတယ်  ...

ကျန်းရီသည် ထိတ်လန့်နေသော်လည်း အနက်ရောင် အကြေးခွံဓားအား ဆွဲထုတ်လိုက်ပြီး ရှေ့ဘက်သို့ ထိုးသွင်း လိုက်သည်။

ဓားကျဆင်းသွားသည်နှင့် အနီးအနားမှ လေများသည် ဓားထိပ်ဖျားတွင် စုစည်း လာကြလေသည်။ ရုတ်တရက် သူ့အား ချုပ်နှောင်ထားသော သဏ္ဌာန်မဲ့လေများ ပျောက်ကွယ် သွားခဲ့သည်။

လေဖြင့် ချုပ်နှောင်ခြင်း ဟုတ်လား  ...   ... လေက ငါ့ကိုယ်ကို ချုပ်နှောင်ဖို့ သုံးနိုင်တယ် ဆိုရင် ငါကရော အဲဒီလေကို တခြားဟာနဲ့ ပေါင်းစပ် လိုက်လို့ မရတာကျလို့ ...

ကျန်းရီ၏ စိတ်သည် လျင်မြန်စွာ အလုပ် လုပ်နေခဲ့သည်။ ကုထယ်သည် လေဖြင့် ချုပ်နှောင်ခြင်းကို ထပ်မံ အသုံးပြုလိုက်သည့်အခါ ကျန်းရီသည် မျက်လုံးများကို မှိတ်၍ လေစီးကြောင်းကို ခံစား နေလိုက်သည်။ သူ့စိတ်သည် လေသွားရာ လမ်းကြောင်းကို တွက်ချက် နေခဲ့သည်။

ထူးဆန်းသည့် အရာ ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် ကျန်းရီ၏ ဒန်တျန်းထဲရှိ ခရမ်းရောင် နန်းတော်ထဲမှ ခရမ်းရောင် နန်းတော်ငယ်သည် အလင်းများ တောက်ပ လာခဲ့သည်။ ခရမ်းရောင် နန်းတော်ငယ်ထဲမှ အနက်ရောင် အရည်တစ်စက်သည် အပြင်သို့ ထွက်လာကာ ကျန်းရီ၏ ဦးနှောက်ထဲသို့ တိုးဝင် သွားခဲ့သည်။ ကျန်းရီ၏ အတွေးများသည် အဆ တစ်ရာခန့် မြန်ဆန်လာခဲ့သည်။ ကျန်းရီသည် လေလမ်းကြောင်းကို နားလည်ရန် ကြိုးစားနေခြင်းတွင်သာ အာရုံရောက်နေ၍ ထိုအကြောင်းကို မသိလိုက်ပေ။

"အမ်  ... "

ကျန်းရီထံ ပြေးလာနေကြသော လူတစ်ရာကျော်တွင် ငါးယောက်၊ ခြောက်ယောက်ခန့်သည် စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များ ဖြစ်ကြသည်။ သူတို့သည် ကျန်းရီမျက်လုံးများ မှိတ်ထားသည်ကို တွေ့သောအခါ သူ ကြောက်စရာ သုံးကွက် တစ်ခုခုကို ထုတ်သုံးတော့မည်ဟု ထင်လိုက်ကြသည်။ ကျန်းရီသည် ဘာမှ လုပ်မလာခဲ့ပေ။ သူ့အနီးတွင် လေများ စီးဆင်းလာ၍ လေနဂါးများ အလား ရစ်ဝဲ နေကြလေသည်။

"ဒါ ... ဒါက ... "

ထူးဆန်းလှသော အခြေအနေကို ရင်ဆိုင်လိုက်ရသော လူတိုင်း ထိတ်လန့် ကုန်ကြသည်။ ပုံမှန်အဆင့်နိမ့် သိုင်းသမားများသည် သူတို့ရှေ့မှ မြင်ကွင်းကို နားလည်မည် မဟုတ်ဘဲ ထိတ်လန့်ခြင်းကိုသာ ခံစားရမည် ဖြစ်လေသည်။ အနီးအနားနှင့် မလှမ်းမကမ်းတွင် ရှိနေသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည် စိတ်ရှုပ်ထွေးကာ နားမလည်နိုင် ဖြစ်နေကြလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ  ...   ... ဒါ ... ဒါ လုံးဝ မဖြစ်နိုင်ဘူး  ...  "

လူဝံကြီး၏ ပခုံးထက်တွင် ထိုင်နေသော ယွင်ဟဲသည် ကျန်းရီ၏ ပုံမှန် မဟုတ်သော အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသည် ပါးစပ် အဟောင်းသား ဖြစ်နေပြီး သူ့မျက်လုံးများသည် မယုံနိုင်ဟန်နှင့် ပြူးကျယ် နေခဲ့သည်။

ရွှေချမ်လော့နှင့် ရွှေယွဲ့လျန်မျှော်စင်မှ သိုင်းသမားများသည်လည်း ဆွံ့အ နေကြလေသည်။ ရွှေချမ်လော့သည် မျက်တောင် တဖျတ်ဖျတ် ခတ်လိုက်ပြီး ပဟေဠိ ဖြစ်နေသော လေသံနှင့် မေးလိုက်သည်။

"ကောင်းကင်တာအို ဖွဲ့စည်းပုံ  ...   ... ကျန်းရီက ခရမ်းရောင် နန်းတော်ရှင် ဒုတိယအဆင့်မှာပဲ မဟုတ်ဘူးလား  ...   ... ဘယ်လိုလုပ်ပြီး တာအိုဖွဲ့စည်းပုံတွေကို နားလည်မှာလဲ  ...   ... ကျွန်မ အမေပြောဖူးတာ စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အမြင့်ဆုံး အဆင့်ရောက်မှသာ တာအို ဖွဲ့စည်းပုံတွေကို နားလည်နိုင်တာတဲ့  ...   ... ကျန်းရီသာ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အမြင့်ဆုံးအဆင့်ရဲ့ အင်အားရှိတယ်ဆိုရင် ကျွန်မတို့ သေတာကြာလှပေါ့ ... ဘာလို့ ဒီလို ဖြစ်လာတာလဲ  ...  "

ကောင်းကင်တာအို ဖွဲ့စည်းပုံသည် ဆန်းကြယ်သည့် တည်ရှိမှုတစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် မြေကြီး အကြားတွင် အကန့်အသတ်မဲ့သော ကောင်းကင်တာအို ဖွဲ့စည်းပုံများ ရှိကြလေသည်။ တာအို ဖွဲ့စည်းပုံများ အားလုံးသည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများ အတိုင်း ရွေ့လျား နေကြသည်။ ထို့ကြောင့် တာအို ဖွဲ့စည်းပုံများကို နားလည်ခြင်းသည် ကောင်းကင်နှင့် မြေကြီး၏ ဥပဒေသများကို နားလည်ခြင်း မည်ပေ၏။ ထိုအကြောင်းအရာအား ကောင်းကင်နှင့် မြေကြီး၏ စွမ်းအင်များကို အလိုရှိရာသို့ ရွေ့လျားနိုင်ခြင်းဟုလည်း ပြော၍ရပေသည်။ သို့ဖြစ်ရာ တာအို ဖွဲ့စည်းပုံများကို နားလည်သွားလျှင် ကောင်းကင်နှင့် သမုဒ္ဒရာကို ပြောင်းပြန် လှန်ခြင်း၊ တောင်များကို မြေပြန့်ဖြစ်စေခြင်း၊ မြစ်များကို ခန်းခြောက် သွားစေခြင်းတို့သည် ခက်ခဲသည့် အရာများ မဟုတ်တော့ပေ။

လူတိုင်းသည် တာအိုဖွဲ့စည်းပုံများကို အနည်းငယ် နားလည် ထားကြသော်လည်း စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့်ကို ရောက်မှသာ ပိုမိုနားလည် ပေလိမ့်မည်။ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်  အမြင့်ဆုံး အဆင့်မှ ဗာဂျရာအဆင့်သို့ ရောက်ရှိရန် တာအို ဖွဲ့စည်းပုံများကို နားလည်ထားရန် လိုလေသည်။ ထိုအဆင့်ကို ကျော်ဖြတ်ပြီးမှသာ အင်အားများ အဆများစွာ တိုးတက် သွားလိမ့်မည်။

ရှန်မိနိုင်ငံ၏ မှော်ကျင့်စဉ်များ အပါအဝင် နယ်မြေတစ်ခုလုံး၏ သိုင်းကျင့်စဉ် များသည် တာအို ဖွဲ့စည်းပုံများမှ ဆင့်ကဲ ဖန်တီးထားခြင်း ဖြစ်လေသည်။ သိုင်းကျင့်စဉ် တစ်ခု၏ အဆင့်အတန်းအား ကျင့်စဉ်ကို တီထွင်သူ နားလည် ထားသော တာအိုဖွဲ့စည်းပုံ အရေအတွက်ဖြင့် ဆုံးဖြတ်ကြသည်။ ထိုအရာသည် နယ်မြေရှိ လူတိုင်း နားလည် ထားကြသော အရာဖြစ်လေသည်။

ပြဿနာသည် စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်အောက်မှ သိုင်းသမားများသည် တာအို ဖွဲ့စည်းပုံကို နားလည်နိုင်ခြင်း မရှိဟု လူတိုင်း သိထားကြသည်။ သို့သော် ယခု ကျန်းရီသည် လေ၏ တာအိုဖွဲ့စည်းပုံနှင့် ထိတွေ့မိသွားသောကြောင့် လေ၏ပဲ့တင်သံများပင် ထွက်လာကာ သူ တာအိုဖွဲ့စည်းပုံကို နားလည်ရာတွင် အဆင့် တက်တော့မည်မှန်း ညွှန်ပြနေလေသည်။ ဤသို့သော မြင်ကွင်းသည် လူတိုင်းအား အံ့အားမသင့်စေဘဲ နေမည်လော  ...

"သတ်ကြ  ...  "

သူတို့သည် မှင်တက် နေကြသော်လည်း စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် အချို့သည် အသိဝင်လာကာ ဓားအလင်းများကို ပစ်လွှတ် လိုက်ကြသည်။ ထိုဓားအလင်းများ၊ အတွင်းအားများသည် ကျန်းရီကို မထိတွေ့ခင်တွင် သူ့ဘေးမှ လေများ၏ တားဆီးခြင်း ခံလိုက် ရလေသည်။

လေများနှင့် ထိတွေ့သွားသော တိုက်ခိုက်မှုများသည် ပင်လယ်ထဲတွင် ပျော်ဝင်သွားသော ရွှံ့များအလား ပျောက်ကွယ် သွားကြလေသည်။

"ငါတစ်ချိန်လုံး မှားနေခဲ့တာပဲ  ...   ... လေအရိပ်ဓားရဲ့ အနှစ်သာရက လေကို ထိန်းချုပ်ဖို့ မဟုတ်ဘူး ... လေက သဏ္ဌာန်မဲ့တာကြောင့် ထိန်းချုပ်လို့ မရဘူး ... ငါက လေကို ဆွဲယူလို့ရမယ်၊ လှုပ်ရှားစေလို့ရမယ်၊ ပဲ့တင်သံလည်း ထွက်ခိုင်းလို့ရသလို ရန်သူကို ချုပ်နှောင်ပြီး ဖိနှိပ်ဖို့ အားစက်ကွင်းလည်း ဖန်တီးလို့ ရမယ် ... ဟားဟား ... နောက်ဆုံးတော့ ငါနားလည် သွားခဲ့ပြီ  ...  "

ကျန်းရီသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်သည်။ သူ လပေါင်းများစွာ ခေါင်းစား နေခဲ့ရသော ပြဿနာအား ဖြေရှင်းလိုက်နိုင်လေပြီ။ သူမျက်လုံး ဖွင့်လိုက်သော ခဏတွင် မမြင်ရသော နဂါးများအလား လေစီးကြောင်းများ ပျောက်ကွယ် သွားခဲ့သည်။ သူသည် သူ့ဘေးရှိ သိုင်းသမားများထံမှ ပုံမှန်မဟုတ်သော အကြည့်များကို သတိမထားမိလိုက်ပေ။ ကျန်းရီသည် အနက်ရောင် အကြေးခွံဓားကို ခမ်းနားလှပစွာ ဝှေ့ယမ်း လိုက်သည်။

"လေအရိပ်ဓား  ...  "

***

All Chapters