← Chapters

ဆယ်မှတ်အပြည့်၊ လှေတစ်စင်း 

Vol. 2 Ch. 16

ဆယ်မှတ်အပြည့်၊ လှေတစ်စင်း 

Vol. 2 Ch. 16

“မဖြစ်နိုင်ဘူး၊ ဒါကအရမ်းတန်ဖိုးကြီးလွန်းတယ်!”

ဆုဝမ် ချက်ချင်းပြန်ဖြေလိုက်သည်။

မနေ့ကသူမသည် အဆင့် B လိမ္မော်သီးနှစ်လုံးစားခဲ့ပြီး အဆင့်သတ်မှတ်ထားသော အစားအစာများ၏ အကျိုးကျေးဇူးကို သိရှိခဲ့ပြီးဖြစ်သည်။ ဤအရာသည် မနေ့ကလိမ္မော်သီးထက် အဆင့်ပိုမြင့်သော ပါဝင်ပစ္စည်းဖြစ်သည်မှာ ပြောစရာပင်မလိုချေ။

“ဘာတွေပြောနေတာလဲ မင်းကိုပေးလိုက်ရင် မင်းစားရမယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါကအမိန့်ပဲ။”

ဆုဝမ်သည် ရှောင်းယီ၏ပြင်းထန်သောစကားများကြောင့် အံ့အားသင့်သွား၏။ တစ်နှစ်ကြာအတူတူအလုပ်လုပ်လာခဲ့သည့် ကာလတစ်လျှောက်လုံး ဤမျှပြင်းထန်သည့်ရှောင်းယီကို သူမ မမြင်ဖူးခဲ့ပေ။

သို့သော် ရှောင်းယီ၏ပြင်းထန်မှုက ဆုဝမ်ကို ပုံမှန်မဟုတ်သည့် နွေးထွေးမှုတစ်ခုကို ခံစားရစေခဲ့သည်။

“ဒါဆို...ကျေးဇူးတင်ပါတယ်။”

ဆုဝမ် ပြန်ဖြေလိုက်သည်။

“စားပြီးရင် အလုပ်ဆက်လုပ်တော့။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး ရှေ့တွင်ရှိနေသောငါးကင်ကို ပြန်လည်ကာ အာရုံစိုက်လိုက်သည်။

ငါးမုတ်အသားသည် နူးညံ့ပြီး လတ်ဆတ်ကာ ထူထဲပြီး မွှေးကြိုင်သည်။ အရိုးနည်းပြီး ပါရှိသောအရိုးများမှာလည်း ပျော့ပျောင်းလှသည်။ ထိုငါးကိုစားပြီးနောက် ရှောင်းယီသည် အခြားပင်လယ်ငါးများကို ထပ်မံစားချင်စိတ်မရှိတော့ပေ။

“အရမ်းအရသာရှိတယ်။”

ရှောင်းယီသည် ဖောင်းကားနေသော သူ၏ဝမ်းဗိုက်ကိုပွတ်သပ်ပြီး လှုပ်ကုလားထိုင်ပေါ်တွင် လှဲအိပ်လိုက်သည်။

“အနာဂတ်အတွက် ငါဘာဆက်လုပ်သင့်လဲ။”

အဆုံးတွင် A အဆင့်ပါဝင်ပစ္စည်းများကို ရရှိရန်မှာ မလွယ်တကူလှပေ။ ထို့ကြောင့် သူ၏ပါးစပ်ကိုထိန်းထားရန် လိုအပ်ပေသည်။

“ပူလိုက်တာ...”

ရှောင်းယီသည် သူ၏ခန္ဓာကိုယ်တွင် မီးများတောက်လောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ကျွန်းပေါ်တွင် မည်သူမျှမရှိသောကြောင့် ရိုးရိုးရှင်းရှင်းပင် သူ၏အင်္ကျီကိုချွတ်ပစ်လိုက်ပြီး အင်္ကျီမပါဘဲ လှဲနေလိုက်သည်။

“ဒီအဆင့် A ငါးမုတ်က အဆင့် A ပန်းသီးထက် ပိုအားကောင်းတယ်။”

ရှောင်းယီက ရေရွတ်လိုက်သည်။

ယခင်က ပန်းသီးတစ်လုံးသည် ၂၀၀ ဂရမ်ခန့်ရှိပြီး တစ်ကြိမ်လျှင် တစ်လုံးသာစားခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ ရှောင်းယီသည် ငါး ၁၅၀၀ ဂရမ်ကို စားသောက်ပစ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ပန်းသီးခုနစ်လုံးတစ်ခါတည်းစားသောက်ပစ်လိုက်ခြင်းနှင့်ပင် ညီမျှပေသည်။ အကျိုးသက်ရောက်မှု ကွာခြားမည်မှာ အသေအချာပင်။

တစ်ဖက်တွင် ဆုဝမ်သည် ငါး၏အရသာကို မြည်းစမ်းကြည့်ပြီးနောက် သူမ၏မျက်လုံးများ တောက်ပသွားခဲ့သည်။

ဤကမ္ဘာသို့မရောက်မီ သူမသည် ဌာနတစ်ခု၏ မန်နေဂျာဖြစ်ခဲ့ပေသည်။ သူမသည် အခမ်းအနားများစွာကို တက်ရောက်ခဲ့ဖူးပြီး တောင်ပေါ်စာနှင့် ပင်လယ်စာများစွာကို စားခဲ့ဖူး၏။

သို့သော်လည်း ဤငါးသည် သူမအရင်စားဖူးသမျှ တောင်ပေါ်စာနှင့် ပင်လယ်စာများထက် ပိုမိုကောင်းမွန်သည်ဖြစ်ကြောင်း ကျိန်ဆို၍ပင် ပြောနိုင်ပေသည်။

ငါးကင်ကို စားပြီးနောက် ဆုဝမ်သည် သူမ၏လက်ချောင်းများကိုပင် လျှာနှင့်လျက်လိုက်မိ၏။ ငါးမုတ်၏ရနံ့သည် လက်ချောင်းများတွင် စွဲကျန်နေသေးသည်ဟုပင် ထင်ရသည်။

“အရမ်းကောင်းတာပဲ ဟင်း... ကျေးဇူးကြွေးတွေ ထပ်တင်သွားပြန်ပြီ။ ငါရဲ့အလုပ်တွေ မပြီးသေးဘူး။ ပစ္စည်းသေတ္တာဖမ်းဖို့ကြိုးစားကြည့်ရမယ်။”

ဆုဝမ်သည် ယခုအချိန်၌ သူမ၏ခန္ဓာကိုယ်တွင် အင်အားများပြည့်ဝနေသည်ဟု ခံစားနေရပြီး သူမဘေးရှိ ငါးဖမ်းပိုက်ကိုကောက်ယူကာ ကျွန်း၏အစွန်းသို့ လျှောက်သွားလိုက်သည်။

“ရှီကွမ်းဆေးစားလိုက်ရသလိုတောင် ခံစားရတယ်။”

ရှောင်းယီ လုံးဝကူကယ်ရာမဲ့နေခဲ့သည်။ ထို့နောက် သူသည် အင်္ကျီမပါဘဲ ကျွန်းအစွန်းတစ်ဝိုက်တွင် လှည့်လည်သွားလာနေလိုက်သည်။

(ရှီကွမ်း [Shi Quan Da Bu Tang] သည် ချီ နှင့် သွေးကို ကြည်လင်စေကာ ကြွက်သားနှင့် အရွတ်များကို အာဟာရဖြည့်ပေးပြီး ခန္ဓာကိုယ်အတွင်း နာကျင်မှုကို သက်သာစေသည့် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည်။)

“ဟမ် ဒါကဘာလဲ။ လှေတစ်စီးလား။”

ယခင်က မရှင်းလင်းခဲ့သော အမဲရောင်အစက်နေရာသို့ လှမ်းကြည့်မိလိုက်သောအခါ ရှောင်းယီသည် ပုံစံကောက်ကြောင်းအား ဝိုးတိုးဝါးတား မြင်နိုင်လာခဲ့သည်။

လှေတစ်စီးကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ပထမဆုံးအကြိမ် ဝမ်းသာသွားခဲ့သည်။ သို့သော်လည်း နောက်တဒင်္ဂအတွင်း၌ စိုးရိမ်လာခဲ့မိသည်။

ဝမ်းသာရသည့်အကြောင်းမှာ လှေတစ်စီးအား မြင်ရခြင်းမှာ သူသည် အခြားလူများနှင့် တွေ့ဆုံနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သောကြောင့်ပင်။ လက်ရှိအချိန်တွင် ဆုဝမ်နှင့် အချိန်အတော်ကြာစကားပြောနိုင်သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင်စကားပြောခြင်းနှင့် တကယ့်လက်တွေ့ တွေ့ဆုံခြင်းမှာ လုံးဝကွဲပြားသော အရာနှစ်ခုဖြစ်သည်။

ဤကျွန်းကြီးပေါ်တွင် သူတစ်ယောက်တည်းသာရှိနေပြီး အထီးကျန်မှုကို ခံစားနေခဲ့ရသည်။

စိုးရိမ်ရသည့်အကြောင်းမှာ ဤကမ္ဘာသည် ယခင်ကမ္ဘာကဲ့သို့ မဟုတ်တော့ပေ။ ဤကမ္ဘာတွင် ဥပဒေမရှိ၊ ကျင့်ဝတ်စည်းကမ်းမရှိဘဲ လူသားများ၏ဆိုးယုတ်သောဘက်ခြမ်းသည် အဆမတန်ကြီးထွားလာနိုင်ပေသည်။

ထိုသို့စဉ်းစားပြီးနောက် ရှောင်းယီသည် ပြုလုပ်ပြီးသား ဒူးလေးတစ်လက်ကို ကောက်ယူကာ သူ၏လက်ထဲတွင် ကိုင်ထားပြီး အဝေးရှိလှေအား သူ၏မျက်လုံးသူငယ်အိမ်များကိုမှေးကျဉ်းကာ စိုက်ကြည့်လိုက်၏။

လီယုသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လှေပေါ်သို့ ပြောင်းရွှေ့ပြီးကတည်းက ပစ္စည်းသေတ္တာရှစ်လုံးကို ဆက်တိုက်ဖမ်းမိခဲ့သည်။ သူသည် အဆုံးတွင် ဆာလောင်ငတ်မွတ်ရခြင်းမရှိတော့သော်လည်း ရေသန့်အနည်းငယ်သာ ရှိသေးပေသည်။

သို့သော် မနေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးရေအနည်းငယ် စုဆောင်းနိုင်ခဲ့သည်။ ရေသန့်မရှိပါက မိုးရေဖြင့်သာ ရှင်သန်ရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် မနေ့က မိုးသည်းထန်စွာရွာသွန်းခဲ့သော်လည်း လေတိုက်နှုန်းမှာ သိပ်မပြင်းခဲ့ပေ။ သို့မဟုတ်ပါက လီယု၏လှေသည် ဤမျှလုံခြုံစွာရှိနိုင်မည်မှာ မသေချာလှပေ။

လှေအတွင်းခန်းရှိရေများကို ခပ်ထုတ်ပစ်လိုက်ပြီးနောက် လီယုသည် နောက်ထပ်ပစ္စည်းသေတ္တာတစ်လုံးပေါ်လာသည်ကို တွေ့လိုက်ရလေသည်။

သူသည် ချက်ချင်းပင် လှေကိုလှော်ခတ်ပြီး ပစ္စည်းသေတ္တာဆီသို့ သွားလိုက်၏။

ကမ်းစပ်ပေါ်တွင်ရပ်နေသော ရှောင်းယီသည် ရုတ်တရက် အမဲစက်လေး ရွေ့လျားသွားသည်ကိုသတိထားမိလိုက်သည်။

“ဒီလူက ငါ့ကိုမမြင်ရဘူးထင်တယ်။”

ရှောင်းယီက လျှို့ဝှက်စွာပြောလိုက်သည်။

ရှောင်းယီသည် A အဆင့်အစားအစာများဖြင့် အကြိမ်ကြိမ်အားဖြည့်ထားသောကြောင့် ပိုမိုဝေးကွာစွာ မြင်နိုင်ခြင်းဖြစ်နိုင်သည်။ တစ်ဖက်လူမှာ ခွန်အားများ မဖြည့်တင်းရသေးသောကြောင့် သူ့ကို မမြင်တွေ့နိုင်သေးပေ။

လှေသည် သူ၏ကျွန်းမှ ဝေးရာသို့ တဖြည်းဖြည်းရွေ့လျားသွားသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏စိတ်သည်လည်း အနည်းငယ်သက်သာရာရသွားခဲ့သည်။

“ဒါပေမယ့် သူဒီနားတစ်ဝိုက်မှာ လှည့်ပတ်နေသရွေ့ ငါ့ကျွန်းကို တစ်နေ့မဟုတ်တစ်နေ့တော့ တွေ့သွားမှာပဲ။ ငါ့ကျွန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုက အတော်လေးကောင်းနေတာကို သူသေချာပေါက်မြင်လိမ့်မယ်။ ငါ ကြိုတင်ပြင်ဆင်ထားဖို့လိုနေပြီ။”

ရှောင်းယီက စဉ်းစားလိုက်သည်။

လက်ရှိအချိန်၌ အကြီးမားဆုံးပြဿနာမှာ ထိုလူဘယ်အချိန်ရောက်လာမလဲဆိုသည်ကို မသိခြင်းဖြစ်သည်။ မိမိအိပ်နေချိန် ရောက်ရှိလာပါက သေချာပေါက်သေရပေလိမ့်မည်။

“ခွေးတစ်ကောင်လောက်ရှိရင် ကောင်းမှာပဲ။ အနည်းဆုံးတော့ သတိပေးလို့ရနိုင်တယ်။”

ရှောင်းယီက ရေရွတ်လိုက်ပြီးနောက် အသံလှည့်စားသည့်ပစ္စည်းတစ်ခုခုပြုလုပ်ရန် ကြိုးစားလိုက်သည်။

လီယုသည် ပစ္စည်းသေတ္တာအနားသို့ရောက်ရှိသွားပြီဖြစ်ပြီး ပစ္စည်းသေတ္တာ၏ အောက်ဘက်ကိုဂရုတစိုက်ကြည့်လိုက်သည်။

ဤသည်မှာ သူပစ္စည်းသေတ္တာရှစ်လုံးဖမ်းရင်းဖြင့် ရရှိလာခဲ့သည့် အတွေ့အကြုံဖြစ်သည်။ ပစ္စည်းသေတ္တာတစ်လုံးစီ၏ အနီးအနားတွင် ပင်လယ်သတ္တဝါများရှိတတ်သည်မှာ အသေအချာပင်။ ထိုပင်လယ်သတ္တဝါများသည် အရွယ်အစားအမျိုးမျိုးရှိနိုင်ပြီး သူ၏လှေကို တိုက်ခိုက်ကြပေလိမ့်မည်။

ထိုပင်လယ်သတ္တဝါများကို မောင်းထုတ်နိုင်မှသာ ပစ္စည်းသေတ္တာကို ရရှိနိုင်မည်ဖြစ်သည်။

“ဒီအရိပ်က အရမ်းကြီးမနေဘူးလား။”

လီယုက လျှို့ဝှက်စွာမေးခွန်းထုတ်လိုက်ပြီးနောက် ဂရုတစိုက် ကြည့်ရှုလိုက်သည်။

“ဒါ ငါးမန်းများလား။”

လီယုသည် တွေးလိုက်မိသည်။ ငါးမန်း၏တိုက်ခိုက်မှုမှာ အလွန်ပြင်းထန်နိုင်သော်လည်း မကြာမီ သူဆုံးဖြတ်ချက်ချလိုက်၏။

“ကြွယ်ဝချမ်းသာချင်တယ်ဆိုရင် အန္တရာယ်ကိုရင်ဆိုင်ရမှာပဲ။ လုပ်လိုက်ကြတာပေါ့။”

ထို့နောက် သူသည် သူ၏လှံများအားလုံးကို ထုတ်ယူပြီး ထိုအထဲမှ တစ်ချောင်းကိုဆွဲထုတ်ကာ သူ၏လှေကို ပစ္စည်းသေတ္တာအနီးသို့ ဂရုတစိုက် လှော်ခတ်သွားလိုက်သည်။

သို့သော် ငါးမန်းမှာ အလွန်သတိရှိနေပြီး လူတစ်ဦးချဉ်းကပ်လာနေသည်ကို အလျင်အမြန်ပင် သတိထားမိသွားခဲ့သည်။ ထို့နောက် လှေဆီသို့ ချက်ချင်းပင် ကူးခတ်လာတော့သည်။

“ငါ မင်းကိုစောင့်နေတာကွ။”

လီယုသည် လှံတံကို ခပ်တင်းတင်းဆုပ်ကိုင်ပြီး အကွာအဝေးကိုတွက်ချက်ကာ ရေထဲသို့ ထိုးစိုက်ချလိုက်၏။

“ထိသွားပြီ။”

လီယု၏မျက်လုံးများ တောက်ပသွား၏။ ငါးမန်းသည် အားနည်းမည်မဟုတ်ကြောင်း သူသိသော်လည်း လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်သည်။

သို့သော်လည်း ငါးမန်းမှာ အလွယ်တကူ သေမသွားခဲ့ပေ။ ၎င်းသည် ၎င်း၏နောက်ကျောပေါ်ရှိ ပြင်းထန်သောနာကျင်မှုကြောင့် အလွန်ဒေါသထွက်သွားပြီး လှေဘေးဘက်ရှိ သစ်သားပြားကို ကိုက်ဖြတ်လိုက်တော့လေသည်။

ဘုန်း

ကလစ်

ငါးမန်း၏တိုက်ခိုက်မှုနှင့် ကိုက်ဖြတ်အားတို့ကြောင့် ထိုဘက်ရှိသစ်သားပြားကို ကွဲအက်သွားစေခဲ့လေသည်။

လီယုသည် အလွန်တုန်လှုပ်သွားပြီး သူ၏လှံကိုဆွဲထုတ်ရန် ကြိုးစားလိုက်၏။ သို့သော်လည်း လှံသည် ငါးမန်း၏အရိုးများကြားတွင် ညပ်နေပုံရလေသည်။ သူသည် ထိုလှံကို လက်လျှော့လိုက်ပြီး နောက်ထပ်လှံတစ်ချောင်းထုတ်ယူကာ ငါးမန်း၏မျက်လုံးကို ထိုးဖောက်ပစ်လိုက်တော့လေသည်။

အရေးပေါ်အခြေအနေကြောင့် လီယုသည် နောက်ထပ်တစ်ကြိမ် ထပ်မံထိုးစိုက်လိုက်ပြီး ငါးမန်းသည်လည်း အနည်းငယ်ထိတ်လန့်သွားခဲ့ကာ နောက်ထပ်မတိုက်ခိုက်တော့ဘဲ အပြင်းအထန်ရုန်းကန်ပြီး အဝေးသို့ ကူးခတ်သွားတော့သည်။

၎င်းအပြင်းအထန်ရုန်းကန်နေစဉ်တွင် လီယုသည် သူ၏လှံကို ဆုက်ကိုင်မထားနိုင်ခဲ့ဘဲ ငါးမန်းသည် ထိုလှံကြီးစိုက်လျက်နှင့် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

လီယုသည် ဒဏ်ရာရနေသောငါးမန်းကို ထိန်းထားလိုသော်လည်း သူ၏လှေမှာ ပျက်စီးနေသောကြောင့် သူ့တွင် ထိုငါးမန်းကိုလိုက်ဖမ်းရန် စိတ်ကူးမရှိတော့ပေ။

ထိုစဉ် လှေအတွင်းခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အနီရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။

“သတိပေးချက်: သင်၏လှေပျက်စီးနေပါသည်။ ပစ္စည်းများ အလျင်အမြန်စုဆောင်းပြီး ပြန်လည်ပြုပြင်ပါ။ ၁၀မိနစ်အတွင်း ပြန်မပြင်ပါက လှေနစ်မြုပ်သွားမည်။”

“လိုအပ်သောပစ္စည်းများ: [သစ်သားပြား] ၂၊ [သတ္တုပြား] ၃။”

“နစ်မြုပ်မည်” ဟူသောစကားလုံးကို မြင်လိုက်ရသောအခါ လီယုသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားပြီး သူ၏လှေအတွင်းခန်းရှိပစ္စည်းများကို ကြည့်ရှုလိုက်၏။ သစ်သား ၅ယူနစ်သာရှိပြီး သစ်သားပြားတစ်ခုနှင့် သစ်သား ၃ယူနစ်လိုအပ်နေသေးကြောင်း တွေ့လိုက်ရလေသည်။

သတ္တုပြားမှာ ၂ ခုသာရှိပေသည်။

“ဟုတ်သားပဲ လဲလှယ်ရေးဈေးကွက်...”

လီယုသည် ချက်ချင်းပင် လဲလှယ်ရေးဈေးကွက်သို့ပြောင်းလိုက်ပြီး ငွေကြေးလဲလှယ်မှု အချက်အလက်များကို တင်လိုက်တော့လေသည်။

“[အုတ်မြစ်ကျောက်] ၂ - လဲလှယ်မည် [သစ်သားပြား]၂၊ [သတ္တုပြား] ၃

မှတ်ချက်: အရေးတကြီးလိုအပ်နေပါသည်။ ၁၀မိနစ်အတွင်း ပြန်ဖြုတ်ပါမည်။”

All Chapters