← Chapters

ယွင်ဟဲသေပြီ ...

Vol. 1 Ch. 210

ယွင်ဟဲသေပြီ ...

Vol. 1 Ch. 210

ငွေလ ဝံပုလွေကြီးသည် ကျန်းရီ၏ ပထမဆုံး ဝိညာဉ်သားရဲ ဖြစ်သည်။ ၎င်းသည် ဉာဏ်ရည် နိမ့်ပါး၍ သခင့်အကြိုက်ကို သိသော ခွေးလေး တစ်ကောင်နှင့်တောင် ယှဉ်မရပေ။ သို့သော် ထိုငွေလ ဝံပုလွေသည် ကျန်းရီနှင့် အချိန်အကြာကြီး အတူရှိခဲ့ရာ ကျန်းရီလည်း သံယောဇဉ် ရှိနေပြီ ဖြစ်လေသည်။

လက်ရှိ အခြေအနေသည် အန္တရာယ် များလွန်းနေရာ ကျန်းရီသာ ငွေလဝံပုလွေကို မစတေးလျှင် ပုရွက်ပျံများ၏ တိုက်ခိုက်မှုအား ရှောင်တိမ်းရန် နည်းလမ်းမရှိပေ။ ငွေလဝံပုလွေကို မစတေးလျှင် သူရော၊ ဝံပုလွေပါ သေမည် ဖြစ်လေသည်။ ကျန်းရီသည် ထိုသဘောတရားအား ကောင်းကောင်း နားလည်သော်လည်း သူ့စိတ်ထဲတွင် လက်မခံနိုင်သေးဘဲ ရင်ကို ဓားဖြင့် မွှန်းနေသည့် အလား ခံစားနေရလေသည်။ ထိုခံစားချက်များကြောင့် ကျန်းရီ၏ သတ်ဖြတ်ခြင်း အင်အားသည် အထိန်းအကွပ် မဲ့သွားကာ တတိယအဆင့်သို့ ရောက်ရှိသွားခြင်း ဖြစ်လေသည်။

တတိယ အဆင့်သည် ဒုတိယအဆင့်နှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ကွာခြားသွားသည်။ ယခင် ဒုတိယအဆင့်တွင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်များအား နည်းနည်းသာ သက်ရောက်သော်လည်း ယခု တတိယအဆင့်တွင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့်တွင် ရှိနေသော ယွင်ဟဲသည် လုံးဝ လှုပ်မရတော့ပေ။ အလောတကြီး ပြေးလာကြသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များသည်ပင် ခြေလှမ်းများ လေးလံ နှေးကွေး ကုန်ကြလေသည်။

ကျန်းရီကို သတ်ဖြတ်ရာတွင် လွဲချော်ခြင်း မရှိစေရန် ယွင်ဟဲသည် သူ့လူများ အားလုံးကို တိုက်ခိုက်ရန် အမိန့်ပေး ထားခဲ့သည်။ ကျန်းရီ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျှင်တောင် သူ့သွေးသောက် ပုရွက်ပျံများသည် အချိန်အတော်ကြာ ခံလိမ့်မည်ဟု တွေးထားခဲ့သည်။ ကျန်းရီ၏ မီးဝိညာဉ် ကျောက်တုံး ထိုမျှ အစွမ်းထက်မည်ဟု သူမတွေးထားသလို ကျန်းရီသည် သူ့အနီး ရောက်လာနိုင်ရန် ငွေလ ဝံပုလွေကြီးကိုပင် စတေးပစ်မည်ဟု သူမျှော်လင့် မထားခဲ့ပေ။ ယခုမူ သူ၏ မျှော်လင့်ချက်များ အားလုံးကို အဆိပ်ရှိ ပိုးစိမ်းကောင်များ ထံတွင်သာ ပုံအပ် ထားလိုက်တော့သည်။

ယွင်ဟဲ၏ အော်သံအဆုံးတွင် လက်သီးဆုပ်ခန့် အရွယ်အစားရှိ အစိမ်းရောင် ပိုးကောင်ကြီး နှစ်ကောင် ပေါ်ထွက် လာခဲ့သည်။ ထိုပိုးကောင်ကြီးများသည် အလွန်ရုပ်ဆိုးလှသည်။ အထူးသဖြင့် အဖြူရောင် အရည်များ မှုတ်ထုတ်နေသော ဦးခေါင်းကြီးများသည် အတော်လေး အကျည်းတန် လေသည်။ ယွင်ဟဲ၏ အမိန့်အရ အဆိပ်ရှိ ပိုးစိမ်းကောင် နှစ်ကောင်သည် ကျန်းရီထံ လျှပ်စီးအလျင်နှင့် ပျံသန်းလာခဲ့သည်။

"ခေါင်းဆောင်ငယ်  ...  "

အနီးအနားရှိ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် ငါးယောက်သည် အတွင်းအားများ ပစ်လွှတ်၍ အားကုန် ပြေးလာနေကြသည်။ သူတို့၏ အတွင်းအားများ လက်မှ ထွက်မသွားနိုင်ခင် သူတို့ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်လျှံလာခဲ့သည်။ ကျန်းရီ၏ လက်ထဲမှ အနီရောင်ပုလဲ လင်းလက်လာခဲ့ပြီး အနီရောင် ကျောက်တုံးသုံးတုံး ထွက်ပေါ်လာခဲ့သည်။ ကျန်းရီ၏ လက်ချောင်းလေးများ အရွေ့တွင် ကျောက်တုံးသုံးခုသည် သုံးဖက် သုံးတန်သို့ ပျံသန်းသွားခဲ့သည်။

"သေစမ်း  ...  "

ကျန်းရီသည် အသက်ကို ရင်းထားရသည်ဖြစ်ရာ မီးဝိညာဉ် ကျောက်တုံး အားလုံး ကုန်သွားမည်ကိုတောင် မစိုးရိမ်တော့ပေ။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ သတ်ဖြတ်လိုစိတ် တစ်ခုသာ ရှိနေပြီ သူယွင်ဟဲကို သတ်နိုင်မည်ဆိုလျှင် မီးဝိညာဉ် ကျောက်တုံးအားလုံး သုံးရလျှင်တောင် ကိစ္စမရှိပေ။

"ပြေး  ...  "

မီးဝိညာဉ်ကျောက်တုံးများ ပေါ်ထွက်လာသည်နှင့် လေထုသည် အလွန်အမင်း ပူလောင် လာခဲ့သည်။ ပြေးလာနေကြသော စိတ်ဝိညာဉ်မျောလွင့် ခရီးသည် အဆင့်များသည်ပင် အဝေးမှ အပူဒဏ်ကို မခံနိုင်ကြပေ။

ယွင်ဟဲ၏ အသက်သည် အရေးကြီးသော်လည်း သူတို့သည်လည်း သေခြင်းကို ရင်ဆိုင်နေရလျှင် ယွင်ဟဲကို စိတ်ပူ နေနိုင်ကြမည်လော  ...

မီးဝိညာဉ် ကျောက်တုံး ပျံသန်းသွားရာ လမ်းတစ်လျှောက်တွင် မြေပြင်ပေါ်မှ သစ်ရွက်များ လောင်ကျွမ်း သွားကြသည်။ သစ်ရွက်များသာမက လေထုသည်လည်း အပိုင်းပိုင်း စုတ်ဖြဲ ခံရမတတ် ပူလောင် လာလေသည်။

"ကျီ ... ကျီ  ...  "

အဆိပ်ရှိ ပိုးစိမ်းကောင် နှစ်ကောင်သည် သေစေလောက်သော အန္တရာယ် အငွေ့အသက်ကို ခံစားမိသည်နှင့် သူတို့မျက်လုံး သေးသေးလေးများတွင် ထိတ်လန့်ရိပ်တို့ စွန်းထင်လာခဲ့သည်။ ယွင်ဟဲသည် ကျန်းရီကို သတ်ရန် သူတို့အား အမိန့်ပေးထား ခဲ့သော်လည်း အန္တရာယ်နှင့် ကြုံတွေ့ရသော အခါ မလှမ်းမကမ်းတွင်သာ အလွန်မြန်သော အရှိန်နှင့် လှည့်ပတ် ပျံသန်း နေကြလေသည်။

"သေစမ်း  ...  "

ကျန်းရီသည် ထိုပိုးကောင် နှစ်ကောင်အား အရေးပင် မစိုက်ဘဲ အနက်ရောင် အကြေးခွံဓားကို ကိုင်၍ ပြေးသွားခဲ့လေသည်။ ပိုးကောင်များ အနီးသို့ မကပ်နိုင်အောင်လည်း လက်တစ်ဖက်မှ မီးဝိညာဉ် ကျောက်တုံးအား ကိုင်ဆောင် ထားသေးသည်။ ကျန်းရီသည် လူဝံကြီးနှင့် မနီးမဝေးသို့ ရောက်သောအခါ မီးဝိညာဉ် ကျောက်တုံး တစ်ခုအား ပစ်လွှတ်လိုက်သည်။ လူဝံကြီးသည် တစ်ချက်သာ အော်လိုက်နိုင်ပြီး ခန္ဓာကိုယ်ကြီး လောင်ကျွမ်းသွားကာ ပြာအဖြစ် ပြောင်းလဲ သွားခဲ့သည်။

"မဟုတ်ဘူး ... ကျန်းရီ  ...   ... မင်းငါ့ကို သတ်လို့မရဘူး  ...   ... မင်းငါ့ကိုသတ်ရင် ငါ့ခမည်းတော်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး  ...   ... ငါက ရှန်မိနိုင်ငံရဲ့ အနှစ်တစ်သောင်းမှာ တစ်ခါပေါ်တဲ့ ပါရမီရှင်ပဲ ... မင်းငါ့ကို သတ်လို့မရဘူး  ...  "

ယွင်ဟဲသည် လူဝံကြီးနှင့် သိပ်မဝေးသော နေရာတွင် ရှိလေသည်။ လူဝံကြီးသည် သူ့မျက်စိ အောက်၌ပင် ပြာဖြစ်သွားသည်ကို တွေ့ရသောအခါ သူသည် အပူငွေ့များအား သေမင်း အငွေ့အသက်များ အလား ခံစားလာရလေသည်။

သူ့စကားကို တုံ့ပြန်သည့် အနေဖြင့် ကျန်းရီသည် နောက်ထပ် မီးဝိညာဉ် ကျောက်တုံး တစ်ခု ပစ်လွှတ် လိုက်လေသည်။ ကျန်းရီသည် ယနေ့တွင် သူ့တွင်ကျန်နေသော မီးဝိညာဉ် ကျောက်တုံး သုံးဆယ်ကျော်မှ အနည်းဆုံး ဆယ်ခုခန့် အသုံးပြုလိုက်သည်။

မီးဝိညာဉ် ကျောက်တုံး ပျံသန်းလာသည်နှင့် ယွင်ဟဲ၏ မျှော်လင့်ချက်များ အားလုံး ကုန်ဆုံး သွားခဲ့သည်။ သူသည် ထိုကျောက်တုံးနီနီကို ကူကယ်ရာမဲ့စွာသာ ကြည့်နေလိုက်ရသည်။ ကျောက်တုံး သူ့ထံ မကျရောက်ခင်ကပင် အစိမ်းရောင် မီးတောက်များ သူ့ကိုယ်အား လောင်ကျွမ်းလာ၍ ပြာဖြစ် သွားခဲ့လေသည်။

"ကျီ ... ကျီ  ...  "

ယွင်ဟဲ သေဆုံးသွားသည့် အခါ အစိမ်းရောင် ပိုးကောင်ကြီး နှစ်ကောင်သည် တုန်ခါသွား၍ လေထဲ၌ပင် ပေါက်ကွဲ သွားခဲ့သည်။ မမြင်ရသော သားပေါက်လေးများလည်း ပေါ်ထွက်လာပြီး ပေါက်ကွဲ သွားခဲ့လေသည်။

ပတ်ဝန်းကျင်မှ လူများစွာသည် သက်ပြင်း ရှိုက်လိုက်ကြသည်။ ယွင်ဟဲ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ တစ်ယောက်တည်း ဖြစ်နေသည့် ကျန်းရီအနီး ဘယ်သူမှ ကပ်မလာရဲတော့ပေ။ လူတိုင်းသည် ကျန်းရီအား ထိတ်လန့်နေသော မျက်လုံးတို့ဖြင့်သာ ကြည့်နေကြသည်။

"ဝှစ်  ...  "

လေတိုးသံ တစ်ခု ပေါ်ထွက်လာခဲ့ပြီး ငွေလည်ဆွဲသည် လေကိုခွင်း၍ ရောက်ရှိလာခဲ့သည်။ လည်ဆွဲသည် ကြီး၍ လာခဲ့ပြီး ကျန်းရီထံ ကောင်းကင်ကြီး ပြိုကျလာသည့် အလား ရောက်ရှိ လာခဲ့လေသည်။

"မင်းတို့အားလုံး ဒီသခင်မလေး အတွက် တိုက်ခိုက်ပေးကြ  ...   ... ကျန်းရီမှာ မီးဝိညာဉ် ကျောက်တုံးတွေ အများကြီး မကျန်ဘူး ... အလွန်ဆုံးမှ ငါးခုလောက်ပဲ ကျန်မှာ  ...   ... အဲ့ကျောက်တုံးတွေ ကုန်သွားရင် သူသေဖို့ပဲ ရှိတော့တယ် ... ကျန်းရီကို သတ်ပေးတဲ့ လူကို ဒီသခင်မလေးက ကောင်းကင်အဆင့် ရတနာ ဆယ်ခုပေးမယ်  ...  "

ထွက်ပေါ်လာသော အသံအား ကြားသည့်အခါ ကျန်းရီသည် လှုပ်ရှား လာကြသော လူများကို အဖက်လုပ်ရန် အချိန်မရှိတော့ပေ။ သူသည် လေကိုခွင်း၍ ရောက်ရှိလာသော လည်ဆွဲကိုသာ ကြည့်နေခဲ့သည်။

သူ့ငွေလဝံပုလွေ သေဆုံးသွားခဲ့ပြီ ဖြစ်ရာ သူ့အမြန်နှုန်းနှင့် လည်ဆွဲ၏ တိုက်ခိုက်မှုမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ သူသည် မီးဝိညာဉ် ကျောက်တုံး သုံးခုကို ပစ်လွှတ်လိုက်၍ ကိုယ်အား ကောင်းကင်နတ်ဆိုး ပိုးချည်ဖြင့် ရစ်ပတ်လိုက်ရုံသာ တတ်နိုင်လေသည်။ မီးဝိညာဉ် ကျောက်တုံး သုံးခုသည်ပင် လည်ဆွဲကို မတားဆီးနိုင်လျှင် ကောင်းကင် နတ်ဆိုးပိုးချည်လည်း တားဆီးနိုင်မည် မဟုတ်ပေ။ သူသည်လည်း သူ့ကံတရားကို လက်ခံရုံသာ တတ်နိုင်လေသည်။

ဤတစ်ကြိမ်တွင် မီးဝိညာဉ် ပုလဲသည် သူ့အား စိတ်ပျက်စေခဲ့သည်။

ကမ္ဘာ ပျက်သုဉ်းခြင်း လည်ဆွဲ၏ အရှိန်သည် မြန်ဆန်လွန်းရာ ကျန်းရီသည် ပြင်ဆင်ချိန် မရလိုက်ဘဲ အလျင်စလို ပစ်လိုက် ရသောကြောင့် မီးဝိညာဉ် ကျောက်တုံးနှစ်ခုမှာ လွဲချော်သွားခဲ့ပြီး တစ်ခုသာ ပစ်မှတ်ကို ထိခဲ့လေသည်။ ငွေလည်ဆွဲသည် အဖြူရောင် အလင်းတစ်ချက် ထုတ်လွှင့်ခဲ့ပြီး ကြောက်စရာ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာခဲ့သည်။

လည်ဆွဲမှလာသော ဖိအားကြောင့် ကျန်းရီသာမကဘဲ အနီးအနားရှိ လူများပါ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျ လာခဲ့လေသည်။ သူတို့၏ ကိုယ်တွင်းအင်္ဂါများ ထိခိုက် သွားခဲ့သည်မှာ သေချာသည်။

မီးဝိညာဉ် ကျောက်တုံးသည် လည်ဆွဲနှင့် ထိတွေ့သွားသည့် အခါ အဖြူရောင် အလင်းဖြင့် လောင်ကျွမ်းသွားခဲ့ပြီး စွမ်းအင်များ မြန်ဆန်စွာ ကုန်ဆုံး သွားခဲ့သည်။ လည်ဆွဲမှ အလင်းသည် အနည်းငယ် မှိန်ဖျော့ သွားခဲ့သော်လည်း မီးဝိညာဉ် ကျောက်တုံး၏ တိုက်စား ခံရမှုကြောင့် အပေါက် ဖြစ်မသွားခဲ့ပေ။ လည်ဆွဲသည် ကျန်းရီထံ ဆက်လက် ကျဆင်းလာခဲ့သည်။

"ပြီးသွားပြီ ... ."

ကျန်းရီသည် ကျဆင်းလာသော လည်ဆွဲကို ကူကယ်ရာ မဲ့စွာသာ ကြည့်နေရသည်။ သူ့ကိုယ်သည် လှုပ်ရှားခြင်း မရှိဘဲ မျက်လုံးများကိုသာ စိတ်ပျက်စွာ မှိတ်ချ လိုက်သည်။

"ခလွမ် ... ခလွမ်  ...  "

ရုတ်တရက် အသံတစ်ခု ထွက်ပေါ် လာခဲ့သည်။ ကျန်းရီ၏ မှိတ်ထားသော မျက်လုံးများသည် ဝမ်းသာသည့် အရိပ်အယောင်များဖြင့် ချက်ချင်း ပြန်ပွင့်လာခဲ့သည်။ သန်းခေါင်ယံ ကျရောက်လာပြီ ဖြစ်၍ တစ္ဆေတောအုပ်၏ အသံလှိုင်း တိုက်ခိုက်မှုများ စတင် လာခဲ့ပေပြီ  ...

အသံများ ထွက်ပေါ်လာသည်နှင့် မျက်လုံးပေါင်း များစွာတို့သည် တွေဝေဟန်များ ဖြစ်လာကြသည်။ မလှမ်းမကမ်းမှ ရွှေချမ်လော့၏ မျက်လုံး အစုံတွင်လည်း ရှုပ်ထွေးလာသည့် အရိပ်အယောင်များ ရှိနေခဲ့လေသည်။ ကျန်းရီထံ ကျဆင်း လာတော့မည့် ကမ္ဘာ ပျက်သုဉ်းခြင်း ငွေလည်ဆွဲသည် ထိန်းချုပ်မည့်သူ မရှိ၍ ရပ်တန့် သွားခဲ့သည်။ ၎င်းသည် တဖြည်းဖြည်း ပြန်ကျုံ့သွားကာ သာမန် လည်ဆွဲအတိုင်း ပြန်ဖြစ်သွားခဲ့ပြီး လေထုထဲတွင် တည်ရှိနေခဲ့သည်။ လည်ဆွဲမှ အရှိန်အဝါများ အားလုံးလည်း ကွယ်ပျောက် သွားခဲ့လေပြီ။

"ဟား..ဟား..ဟား  ...  "

ကျန်းရီသည် စိတ်ထွေပြား လာကြသော မျက်လုံးများကို ကြည့်နေလိုက်သည်။ သူတို့သည် အသံလှိုင်း တိုက်ခိုက်မှုများအောက် ကျရောက် သွားခဲ့လေပြီ။ သူသည် မတ်တတ်ရပ်၍ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီး ရယ်မော လိုက်သည်။ သူသည် ယနေ့ တိုက်ပွဲအတွက် အတော်လေး တန်ဖိုး ပေးလိုက်ရသည်။ သို့သော် နောက်ဆုံးတွင် သူအနိုင် ရသွားခဲ့သည်။

*****

All Chapters