ပင်လယ်ဆားထုတ်စက်၊ ရေပိုက်စနစ်
Vol. 2 Ch. 30
“[ပင်လယ်ဆားထုတ်စက်] (B အဆင့်)”
ရှောင်းယီသည် ဆားအကြောင်းကို တွေ့နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း ထိုအရာကို ရရှိအောင် သူမလုပ်နိုင်ခဲ့ပေ။ ဆုဝမ်က ပထမဆုံးရရှိနိုင်ခဲ့လိမ့်မည်ဟုတော့ သူလုံးဝမျှော်လင့်မထားခဲ့မိပေ။
“ကြည့်ရတာ မင်းအရမ်းကံကောင်းနေပုံပဲ။”
ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“နင်ဘာတွေစဉ်းစားနေတာလဲ။ အမြန်ထုတ်လုပ်လိုက်တော့လေ။ ပြီးရင် ငါ့ကိုနည်းနည်းပေးဖို့လည်း မမေ့နဲ့နော်။”
ဆားကို ခဏတာမစားသုံးခြင်းသည် ပြဿနာမရှိသော်လည်း အချိန်ကြာရှည်စွာ မစားသုံးရပါက ခန္ဓာကိုယ်တွင် ဆိုဒီယမ်ဓာတ်ချို့တဲ့မှုဖြစ်ကာ အားနည်းလာမည်ဖြစ်သည်။
အဆုံးတွင် ဆိုဒီယမ်အိုင်းရွန်းများသည် အာရုံကြောစနစ်သို့ အချက်အလက်များပို့ဆောင်ရန်ခြင်းအတွက် မရှိမဖြစ်လိုအပ်သည့်အပြင် ကြွက်သားများ ကျုံ့ခြင်း၊လျှော့ခြင်းနှင့် နှလုံးခုန်နှုန်းများနှင့်လည်း ဆက်စပ်နေပေသည်။
ကံကောင်းထောက်မစွာဖြင့် သူတို့သည် ပင်လယ်ထဲတွင်ရှိနေသောကြောင့် ဆားမရပါက ပင်လယ်ငါးကဲ့သို့သော ပင်လယ်စာများကို စားသုံးခြင်းဖြင့် ဆိုဒီယမ် အနည်းငယ်တော့ ရရှိနိုင်သည်။
သို့သော် ရှောင်းယီသည် ပင်လယ်ငါးချည်း စားနေရသည်ကို ငြီးငွေ့နေပြီဖြစ်ပြီး အရသာပြောင်းလဲရန်အတွက် ဟင်းသီးဟင်းရွက်များကို စားလိုနေခဲ့သည်။
ဆုဝမ်က ခေါင်းခါကာ ပြောလိုက်သည်။
“မဟုတ်ဘူး ဒါက နင့်အတွက်ပဲ။ ငါ့ဆီမှာ အဲ့ဒါအတွက် နေရာမရှိဘူး။ လိုအပ်တဲ့ ပစ္စည်းတွေလည်းမရှိဘူး။ နင်ထုတ်လုပ်ပြီးရင်သာ ငါ့ကိုနည်းနည်းပေးပါ။”
ဆုဝမ်က ဤသို့ပြောလာသောအခါ ရှောင်းယီသည်လည်း မငြင်းဆန်မနေတော့ပေ။ သူက ခေါင်းညိမ့်ကာ ပြောလိုက်သည်။
“ကောင်းပြီ ငါ့ဆီပို့လိုက်ပါ။”
ဆုဝမ်သည် ထိုပင်လယ်ဆားထုတ်စက်ကို သီးသန့်ချန်နယ်တွင် လဲလှယ်ပေးလိုက်သည်။
“[ပင်လယ်ဆားထုတ်စက်] (B အဆင့်)- သစ်သား ၅၊ ဖန် ၁၀၊ လီနင် အထည် ၂ဝ၊ သတ္တုပြား ၁ဝ၊ ပလပ်စတစ် ၅။”
၎င်း၏ထောက်ပံ့ရေးပစ္စည်းများကိုကြည့်ရှုပြီးနောက် ဖန်နှစ်ခုလိုအပ်နေသေးကြောင်း တွေ့လိုက်ရသောအခါ ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် ဆုဝမ်တို့ထံသို့ ချက်ချင်းမက်ဆေ့ခ်ျပို့လိုက်သည်။
“မင်းတို့မှာ ဖန်ရှိလား။ ငါ ဖန် ၂ ခုလိုနေတယ်။ မရှိရင်တော့ ဈေးကွက်မှာရှာလိုက်မယ်။”
ရှောင်းယီ၏မက်ဆေ့ခ်ျကိုမြင်သောအခါ သူနှစ်ဦးလုံးက ချက်ချင်းပင် တုံ့ပြန်လာခဲ့ကြသည်။ ဘာပဲပြောပြော သူတို့အတွက် ကျွန်းပေါ်တွင် အလုပ်အများကြီးမရှိဘဲ ပစ္စည်းသေတ္တာစီးဆင်းမှုနှင့် သတိပေးချက်များကိုသာ စောင့်ကြည့်ရန်လိုအပ်သည်။
“ငါ့မှာ တစ်ခုရှိတယ်။”
ဆုဝမ်က ပြန်ဖြေလိုက်သည်။
“[ဖန်] ၁ အခမဲ့လဲလှယ်ခြင်း။”
“ရှိတယ်”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီး မတွန့်ဆုတ်ဘဲ ဖန်ကို လဲလှယ်ပေးလိုက်သည်။
“[ဖန်] ၂ အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် လဲလှယ်မှုအားလုံးကို သဘောတူလိုက်ပြီး ပစ္စည်းများစုဆောင်းကာ ထုတ်လုပ်ရန်ခလုပ်ကို နှိပ်လိုက်သည်။
ပင်လယ်ဆားထုတ်စက်တစ်ခု ထုတ်လုပ်မှုနေရာတွင် ထွက်ပေါ်လာပြီး ရှောင်းယီသည် ၎င်းကို သူ၏တိုက်ခန်းမီးဖိုချောင်ထဲတွင် ထားလိုက်သည်။
ထို့နောက် ရှောင်းယီသည် သူ၏ဗလာဖြစ်နေသော မီးဖိုချောင်သို့သွားကြည့်လိုက်သောအခါ ထောင့်တစ်နေရာ၌ စက်ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။
“ပင်လယ်ဆားထုတ်စက် (B အဆင့်)- ပင်လယ်ဆားထဲမှ အညစ်အကြေးများကို စစ်ထုတ်ကာ သန့်စင်သောဆားကို ရရှိနိုင်သည်။ သူ၏စားနေကျအစားအစာထဲသို့ ဆားအနည်းငယ်ထည့်ပေးခြင်းက ကျန်းမာရေးကို ကောင်းမွန်စေသည်။”
“ထုတ်လုပ်မှုနှုန်း- တစ်ရက်လျှင် သန့်စင်သောဆား ၄ဝ ဂရမ်ကို ထုတ်လုပ်နိုင်ပြီး ရေသန့်စက်မှ စစ်ထုတ်ပြီးသား ပင်လယ်ရေကျန်များကို အသုံးပြုခြင်းဖြင့် ထုတ်လုပ်မှုနှုန်းကို မြှင့်တင်နိုင်သည်။”
စနစ်၏သတိပေးချက်ကို မြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။
“စစ်ထုတ်ပြီးသား ရေအကျန်တွေကိုတောင် အသုံးပြုနိုင်လိမ့်မယ်လို့ မထင်ခဲ့မိဘူး။”
သို့သော် တွေးကြည့်ပါက ဓိပ္ပါယ်ရှိပေသည်။ ပင်လယ်ရေသန့်စက်သည် ပင်လယ်ရေထဲမှ အရာအားလုံးကို စစ်ထုတ်ကာ ရေသန့်ကိုသာ ဖြတ်သန်းစေခြင်းဖြစ်သည်။ ထိုပင်လယ်ရေကျန်များထဲရှိ ဆားပါဝင်မှုသည် ပင်လယ်ရေထက် ပိုမိုမြင့်မားမည်မှာ သေချာသည်။
ထို့ကြောင့် ပင်လယ်ဆားထုတ်စက်သည် ပိုမိုပြင်းထန်သောပင်လယ်ရေမှ ဆားကိုထုတ်ယူနိုင်ပြီး ထိရောက်မှုမှာလည်း ပိုမိုမြင့်မားမည်ဖြစ်သည်။
ရှောင်းယီသည် သူ၏ပင်လယ်ရေသန့်စက်ကိုကြည့်လိုက်သောအခါ တစ်ဝက်ပြီးမြောက်နေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ထို့နောက် သူသည် ပုံး၏အောက်ခြေတွင် ကျန်ရှိနေသော အရည်အားလုံးကို ပင်လယ်ဆားထုတ်စက်ထဲသို့ လောင်းထည့်လိုက်လေသည်။
စက်က ချက်ချင်း အလုပ်လုပ်လာခဲ့သည်။
ကျန်သည်မှာ စောင့်ဆိုင်းရန်သာဖြစ်သည်။ ရှောင်းယီသည် ထုတ်လုပ်မှုစာမျက်နှာသို့ပြန်သွားကာ ကျန်းယွင်ထျန်းပေးသော C အဆင့်ရေသန့်စက်ကို ထုတ်လုပ်လိုက်ပြီး ဧည့်ခန်းထဲရှိ A အဆင့်ရေ သန့်စက်ဘေးတွင် ထားလိုက်သည်။
“[ရေသန့်စက်] (C အဆင့်)- ပင်လယ်ရေကို ရေသန့်အဖြစ် ပြောင်းလဲနိုင်သည်။ ပင်လယ်ရေထောက်ပံ့မှုလုံလောက်ပါက တစ်နာရီလျှင် ရေသန့် ၂၀မီလီလီတာ ထုတ်လုပ်နိုင်သည်။ စက်အတွင်း၌ ပင်လယ်ရေ ၅၀၀ မီလီလီတာနှင့် ရေသန့် ၅၀၀မီလီ ဝင်ဆံ့သည်။ အလိုအလျောက်စနစ်မပါသဖြင့် ပင်လယ်ရေကို လက်ဖြင့်ခပ်ထည့်ရန် လိုအပ်သည်။”
ဤထိရောက်မှုသည် A အဆင့်ရေသန့်စက်ထက် လေးဆနည်းပေသည်။
သို့သော် ရေသန့်စက်တစ်လုံးထပ်ရှိခြင်းမှာ အမြဲကောင်းမွန်သည်။ နေ့စဉ်နေ့တိုင်း ရေသန့်အနည်းငယ် ပိုမိုရရှိမည်ဖြစ်ပြီး သာမန်သီးနှံများကို A အဆင့်ရေသန့်ဖြင့် ရေလောင်းရန် မလိုတော့ပေ။
ဤသည်မှာ ရှောင်းယီ၏ရေသန့်လိုအပ်သည့်ဖိအားကို လျှော့ချပေးခဲ့သည်။
ထိုအရာများအား နေရာချပြီးနောက် ရှောင်းယီသည် အပြင်ထွက်လာကာ သူ၏ကျွန်းပေါ်တွင် လှည့်ပတ်ကြည့်လိုက်သည်။
“ဧရိယာကြီးလာလေ ပိုပြီးအထီးကျန်လေလို့ ခံစားရတယ်။”
ရှောင်းယီသည် သက်ပြင်းချကာ ဝမ်ချိုင်ကို ပုတ်လိုက်ပြီး ကြက်ခြံဘက်သို့ ဆက်သွားလိုက်သည်။
ကြက်ဥ၌ မည်သည့်တုံ့ပြန်မှုမျှမရှိသေးဘဲ မည်သည့်အချိန်၌ ကြက်အကောင်ပေါက်လာမည်ကို မသိရသေးပေ။
ကမ်းခြေတွင် ပစ္စည်းသေတ္တာ ၃ လုံးရှိပြီး အလိုအလျောက်ငါးဖမ်းပိုက်သည် ကြိုတင်သတ်မှတ်ထားသည့်လမ်းကြောင်းအတိုင်း မပြတ်စောင့်ကြည့်နေခဲ့သည်။
ရှောင်းယီသည် ပစ္စည်းသေတ္တာ ၃ လုံးကို ကြည့်ကာ တွေးလိုက်မိသည်။
“တကယ်ပဲ ဒီတိုင်းစောင့်နေလိုက်ရမလား။ ၁၀ရက်အတွင်း ၁၀% အခွင့်အလမ်းဖြစ်မလာရင်ရော။ အမြဲ ဒီတိုင်းထိုင်စောင့်နေရမှာလား။ မဟုတ်ဘူး...ငါစောင့်မနေနိုင်တော့ဘူး။ ဒီ၁ဝရက်က ငါ့ကိုသူများတွေထက် နောက်ကျသွားစေနိုင်တယ်။ နောင်တစ်ချိန် အခြားအားကောင်းတဲ့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ တွေ့ခဲ့ရင် ခုခံနိုင်စွမ်းမရှိဘဲ အရာအားလုံးပျက်စီးသွားလိမ့်မယ်။”
ရှောင်းယီသည် သူသည်သာ ကမ္ဘာပေါ်တွင် ကံကောင်းသူတစ်ဦးဖြစ်သည်ဟု မထင်ထားပေ။
နှစ်ဆဖြစ်နိုင်ခြေသည် တစ်ရက်သာကြာမြင့်သော်လည်း ကြီးမားသောကွာဟမှုကို ဖြစ်စေနိုင်သည်။ ပစ္စည်းအားလုံးနှစ်ဆရရှိနိုင်ရန်အတွက် ဤမျှတင်းကျပ်နေရန် မလိုအပ်ပေ။
“ဒီပစ္စည်းသေတ္တာတွေကို ဖွင့်လိုက်တော့မယ်။”
ရှောင်းယီသည် ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ကာ ပစ္စည်းသေတ္တာ ၃ လုံးဆီသို့ လျှောက်သွားလိုက်သည်။
“ရရှိသောပစ္စည်းများ - အုတ်မြစ်ကျောက် ၂၊ အုတ် ၄၊ ပလပ်စတစ် ၃၊ စပိုက်စီခေါက်ဆွဲ ၁၀၀ဂရမ်။”
“စပိုက်စီလား။”
ရှောင်းယီ၏မျက်လုံးများ ပြူးကျယ်သွားပြီး အံ့အားသင့်စွာဖြင့် ပစ္စည်းသေတ္တာ၏မာတိကာကို ကြည့်နေမိသည်။
“ဒါက ငါ့ရဲ့အရသာကို ပြောင်းလဲခိုင်းလိုက်တာလား။ ဆက်ဖွင့်မယ်။”
“ရရှိသောပစ္စည်းများ - မီးဖိုထုတ်လုပ်မှုပုံစံ ၁၊ သစ်သား ၅၊ သတ္တုပြား ၃။”
“ရရှိသောပစ္စည်းများ - ရေပိုက်စနစ်ထုတ်လုပ်မှုပုံစံ ၁။”
နောက်ဆုံးပစ္စည်းသေတ္တာထဲတွင် ထုတ်လုပ်မှုပုံစံတစ်ခုသာ ပါရှိသော်လည်း ရှောင်းယီသည် ဝမ်းသာလွန်း၍ ထခုန်မိလုနီးပါးပင် ဖြစ်သွားခဲ့လေသည်။
ထိုအရာဖြင့်ဆိုလျှင် သူသည် ရေပိုက်ဖြင့် ရေချိုးနိုင်တော့မည်ဖြစ်သည်။
သူသည် ယခင်က တစ်နေ့လျှင် တစ်ကြိမ်ရေချိုးလေ့ရှိသော်လည်း ယခု ၅ ရက်ကြာအောင် လေဒစ်၊ နေဒဏ်ကို ခံထားရသဖြင့် ခန္ဓာကိုယ်မှအနံ့ဆိုးများ ထွက်နေသည်ဟုပင် သူ့ကိုယ်သူ ခံစားနေရသည်။
“[ရေပိုက်စနစ်ထုတ်လုပ်မှုပုံစံ]- ပလပ်စတစ် ၂၀၀၊ သတ္တု ပြား ၁၀ဝ၊ လီနင်အထည် ၈၀။”
“နောက်ထပ် ဂဏန်းသုံးလုံးလိုတဲ့ ထုတ်လုပ်မှုပုံစံတစ်ခုပဲ။”
ရှောင်းယီသည် ရေပိုက်စနစ်အတွက် လိုအပ်သောပစ္စည်းများကိုကြည့်ကာ ခါးသီးစွာပြောလိုက်မိသည်။
ရှောင်းယီသည် ရေပိုက်စနစ်မှာ အလွန်ကြီးမားသောစီမံကိန်းတစ်ခုဖြစ်ပြီး ဤမျှပမာဏအများအပြားလိုအပ်ရခြင်းမှာ လုံးချင်းတိုက်ခန်းအတွက်သာဖြစ်မည်ကို သိပေသည်။
ထိုအရာသည် ဗီလာတစ်ခုသာဖြစ်ပါက ဒီထက်ပိုမိုများပြားသည့် ကိန်းဂဏန်းများစွာ လိုအပ်မည်ဖြစ်သည်။
“လဲလှယ်ဖို့ လိုနေသေးပုံပဲ။”
ရှောင်းယီ ခေါင်းခါလိုက်ကာ ကျန်းယွင်ထျန်းနှင့် ဆုဝမ်တို့ထံသို့ မက်ဆေ့ခ်ျပို့လိုက်သည်။
“ငါ ပလပ်စတစ်၊ သတ္တုပြားနဲ့ လီနင်အထည်တွေ အများကြီးလိုနေတယ်။ မင်းတို့မှာရှိရင် ငါ့ကိုခဏချေးပေးပါ။”
“[ပလပ်စတစ်] ၂၀ - အခမဲ့လဲလှယ်ခြင်း၊
[သတ္တုပြား] ၁၅ - အခမဲ့လဲလှယ်ခြင်း၊
[လီနင်အထည်] ၇ - အခမဲ့လဲလှယ်ခြင်း။”
ဤသည်မှာ ကျန်းယွင်ထျန်း ပေးပို့လိုက်သော လဲလှယ်မှုအချက်အလက်များဖြစ်သည်။
“[ပလပ်စတစ်] ၇ - အခမဲ့လဲလှယ်ခြင်း၊
[သတ္တုပြား] ၆ - အခမဲ့လဲလှယ်ခြင်း၊
[လီနင်အထည်] ၂ - အခမဲ့လဲလှယ်ခြင်း။”
ဤသည်မှာ ဆုဝမ် ပေးပို့လိုက်သော လဲလှယ်မှုအချက်အလက်များဖြစ်သည်။
ရှောင်းယီသည် သူတို့ကို ယဉ်ကျေးမနေတော့ဘဲ လဲလှယ်မှုအားလုံး ကို သဘောတူလိုက်သည်။
“ရရှိသောပစ္စည်းများ - ပလပ်စတစ် ၂၇၊ သတ္တုပြား ၂၁၊ လီနင်အထည် ၉။”
ရှောင်းယီသည် သူ့စာရင်းထဲရှိ စုစုပေါင်းပမာဏကိုကြည့်လိုက်ပြီးနောက် အတော်လေးလိုနေသေးသည်ကို တွေ့ရှိလိုက်ရလေသည်။
ဈေးကွက်ကို သွားရမယ့်အချိန်ရောက်ပြီ။