ညသန်းခေါင်မှပြန်လာမယ်၊ အကြီးစားရောင်းဝယ်မှု
Vol. 2 Ch. 24
မျှော်လင့်မထားစွာပင် လီယုနှင့် ပိုင်လျန်တို့သည် ရှောင်းယီ၏ကျွန်းနှင့် နောက်တစ်ကြိမ် နီးကပ်လာခဲ့ကြသည်။
လီယုသည် ကျွန်းတစ်ခုရှိကြောင်း ကြားလိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားခဲ့သည်။ ကျွန်းဆိုသည်မှာ ပစ္စည်းများနှင့် အမျိုးသမီးများရှိသည်ဟု ဆိုလိုခြင်းပင်။
သူသည် ပင်လယ်ဘုရင်တစ်ယောက်အနေဖြင့် အမျိုးသမီးတစ်ယောက်တည်းနှင့် မည်သို့လုံလောက်နိုင်မည်နည်း။
“ရပ်လိုက်။”
လီယုသည် ပိုင်လျန်အား ကျွန်းဆီသို့ ဆက်လှော်ခတ်ခြင်းမှ တားမြစ်လိုက်ပြီး လှေစပ်မှ မှုန်ဝါးဝါးမြင်နေရသော ကျွန်းကို အာရုံစိုက်ကာ လေ့လာလိုက်သည်။
“ဒီကျွန်းက ကြီးလွန်းမနေဘူးလား။”
လီယု အံ့အားသင့်သွားခဲ့သည်။ ယခင်က သူ ပိုင်လျန်နှင့်တွေ့ခဲ့သည့်အချိန်တွင် ပိုင်လျန်၏ ၁၂ စတုရန်းမီတာကျယ်သော ကျွန်းကိုတောင် သိပ်မသေးဘူးဟု သူထင်ခဲ့သည်။
သို့သော် ယခုမြင်နေရသောကျွန်းမှာ အနည်းဆုံး ၄၀ စတုရန်းမီတာခန့် ရှိပေလိမ့်မည်။
ဤကဲ့ကြီးမားကျယ်ပြန့်သည် ကျွန်းတစ်ခုဖြစ်အောင် သေတ္တာမည်မျှ ရရှိခဲ့မည်ကိုပင် သူမခန့်မှန်းနိုင်ပေ။
“အစ်ကိုလီ အဲဒီမှာ အိမ်တစ်လုံးရှိသလိုပဲနော်။”
ပိုင်လျန်၏မျက်လုံးများ တောက်ပနေခဲ့သည်။
ပြီးခဲ့သည့်ရက်များအတွင်း လေနှင့်မိုးဒဏ်ကို ကြံ့ကြံ့ခံခဲ့ရပြီး သူမသည် တံငါသည်တစ်ယောက်လည်းမဟုတ်သောကြောင့် လှေပေါ်တွင်သာ နေရသည်ကို နေသားတကျမရှိခဲ့ပေ။ အိမ်ရှိသောကျွန်းတစ်ခုကိုသာရှာတွေ့လျှင် သူမသည် ထိုနေရာတွင်နေထိုင်ရန် သေချာပေါက် ရွေးချယ်မည်ဖြစ်သည်။
လီယုသည်လည်း ကျွန်းပေါ်ရှိ အဆင့်နိမ့်အဆောက်အဦများကို မှုန်ဝါးဝါးမြင်လိုက်ရပြီး စိတ်ထဲ၌ ပူပြင်းလာခဲ့သည်။
သူကိုယ်တိုင်သည် တံငါသည်တစ်ယောက်ဖြစ်သော်လည်း လှေတစ်စီးဖြင့် နေ့တိုင်းလှည့်ပတ်နေရသည်မှာ ပျင်းစရာကောင်းလှသည်။ ဤကဲ့သို့ ဖွံ့ဖြိုးတိုးတင်ပြီးသားကျွန်းတစ်ခုကို သိမ်းပိုက်ရန်အတွက် သူစိတ်မဝင်စားဘဲမနေပေ။
“ပိုင်လျန် ပြန်လှည့်မယ်။”
လီယုသည် ကျွန်း၏ဆန့်ကျင်ဘက်အရပ်ကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဟမ်”
ပိုင်လျန် ကြောင်အသွားခဲ့သည်။
“အစ်ကိုလီ ကျွန်မတို့သွားရမယ့် ဦးတည်ဘက်က မှားနေတာလား။”
ထိုအခါ လီယုသည် သူမကို ဒေါသတကြီးစိုက်ကြည့်လိုက်ပြီး ပြန်လည်ချေပလိုက်၏။
“ဒီလောက်မြန်မြန်ဖွံ့ဖြိုးတိုးတင်အောင်လုပ်နိုင်တဲ့သူက သာမန်လူဖြစ်မယ်လို့ မင်းထင်နေတာလား။ နည်းနည်းလောက် ဦးနှောက်သုံးစမ်းပါ။”
“ဟင်...ဒါဆို ကျွန်မတို့ ဒီအတိုင်းပဲ လက်လျှော့လိုက်တော့မှာလား။”
ပိုင်လျန်က ထိုကျွန်းကို နှမြောတသဖြင့် ကြည့်လိုက်မိသည်။
“လက်လျှော့ရမှာလား။ မဖြစ်နိုင်ဘူး။ ငါလိုချင်တာကို ငါရအောင်ယူမှာပဲ။”
လီယုက အေးစက်စွာ ပြောလိုက်သည်။
“အခုထွက်သွားမယ်။ သူတို့အာရုံမစိုက်မိအောင် ညသန်းခေါင်မှ ပြန်လာမယ်။”
လီယု ရှင်းပြလိုက်သည်နှင့် ပိုင်လျန်သည် သဘောပေါက်သွားပြီး လီယုနှင့်အတူ လှေကို အဝေးသို့ ကူညီလှော်ခတ်သွားလိုက်သည်။
ထိုအချိန်တွင် ရှောင်းယီသည် နေ့လည်ခင်း တစ်ရေးတမော အိပ်စက်အနားယူနေပြီး ဝမ်ချိုင်သည်လည်း လှုပ်ကုလားထိုင်ဘေးတွင် လဲလျောင်း နေခဲ့သည်။ သူတို့နှစ်ယောက်လုံး လှေတစ်စီး ချဉ်းကပ်လာသည်ကိုပင် သတိမထားမိခဲ့ကြပေ။
ရှောင်းယီသည် ညနေခင်းအထိ အိပ်နေခဲ့ပြီး ကျွန်းအထိမ်းအမှတ် ကျောက်တိုင်မှ အသံမြည်လာသောအခါမှ လန့်နိုးလာခဲ့သည်။
အလိုအလျောက်ငါးဖမ်းပိုက်၏အသံကို ပိတ်ထားပြီးဖြစ်သော်လည်း ကျွမ်းအထိန်းအမှတ်ကျောက်တိုင်၏အသံကိုမူ ပိတ်၍မရပေ။
ရှောင်းယီသည် သူ၏မျက်လုံးများကို ပွတ်သပ်ရင်း သစ်သားအိမ်အတွင်းသို့ ဝင်သွားလိုက်သည်။
“ဆုဝမ်က သင်နဲ့စကားပြောရန် တောင်းဆိုနေပါတယ်။”
“ချိတ်ဆက်လိုက်ပါ။”
ဗီဒီယိုပေါ်တွင် ရှောင်းယီပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဆုဝမ်သည် သူမ၏စိတ်ထဲတွင် အနည်းငယ်သက်သာရာရသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
“တစ်နေ့လုံးဆက်သွယ်လို့မရတော့ ဘာတွေဖြစ်သွားပြီလဲလို့ တွေးပူနေတာ။”
“နေ့လည်ခင်း တရေးတမောအိပ်နေတာပါ။”
ရှောင်းယီက ပြုံးကာပြန်ဖြေလိုက်သည်။
“ဒီနေ့ နေလို့ကောင်းရဲ့လား။”
“အင်း အရမ်းကောင်းတယ်။ ဒီနေ့ပစ္စည်းသေတ္တာနှစ်လုံးထပ်ရခဲ့တယ်။ အရင်ကလို အခြေခံပစ္စည်းတွေချည်းပဲ။ ၅၀၀ ဂရမ် ပေါင်မုန့်တစ်ခုပါတယ်။ မနေ့ကလိုမျိုးပဲ နင့်ဆီအရင်ပို့လိုက်ရမလား။”
ဆုဝမ်က မေးလိုက်သည်။
ရှောင်းယီက ခေါင်းခါပြလိုက်၏။
“မလိုပါဘူး။ အထူးအဆန်းမရှိရင် အခုတော့ မင်းဆီမှာပဲ သိမ်းထားလိုက်ပါ။ ငါ့ဆီကသတင်းကိုသာ စောင့်နေ။”
“ဟင်”
ဆုဝမ်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း အသေးစိတ်မမေးမြန်းခဲ့ပေ။
“အများသုံးချန်နယ်မှာ အလတ်စားရွက်လှေ အကြောင်း ဆွေးနွေးနေကြတာ တွေ့ခဲ့တယ်။ မနေ့ညက ငါအစောကြီး အိပ်ပျော်သွားတော့ တစ်ယောက်ယောက်က အဲ့ဒီထုတ်လုပ်မှုပုံစံကို ရောင်းလိုက်တာလား။”
“ဟုတ်တယ် ကလေးဖျားနာတာကို သက်သာဖို့အတွက်တဲ့။”
ရှောင်းယီ ပြန်ဖြေလိုက်သည်။
“ဘာ ကလေးလား။ ဒီကမ္ဘာထဲကို ကလေးတွေပါ ပါလာတာလား။”
ဆုဝမ်သည်လည်း အံ့အားသင့်သွားခဲ့သည်။
ရှောင်းယီက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
“ငါခန့်မှန်းတာကတော့ လူကြီးတစ်ယောက်နဲ့အတူ အလိုလိုပါလာတာပဲဖြစ်ရမယ်။”
“ကလေးတွေပါလာရင် ပိုပြီးခက်ခဲမှာပေါ့။”
ဆုဝမ်၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။
ရှောင်းယီက ပခုံးတွန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“သဘာဝရဲ့ရွေးချယ်မှုကို ကျော်လွှားနိုင်မှပဲရမယ်။”
“ဒါကတော့ ရက်စက်လွန်းပါတယ်။”
ဆုဝမ်က ဝမ်းနည်းစွာ ပြောလိုက်သည်။
“အစကတည်းက နင်နဲ့တွေ့ခဲ့ရတာ ငါကံကောင်းတာပဲ။”
ရုတ်တရက် ဆုဝမ်သည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး မေးလိုက်သည်။
“ခဏလေး နင်က အဲ့ဒီအခြေအနေတွေကို ဒီလောက်ထိနှံ့နှံ့စပ်စပ် ဘယ်လိုလုပ်ပြီးသိနေတာလဲ။”
“ဘာလို့လဲဆိုတော့ ငါက သူ့ရဲ့ရွက်လှေထုတ်လုပ်မှုပုံစံကို ဝယ်လိုက်တဲ့သူမို့လို့ပေါ့။”
ရှောင်းယီက ပြနါဖြေလိုက်သည်။
“အဲ့ဒါကြောင့်ကိုး...မထူးဆန်းတော့ပါဘူး။”
ဆုဝမ်သည် ရုတ်တရက် သဘောပေါက်သွားခဲ့သည်။
“နင်အဆင်ပြေနေတယ်ဆိုရင် ငါပစ္စည်းသေတ္တာထပ်ရနိုင်ဦးမလားလို့ သွားကြည့်လိုက်ဦးမယ်။ နှုတ်ဆက်ပါတယ်။”
ရှောင်းယီ ခေါင်းညိတ်ပြလိုက်ပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
ရှောင်းယီသည် ကမ်းခြေပေါ်ရှိ ပစ္စည်းသေတ္တာခြောက်လုံးကိုကြည့်ပြီး ညနေဆည်းဆာ၏အလင်းအောက်တွင် ပင်လယ်ပြင်ကိုလှမ်းကြည့်သည့်အခါ နောက်ထပ်ပစ္စည်းသေတ္တာများ မရှိတော့ကြောင်း တွေ့လိုက်ရလေသည်။ ထို့ကြောင့် သူသည် အလိုအလျောက်ငါးဖမ်းပိုက်၏ပစ်မှတ်ကို ပြောင်းလဲကာ ပစ်မှတ်မရှိဘဲ ငါးဆက်ဖမ်းခိုင်းထားလိုက်သည်။
မိမိ၏ကျွန်းဧရိယာကြီးမားလာသည်နှင့်အမျှ ဖမ်းမိသောငါး အရေအတွက်မှာလည်း တိုးပွားလာခဲ့သည်။
ကမ်းရိုးတန်းရှည်လာလေ ပင်လယ်အရင်းအမြစ်များ ပေါများလာလေဖြစ်သည်။
ထို့နောက် သူသည် မဖွင့်ရသေးသောပစ္စည်းသေတ္တာများကို သစ်သားအိမ်နားသို့ရွှေ့လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ပြန်သွားကာ ေဈေးကွက်တွင် ပစ္စည်းကောင်းများရှိ၊မရှိ တစ်ချက်ကြည့်လိုက်သည်။
ကျွန်းပေါ်ရောက်ပြီးနောက် ငါးရက်တာကုန်ဆုံးခဲ့ပြီဖြစ်ရာ အသက်ရှင်ကျန်ရစ်သူများတွင် အနည်းနှင့်အများတော့ ပစ္စည်းများရှိနေကြပြီဖြစ်သည်။
ဈေးကွက်ရှိ ငွေကြေးဖလှယ်မှုအရေအတွက်မှာ တစ်သိန်းအထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ရှောင်းယီသည် အခမဲ့ပစ္စည်းရယူလိုသည့် လှည့်ကွက်များကို အရင်စစ်ထုတ်လိုက်ပြီး သူလိုအပ်သော သစ်သား၊ သတ္တုပြားနှင့် လီနင်အထည်များကို ရှာဖွေလိုက်သည်။
ဤပစ္စည်းများကို အလတ်စားရွက်လှေပြုလုပ်ရာ၌ အသုံးပြုရမည်ဖြစ်သည်။
သင့်တော်သောဈေးနှုန်းဖြင့် ရောင်ချထားသည်ကို တွေ့သောအခါ ရှောင်းယီသည် ငါးမန်းသားဖြင့် ချက်ချင်းလဲလှယ်လိုက်သည်။
သူ့တွင် သိုလှောင်ခန်းရှိသော်လည်း ငါးမန်းသားများကို အခန်းအပူချိန်တွင် အချိန်အကြာကြီး သိမ်းဆည်းထားပါက စနစ်၏အချက်အလက်များအရ တစ်ရက်အတွင်း စားသုံး၍ရတော့မည်မဟုတ်ပေ။
မပုပ်သိုးမီ ၎င်းတို့၏နောက်ဆုံးတန်ဖိုးကို အကျိုးရှိရှိသာ အသုံးချရမည်ဖြစ်သည်။
အစားအစာသည် ဤနေရာတွင် အခိုင်မာဆုံးငွေကြေးဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ ဤမျှစားမကောင်းသော ငါးမန်းသားများဖြင့်ပင် ပစ္စည်း များစွာကို လွယ်ကူစွာ လဲလှယ်နိုင်သည်။
သူသည် ရွက်လှေပြုလုပ်ရန် လိုအပ်သော ပစ္စည်းများကို ပြန်ကြည့်လိုက်၏။ သစ်သားပြား ၂၀၀၊ သတ္တုပြား ၂၀၀၊ သစ်သား ၁ဝနှင့် လီ နင်အထည် ၅၀ တို့ဖြစ်သည်။
“လောလောဆယ် သစ်သားပြား ၄၁ ခုပဲရှိသေးတယ်။ လိုနေတာတွေ များနေသေးတယ်။ သတ္တုပြားက ၈၀ ရှိပြီ။ လီနင်အထည်နဲ့ သစ်သားကတော့ လုံလောက်ပြီ။”
ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။
“ဒီတော့ တစ်ခါတည်းပဲ ဝယ်လိုက်တော့မယ်။”
ရှောင်းယီသည် ငါးမန်းသားကို ချက်ချင်းပင် ဈေးကွက်၌ တင်သွင်းလိုက်လေသည်။
“[ငါးမန်းသား] ၂၅၀ ဂရမ် - လဲလှယ်မည် [သစ်သား] ၂၀ ။ မှတ်ချက်-ငါးမန်းသားကို ဝယ်ယူပြီး တစ်ရက်အတွင်း မစားပါက ပုပ်သိုးသွားမည်။ လက်ရှိတွင် သစ်သားမလုံလောက်ပါက ကျွန်းပေါ်ရှိ အပင်များကို ခုတ်လှဲခြင်းဖြင့် သစ်သား ၂၀ ရရှိနိုင်သည်။”
“[ငါးမန်းသား] ၂၅၀ ဂရမ် - လဲလှယ်မည် [သတ္တုပြား] ၄။”
“[ငါးမန်းသား] ၂၅၀ ဂရမ် - လဲလှယ်မည် [လီနင်အထည်] ၂။”
ပစ္စည်းများရရှိရန် အခက်အခဲအဆင့်အလိုက် ရှောင်းယီသည် သူ၏လက်ရှိငါးမန်းသားအားလုံးကို ဈေးကွက်သို့ တင်သွင်းလိုက်သည်။
သစ်သားပြားများကို သစ်သားများဖြင့် ပေါင်းစပ်ပြုလုပ်နိုင်သောကြောင့် သစ်သားလုံလောက်စွာဝယ်ယူပါက သစ်သားပြားချို့တဲ့မှုကို ဖြေရှင်းနိုင်မည်ဖြစ်သည်။
ဤဖလှယ်မှုများကို တင်လိုက်သည်နှင့် အများသုံးချန်နယ်တွင် အပူတပြင်း ဆွေးနွေးမှုများ စတင်ဖြစ်ပေါ်လာခဲ့သည်။
“ဒါက ဘယ်လိုအခြေအနေလဲ။ သစ်သား ၂ဝ နဲ့ ငါးမန်းသား ကတ်တီတစ်ဝက်ကို လဲလှယ်နိုင်တာလား။”
“ဒါက သွေးအန်တဲ့အထိ အရှုံးခံပြီး ရှင်းထုတ်နေတာလား။”
“သွေးအန်တဲ့အထိ ရှင်းထုတ်နေတာမဟုတ်ဘူး။ လဲလှယ်မှုနောက်က မှတ်ချက်ကို မင်းမမြင်ဘူးလား။”