← Chapters

ငွေလဝံပုလွေ

Vol. 1 Ch. 209

ငွေလဝံပုလွေ

Vol. 1 Ch. 209

"ဆိုးတာပဲ  ...   ... ကမ္ဘာ့မီးလျှံတွေ ကုန်တော့မယ်  ...  "

ကျန်းရီသည် အကြာကြီး တောင့်မခံနိုင်တော့ပေ။ ပုံမှန်အတိုင်းသာ ဆိုလျှင် ကမ္ဘာ့မီးလျှံများသည် သူလဝက်ထက်ပို၍ အေးအေးဆေးဆေး သုံးနိုင်လေသည်။ ပြဿနာသည် အဆတ်မပြတ် ကျဆင်းလာသော အတွင်းအား တိုက်ခိုက်မှုများ ဖြစ်လေသည်။ ဤအတိုင်းသာ ဆိုလျှင် သူ့တွင် မီးတောင် တစ်ခုလုံး ရှိနေလျှင်တောင် မလောက်နိုင်ပေ။

ငါဘာလုပ်ရမလဲ  ...   ... ငါဘာလုပ်သင့်လဲ  ...

သူ့စိတ်သည် လျင်မြန်စွာ အလုပ်လုပ်နေခဲ့ပြီး သူ့မျက်လုံးများသည် မလှမ်းမကမ်းတွင် ရှိနေသော ယွင်ဟဲနှင့် ရွှေချမ်လော့ထံ ရောက်ရှိ သွားခဲ့သည်။ သူ့မျက်လုံး များထဲတွင် ရက်စက်မှုများ ဖြတ်ပြေး သွားခဲ့ပြီး ယွင်ဟဲနှင့် ရွှေချမ်လော့ထံ ပြေးသွားခဲ့လေသည်။

ရွှေယွဲ့လျန် မျှော်စင်မှ မိန်းကလေးများသည် ကျန်းရီကို ဝန်းရံလျက် သူလှုပ်ရှားသည့် အတိုင်း လိုက်ပါ လှုပ်ရှားလာခဲ့သည်။ ကျန်းရီ၏ ဘေးတွင် ရှိနေသော ကမ္ဘာ့မီးလျှံများသည် မီတာဝက်ခန့်သာ ရှိတော့ရာ ခဏအတွင်း ကုန်ဆုံး သွားပေလိမ့်မည်။ အခုမှ သူတို့ မရပ်လိုက်နိုင်ပါချေ။

"ဟားဟားဟား ... ဒါအကုန်ပဲလား  ...   ... မင်းက ငါတို့ကိုတောင် မင်းနဲ့ အတူ ဆွဲချ သွားချင်                 နေသေးတယ်  ...  "

ယွင်ဟဲသည် ကျန်းရီ၏ မီးတောက်နေသော အကြည့်များကို မြင်လိုက်သောအခါ ရယ်မောလိုက်သည်။ သူသည် လူဝံကြီးကို နောက်ဆုတ်ရန်ပင် အမိန့်မပေးချေ။ သူသည် ထူးဆန်းသော လက်သင်္ကေတ တစ်ခု လုပ်လိုက်ပြီး အော်ဟစ် လိုက်သည်။

"သွေးသောက် ပုရွက်ပျံတွေ  ...  "

ယွင်ဟဲ၏ ရှေ့မှ လေထု တုန်ခါသွားကာ လေဟာနယ်ထဲမှ အနီရောင် ပုရွက်ပျံများ ပေါ်ထွက်လာခဲ့သည်။ မျက်တောင် တစ်ခတ်အတွင်း အကောင် တစ်သောင်းခန့် ရှိသော ပုရွက်ပျံများဖြင့် လေထုကို ဖုံးလွှမ်း သွားခဲ့သည်။

ထိုပုရွက်ပျံများသည် လက်မ အရွယ်အစားခန့် ရှိ၍ ပုံမှန် ပုရွက်ပျံများနှင့် မတူဘဲ သွားချွန်များ၊ မျက်လုံး နီနီများရှိသည့် သားရဲ အသေးစားများ ဖြစ်ကြလေသည်။ ရွှေချမ်လော့တောင် တုန်လှုပ်လာရသည်။ ထိုပုရွက်ပျံများသည် လူတစ်ယောက်ကို ဝိုင်းမိပြီဆိုလျှင် အသက် တစ်ရှိုက်စာ အတွင်း ထိုလူ အရိုးရော၊ အသားပါ မကျန်နိုင်လောက်ပေ။

"သွား  ...  "

သွေးသောက် ပုရွက်ပျံများ အရေအတွက် တစ်သိန်းသို့ ရောက်သွားသောအခါ လေထုသည် တုန်ခါနေခြင်း ရပ်တန့်သွားခဲ့သည်။ ယွင်ဟဲသည် သင်္ကေတ ပုံဖော်ထားသော လက်အား ရှေ့သို့ ညွှန်၍ ကျန်းရီထံ တည့်တည့် ပျံသန်း သွားစေလိုက်သည်။

ကျန်းရီ၏ တဟုန်းဟုန်း တောက်လောင်နေသော ကမ္ဘာ့မီးလျှံများနှင့် ထိတွေ့လိုက်သည်နှင့် ထိုပုရွက်ပျံများသည် မည်းတူး သွားကြလေသည်။ သို့သော် ပိုးဖလံမျိုး မီးကို တိုးဟူသည့် အတိုင်း ထိုပုရွက်ပျံများသည် ထပ်မံ တိုးဝင်လာခဲ့ကြသည်။

သေစမ်း  ...

ကျန်းရီ၏ မျက်နှာသည် ပျက်ယွင်း လာရသည်။ ပုရွက်ပျံများစွာသည် လျင်လျင်မြန်မြန် ကျဆင်း လာနေရာ ကမ္ဘာ့မီးလျှံ ကုန်ဆုံးနှုန်းသည် ပိုမို မြန်ဆန်လာခဲ့သည်။ မီးဝိညာဉ်ပုလဲ အတွင်းတွင် ကမ္ဘာ့မီးလျှံ အနည်းငယ်သာ ရှိတော့သည်။ ကုန်သွားလျှင် ဘာလုပ်ရမည်မှန်း ကျန်းရီမသိပေ။

ယွင်ဟဲ လှုပ်ရှားလိုက်သည်နှင့် ရွှေယွဲ့လျန်မျှော်စင်မှ လူများသည် အသာနောက်ဆုတ်၍ ယွင်ဟဲနှင့် ရွှေချမ်လော့ ရှိနေသော နေရာတွင် စုစည်း လိုက်ကြသည်။ ပုရွက်ပျံများ များပြားလွန်းရာ ကျန်းရီ၏ မီးလျှံများ ချက်ချင်း ကုန်ဆုံး သွားလိမ့်မည်။ သူတို့ တိုက်ခိုက်နေစရာ မလိုတော့ပေ။ ပုရွက်များကသာ ကျန်းရီကို စားပစ် ကြလိမ့်မည်။

ကျန်းရီသည် အံကြိတ်၍ မီးဝိညာဉ် ပုလဲတွင်းမှ ကမ္ဘာ့မီးလျှံ အားလုံးကို ထုတ်ဖော် လိုက်သည်။ သူသည် လက်ဝါးချက်များ ထုတ်ဖော်၍ ရှေ့သို့ မီးလှိုင်းကြီးများ တွန်းပို့နေပြီး သူ့ကိုယ်သည်လည်း မီးလျှံများနောက် လိုက်ကာ ပြေးလာခဲ့သည်။

ကမ္ဘာ့ မီးလျှံများသည် ရှေ့ရှိ ပုရွက်ပျံများကို ဝါးမျိုသွားပြီး အကောင် တစ်သောင်းခန့်သည် မည်းတူး၍ ပြုတ်ကျ ကုန်လေသည်။ ဘေးရှိသစ်ပင် နှစ်ပင်သည်လည်း မီးတဟုန်းဟုန်း တောက်လောင်နေ၍ မြေပြင်ပေါ်မှ မြက်ပင်များလည်း လောင်ကျွမ်း ကုန်ကြကာ မီးလောင်ပြင် မည်းမည်းကြီးသာ ကျန်ရစ်လေသည်။

ကမ္ဘာ့မီးလျှံများ လုံးဝ ကုန်ဆုံးသွားသည်နှင့် ကျန်းရီ အော်ဟစ်လိုက်သည်။

"ကောင်းကင် နတ်ဆိုးပိုးချည် ... ငွေလဝံပုလွေ ... ထွက်လာခဲ့  ...  "

ကောင်းကင် နတ်ဆိုးပိုးချည်သည် သူ့ကိုယ်တစ်ပိုင်းအား ရစ်ပတ်သွားပြီး သူသည် လေထဲသို့ ခုန်တက်၍ ပေါ်ထွက်လာသော ငွေလဝံပုလွေထက် စီးနင်းလိုက်သည်။ ထို့နောက် သူအော်ဟစ် အမိန့်ပေး လိုက်သည်။

"ငွေလဝံပုလွေ ... နတ်ဆိုးအစွမ်းတွေ ထုတ်လိုက်တော့  ...   ... အခု ရှေ့ဆက်တက်မယ်  ...  "

"ဝှစ်  ...  "

ငွေလဝံပုလွေ၏ ဦးချိုသည် ခရမ်းရောင် အလင်းများ တောက်ပလာပြီး အလင်းတန်း တစ်ခု ထွက်ပေါ် လာခဲ့သည်။ အလင်းတန်းသည် ဝေ့ဝဲ ကျရောက်သွားပြီး ၎င်းဖြတ်သန်းသွားရာ နေရာတိုင်းရှိ ပုရွက်ပျံများ ပြာကျကုန်ကြသည်။ ခရမ်းရောင် အလင်းတန်းသည် ဆယ်မီတာခန့်သာ ရောက်နိုင်ရာ ပုရွက်ပျံ အကောင်ရေ ထောင်ဂဏန်းခန့်ကိုသာ သတ်နိုင်ပြီး ပျောက်ကွယ် သွားခဲ့သည်။

"ဝှစ်  ...  "

ထိုအချိန်အတွင်း ကျန်းရီသည် ငွေလ ဝံပုလွေကိုစီး၍ ရှေ့သို့  ဆယ်မီတာခန့် ရောက်သွား ခဲ့လေပြီ။ မြူထုကြီးအလား ရောက်ရှိလာသော ပုရွက်ပျံများကို ကြည့်၍ ကျန်းရီ၏ မျက်လုံးများထဲတွင် ရင်နာမှုများ ပေါ်လွင်နေလေသည်။ သူသည် ငွေလ ဝံပုလွေထက်မှ ခုန်ဆင်းလိုက်ပြီး သူ့တစ်ကိုယ်လုံးအား ကောင်းကင် နတ်ဆိုးပိုးချည်ဖြင့် ရစ်ပတ်လိုက်ကာ ငွေလ ဝံပုလွေအား ရှေ့သို့ ဆက်ပြေး သွားစေလိုက်သည်။

သူသေသွားလျှင် ငွေလ ဝံပုလွေသည်လည်း သူ့ဝိညာဉ်သားရဲ ဖြစ်သောကြောင့် သေဆုံး ရပေလိမ့်မည်။ ထို့ကြောင့် သူရွေးစရာ မရှိတော့ဘဲ ငွေလဝံပုလွေကို စတေးရန်သာ ဆုံးဖြတ် လိုက်သည်။ သူမလုပ်လျှင် ငွေလ ဝံပုလွေရော၊ သူပါ သေပေလိမ့်မည်။

"ဟူး ... ဟူး  ...  "

ငွေလဝံပုလွေသည် ရှေ့သို့ ပြေးထွက် သွားသောကြောင့် ပုရွက်ပျံများ၏ တစ်ခုတည်းသော ပစ်မှတ် ဖြစ်လာခဲ့သည်။ ပုရွက်ပျံများသည် ငွေလဝံပုလွေထံ အလုံးအရင်းနှင့် တိုးဝင်သွားခဲ့သည်။

"ဝူး  ...    ...  "

ငွေလဝံပုလွေသည် ဝမ်းနည်းစွာ အော်ဟစ် မြည်ကျွေး လိုက်လေလျှင် ကျန်းရီသည် သူ့ရင်ဘတ်အား ဓားများဖြင့် မွှန်းခံ လိုက်ရသည်အလား ခံစားလိုက်ရသည်။ ကောင်းကင် နတ်ဆိုးပိုးချည်သည် ကျန်းရီ၏ ကိုယ်ပေါ်မှ ပျောက်ကွယ် သွားခဲ့ပြီး သူ့လက်ထဲမှ  မီးဝိညာဉ် ပုလဲသည် လင်းလက်လာကာ မီးဝိညာဉ် ကျောက်တုံး တစ်တုံး ထွက်ပေါ်လာ၍ ငွေလဝံပုလွေနှင့် ပုရွက်ပျံ အုပ်ကြီးထံ ပျံသန်း သွားခဲ့လေသည်။

"အား  ...    ...  "

ကျန်းရီသည် ငွေလဝံပုလွေနှင့် ပုရွက်ပျံများ ပြာဖြစ်သွားသည်ကို မြင်သောအခါ ကောင်းကင်ကို မော့ကြည့်၍ အော်ဟစ်လိုက်သည်။ သူ့မျက်လုံးများသည် နောက်တစ်ကြိမ် နီရဲလာခဲ့လေပြီ။ ဤတစ်ခေါက်တွင် သူ့ကိုယ်မှ ထွက်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် အဆပေါင်းများစွာ အားပြင်း လေသည်။

သူ့ကိုယ်သည် သားရဲကြီး တစ်ကောင်အလား ယွင်ဟဲထံ ပြေးဝင်သွားခဲ့ပြီး လမ်းတွင် ကျန်ပုရွက်ပျံများအား အနက်ရောင် အကြေးခွံဓားကို ဝှေ့ယမ်း၍ အမှုန့်အဖြစ် ပြောင်းလဲနေခဲ့သည်။

ကျန်းရီ ကမ္ဘာ့မီးလျှံများကို ထုတ်လွှတ်ပြီး ငွေလဝံပုလွေကို လွှတ်ပေးလိုက်သော အချိန်သည် မျက်စိ တစ်မှိတ်စာသာ ကြာမြင့်လေသည်။ သူသည် အစက ယွင်ဟဲနှင့် အနည်းငယ် လှမ်းသေးသော်လည်း ယခုမူ မီတာ ဆယ်ဂဏန်းခန့်သာ ဝေးတော့သည်။ ယွင်ဟဲ၏ ပုရွက်ပျံ အရေအတွက် တစ်သိန်းအား ကျန်းရီသည် အချိန်တိုလေး အတွင်း သတ်ပစ်လိုက်လေပြီ။

"နောက်ဆုတ်ကြ  ...  "

ကျန်းရီ မီးဝိညာဉ် ကျောက်တုံးအား ပစ်လွှတ် လိုက်သောအခါ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများသည် ထိတ်လန့် နေကြလေပြီ။ သူတို့နှင့် ကျန်းရီသည် ဆယ်မီတာခန့် ကွာဝေး သေးသော်လည်း သေခြင်းတရား၏ အငွေ့အသက်တို့ကို ခံစားနေရပေပြီ။ ထိုမီးဝိညာဉ် ကျောက်တုံးသည် ပူပြင်းလှသောကြောင့် အနီးအနားရှိ လေထုများပင် လောင်ကျွမ်းမတတ် ပူလောင်နေခဲ့သည်။

"သခင်မလေး ... ကျွန်မတို့ သွားမှ ဖြစ်မယ်  ...  "

ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေး နှစ်ယောက်သည် အလျင်အမြန် တုံ့ပြန်၍ လေပေါ် ခုန်လိုက်ကာ ရွှေချမ်လော့ကို သယ်ဆောင်၍ နောက်ဆုတ် ကြတော့သည်။ ကျန်လူများသည်လည်း ဆက်တိုက်ခိုက်ရန် မတွေးကြတော့ဘဲ နောက်ဆုတ် ကြလေသည်။

"အာ ... "

ယွင်ဟဲသည်လည်း ထိတ်လန့် နေခဲ့လေပြီ။ ကျန်းရီတွင် ရွှေချမ်လော့၏ ဝိညာဉ် ခေါင်းလောင်း ဝတ်စုံကိုပင် ဖျက်ဆီး ပစ်နိုင်သည့် ရတနာ တစ်ခုရှိသည်ဟု ကြားသိထားခဲ့သည်။ ထိုရတနာအား အသုံးပြုလိုက်သည့် အချိန်တွင် သူ့စိတ်ဝိညာဉ်ပင် တုန်လှုပ် လာရသည်။ ပုရွက်ပျံ တစ်သိန်းသည် စက္ကန့််ပိုင်းအတွင်း အမှုန့် ဖြစ်သွားခဲ့သည်။ မလှမ်းမကမ်းမှ မီးလောင်နေဆဲ ဖြစ်သည့် သစ်ပင်ကြီးများကလည်း သူ့ထိတ်လန့်မှုကို ပံ့ပိုးလျက် ရှိသည်။

"ပြေးကြ  ...  "

သူ့နောက်လိုက် အားလုံးအား စေလွှတ်ထားရာ သူ့ကို ကာကွယ်ရန်လူ မရှိတော့ပေ။ သူ့တွင် သူ့ကိုယ်သူ ကာကွယ်ရန် နည်းလမ်းများ ရှိသေးသော်လည်း ကျန်းရီ သူ့အနီး ရောက်လာလျှင် အန္တရာယ် ရှိလေသည်။ သူသည် တွေဝေနေခြင်း မရှိဘဲ လူဝံကြီးအား နောက်ဆုတ်ရန် အမိန့် ပေးလိုက်သည်။

"အမ်  ...  "

လူဝံကြီးသည် နောက်ပြန်လှည့် ပြေးချင် နေပါသော်လည်း ကျန်းရီထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း အရှိန်အဝါသည် ယခင်ထက် အဆများစွာ အားကောင်း နေလေသည်။ လူဝံကြီးသည် ခြေထောက်များ ပျော့ခွေလာကာ ဒူးထောက် ကျသွားခဲ့သည်။ ၎င်း၏ မျက်လုံးများတွင် ချောက်ချားမှုများ ထင်ဟပ်နေလေသည်။

ကျန်းရီရဲ့ သတ်ဖြတ်ခြင်း အင်အားက တတိယအဆင့်ကို ရောက်သွားတာလား  ...

လူဝံကြီးသည် ဒူးထောက် ကျသွားရာ ယွင်ဟဲသည်လည်း ခုန်ဆင်း လိုက်လေသည်။ သို့သော် သူလှုပ်ရှား လိုက်သောအခါတွင် တစ်ခုခု မှားနေသည်ကို သိရှိသွားခဲ့သည်။ သူသည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်တွင် ရှိနေပါလျက်နှင့် ခြေလက်များ ပျော့ခွေနေခဲ့လေပြီ။ သူလုံးဝ မရွေ့လျားနိုင်ခဲ့ပေ။ ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ဒုတိယအဆင့်သာ ရှိနေလျှင် လူဝံကြီးအား ဖိနှိပ်နိုင်မည် မဟုတ်ချေ။

သူသည် သူ့ထံ ချည်းကပ် လာနေသော နတ်ဆိုးကဲ့သို့ မျက်လုံး နီနီတစ်စုံနှင့် ကျန်းရီအား ကြည့်၍သာ နေရသည်။ သူ့နောက်လိုက် အချို့သည် သူ့ထံ ပြေးလာရန် ကြိုးစားနေကြသည်ကို သူမြင်နေရသော်လည်း ထိုသူတို့၏ အရှိန်မှာ နှေးကွေး လွန်းနေခဲ့သည်။ သူ့မျက်လုံးတွင် စိတ်ပျက်သော အမူအရာများ ပေါ်ထွက် လာခဲ့ပြီး အံကြိတ်၍ အော်ဟစ် လိုက်သည်။

"အဆိပ်ရှိ ပိုးစိမ်းကောင်တွေ ထွက်လာပြီး ကျန်းရီကို စားလိုက်  ...  "

***

All Chapters