A အဆင့်ရေသန့်၏ အံ့ဖွယ်အကျိုးသက်ရောက်မှု
Vol. 2 Ch. 22
ရှောင်းယီ၏ အကြောင်းပြန်စာကို မြင်လိုက်ရသောအခါ ထိုသူက ချက်ချင်း ပြန်ဖြေလာခဲ့သည်။
“ဘာလဲ။ အဲ့ဒါကို ကျုပ်ကိုပေးပါ။ ကလေးကိုသာ အဖျားကျစေမယ်ဆိုရင် ကျုပ်ဘဝတစ်သက်တာလုံး ခင်ဗျားဆီမှာ အစေခံပါ့မယ်။ ကျုပ်ရလာသမျှ အရာအားလုံးကိုလည်း ခင်ဗျားကိုပေးမယ်။”
“စိတ်မလှုပ်ရှားပါနဲ့။ ဒီဟာက။အသုံးဝင်၊မဝင် မသေချာသေးဘူး။ ဒါ့အပြင် ခင်ဗျား ကျုပ်အတွက် ဘာမှလုပ်ပေးစရာမလိုပါဘူး။ ငါက ထုတ်လုပ်မှုပုံစံကို လိုချင်ရုံပဲ။”
ရှောင်းယီက ပြောလိုက်သည်။
“ကောင်းပြီ လုံးဝပြဿနာမရှိဘူး။”
ထိုသူက ပြန်ဖြေလာခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် သီးသန့်ချန်နယ်တွင် လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။
“[ရေသန့်] (A အဆင့်) ၂၀ မီလီလီတာ - အခမဲ့လဲလှယ်ခြင်း။”
“အရင်သုံးကြည့်လိုက်ပါ။ အသုံးဝင်တယ်ဆိုရင် နောက်ထပ်လဲလှယ်မှုတစ်ခု ထပ်လုပ်ပေးမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ထိုလူသည် ရှောင်းယီပို့ပေးလိုက်သည့်အရာကို မြင်သောအခါ အံ့အားသင့်သွားပြီး မေးလိုက်သည်။
“ရေကိုတောင် အဆင့်သတ်မှတ်ထားတာလား။”
“ဟုတ်တယ်။ ဒါပေမယ့် ဒီကိစ္စကို အပြင်ဘက်ကို မဖြန့်သေးနဲ့ဦး။ အဆင့်သတ်မှတ်ထားတဲ့ အစားအစာတွေ၊ ရေတွေက လူတစ်ဦးရဲ့ရုပ်ခန္ဓာကို မြှင့်တင်ပေးနိုင်တယ်။ ကလေးအတွက်လည်း ချွင်းချက်မရှိဘူးလို့ ကျုပ်ယုံကြည်တယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အခုချိန်မှာ အဖျားကျဆေးမရှိသေးတော့ ကလေးရဲ့ရုပ်ခန္ဓာကို အားကောင်းအောင်လုပ်ပြီး သူ့ဘာသာခုခံနိုင်မလားဆိုတာပဲ ကြည့်ရမယ်။”
ရှောင်းယီက သူ၏အမြင်ကို ရှင်းပြလိုက်သည်။ ဤအချိန်၌ ထိုသူဆီတွင်လည်း အခြားရွေးချယ်စရာ။မရှိတော့ပေ။ ရှောင်းယီ၏စကားသည် ယုံကြည်ရသည်ဖြစ်စေ၊ မယုံကြည်ရသည်ဖြစ်စေ သူကြိုးစားကြည့်ရမည်ဖြစ်သည်။
ကလေးအဖျားတက်နေသည်မှာ နေ့တစ်ဝက်ခန့်ရှိနေပြီဖြစ်ပြီး သည်အတိုင်းဆက်နေ၍မရတော့ပေ။
သုံးမိနစ်အကြာတွင် ထိုသူသည် ရှောင်းယီထံ အံ့အားသင့်စွာဖြင့် စာပြန်ပို့လာခဲ့သည်။
“အဲ့ဒါက တကယ်အလုပ်ဖြစ်တယ်...။”
အဖျားကြောင့် ကယောင်ကတမ်းဖြစ်နေသော ကလေးသည် ပြန်လည်အသိဝင်လာခဲ့သည်။ နဖူး၌နွေးနေဆဲဖြစ်သော်လည်း ကလေး၏အခြေအနေမှာ အလွန်ကောင်းမွန်လာပြီး ထိုသူအား စကားပြောလာခဲ့သည်။
“အလုပ်ဖြစ်တယ်ဆိုရင် လဲလှယ်မှုစတင်လိုက်ကြရအောင်။”
ရှောင်းယီက ပြောလိုက်သည်။
ထိုလူသည် ချက်ချင်းပင် လဲလှယ်ရေးဈေးကွက်မှ လဲလှယ်မှုကိုဖျက်သိမ်းပြီး သီးသန့်ချန်နယ်တွင် ထုတ်လုပ်မှုပုံစံကို တင်လိုက်လေသည်။
“[အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံ] (C အဆင့်) ၁ - အခမဲ့လဲလှယ်မှု။”
ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။ သူသည် တစ်ဖက်လူက သူ့ကို ဤမျှယုံကြည်မှုရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သို့သော် သူသည် တွန့်ဆုတ်မနေတော့ဘဲ ချက်ချင်းပင် ထိုလဲလှယ်မှုကို အတည်ပြုလိုက်သည်။
“ရရှိသောပစ္စည်းများ - အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံ (C အဆင့်) ၁။”
“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ - အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံ (C အဆင့်) ၂။”
“ရပြီ...။”
ရှောင်းယီ ပျော်ရွှင်စွာ ပြောလိုက်မိသည်။
“မင်္ဂလာပါ ဒီတစ်ကြိမ်အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ခင်ဗျားနဲ့ မိတ်ဆွေဖွဲ့ လို့ရမလား။ နောင်ပိုင်းမှာ Aအဆင့်ရေသန့်တွေ ခင်ဗျားဆီကဝယ်ရဖို့ လိုကောင်းလိုလာနိုင်တယ်။”
တစ်ဖက်လူက မေးလာခဲ့သည်။
ကလေးများကို ခေါ်ဆောင်လာပြီးသည့်နောက်တွင်ပင်လျှင် ယခုအချိန်ထိ အသက်ရှင်နေထိုင်နိုင်ခြင်းနှင့် အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံကို ရရှိနိုင်ခြင်းတို့က ထိုသူ၏စွမ်းရည်ကို သက်သေပြနေခဲ့ပြီဖြစ်သည်။
ထို့အပြင် ထိုသူ၏အကျင့်စာရိတ္တသည်လည်း သိပ်မဆိုးဟုထင်ရသည်။ ရှောင်ယီက ခေါင်းညိတ်ကာ “ဟုတ်ကဲ့” ဟု ပြန်ဖြေလိုက်သည်။
“သိပ်ကောင်းတယ်။ ကျေးဇူးတင်ပါတယ်။”
“ကျန်းယွင်ထျန်းက သင့်ကိုမိတ်ဆွေအဖြစ်ထည့်ရန် တောင်းဆိုနေပါသည်။ သဘောတူပါသလား။”
“သဘောတူတယ်။”
ရှောင်းယီသည် ထိုအရာကို သဘောတူလိုက်ပြီးနောက် သူ၏မိတ်ဆွေများစာရင်းတွင် နောက်ထပ်လူတစ်ဦး ထပ်တိုးလာခဲ့သည်။
“မင်္ဂလာပါ ရှောင်းယီ။ ကျုပ်အတွက်လည်း Aအဆင့်ရေသန့်တချို့ ဝယ်ချင်ပါတယ်။ ဒီရေက အဖိုးတန်တယ်ဆိုတာသိပေမယ့် ကျုပ်ကို နည်းနည်းလောက်ရောင်းပေးဖို့ မျှော်လင့်ပါတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ရှောင်ယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ရေသန့် ၂၀၀မီလီလီတာကို လောင်းထည့်ကာ ပို့ပေးလိုက်သည်။
“အရင်ကတစ်ခုကို အစမ်းလို့သဘောထားလိုက်ပါ။ ဒီ၂၀၀မီလီလီတာက မင်းရဲ့အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံနဲ့ လဲလှယ်တဲ့ပမာဏပဲ။ နောင်ပိုင်း လိုအပ်လာခဲ့ရင် အခြားပစ္စည်းတွေနဲ့ လဲလှယ်ရမယ်။ ထူးခြားတဲ့ပစ္စည်းတွေရလာရင်လည်း ကျုပ်နဲ့ လဲလှယ်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေပြီး နောက်ထပ် သတင်းမရှိတော့ပေ။
ထိုအချိန်တွင် အများသုံးချန်နယ်တွင် လူပေါင်းများစွာသည် အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံအား ဖြုတ်ချလိုက်သည်ကို တွေ့ရှိလိုက်ကြပြီး ဆွေးနွေးမှုများ ပြန်လည်စတင်လာကြတော့သည်။
“ဘာဖြစ်သွားတာလဲ။ တစ်ယောက်ယောက်ဆီက အဖျားကျဆေးရှာတွေ့ သွားတာလား။”
“မဖြစ်နိုင်ဘူး။ လောလောဆယ်ရနိုင်တဲ့ပစ္စည်းသေတ္တာတွေအရ အဖျားကျဆေးထုတ်နိုင်တဲ့အလားအလာက မရှိသလောက်ပဲ။”
“ကျစ်...မင်းကိုယ်မင်း သိလှတတ်လှပြီထင်နေတာလား။ ဘာတွေ လာပြီးဟန်ဆောင်နေတာလဲ။”
“ကျုပ်ကတော့ အဲ့ဒါက အဖျားကျဆေးလို့ မထင်ဘူး။ အဖျားကျစေတဲ့ အခြားပစ္စည်းတစ်ခုခုဖြစ်မယ်လို့ သံသယရှိတယ်။”
“ဟုတ်တယ် အပေါ်ကလူပြောတာကို ကျုပ်သဘောတူတယ်။”
“ဒီလိုမျိုး မှော်ဆန်တဲ့အကျိုးသက်ရောက်မှုရှိတဲ့ပစ္စည်းက ဘာလဲဆိုတာ ကျုပ်တကယ်သိချင်မိတယ်။”
“ကျုပ်လည်း သိချင်တယ် +၁။”
ရှောင်းယီသည် အများသုံးချန်နယ်ရှိ ဆွေးနွေးမှုများကို ဂရုမစိုက်တော့ဘဲ ထုတ်လုပ်မှုပုံစံကိုသာ ကြည့်လိုက်သည်။
“အလတ်စားရွက်လှေထုတ်လုပ်မှုပုံစံ (C အဆင့်) - သစ်သားပြား ၂၀၀၊ သတ္တုပြား ၂၀၀၊ သစ်သား ၁၀၊ လီနင်အထည် ၅၀။”
“ပစ္စည်းတွေဒီလောက်များနေရင် ဘယ်သူမှ တည်ဆောက်နိုင်မှာ မဟုတ်လောက်ဘူး။”
ရှောင်းယီ စောဒကမတက်ဘဲ မနေနိုင်ခဲ့ပေ။ သူကိုယ်တိုင်သည် ပစ္စည်းအများအပြားရှိသည့်သူထဲတွင် ပါဝင်နေပြီး ဤသို့ဆိုလျှင်ပင် ယခုချက်ချင်း ဤအလတ်စားရွက်လှေထုတ်လုပ်မှုပုံစံဖြင့် အလတ်စားရွက်လှေ တစ်စင်းဆောက်ရန်မှာ မဖြစ်နိုင်သေးပေ။
ရှောင်းယီ ညည်းညူနေစဉ် သစ်သားလှေပေါ်တွင် လီယုသည် အလွန်ဒေါသထွက်နေခဲ့သည်။
“ငါ အုတ်မြစ်ကျောက် ၁၆ ခုတောင် ပေးထားကိုတောင် ငါ့ကိုမရောင်းဘူးပေါ့။ မင်း ရူးနေတာလား။ မင်းက ဖျားပြီးသေမယ့်ကောင်ပဲ။”
လီယုက ကျိန်ဆဲလိုက်သည်။
ထိုအခါ သူ၏ဘေးနားတွင်ရပ်နေသော ပိုင်လျန်က ပြောလိုက်သည်။
“စိတ်အေးအေးထားပါ။ ဘာပဲပြောပြော ထုတ်လုပ်ပုံစံက သူ့ဆီမှာပဲလေ။ သူကမရောင်းချင်ရင် ကျွန်မတို့ ဘာမှမလုပ်နိုင်ဘူး။”
“အဲ့ဒီထုတ်လုပ်မှုပုံစံသာရရင် လှေကြီးတစ်စင်းရပြီး ဒီလောက်ထိ ပင်ပန်းပန်းလှော်နေစရာမလိုတော့ဘူး။”
လီယုက ပြောလိုက်သည်။
“ဒီထုတ်လုပ်မှုပုံစံကို လွတ်သွားရင် နောက်ထပ် ဘယ်လောက်ကြာအောင် စောင့်ရဦးမလဲမသိဘူး။”
ထုတ်လုပ်မှုပုံစံတစ်ခု ရရှိရန်မှာ အလွန်ခက်ခဲလှပေသည်။ ပစ္စည်းသေတ္တာများ စွာဖမ်းယူပြီးနောက် သူမြင်ဖူးသည်မှာ သူ၏ခြေထောက်အောက်ရှိ သစ်သားလှေငယ်ထုတ်လုပ်မှုပုံစံတစ်ခုနှင့် အခြေခံပစ္စည်းများ၊ အစားအစာနှင့် ရေများသာဖြစ်သည်။
သူ၏ဒေါသများ အနည်ထိုင်သွားပြီးနောက် လီယုသည် ပြန်လည်တည်ငြိမ်လာကာ ပြောလိုက်သည်။
“မင်းဆက်လှော်ထားဦး။ ငါနားဦးမယ်။ ပြီးရင် ပစ္စည်းသေတ္တာရှာရမယ်။”
“ဒါပေမယ့် အခုက မှောင်နေပြီလေ။”
ပိုင်လျန်က မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။
“မှောင်နေရင်တောင် လှော်ရမယ်။ မဟုတ်ရင် ဘာသွားစားရမှာလဲ။”
လီယုက ဆူအူကြိမ်းမောင်းလိုက်သည်။
ပိုင်လျန်သည် ရွေးချယ်စရာမရှိတော့ဘဲ လှော်တက်ကိုကောက်ကိုင်ကာ ကျပန်းဦးတည်ချက်တစ်ခုသို့ လှော်ခတ်သွားလိုက်သည်။
ရှောင်းယီသည် နှစ်ဆအခြေအနေကို အခွင့်ကောင်းယူကာ လဲလှယ်ရေးဈေးကွက်ရှိ အခြေခံပစ္စည်းအချို့ကို ဝယ်ယူလိုက်သည်။ တစ်ဖက်လူ၏ဈေးနှုန်းမှာ မြင့်နေသော်လည်း သူဝယ်ယူခဲ့သည်။
တစ်ချိန်တည်းမှာပင် လဲလှယ်ရေးဈေးကွက်ရှိ အခြေခံပစ္စည်းများ လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
“ဒီနေ့ဘာတွေဖြစ်နေတာလဲ။ ကျုပ် သတ္တုပြား ၅ယူနစ်ကို ၂၀% တောင် ဈေးတင်ထားတာ။ အဲ့ဒါတောင် ချက်ချင်းရောင်းထွက်သွားတယ်။”
“ဟုတ်တယ်။ ကျုပ်ဟာလည်းအတူတူပဲ။ ကျုပ်က ငါးမန်းသားနဲ့ လဲခဲ့တာ။ ဒီမတိုင်ခင်က ပစ္စည်းတွေစုဆောင်းခဲ့တဲ့ သူဌေးကြီးပဲဖြစ်ရမယ်။”
“သူက ဒီလောက်ဈေးကြီးတာတောင် ဝယ်သေးတာလား။ ဒါဆို ကျုပ်လည်း ဈေးပြောင်းတင်ရမယ်။”
ဈေးကွက်ရှိပစ္စည်းများကို ရှောင်းယီ သိမ်းကျုံးယူလိုက်သည်နှင့် အခြေခံပစ္စည်းဈေးနှုန်းများမှာ စတင်မြင့်တက်လာခဲ့သည်။ သို့သော်လည်း ရှောင်းယီမှာ ရပ်တန့်လိုက်ပြီဖြစ်သည်။ နှစ်ဆအခြေအနေဖြင့်ဆိုလျှင်ပင် သူသည် ငတုံးငအတစ်ယောက် အဖြစ်ခံမည်မဟုတ်ပေ။
“ဘာတွေဖြစ်နေတာလဲ။ သူဌေးကြီးက ပစ္စည်းတွေမဝယ်တော့ဘူးလား။”
“အဲ့လိုဖြစ်ပုံပဲ။ ဟူး...ဘယ်လောက်တောင်မှားလိုက်သလဲ။ အချိန်မီတင်လိုက်သင့်တာကိုကွာ။”
“တော်စမ်းပါ။ အချိန်နှောင်းသွားတာမဟုတ်ဘူး။ မင်းက အလွန်အကျွံ လောဘကြီးလွန်းလို့ပဲ။ သူဌေးကြီးက ပစ္စည်းတွေလိုနေပေမယ့် သူ ငတုံးမဟုတ်ဘူးကွ။ နောက်မှ။ဖြည်းဖြည်းချင်းစုလည်းရ တယ်။ ဒီနေ့တစ်နေ့တည်း စုဆောင်းမှရမယ်ဆိုတာမျိုး မရှိဘူး။”
“ဒါ အဓိပ္ပါယ်ရှိတယ်။ နောက်ပိုင်းကျရင် ကျုပ်တို့ အလွန်အကျွံ လောဘမကြီးဘဲနေရမယ်။”
ဤလဲလှယ်မှုမှတစ်ဆင့် ပစ္စည်းများအား နှစ်ဆရရှိခဲ့သော်လည်း ရှောင်းယီ၏ပစ္စည်းများသည် အလတ်စားရွက်လှေတည်ဆောက်ရန်အတွက် မလုံလောက်သေးပေ။
ပစ္စည်းများစွာအနက် သစ်သားတစ်မျိုးသာ ၁၂၁ ယူနစ်ရှိပြီး အခြားပစ္စည်းများမှာ ဂဏန်းနှစ်လုံးသာရှိသေးပြီး သုံးလုံးနှင့်ဝေးကွာနေဆဲပင်။
ရှောင်းယီသည် သစ်သားအိပ်ယာပေါ်တွင် ပြန်လှဲကာ ဒူးလေးကို လက်ကကိုင်ထားပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်တော့သည်။