လေမိုးကြိုးမြားနှင့် ဝိညာဉ်လိုက်မြား။ မြားပျံများ ကြယ်ကဲ့သို့ကြွေကျခြင်း။ (၁)
Vol. 23 Ch. 332
ဟုန်ကျန်းရှန့်သည် စကားထပ်ပြောဖို့ အလွန်ပျင်းရိနေပြီး ချက်ချင်းပင် တိုက်တော့သည်။
“ငါမင်းကိုကြောက်မယ်လို့ ထင်နေလား”
တင်းချိုးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အေးစက်သော အရှိန်အဝါက ပို၍စုစည်းလာပြီး သူ့လက်ထဲတွင် အေးစက်ပြီး တိုက်စားနိုင်သော လက်ဖဝါးစွမ်းအားကို လက်ထဲစုဝေးလိုက်သည်။ ၎င်းက အကြောများနှင့် အသားများကို ဝါးမျိုတိုက်စားနိုင်ပြီး အလွန်တရာ အဆိပ်ပြင်းလေသည်။
“ဒုန်း”
သူတို့၏ လက်သီးနှင့် လက်ဖဝါးများ ထိပ်တိုက်တွေ့ပြီးနောက် နတ်ဘုရားစွမ်းအင်၏ ရက်စက်ကြမ်းကြုတ်သော စွမ်းအားတစ်ခုက တင်းချိုးကို လွင့်ထွက်သွားစေပြီး သူ့နောက်ကွယ်ရှိ တဲတစ်လုံးကို ဝင်တိုက်မိကာ အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့သည်။
အေးစက်သော လက်ဖဝါးစွမ်းအားသည် လက်မောင်းထဲ ထိုးဖောက်ဝင်ရောက်ကာ ဟုန်ကျန်းရှန့်၏ အသားကို တိုက်စားဖို့ ကြိုးစားခဲ့သော်လည်း အစွမ်းထက်သော ချီနှင့်သွေးလှိုင်းများကြောင့် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
ချက်ချင်းပင် ရှုံးနိမ့်လုနီးပါးဖြစ်သွားခဲ့သည်။
တင်းချိုးအတွက်တော့ ဟုန်ကျန်းရှန့်ကို ရင်ဆိုင်ရတာက ကလေးတစ်ယောက်က လူကြီးတစ်ယောက်ကို ရင်ဆိုင်ရသကဲ့သို့ ထင်သာမြင်သာသော ကွာဟချက်တစ်ခုဖြစ်သည်။
“အရှင်တင်း”
သူနဲ့အတူပါလာတဲ့ တခြားပညာရှင်တွေက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။ တင်းချိုးသည် တာ့ဖုန်းပြည်နယ်မြို့တော်က ကြာနက်ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်အဆင့် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ လွင့်ထွက်ပြီး ဖရိုဖရဲဖြစ်သွားခဲ့တာလား။
“ချီးပဲ… ဟုန်ကျန်းရှန့်က ချီသွေးအသွင်ပြောင်းခြင်း အဆင့်ဆယ်နှစ် အထွတ်အထိပ်ကို ရောက်သွားပြီလား။ သူငါ့ကို တစ်ချက်တည်းနဲ့ ဖိနှိပ်လိုက်တာလား။”
တင်းချိုးက တဲတစ်လုံးကို ဝင်တိုက်မိပြီး ပြင်းထန်စွာ ဒဏ်ရာမရခဲ့ပေမယ့် သူထိတ်လန့်သွားခဲ့သည်။ ယုတ္တိကျကျပြောရလျှင် အဆင့်တူခြင်းဖြစ်တဲ့အတွက် ကွာဟချက်တစ်ခုရှိနေရင်တောင် ဒီလောက်ကြီးကြီးမားမား မဖြစ်သင့်ပါ။
“ဂလု”
တင်းချိုးက မတွန့်ဆုတ်ရဲပါ။ သူ့အင်္ကျီလက်ကနေ ကြွေပုလင်းတစ်လုံး ပြုတ်ကျလာပြီး လက်တစ်ဖက်နဲ့ အဖုံးကို ဖွင့်ကာ ဆေးလုံးကို မျိုချလိုက်ပြီး သူ့ရဲ့ ချီနဲ့သွေးကို အပြည့်အဝ လည်ပတ်စေလိုက်သည်။
“ဂျိမ်း”
ချီနဲ့သွေးဟာ မီးတောက်တွေလို ပေါက်ကွဲထွက်လာပြီး တင်းချိုးရဲ့ခေါင်းပေါ်မှာ ပူပြင်းတဲ့ ချီသွေးမီးပြင်းဖိုတစ်ခုအဖြစ် ပေါင်းစည်းသွားကာ အတွင်းထဲမှာ ပြင်းထန်တဲ့ မီးတောက်တွေ တောက်လောင်နေ၏။ ဆေးလုံးရဲ့ အာနိသင်ကြောင့် မီးတောက်တွေဟာ အနက်ရောင်အငွေ့အသက်တွေ ထွက်ပေါ်လာပြီး နက်ရှိုင်းပြီး အစွမ်းထက်တဲ့ အရှိန်အဝါတစ်ခုကို ဖန်တီးပေးသည်။
ကြာနက်ဂိုဏ်းခွဲရဲ့ ဂိုဏ်းခေါင်းဆောင်တစ်ယောက်အနေနဲ့ တင်းချိုးရဲ့ အစွမ်းသတ္တိဟာ တကယ်ကို အံ့မခန်းပင်။ သူဟာ ချီသွေးမီးပြင်းဖိုအဆင့်မှာရှိပြီး သူ့ရဲ့ချီနဲ့သွေးပေါက်ကွဲမှုကို ယာယီမြှင့်တင်ပေးပုံရတဲ့ ဆေးလုံးတစ်လုံးကို သောက်ပြီးနောက် သူ့ရဲ့အစွမ်းသတ္တိဟာ ပိုပြီးကြောက်စရာကောင်းလာသည်။
“ဟုန်ကျန်းရှန့်.. သေဖို့သာပြင်ထား”
တင်းချိုးဟာ မားမားမတ်မတ်ရပ်ပြီး အရေပြားမှာ ကြွက်သားတွေ တင်းမာနေကာ မျက်နှာဟာ နက်ပြာရောင်သန်းနေလျက် ကြောက်စရာကောင်းပြီး အကျည်းတန်လှသည်။ သူဟာ အလွန်တရာ ကျယ်လောင်တဲ့ အော်သံတစ်ခုကို လွှတ်ထုတ်ပြီးနောက် ဟုန်ကျန်းရှန့်ကို တိုက်ရိုက် တိုက်ခိုက်ပါတော့သည်။
ဟုန်ကျန်းရှန့်ရဲ့ ကြောက်စရာကောင်းတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရင်း တင်းချိုးဟာ မပေါ့ဆရဲပါပေ။ သူ့ရဲ့ စွမ်းရည်ကို ကျော်လွန်စေတဲ့ ဆေးတစ်လုံးကို သူသောက်လိုက်ပြီး ဟုန်ကျန်းရှန့်နဲ့ ယှဉ်ပြိုင်ဖို့ ပြင်ဆင်ခဲ့သည်။
တင်းချိုးရဲ့ လက်ဖဝါးတွေကြားမှာ ရက်စက်ကြမ်းကြုတ်တဲ့ စွမ်းအင်တွေက အဆိပ်နဂါးနှစ်ကောင်လို ရစ်ခွေနေကာ ထုတ်လွှတ်လိုက်တဲ့ အေးစက်တဲ့ အရှိန်အဝါက အနီးနားက မြေပြင်ကို ဖုံးလွှမ်းသွားလေ၏။ သူ့လက်ဖဝါးတွေက မိုးတိမ်တွေကို ထိုးဖောက်ပြီး မြူခိုးတွေကို ခွဲထုတ်နေသည့်နှယ်။
“ဘုန်း”
ဟုန်ကျန်းရှန့်ဟာ သူ့ရဲ့ဗလာလက်သီးတွေနဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေဆဲပင်။ လက်သီးနဲ့ လက်ဖဝါး ထိပ်တိုက်တွေ့မှုက ချီစွမ်းအားကို ပေါက်ကွဲစေခဲ့ပြီး ဖြစ်ပေါ်လာတဲ့ လေပြင်းက သဲနဲ့ ကျောက်တုံးတွေကို အရပ်မျက်နှာအားလုံးဆီ လွင့်စင်သွားစေခဲ့ကာ ပတ်ဝန်းကျင်က ပုန်ကန်သူတွေကို ကိုက်ဆယ်အထိ အဝေးသို့ရောက်သွားစေ၏။
“သတ်”
တင်းချိုးရဲ့ နဖူးမှာ သွေးကြောတွေ ထိုးထောင်နေပြီး ထပ်ခါတလဲလဲ တိုက်ခိုက်ကာ သူ့ရဲ့ ချီသွေးမီးပြင်းဖိုက တုန်ခါနေလျက် ပူပြင်းတဲ့ မီးတောက်တွေ ထွက်ပေါ်လာသည်။ သူ့ရဲ့ လက်ရှိအခြေအနေမှာ သူဟာ ကြာရှည်မခံနိုင်တော့ဘဲ ဟုန်ကျန်းရှန့်ကို ချေမှုန်းဖို့ အစွမ်းကုန် အသုံးချနေသည်။
ခဏတာအတွင်း တင်းချိုးက ဟုန်ကျန်းရှန့်ကို လက်ရည်တူယှဉ်တိုက်ခိုက်နေပေမယ့် တင်းချိုးက အစွမ်းကုန် တိုက်နေတာကို ဘယ်သူမဆို မြင်နိုင်ပြီး ဟုန်ကျန်းရှန့်ကတော့ လှုပ်ရှားမှုတိုင်းကို ရှောင်ရှားပြီး လွယ်လွယ်ကူကူ တိုက်နေသည့်ပုံပင်။
“စစ်သူကြီးဟုန်ရဲ့ အစွမ်းနဲ့ဆိုရင် တင်းချိုးကို ရင်ဆိုင်ရတာ ပြဿနာမရှိလောက်ဘူး။ တခြားသူတွေကို တိုက်ရအောင်။”
တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ ရှေ့တန်းတပ်က အပြာရောင်ဝတ်ထားတဲ့ လူတစ်ယောက်က အကျယ်ကြီး အော်ပြောလိုက်သည်။
တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အသန်မာဆုံးလူတစ်ယောက်အနေနဲ့ ဟုန်ကျန်းရှန့်ဟာ ချီသွေးနယ်ပယ်မှာ ပြိုင်ဘက်ကင်းသူအဖြစ် သတ်မှတ်ခံထားရပြီး တစ်ခါမှ မရှုံးနိမ့်ဖူးခဲ့ပါ။ တင်းချိုးမှာ ထူးခြားတဲ့အစွမ်းရှိပြီး သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို မြှင့်တင်ဖို့ ဆေးတစ်လုံးတောင် သောက်ခဲ့ပေမယ့် ဟုန်ကျန်းရှန့်ရှေ့မှာ ကျဆုံးဖို့ အချိန်တစ်ခုသာ လိုပါသည်။
ရှေ့တန်းတပ်အနေနဲ့ သူတို့ရဲ့တာဝန်က ရန်သူရဲ့ကျွမ်းကျင်သူတွေကို သတ်ပစ်ကာ ရန်သူရဲ့စိတ်ဓာတ်ကို အားနည်းစေပြီး ဖရိုဖရဲ ဖြစ်စေဖို့ပင်။ ထို့နောက် တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အဓိကတပ်ဖွဲ့က နောက်ကနေ လိုက်လာပြီး ပုန်ကန်သူ နှစ်ထောင် သုံးထောင်ကို ရှင်းလင်းသုတ်သင်ပစ်လိမ့်မည်ဖြစ်သည်။
“သတ်.. သူတို့အားလုံးကို သတ်”
ပုန်ကန်သူများထဲမှ အဆင့်မြင့်သူများက ဒေါသတကြီး အော်ဟစ်ကြပြီး ကျွမ်းကျင်သူအများအပြားသည် တာ့ဖုန်းသံမဏိမြင်းတပ်၏ ကျန်ကျွမ်းကျင်သူများကို ဝိုင်းရံထားကာ တစ်ဦးနှင့်အများ တိုက်ခိုက်ရသည့် ရှုပ်ထွေးသောတိုက်ပွဲကို ဖန်တီးခဲ့ကြသည်။ ချီသွေးနယ်ပယ်မှ အင်အားကြီးပုဂ္ဂိုလ်များကို အချိန်တိုအတွင်း အပြီးသတ်ဖို့ပင်။ အဓိကတပ်ဖွဲ့ရောက်ရှိလာပြီး သူတို့၏တာဝန် ပြီးမြောက်ပြီဟု ယူဆနိုင်သည်အထိသာ တောင့်ခံထားဖို့ လိုသည်။
“ဒီပုန်ကန်သူတွေကို ရှင်းပစ်”
တိုက်ပွဲဝင်ဓားကိုင်ဆောင်ထားသော လူထွားကြီးတစ်ဦးသည် ဓားကိုဝှေ့ယမ်းကာ ပုန်ကန်သူများစွာ၏ ဦးခေါင်းများကို ခုတ်ထစ်လျက် စိတ်လှုပ်ရှားစွာဖြင့် အော်သံအရှည်ကြီးကို ထုတ်လွှတ်လိုက်သည်။
ဝှူးရှ်..
ရုတ်တရက် လူထွားကြီးသည် သူ့ကျောတွင် အရိုးထိအောင်အေးစက်သည့် ခံစားချက်ကို ခံစားလိုက်ရသောကြောင့် မျက်ဆန်များ ကျုံ့သွားလေ၏။ သူက အန္တရာယ်ကို ခံစားမိပြီး ဘေးသို့ ခုန်ဆင်းသွားသည်။
“ဝှစ်”
ဤသွက်လက်သော ရှောင်တိမ်းမှုသည် သူ့အသက်ကို ကယ်တင်ခဲ့သော်လည်း တိုက်ခိုက်မှုကို အပြည့်အဝ မရှောင်လွှဲနိုင်ခဲ့။ သူ့ပခုံးတွင် သွေးများ ဖြန်းကနဲ ပန်းထွက်ကာ သူ့ခန္ဓာကိုယ်ကို ဖြတ်သွားသော ခရုပတ်ပုံသဏ္ဍာန်ရှိသော မြားတစ်စင်းက လက်သီးဆုပ်အရွယ် အပေါက်တစ်ခု ဖောက်ထွက်သွားခဲ့သည်။
“လူအိုကြီးစွန်း”
အနီးအနားရှိ တာ့ဖုန်းမြို့တော်မှ ကျွမ်းကျင်သူများက အော်ဟစ်လိုက်ကြသည်။
ဝှစ်
သူ့ပခုံးနာကျင်မှုက သူ့ဦးနှောက်ကို ခဏတာ ထုံကျင်သွားစေပြီး သူလှည့်ကြည့်လိုက်သည်။ မြားသမားကို မမြင်သော်လည်း တစ်မိုင် နှစ်မိုင်အကွာမှ ပစ်လွှတ်လိုက်သော အမှောင်ထဲမှ နောက်ထပ်မြားတစ်စင်းကြောင့် သူ့မျက်လုံးများသည် အေးစက်သော အလင်းတန်းတစ်ခုကို ထင်ဟပ်သွားခဲ့သည်။
“မ… မကောင်းတော့ဘူး။” ဤမြားသည် လူထွားကြီး၏ အသက်စွမ်းအားရှိသည့် နေရာကို ချိန်ရွယ်ထားသည်ဖြစ်ရာ သူ့နှလုံးခုန်နှုန်းကို ရပ်တန့်စေသည်။ သူမည်မျှပင် ရှောင်တိမ်းရန်ကြိုးစားပါစေ မလွဲမသွေဖြစ်လာမည်ဟု သူခံစားမိသည်။ အခြားသူများအတွက် ထိုမြားသည် နားမလည်နိုင်လောက်အောင် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသော မြားအတတ်ကို ညွှန်ပြနေလေသည်။
“ဘုန်း”
လူထွားကြီး မြားဖြင့်ထိုးဖောက်ခံရတော့မည့်အချိန်တွင် အားကောင်းသောလက်သီးတစ်ချက်က ထောင့်တစ်ခုတွင် ပေါ်လာပြီး မြားကို ရိုက်ချိုးကာ ဘေးသို့ အားနှင့်ရွေ့သွားစေပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
“စစ်သူကြီးဟုန်”
လူထွားကြီးက သက်ပြင်းချလိုက်သည်။ သူ့အသက်ကို ကယ်တင်ခဲ့တဲ့ လက်သီးဟာ ဟုန်ကျန်းရှန့်၏ လက်သီးချက်ပင်ဖြစ်သည်။
“ဟုန်ကျန်းရှန့်.. ငါနဲ့တိုက်နေရင်း အာရုံလွဲရဲတယ်ပေါ့။”