လရိပ်ပြာ ဝင်္ကပါ
Vol. 1 Ch. 208
ဓားအဝှေ့တွင် အနီးအနားရှိ လေများ အော်ဟစ် လာကြသည်။ လေနဂါးနှယ် လေစီးကြောင်းများသည် ဓားထိပ်တွင် စုစည်းလာကြပြီး လေနဂါးများသည် ရှေ့ရှိ ရန်သူ ရှစ်ယောက်အား ချုပ်နှောင်ရန် ပြေးထွက် သွားကြလေသည်။
အနှီလူ ရှစ်ယောက်သည် ကျန်းရီ လေအရိပ်ဓားကို အသုံးပြုသည်အား မြင်လိုက်သောအခါ ထိတ်လန့်တကြား ချက်ချင်း နောက်ဆုတ် လိုက်ကြသည်။ သို့သော် သူတို့ ကိုယ်များသည် အနည်းငယ်တောင် လှုပ်မရခဲ့ဘဲ အနက်ရောင် အကြေးခွံဓား ကျဆင်းလာသည် ကိုသာ စောင့်ကြည့် နေရလေသည်။
"ဖုန်း ... ဖုန်း ... "
အနက်ရောင် အကြေးခွံဓားသည် နဂါးတစ်ကောင်အလား သူတို့ကိုယ်ကို ဖြတ်သန်းသွားခဲ့ပြီး သူ့တို့အား ခါးများမှ ပိုင်းဖြတ် လိုက်လေသည်။ မသေခင်အချိန်ထိ သူတို့သည် နည်းနည်းလေးတောင် မလှုပ်နိုင်ခဲ့ပေ။
ယွင်ဟဲသည် သက်ပြင်း တစ်ချက် ရှိုက်လိုက်သည်။ သူ့မျက်လုံးများတွင် မုန်းတီးမှုများမှ တစ်ပါး ဘာကိုမှ မတွေ့ရပေ။ သူသည် ကျန်းရီ အနက်ရောင် အကြေးခွံဓားဖြင့် အရာအားလုံးအား ပိုင်းဖြတ်နေသည်ကို ကြည့်နေခဲ့သည်။ သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် လေအရိပ်ဓားတို့ ပေါင်းစပ် လိုက်သော် ကျန်းရီသည် သက်ရှိ လူသတ်စက် တစ်ခု ဖြစ်လာခဲ့သည်။ သူသည် သေရေးရှင်ရေး အခြေအနေများတွင် ကာကွယ်ရန် ကောင်းကင် နတ်ဆိုး ပိုးချည်အား သုံးသည်။ ယခုအခါ လူတစ်ထောင်ခန့် အရေအတွက် ရှိသော သိုင်းသမားများသည် ကျန်းရီအား မည်သို့မှ ဖိအားမပေးနိုင်ပေ။
"တာအို ဖွဲ့စည်းပုံနဲ့ တိုက်ခိုက်တာက တကယ်ကို ကြမ်းတမ်းတာပဲ ... ... ကျန်းရီကို အသက်ရှင်ရက် ထားလို့ မရဘူး၊ မဟုတ်ရင် နောက်ဆယ်နှစ် အတွင်း ရှန်ဝူနိုင်ငံရဲ့ နောက်ထပ် ကျန်းပိုင်လီ တစ်ယောက် ဖြစ်လာလိမ့်မယ် ... "
ယွင်ဟဲသည် သက်ပြင်းတစ်ချက် ချလိုက်သည်။ ကျန်းရီကဲ့သို့ ကျင့်ကြံဆင့် နိမ့်လွန်းသူက တာအို ဖွဲ့စည်းပုံကို နားလည် နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
"လေအရိပ်ဓား ... "
ရွှေချမ်လော့၏ မျက်လုံး လှလှလေးများတွင် သံသယတို့ မြင့်တက် လာခဲ့ပြန်သည်။ သူမသည် ခေါင်းစောင်း၍ တီးတိုး ရေရွတ်လိုက်သည်။
"လေအရိပ်ဓားက တစ်ချိန်က အဖိုးကြီးကျူးကော့ ပထမဆုံး တီထွင်ခဲ့တဲ့ ကျင့်စဉ်လို့ အမေ ပြောဖူးတယ် ... အဲ့ဒါက ရန်သူကို နှောင့်နှေးအောင် လုပ်နိုင်တဲ့ မြေကမ္ဘာအဆင့် အဆင့်မြင့်ကျင့်စဉ်ပဲ ... ... အဲဒါက ကျန်းရီလက်ထဲ ရောက်သွားတော့ ဘာလို့ ရန်သူကို ချုပ်နှောင်နိုင်တဲ့ ကျင့်စဉ် ဖြစ်သွားတာလဲ ... ... ဒီလို ကြောက်စရာ ကောင်းတဲ့ ကျင့်စဉ်က မြေကမ္ဘာအဆင့် မကတော့ဘူး၊ ... ကောင်းကင် အဆင့် ကျင့်စဉ်တွေကသာ တာအို ဖွဲ့စည်းပုံတွေကို တိုက်ခိုက်ရာမှာ သုံးနိုင်တာ ... "
"ဆက်ပြီး စဉ်းစားနေလို့ အသုံးမဝင်ဘူး၊ ချမ်လော့ ... မင်းလူတွေကို လှုပ်ရှုားခိုင်းလိုက်တော့ ... ... ငါလည်း ငါ့လူတွေ အကုန်လုံးကို လွှတ်လိုက်မယ် ... ငါတို့ ဒီကောင်ကို အခုမသတ်ရင် အနာဂတ်မှာ သူက ငါတို့အတွက် အိပ်မက်ဆိုး ဖြစ်လာလိမ့််မယ် ... "
ယွင်ဟဲသည် နောက်လှည့်၍ သူ့လူများကို လက်ဟန် ပြလိုက်သည်။ ရွှေချမ်လော့သည်လည်း ခေါင်းညိတ်လိုက်ပြီး သာသာယာယာ ပြောလိုက်သည်။
"အားလုံး ... ရှေ့တက်ပြီး လရိပ်ပြာဝင်္ကပါနဲ့ ကျန်းရီကို ဖမ်းကြမယ် ... "
"သခင်မလေး ... "
ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများသည် စိတ်ပူသော အမူအရာများ ရှိနေကြသည်။ လရိပ်ပြာ ဝင်္ကပါအား ရွှေယို့လန် ကိုယ်တိုင် တီထွင်ထားခြင်း ဖြစ်ပြီး ကျန်းရီအား မဖမ်းနိုင်မည်အား စိတ်ပူနေစရာ မလိုပေ။ သူတို့ အဝေးသို့ ရောက်နေချိန်တွင် ရွှေချမ်လော့အား ဘယ်သူမှ ကာကွယ်နိုင်မည် မဟုတ်ပေ။ တစ်ခုခု ဖြစ်သွားပါက သူတို့တွင် ရွှေယို့လန် ဖြတ်ရန် ခေါင်းပင် မလောက်နိုင်ချေ။
ရွှေချမ်လော့သည် မျက်ခုံး လှလှအား ပင့်၍ ဒေါသတကြီး ပြောလိုက်သည်။
"ဘာလို့ အပိုတွေ ပြောနေတာလဲ ... ... မင်းတို့ အခုမှ မလှုပ်ရှားရင် ဘယ်တော့မှ လှုပ်ရှားမှာလဲ ... ... ကျန်းရီ ဒီမှာရှိတဲ့ လူတိုင်းကို သတ်ပြီး ငါတို့ကို လာသတ်မှလား ... ... မင်းတို့မလုပ်ရင် ငါကိုယ်တိုင် လုပ်မယ် ... "
"သွားကြမယ် ... "
အယောက်ငါးဆယ်သော မိန်းကလေးတို့သည် အံကြိတ်၍ ကျောက်စိမ်းသွယ် ခြေထောက်လေးများအား ထောက်၍ အစိမ်းရောင် လိပ်ပြာလေးများ အလား ပျံတက် သွားကြသည်။ သူတို့၏ ကိုယ်မှ အစိမ်းရောင် အလင်းများ တောက်ပနေပြီး ဟိုဘက်သည်ဘက် ကူးခတ်ပျံသန်း၍ ကျန်းရီအား ဝန်းရံလိုက်ကြသည်။ ထိုမိန်းကလေး ငါးဆယ် ထူးဆန်းသည့် အနေအထားဖြင့် ကျန်းရီအား လှည့်ပတ် နေကြသည်။ အပေါ်စီးမှကြည့်လျှင် ကျန်းရီကို ဗဟိုထား၍ ဆဋ္ဌဂံပုံ ဝန်းရံနေကြကြောင်း သိနိုင်လေသည်။
"လရိပ်ပြာ ဝင်္ကပါ ... "
သူတို့ထဲမှ တစ်ယောက် ညင်သာစွာ အော်ဟစ် လိုက်သည်နှင့် မိန်းကလေး ငါးဆယ်မှ အစိမ်းရောင် အဝတ်အစားများ ချက်ချင်း တောက်ပ လာလေသည်။ သူတို့ အယောက် ငါးဆယ်အကြားတွင် အစိမ်းဖျော့ဖျော့ အမျှင်တန်းလေးက ချိတ်ဆက် သွားပြီးနောက် လခြမ်းကွေးပုံ ဓားအလင်း အခုငါးဆယ်သည် ကျန်းရီထံ ကျဆင်းသွားခဲ့သည်။
"သေစမ်း ... "
ကျန်းရီသည် လေအရိပ်ဓားအား အသုံးပြု ချင်ပါသော်လည်း ထိုမိန်းမကြမ်းများ၏ အနှောင့်ယှက် ခံလိုက်ရသည်။ ယခု သူသည် ရွေးချယ်စရာ မရှိတော့ပဲ ကောင်းကင် နတ်ဆိုး ပိုးချည်ဖြင့် ကိုယ့်ကိုယ်ကို ဖက်ထုပ်အလား ရစ်ပတ် လိုက်ရပြန်သည်။
"ဖုန်း ... ဖုန်း ... "
လရိပ်ပြာ ဝင်္ကပါနှင့်ဆိုလျှင် သူတို့ အယောက်ငါးဆယ်၏ အစွမ်းသည် သိသိသာသာ တိုးတက် သွားလေသည်။ ကျန်းရီသည် ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ကာကွယ် ထားလျှင် ဘာမှမဖြစ်နိုင်ဟု အစက ထင်ခဲ့သည်။ ယခုမူ သူ့ကိုယ်ပေါ် ကျဆင်းလာသော လက်သီးချက်နှယ် တိုက်ခိုက် မှုများကြောင့် သွေးပင် အန်ထွက်တော့ပေမည်။
မဟုတ်သေးဘူး ... ... ဒီလိုသာ ဆက်ဖြစ်နေရင် ကောင်းကင် နတ်ဆိုးပိုးချည် ပျက်စီး သွားတော့မယ် ... ... ရွှေယွဲ့လန်မျှော်စင်က ဒီမိန်းမတွေ တော်တော်ကြမ်းတာပဲ ...
ပထမအချီ တိုက်ခိုက်မှုများအား ပိတ်ဆို့ လိုက်ပြီးနောက် ကျန်းရီသည် ကောင်းကင် နတ်ဆိုးပိုးချည်ကို ထပ်မံ မသုံးဝံ့တော့ပေ။ ကောင်းကင် နတ်ဆိုးပိုးချည်သာ ပျက်စီးသွားလျှင် သူ မရှုမလှ သေသွားလိမ့်မည်။
သန်းခေါင် ရောက်ခါနီးနေပြီ ...
သူသည် အံကြိတ်၍ ကမ္ဘာ့မီးလျှံများအား ဆယ်ပေ ပတ်လည်အထိ ထုတ်လွှင့် လိုက်လေသည်။ သူမြန်ဆန်စွာ လှုပ်ရှားလိုက်ပြီး ဝင်္ကပါကို ချိုးဖျက်၍ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းမများကို သတ်ဖြတ်ရန် အလို့ငှာ လက်ဝါးရိုက်ချက်များ ဆက်တိုက် ထုတ်ဖော်လိုက်သည်။
"ဝင်္ကပါပုံစံ ပြောင်းမယ် ... "
မိန်းကလေးတစ်ယောက်၏ အသံကြည်ကြည်လေး အဆုံး မိန်းကလေး အားလုံးသည် ကျန်းရီ ဝန်းရံ၍ မြန်မြန်ဆန်ဆန် လှည့်ပတ်နေရင်း ဓားအလင်းများ ထုတ်လွှတ် နေကြသည်။ သူတို့၏ ရွေ့လျားနှုန်းသည် မြန်ဆန် လွန်းသော်လည်း ဖရိုဖရဲ ဖြစ်သွားခြင်း မရှိဘဲ ပုံမှန်အတိုင်း နေရာတကျသာ ရှိနေကြသည်။
"ဖုန်း ... ဖုန်း ... "
ကမ္ဘာ့မီးလျှံများကို ဓားအလင်းများ ထိမှန် သွားသောကြောင့် မီးစအချို့သည် မြေပြင်ပေါ်ကျကာ မီးစွဲ လောင်ကုန်သည်။ ကျန်းရီသည် မြန်ဆန်စွာ လှုပ်ရှား နေသော်လည်း သူ့အမြန်နှုန်းသည် ထိုမိန်းကလေးများနှင့် ယှဉ်လျှင် နှေးကွန်း လွန်းသည်။
ကျန်းရီသည် ထိုမိန်းမများ သူ့ကမ္ဘာ့ မီးလျှံများကို ဖြုန်းတီးနေသည်အား ရင်နာနာဖြင့် ကြည့်နေရသည်။ သူသည် ကမ္ဘာ့မီးလျံများ ထုတ်လွှတ်နေခြင်းကို ခဏလေးတောင် မရပ်ဝံ့ပါချေ။ သူရပ်လိုက်လျှင် ထိုမိန်းမများ လက်ချက်ကြောင့် အရိုးတခြား၊ အသားတခြား ဖြစ်သွားနိုင်သည်။
ဒီလိုသာ ဆက်ဖြစ်နေရင် ငါတော့သွားပြီ ... ... ငါသန်းခေါင်အထိ အချိန်မဆွဲ နိုင်လောက်ဘူး ... ကျန်းရီသည် စိတ်ထဲတွင် ပူလောင်လာခဲ့သည်။ လက်ရှိအခြေအနေအရ သူ့တွင် တောင့်ခံ ထားရုံမှ တစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။
***
တစ်ဖက်မှ အခြေအနေ များသည်လည်း အလွန်ခက်ခဲ ကြမ်းတမ်း နေလေသည်။ ကျန့်ဝူရွှမ်းသည် ယွင်ဖေးကို သယ်၍ အသက်လုပြေး နေရသည်။ ကျန့်ဝူရွှမ်းကသာ သူမထံ ကျဆင်းလာသော တိုက်ခိုက်မှုများကို ကာကွယ် ပေးထားခြင်း မဟုတ်လျှင် ယွင်ဖေး သေနေသည်မှာ ကြာလှပေပြီ။
ယွင်ဖေး၏ မှော်ပညာ အကူအညီမရှိဘဲ ကျန့်ဝူရွှမ်း၏ စွမ်းအင်များ ကုန်ဆုံးနှုန်းသည် ပိုမိုမြန်ဆန် လာခဲ့သည်။ စစ်နတ်ဘုရား ရောင်ဝါအလင်း မရှိပါက သူ၏ မာကျောလှသော အသား သက်သက်ဖြင့် အတွင်းအား တိုက်ခိုက်မှုများအား မခုခံနိုင်ပေ။
"ယွင်ဖေး ... မြေအောက်ကနေပြေး ... ... ငါသူတို့ကို ခဏအချိန်ဆွဲထားမယ် ... "
ကျန့်ဝူရွှမ်းသည် ဘယ်ဘက်ခြမ်းမှ ပေါ်ထွက်လာသော ပုံရိပ်များကို မြင်လိုက်သည့်အခါ အံကြိတ်၍ အော်ပြော လိုက်သည်။ ယွင်ဖေး၏ ကိုယ်သည် အဝါရောင် အလင်းများ တောက်ပလာပြီး မြေအောက် ဥမင်တစ်ခု ပေါ်ထွက်လာကာ ဥမင်ထဲသို့ သူမ ခုန်ချလိုက်သည်။ ကျန့်ဝူရွှမ်း ရှေ့သို့ ပြေးမသွားနိုင်ခင်တွင် သူမသည် နွယ်ပင်တစ်ခု စေလွှတ်ကာ သူ့ကိုပါ ဆွဲချလိုက်လေသည်။
"ကျွီ ... ကျွီ ... "
သစ်မြစ်များသည် ရွေ့လျာလာပြီး ရစ်ခွေ လိမ်ပတ်ကာဖြင့် သစ်သား လှောင်အိမ်တစ်ခုပုံ ဖွဲ့စည်းကာ သူတို့နှစ်ယောက်အား ရစ်ပတ်လာခဲ့သည်။ သစ်မြစ်များသည် ထပ်ကာထပ်ကာ ရစ်ပတ်၍ ခုနှစ်လွှာ၊ ရှစ်လွှာခန့်ရောက်မှ ရပ်တန့် သွားခဲ့သည်။
ကျန့်ဝူရွှမ်းသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ယွင်ဖေး ... မင်းရူးသွားပြီလား ... ... မင်း ကိုယ့်သေတွင်း ကိုယ်တူးနေတာပဲ ... ရွှေချမ်လော့က ဒီကို ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲနဲ့ ပစ်ပေါက်လိုက်ရင် ဘယ်လိုလုပ်မလဲ ... ... ငါတို့ နှစ်ယောက်လုံး သေသွားလိမ့်မယ် ... "
ယွင်ဖေးသည် ခပ်ပါးပါး ပြုံးလိုက်ပြီး သူမ၏ သေးသွယ်သော လက်လေးများကို ဆန့်ကာ ကျန့်ဝူရွှမ်း၏ ခါးအား ဖက်လိုက်သည်။ သူမသည် ညင်ညင်သာသာ ဆိုလာခဲ့သည်။
"ကျွန်မတို့ သေမယ်ဆိုလည်း သေပါစေ ... ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်မ တစ်ယောက်တည်းတော့ ထွက်မပြေးနိုင်ဘူး ... ကောင်းကင်ဘုံက ကျွန်မတို့ကို သေစေချင်တယ် ဆိုရင် ဝူရွှမ်း ... ရှင်နဲ့အတူ သေရမှာ ဖြစ်တဲ့ အတွက် ယွင်ဖေး ကျေနပ်တယ်"
"ဟူး ... ငတုံးမလေး ... "
ကျန့်ဝူရွှမ်းသည် သက်ပြင်းရှည် တစ်ချက်သာ ချလိုက်ပြီး ဘာမှ မပြောတော့ပေ။ သူသည် ကျန်းရီရှိရာ ဘက်ခြမ်းသို့ စိတ်ပူစွာ ကြည့်လိုက်ပြီး စိုးရိမ်နေသော လေသံနှင့် ပြောလိုက်သည်။
"သန်းခေါင်ရောက်ဖို့ မိနစ် သုံးဆယ်လောက် လိုနေသေးတယ် ... ကျန်းရီ ဘယ်လိုနေတယ် မသိဘူး"
"ခစ် ... ခစ် ... "
ယွင်ဖေးသည် ရယ်မော လိုက်ပြန်သည်။
"သူတောင့်မခံ နိုင်တော့ရင်လည်း ကျွန်မတို့ သူနဲ့အတူတူ သေရုံပဲလေ ... "
ယွင်ဖေး မှန်လေသည်။ ကျန်းရီ တောင့်မခံနိုင်တော့ဘဲ အသတ်ခံလိုက်ရလျှင် သူတို့လည်း လွတ်မြောက်ရန် အကြောင်းမရှိဘဲ ဤမြေတွင်းထဲ၌သာ သေသွားလိမ့်မည်။ မိနစ်သုံးဆယ်သည် ရွှေချမ်လော့ အတွက် သူတို့သေသည်အထိ သစ်မြစ်များကို ကမ္ဘာပျက်သုဉ်းခြင်း လည်ဆွဲနှင့် ပစ်ပေါက်ရန် လုံလောက်သည်ထက် ပိုနေလေသည်။
မြေပေါ်တွင်ရော မြေအောက်တွင်ပါ စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များ ရှိနေပြီး ကျန့်ဝူရွှမ်း၏ စွမ်းအင်သည်လည်း ကုန်ဆုံးတော့မည့ ဖြစ်ရာ သူတို့ ပြေးရန် မြေမရှိတော့ပေ။
***