ရွှေယို့လန်
Vol. 1 Ch. 211
"အသံလှိုင်း တိုက်ခိုက်မှုတွေ စလာခဲ့ပြီ ... "
တောအုပ်ထဲမှ သတ္တု ရိုက်ခတ်သံများ ထွက်ပေါ်လာသော အခါ သစ်မြစ်များကြားမှ ယွင်ဖေးနှင့် ကျန့်ဝူရွှမ်းတို့သည် မျက်လုံးများ ဖွင့်လာခဲ့ကြသည်။
ယွင်ဖေးသည် သစ်ပင်များမှ တစ်ဆင့် အာရုံခံလိုက်ရာ ကျန်းရီ အသက်ရှင်လျက် ရှိသေးကြောင်း သိလိုက်ရသည်။ မလှမ်းမကမ်းမှ လူများ စိတ်ထွေပြား နေကြကြောင်းလည်း သူတို့ မြင်လိုက်ရသည်။ အောင်ပွဲသည် သူတို့ဘက်တွင် ရှိနေခဲ့လေပြီ။
"ဖွင့်တော့ ... "
တွေဝေနေခြင်း မရှိဘဲ ယွင်ဖေးသည် သူတို့ကို ရစ်ပတ်ထားသော သစ်မြစ်များအား မှော်အတတ်ဖြင့် ဖယ်ရှားလိုက်သည်။ ကျန့်ဝူရွှမ်းသည် စစ်နတ်ဘုရား ဂိုဏ်း၏ မျိုးဆက် ဖြစ်သောကြောင့် စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို မှုစရာ မလိုသော်လည်း ယွင်ဖေးအတွက် စိုးရိမ် ရလေသည်။ သူမသာ ကျန်းရီထံ အချိန်မီ ပြေးမသွားနိုင်လျှင် ရူးသွားနိုင်ပေသည်။
"ဝှစ် ... "
သစ်မြစ်များ ရွေ့သွားပြီး ဝင်ပေါက် ပွင့်သွားသည်နှင့် သတ္တုရိုက်ခတ်သံ များသည် ပိုမို ကျယ်လောင် လာခဲ့ပြီး ယွင်ဖေး၏ မျက်လုံးထဲမှ တွေဝေသော အရိပ်အယောင် များသည် ပိုမို သိပ်သည်း လာခဲ့သည်။ ကျန့်ဝူရွှမ်းသည် ထူပူသွားပြီး ယွင်ဖေးကိုပွေ့၍ ကျန်းရီထံ အားကုန် ပြေးတော့သည်။
"ကျန်းရီ ... "
ကျန်းရီ ရွှေချမ်လော့ထံ ပြေးသွားနေသည်ကို မြင်လျှင် ကျန့်ဝူရွှမ်းသည် အလောတကြီး အော်ခေါ်လိုက်သည်။ ကျန်းရီ၏ သွေးနီရောင် မျက်လုံးတစ်စုံသည် လှည့်ကြည့်လာခဲ့ပြီး သူ့ကိုယ် ဆတ်ခနဲ တုန်သွားကာ မျက်လုံးထဲမှ အနီရောင်အလင်းများ ကွယ်ပျောက် သွားခဲ့သည်။ ကျန်းရီသည် ကျန့်ဝူရွှမ်းထံ ချက်ချင်း ပြေးလာလိုက်သည်။
"ကမ္ဘာ့မီးလျှံ ... "
သူသည် နောက်ဆုံးလက်ကျန် ကမ္ဘာ့မီးလျှံ အနည်းငယ်ကို ထွက်လာ စေလိုက်သည်။ မီးဝိညာဉ် ပုလဲသည် ပိုင်ရှင်ကို ကာကွယ်ပေးသည့် စွမ်းအင် ထုတ်လွှတ် လာသောအခါ သူသည် ထိုထူးဆန်းသည့် စွမ်းအင်ကို လက်ဝါးတွင် စုစည်းလိုက်ပြီး ယွင်ဖေး၏ ခေါင်းထက် လက်တင် လိုက်သည်။ အမည်မသိသော စွမ်းအင်တို့သည် ယွင်ဖေး၏ စိတ်ဝိညာဉ်ထဲ တိုးဝင်သွားခဲ့သည်။
ယွင်ဖေး၏ ကိုယ်မှ ရွှေရောင်အလင်း ဖြာထွက်လာခဲ့သည်။ သူမသည် ထိတ်လန့်ရိပ် တစ်စွန်းတစ်စ ကျန်နေသေးသော မျက်ဝန်းတို့ကို မြန်ဆန်စွာ ဖွင့်လာခဲ့သည်။
"သတ် ... "
ကျန်းရီနှင့် ကျန့်ဝူရွှမ်းသည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး လူခွဲ၍ ပြေးထွက် သွားခဲ့သည်။ ကျန်းရီသည် ရွှေချမ်လော့ထံ ပြေးဝင်သွားခဲ့ပြီး ကျန့်ဝူရွှမ်းကမူ ရပ်လျက် နေကြသော စိတ်ဝိညာဉ် မျောလွင့် ခရီးသည် အဆင့်များထံ တိုးဝင်သွားခဲ့သည်။ တောအုပ်ထဲမှ လူတိုင်းသည် ဆေးမိနေသည့် အလား ဖြစ်နေကြသော်လည်း တစ်ခုခု ပြောင်းလဲမသွားဟု မည်သူကမှ အာမမခံနိုင်ပေ။ ထို့ကြောင့် အခြေအနေကို အရင်ထိန်းချုပ်သည်က ပိုကောင်းပေသည်။
ကျန်းရီ၏ ရှေ့ဘက် မီတာ တစ်ရာခန့် အကွာတွင် တွေဝေနေသော မျက်လုံးအစုံနှင့် လူအယောက် ငါးဆယ်၏ ကြားတွင် အစိမ်းရောင် ဝတ်စုံ ဝတ်ဆင်ထားသော ပြိုင်ဘက်ကင်း မိန်းမလှလေး တစ်ယောက် ရှိနေခဲ့သည်။ ရွှေချမ်လော့သည် စိတ်ထွေပြားနေ၍ သတိလွတ် နေလေသည်။
"ဝှစ် ... "
ကျန်းရီသည် အခြား မိန်းကလေးများကို လျစ်လျူရှူ၍ ရွှေချမ်လော့ကို စိုက်ကြည့် လိုက်သည်။ အနက်ရောင် အကြေးခွံဓားသည် ရှေ့သို့ တိုးထွက်သွားခဲ့ပြီး မိန်းကလေး ငါးယောက်၏ ကိုယ်အား သွေးများ လွှမ်းသွားစေလေသည်။
"သေစမ်း ... "
နယ်မြေတွင် နံပါတ်တစ် သိုင်းသမား၏ သမီးသည် ကျန်းရီ၏ မျက်လုံးထဲတွင် ဘာမှမဟုတ်ပေ။ သူယခင်က ပြောထားခဲ့သည်။ သူ့ကိုသတ်ချင်သူများသည် နတ်ဘုရားများ ဖြစ်နေလျှင်တောင် သေရန် ပြင်ဆင် ထားသင့်သည်။ ယခု သူရွှေချမ်လော့ကို သတ်ရန် အခွင့်အရေး ရလာပြီ ဖြစ်ရာ ညှာတာ မနေတော့ပေ။
အနက်ရောင် အကြေးခွံဓားသည် လေကိုခွင်း၍ ရွှေချမ်လော့၏ မျက်နှာထက် ဦးတည် သွားခဲ့သည်။ သူမသည် ဤဓားဖြင့် အသတ်ခံ ရတော့ပေမည်။ နယ်မြေ၏ နံပါတ်တစ် မိန်းမလှလေး အဖြစ် အပြည့်အဝ မဖွံ့ဖြိုး သေးသော်လည်း အရောင် မတင်ရသေးသည့် ကျောက်စိမ်းတုံး လေးသည် ပျက်စီး သွားတော့မည်သာ။
ရုတ်တရက် ပိန်းပေါက်အောင် မှောင်နေသည့် ကောင်းကင်သည် လျှပ်စီးလက်သည့် အလား လင်းကျင်းသွားခဲ့ပြီး ရွှေကျင်းရှီ လွင်ပြင်ထက်မှ လူများအားလုံးကို မှင်တက်သွားစေသည်။ ကြောက်စရာ အရှိန်အဝါ တစ်ခုသည် လွင်ပြင်ထက်ရှိ လူများကို ချက်ချင်း လွှမ်းခြုံ သွားခဲ့လေသည်။ ရန်သူများနှင့် တိုက်ခိုက် နေကြသူများ သည်လည်း ရပ်တန့်၍ ကောင်းကင်သို့ မော့ကြည့် နေကြလေသည်။
"အမ် ... "
ကျန်းရီနှင့် ကျန့်ဝူရွှမ်းတို့၏ ကိုယ်များ အေးခဲ သွားခဲ့သည်။ အထူးသဖြင့် ကျန်းရီသည် သူ့အား မဖော်ပြနိုင်လောက်အောင် ကြောက်စရာ ကောင်းသော နတ်ဆိုး သားရဲကြီး တစ်ကောင်က စိုက်ကြည့်နေသည့် အလား သေစေ နိုင်လောက်သည့် အန္တရာယ်ကို ခံစားလိုက်ရသည်။ သူသည် အနည်းငယ် လှုပ်ရှားမိလျှင်တောင် သေသွားနိုင်သည်ဟု ခံစားနေရသည်။
"ဟက် ... ... ကောင်းကင် နတ်ဆိုးပိုးချည် ... "
သူ့စိတ်သည် လျင်မြန်စွာ အလုပ် လုပ်သွားခဲ့သည်။ ထိုကြောက်စရာ ဖိအားသည် သူ့အား လှုပ်မရစေလျှင်တောင် ကောင်းကင် နတ်ဆိုးပိုးချည်အား သူသုံးနိုင်သေးသည်။
ထိုသို့ တွေးမိသည်နှင့် သူ့လက်ထဲမှ အနက်ရောင် အကြေးခွံဓား ကွယ်ပျောက် သွားခဲ့ပြီး ကောင်းကင် နတ်ဆိုးပိုးချည် ပေါ်ထွက်လာခဲ့သည်။ ကျန်းရီသည် ပိုးချည်အား လွှတ်လိုက်ပြီး ရွှေချမ်လော့၏ ခါးမှ ပတ်စေကာ လက်တစ်ဖက်ဖြင့် ဆွဲယူလိုက်သည်။ ကျန်းရီသည် ရွှေချမ်လော့၏ နူးညံ့လှသည့် ကိုယ်ကို လက်တစ်ဖက်ဖြင့် ထိန်း၍ အခြားလက်တစ်ဖက်ဖြင့် သူမလည်ပင်းမှ ချုပ်နှောင် ထားခဲ့သည်။ သူ့လက်ထဲမှ မီးဝိညာဉ် ပုလဲသည် လင်းလက်လာကာ အချိန်မရွေး မီးဝိညာဉ် ကျောက်တုံး ထွက်လာစေ၍ ရွှေချမ်လော့အား အမှုန့်ချေနိုင်ရန် အဆင်သင့် ဖြစ်နေလေပြီ။
ကောင်းကင်သည် ပိုမိုလင်းလက် လာခဲ့ပြီး မူလက မှုန်မှိုင်းနေသော ပတ်ဝန်းကျင်သည် လင်းထိန်လာခဲ့ပြီး လေထု အလယ်တွင် ပုံရိပ်တစ်ခု ဖြစ်တည် လာခဲ့သည်။ ထိုပုံရိပ်သည် နှင်းကဲ့သို့ ဆွတ်ဆွတ် ဖြူနေသော ဝတ်ရုံနှင့် မသေမျိူးအလား အရှိန်အဝါရှိသော မိန်းမလှ တစ်ယောက် ဖြစ်လေသည်။ သူမသည် လေထဲတွင် ရပ်နေခဲ့ပြီး နတ်ပြည် ကိုးထပ်မှ ဆင်းသက် လာခဲ့သော နတ်သမီးအလား ထင်မှတ်ရလေသည်။
ထူးဆန်းသည်မှာ ကျန်းရီတို့လူစုသည် တစ္ဆေ တောအုပ်ထဲတွင် ရှိနေ၍ ကောင်းကင်အား သစ်ပင်များက ပိတ်ဆို့ ထားလေသည်။ သို့သော် ယခုအခါ ကောင်းကင်ထက်မှ အမျိုးသမီး၏ ပုံရိပ်အား လူတိုင်းမြင်နေရခြင်း ဖြစ်လေသည်။ ထိုပုံရိပ်သည် ကောင်းကင်တွင် ပေါ်ထွက်လာခြင်း မဟုတ်ဘဲ စိတ်ထဲတွင် ဖြစ်ပေါ်လာခြင်း ဖြစ်ပုံရသည်။ ထိုမိန်းမ၏ မျက်လုံးများသည် သူ့ကို စိုက်ကြည့် နေသည်အား ကျန်းရီ ခံစားမိလေသည်။
"ဟမ် ... "
ထိုအချိန်တွင် စိတ်ထွေပြား နေကြသော ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများသည် သတိရ လာကြလေသည်။ သူတို့သာ ပုံရိပ်ယောင် လောကမှ ရုန်းထွက် လာနိုင်ခြင်း ဖြစ်ပုံရပြီး ရှန်မိနိုင်ငံမှ လူများသည် တွေဝေ မှင်တက်နေကြဆဲ ဖြစ်ကာ နေရာတွင်ပင် ရပ်နေကြလေသည်။
"ဝှစ် ... ... ဝှစ် ... ... ဝှစ် ... "
သူတို့သည် ရွှေချမ်လော့အား ချုပ်နှောင်ထားသည့် ဘေးရှိ ကျန်းရီကို မြင်လိုက် ရသောအခါ မျက်နှာများ ပျက်သွားကြသည်။ သူတို့သည် လုံးဝမလှုပ်ရှားရဲဘဲ ဒူးထောက် ထိုင်ချ၍ တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။
"မျှော်စင် သခင်မကို နှုတ်ဆက်ပါတယ် ... ... ကျွန်မတို့ သေသင့်ပါတယ် ... "
ရွှေယို့လန် ...
ကျန်းရီ၊ ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးတို့၏ စိတ်ထဲတွင် အမည်တစ်ခု ပေါ်ထွက် လာခဲ့သည်။ သူတို့သည် ခေါင်းမော့ကြည့်စရာ မလိုဘဲ လေထဲမှ အမျိုးသမီး၏ တည်ရှိမှုကို ခံစား နိုင်ကြသော်လည်း မော့ကြည့်မိသည့် အခါ ချောက်ချား သွားကြရလေသည်။
နယ်မြေရဲ့ နံပါတ်တစ် စစ်သည်တော်က တကယ် အားကောင်းလွန်းတယ် ...
သူတို့စိတ်ထဲတွင် ပေါ်လာသော ပထမဆုံး အတွေးမှာ ရွှေယို့လန်သည် ကြယ်တံခွန် ကျွန်းတွင် ဆယ်နှစ်ကြာ တံခါးပိတ် ကျင့်ကြံနေပြီး ရွှေကျင်းရှီလွင်ပြင်နှင့် ကြယ်တံခွန် ကျွန်းကြား အကွာအဝေးသည် ကီလိုမီတာ ငါးသန်းဟူသော အကြောင်းအရာများ ဖြစ်လေသည်။ ထို့ပြင် ရွှေကျင်းရှီ လွင်ပြင်တွင် တားမြစ် အစီအရင်များစွာ ရှိသော်လည်း သူမသည် အလွယ်တကူ ပုံရိပ် ဖန်တီးနိုင်လေသည်။ ဤသို့သော ဖိအားမျိူး ထုတ်လွှတ်နိုင်ရန် သူမမည်မျှ အင်အားကြီးမည်နည်း ...
သူမက နတ်ဘုရားများလား ...
ကျန်းရီသည် ထိုမျှ အင်အားကြီး နေခြင်းကို နားမလည် နိုင်သောကြောင့် ပေါက်ကရ အတွေးတောင် တွေးမိလာခဲ့သည်။
သူအံ့အားသင့် နေတုန်းပင်ရှိသေး ရွှေယို့လန်၏ မျက်လုံးများသည် ရွှေချမ်လော့ကို စိုက်ကြည့်၍ သတိ ဝင်လာ စေလိုက်သည်။
ရွှေချမ်လော့သည် မျက်လုံးများ ဖွင့်လာခဲ့ပြီး သူမလည်ပင်းမှ လက်တစ်ခုကို ခံစားလိုက်ရသည်။ သူမသည် အနီရောင်ဖျော့ဖျော့ လင်းနေသော မီးဝိညာဉ်ပုလဲကို မြင်လိုက်သော အခါ မျက်နှာ ဖြူဖျော့သွားခဲ့သည်။ ထို့နောက် သူမသည် တစ်ခုခုကို တွေးမိ လိုက်သောအခါ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူမသည် ရွှေယို့လန်ကို မြင်သောအခါ မကျေမနပ် တိုင်တန်း လိုက်သည်။
"အမေ ... ကျွန်မကို မြန်မြန်ကယ် ... သူ့ကို သတ်ပေးပါ ... ... ချမ်လော့ကို သူသတ်မိတော့မှာ တစ်ခါ မကတော့ဘူး ... "
"ကောင်မလေး ... နောက်တစ်ခါ အပြင်ကို ခိုးထွက်ဝံ့သေးလား ... ... ဒီကမ္ဘာပေါ်မှာ မင်းထက် အရည်အချင်း ရှိတဲ့သူတွေ အများကြီးဆိုတာ မင်းသိပြီလား ... "
ရွှေယို့လန်သည် ရွှေချမ်လော့အား နူးညံ့လှသော လေသံဖြင့် ဆုံးမလိုက်ပြီးမှ ကျန်းရီကို ကြည့်ကာ ခပ်ပါးပါး ပြုံးပြလာခဲ့သည်။
"ကောင်လေး ... ငါ့သမီးကို လွှတ်ပေးလိုက်ပါ ... ငါဒီကိစ္စကို မစစ်ဆေးတော့ဘူး"
ကျန့်ဝူရွှမ်းနှင့် ယွင်ဖေးသည် စိတ်မကောင်းသော မျက်လုံးများနှင့် ကျန်းရီအား ကြည့်လိုက် ကြသည်။ ရွှေယို့လန် ပေါ်ထွက်လာရာ ရွှေချမ်လော့ကို သတ်ရန် မဖြစ်နိုင်တော့ပေ။ ရွှေယွဲ့လျန်မျှော်စင်မှ မိန်းကလေးများသည် စိတ်သက်သာရာ ရသွားဟန်များ ဖြစ်သွားကြသည်။ ရွှေယို့လန် ဝင်ပြောလိုက်လျှင် ကမ္ဘာပေါ်တွင် မည်သူကများ ရွှေချမ်လော့ကို နာကျင်အောင် လုပ်ရဲမည်နည်း ...
"ဟားဟားဟား ... "
ကျန်းရီသည် ကောင်းကင်ကို ကြည့်၍ ရုတ်တရက် ရယ်ချလိုက်မည်ဟု ဘယ်သူမှ မျှော်လင့် မထားကြပေ။ သူ့ရယ်သံတွင် ကမ္ဘာပေါ်တွင် အရယ်ရဆုံးသော ဟာသကို ကြားလိုက်ရသည့် အလား လှောင်ပြောင်မှုများ၊ မကျေချမ်းမှုများ ပါဝင်နေခဲ့သည်။
သူသည် မဲ့ပြုံးပြုံးလိုက်ပြီး ကောင်းကင်ပေါ်ရှိ ရွှေယို့လန်၏ မျက်လုံး တည့်တည့်သို့ စိုက်ကြည့် လိုက်လေသည်။ သူရယ်ပြီး သွားသည့်အခါမှ စိတ်မဝင်စားစွာ ပြောလိုက်သည်။
"သူမကို လွှတ်ပေးရမယ် ... ... ဘာကို ကြည့်ပြီးတော့လဲ ... ... ခင်ဗျားက နယ်မြေရဲ့ အတော်ဆုံး သိုင်းသမား ဖြစ်နေတာကြောင့်လား ... ... တစ်လောကလုံးက ခင်ဗျားနာမည်ကို ကိုးကွယ်နေချင်ရင် ကိုးကွယ် နေကြလိမ့်မယ် ... ကျွန်တော့် အတွက်တော့ အဲဒါက ဘာမှ တန်ဖိုးမရှိဘူး ... "
*****