လေမိုးကြိုးမြားနှင့် ဝိညာဉ်လိုက်မြား။ မြားပျံများ ကြယ်ကဲ့သို့ကြွေကျခြင်း။ (၂)
Vol. 23 Ch. 333
ဒေါသတကြီး ဟိန်းဟောက်သံ ထွက်ပေါ်လာပြီး တင်းချိုးသည် 'သွေးပေါက်ကွဲဆေးလုံး' ကို သောက်ပြီးနောက် ဆေး၏ အာနိသင်သည် အထွတ်အထိပ်သို့ ရောက်ရှိကာ ပိုမိုပြင်းထန်လာသည်။ အသားအရေသည် နက်ပြာရောင်ဖြစ်ပြီး ကြွက်သားများက ပေါက်ကွဲတော့မည့်အလား ဖောင်းကြွနေကာ သူ၏ရှိန်စရာကောင်းလှသော တည်ရှိမှုက ကြောက်စရာကောင်းလှသည်။ အလွန်တရာ အေးစက်နေသော စွမ်းအင်များ ပေါက်ကွဲထွက်နေသော လက်တစ်စုံဖြင့် ဆက်တိုက် တိုက်ခိုက်နေလေ၏။
"ဝိညာဉ်လိုက်မြားပဲ။ အဲဒီကောင်က တကယ်ပဲ ဒီမှာ ရှိနေတာလား။"
တင်းချိုး၏ ပြင်းထန်သော တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းနေစဉ် ဟုန်ကျန်းရှန့်သည်လည်း အံ့အားသင့်ပြီး စိတ်ထဲတွင် ဒေါသထွက်နေသည်။
တစ်ချိန်က ချိုင်ကျန့်အတွက် ဝိညာဉ်လိုက်မြားများကို အဝေးမှ ပစ်ခတ်ကာ သူနှင့်အရင်တိုက်ဖို့ ဟုန်ကျန်းရှန့်အား အတင်းအကျပ် ဖိအားပေးခဲ့သည်။ သို့သော် ထိုလူသည် မြားအားလုံး လွှဲချော်သွားခဲ့ပြီးနောက် ပြဿနာ တက်သည်နှင့် တစ်ချက်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ မိုင်တစ်ထောင်အထိ ထွက်ပြေးသွားခဲ့သည်။
အဲဒီအချိန်တုန်းက စူးချန်ခုန်းသာ ကြားဖြတ်မတားခဲ့ရင် ချိုုင်ကျန့် ထွက်ပြေးသွားနိုင်ပါသည်။
အခုတော့ ပြိုင်ဘက်ကင်းနည်းပညာနှင့် အဝေးကနေ တိုက်ခိုက်ဖို့ ဝိညာဉ်လိုက်မြား ရောက်လာလေပြီ။
ဝိညာဉ်လိုက်မြားဟာ အလွန်ထက်မြက်ပြီး ဟုန်ကျန်းရှန့်ကို ခြိမ်းခြောက်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သိတဲ့အတွက် တာ့ဖုန်းသံမဏိမြင်းတပ်က တခြားကျွမ်းကျင်သူတွေကို ချိန်ရွယ်ခဲ့သည်။ ဒီကျွမ်းကျင်သူအားလုံးဟာ ကြောက်စရာကောင်းပြီး အများစုကတော့ ချီသွေးနဂါးနယ်ပယ်အဆင့်မှာ ရှိကြပေမယ့် သူ့ရဲ့ ဝိညာဉ်လိုက်မြားကို ခုခံနိုင်စွမ်း အလွန်နည်းပါးပြီး ဒီအတိုင်း အပစ်ခံရမည်သာ။ သူတို့ မြားဘယ်နှစ်ခုကို ခံနိုင်ရည်ရှိနိုင်မည်နည်း။
အံ့သြဖွယ်ကောင်းသည့် ကျွမ်းကျင်မှုနှင့် မြားပစ်သမားတစ်ယောက်က ဒီလိုကြီးမားတဲ့ တိုက်ပွဲတစ်ခုမှာ ခြိမ်းခြောက်မှု ကြီးမားလွန်းလှပါသည်။
"ဒီတင်းချိုးကို မြန်မြန် အဆုံးသတ်ရမယ်။"
ဟုန်ကျန်းရှန့် ချက်ချင်းပဲ သူ့နှလုံးသားထဲ လေးလံသွားသလို ခံစားလိုက်ရသည်။
"ရှောင်ပေါလီအတွက် အချိန်ဆွဲထားရမယ်။"
တင်းချိုးကလည်း ငတုံးတစ်ယောက် မဟုတ်ပေ။ သူက ချက်ချင်းပဲ နည်းဗျူဟာပြောင်းပြီး ဟုန်ကျန်းရှန့်နဲ့ ကြမ်းကြမ်းတမ်တမ်း မတိုက်တော့ဘဲ ရှောင်တိမ်းပြီး အချိန်ဆွဲတိုက်ကာ ချောင်းမြောင်းနေတဲ့ ‘ဝိညာဉ်လိုက်ရှာမြား’ ရှောင်ပေါလီကို ပစ်ခွင့်ပြုထားလိုက်သည်။
တခြားသူတွေကို ရင်ဆိုင်ပြီးတဲ့နောက် ဤနေရာမှ ထောင်ပေါင်းများစွာသော လူတွေက ဟုန်ကျန်းရှန့်ကို ဝိုင်းပြီး တိုက်ခိုက်ကြလိမ့်မည်။ သူ့ရဲ့ နတ်ဘုရားစွမ်းအားနဲ့တောင် ကျရှုံးသွားနိုင်သည်။
“ဝှစ်”
အဲဒီအချိန်မှာပဲ လေထုထဲမှာ ပေါက်ကွဲသံခပ်အုပ်အုပ် ထွက်ပေါ်လာသည်။ ငွေရောင်မြားတစ်စင်းဟာ ကောင်းကင်ကို ထိုးဖောက်ဝင်ရောက်လာပြီး အေးစက်လှတဲ့ ကြယ်စင်တွေနဲ့အတူ ပေါက်ကွဲထွက်လာလေ၏။ လေထဲမှာ ဥက္ကာပျံတစ်စင်း ဖြတ်သွားသလို အသံရဲ့ အမြန်နှုန်းထက် အဆပေါင်းများစွာ ကျော်လွန်နေပေမယ့် အသံက တိုးညှင်းကာ လုံးဝမကြားရသလောက်ပင်။ လူတစ်ယောက်ရဲ့ နားရွက်က အသံကို ကြားလိုက်ရတဲ့အချိန်မှာ မြားဟာ သူ့ရဲ့ပစ်မှတ်ကို ထိမှန်ပြီးသွားပြီဖြစ်သည်။
“ဂျိမ်း”
မီတာငါးရာမှခြောက်ရာအကွာရှိ သစ်ပင်ကြီးတစ်ပင်၏ထိပ်က ပေါက်ကွဲသံများကြားတွင် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အေးစက်စက်နှင့်လူတစ်ဦးသည် အမှောင်ထုနှင့် ပေါင်းစည်းသွားသကဲ့သို့ လျှပ်တစ်ပြက်အတွင်း ခုန်ထွက်သွားသည်။ နောက်တစ်စက္ကန့်တွင် သူရပ်နေသော သစ်ပင်ထိပ်ဖျားရှိနေရာကို မြားတစ်စင်း ထိုးဖောက်ခံလိုက်ရပြီး တုတ်ခဲလှသော အကိုင်းအခက်များသည် အက်ကွဲကျိုးပဲ့သွားခဲ့သည်။ အနှီလူသည် သူ၏စွမ်းအားကို ဆက်လက်ထိန်းသိမ်းထားကာ အမှောင်ထဲသို့ ပျောက်ကွယ်သွားပြန်သည်။
အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော အေးစက်စက်နှင့် ထိုလူက သဘာဝအတိုင်း 'ဝိညာဉ်လိုက်မြား' ရှောင်ပေါလီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် အံ့အားသင့်ပြီး ဒေါသထွက်ကာ မီတာရာပေါင်းများစွာအကွာရှိ သူပုန်စခန်းကို ကြည့်လိုက်သည်။ "ဒီလူတွေထဲမှာ မြားပစ်ကျွမ်းကျင်သူတွေ ရှိတာလား"
ရှောင်ပေါလီသည် ငွေရောင်ချပ်ဝတ်တန်ဆာဝတ်ဆင်ထားပြီး မျက်နှာက မထင်မရှားနှင့် ငွေနက်ရောင်လေးကိုင်ဆောင်ထားသော လူတစ်ယောက် သူပုန်စခန်း၏အစွန်အဖျားတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမြားသည် သူ့ထံမှ ရောက်လာခြင်းဖြစ်သည်။
"ငါ့ရှေ့မှာ မြားလာပစ်ကစားနေတယ်ပေါ့။ သေလိုက်တော့"
သူ့ရဲ့ မြားပစ်စွမ်းရည်အပေါ် ဂုဏ်ယူဝင့်ကြွားနေသည့် ရှောင်ပေါလီရဲ့ မျက်နှာဟာ အေးစက်သွားခဲ့သည်။ တခြားတစ်ယောက်က ရန်စလာတာကို သူဘယ်လိုလုပ်သည်းခံနိုင်မည်နည်။
"ဝိညာဉ်လိုက်မြား။ မရပ်မနားလိုက်ခြင်း။"
ရှောင်ပေါလီဟာ သူ့ရဲ့လေးကို ချက်ချင်းဆွဲပြီး မြားကို တေ့လိုက်သည်။ လေးကြိုးကလည်း အနက်ရောင်ဖြစ်သည့် မည်းနက်နေတဲ့ လေးကြီးကို ကိုင်ကာ အဆက်မပြတ် ပစ်ခတ်လိုက်သည်။ သူ့ခြေထောက်တွေက မလှုပ်ရှားပေမယ့် မြားသုံးချောင်းက အသက်ရှိနေသလို လေထဲမှာ ကွေးညွှတ်ကာ စူးချန်ခုန်းဆီကို ဦးတည်ချက်သုံးခုကနေ ဆုံလျက် မရပ်မနား ပြေးလာတဲ့ ဝိညာဉ်တွေလို သူ့ရဲ့ အရောင်အဝါဆီကို အာရုံခံ၍ ရောက်လာကြသည်။
"ကောင်းလိုက်တဲ့မြားပစ်စွမ်းရည်။ ငါ့လောက် အစွမ်းမထက်ပေမယ့် ကွဲထွက်လာတဲ့ ပုံစံက တကယ်ကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဖန်တီးထားတာပဲ။"
ငွေရောင်သံချပ်ကာဝတ်ထားတဲ့လူက စူးချန်ခုန်းပင်ဖြစ်သည်။ 'ဝိညာဉ်လိုက်မြား' က ပြန်လှုပ်ရှားလာတာကို မြင်တော့ သူလည်း အချိန်ဆွဲမနေခဲ့ပါ။ ရှောင်ပေါလီကို ခြိမ်းခြောက်ဖို့ မြားတစ်ချောင်း ပစ်ပြီးနောက် သူ့ပြိုင်ဘက်ရဲ့ ထူးချွန်ပြောင်မြောက်လှတဲ့ မြားပစ်စွမ်းရည်ကို မြင်လိုက်ရတော့ စူးချန်ခုန်း စိတ်လှုပ်ရှားသွားခဲ့သည်။
လွန်ခဲ့တဲ့ ခြောက်လလောက်က ရှောင်ပေါလီဟာ သူ့ရဲ့မြားပစ်စွမ်းရည်ထက် မနိမ့်ကျသည့် စွမ်းရည်ဖြင့် စူးချန်ခုန်းတို့ဆီကို ချောင်းမြောင်း ပစ်ခတ်ခဲ့သည်။ သူသည်လည်း သူနှင့် ယှဉ်ပြိုင်ချင်နေခဲ့ပြီး အခုတော့ အခွင့်အရေး ရောက်လာလေပြီ။
“လေမိုးကြိုးချိတ်ဆက် ပုတီးစေ့မြား”
ကွဲပြားတဲ့ ဦးတည်ရာတွေကနေ ရောက်လာတဲ့ ခရုပတ်မြားသုံးစင်းနဲ့ ရင်ဆိုင်ရတဲ့အခါ စူးချန်ခုန်းဟာ သတိထားနေခဲ့သည်။ သူ့ရဲ့ ဘယ်ဘက်လက်မှာ ကြယ်ပုံစံရွှေနဲ့ အဓိကပြုလုပ်ထားတဲ့ လေးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။ ညာဘက်လက်ကနေ သူ့ကျောပေါ်က မြားတွေကို လျင်မြန်စွာ ဆွဲထုတ်ပြီး ကြိုး၌တေ့ကာ လေးကြိုးကို မြန်မြန်ဆွဲလိုက်သည်။ မြားသုံးစင်းဟာ လေနဲ့မိုးကြိုးတို့ရဲ့ ပေါင်းစပ်စွမ်းအား မြားသုံးစင်းနဲ့ တွေ့ဆုံသွားခဲ့သည်။
“ဂျိမ်း ဂျိမ်း ဂျိမ်း”
သူပုန်စခန်းရဲ့ အပေါ်မှာ မိုးကြိုးပစ်သံ သုံးချက် ပဲ့တင်ထပ်ပြီး မြားခြောက်စင်း တိုက်မိကာ လေထဲမှာ မီးတောက်တွေ ဖြာကနဲ ကျလာလေ၏။
ခရုပတ်ခေါင်းပါတဲ့ မြားသုံးစင်းစလုံး ကွဲသွားပြီး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။
မြားမြားချင်းဆုံတွေ့ခြင်းဖြစ်သည်။
“ဆည်းဆာလွင်ပြင်က ချင်ဝူဖန်းပဲ။ သူ့ရဲ့ မြားပစ်စွမ်းရည်က ဒီလောက်တောင် ထူးချွန်တာလား။”
တာ့ဖုန်းသံမဏိမြင်းတပ်မှ အခြားကျွမ်းကျင်သူများသည် တိုက်ခိုက်နေရင်း အေးစက်သောမြားများကို သတိထားကာကွယ်နေကြပြီး ငွေရောင်သံချပ်ကာဝတ်ထားသောလူက ရှောင်ပေါလီ၏ သေစေနိုင်သောမြားများကို တန်ပြန်တိုက်ခိုက်နေသည်ကို မြင်လိုက်ရတော့ အံ့အားသင့်ကာ ဝမ်းသာသွားကြသည်။
သူတို့သိထားသလောက်တော့ 'ချင်ဝူဖန်း' သည် ဟုန်ကျန်းရှန့်၏ပြောကြားချက်အရ ဆည်းဆာလွင်ပြင်မှလာသော ကျွမ်းကျင်ပညာရှင် အသစ်တစ်ဦးဖြစ်သည်။ သို့သော် သူ၏ကျွမ်းကျင်မှုအတိုင်းအတာကို သူတို့မသိကြပါ။ ယခု သူတို့သည် သူ၏မြားပစ်စွမ်းရည်ကို မြင်တွေ့ခဲ့ရပြီး 'ဝိညာဉ်လိုက်မြား' ရှောင်ပေါလီထက် မနိမ့်ကျဟုထင်ရသည်။
"ဟမ်..ညီလေးစူးရဲ့ မြားပစ်စွမ်းရည်က ဒီလောက်တောင် ထူးချွန်တာလား။ ဧကန္တ... ချန်မျိုးရိုးညီအစ်ကိုတွေကို သူရှင်းခဲ့တာများလား။"
အားလုံးထဲတွင် အံ့အားအသင့်ဆုံးမှာ ဟုန်ကျန်းရှန့်ဖြစ်သည်။
စူးချန်ခုန်းသည် မုကျင်နှင့် ချိုင်ကျန့်တို့လို ကျွမ်းကျင်သူများကို သတ်ပစ်နိုင်ခဲ့ပြီး အလွန်အမင်း စွမ်းအားကြီးကြောင်း သူသိသော်လည်း သူ၏မှတ်ဉာဏ်တွင် စူးချန်ခုန်း၏အားသာချက်မှာ သူ၏ဓားနည်းစနစ်သာဖြစ်သည်။
သို့ပေမယ့် အခုတော့ စူးချန်ခုန်းဟာ တာ့ဖုန်းသံမဏိမြင်းတပ်တစ်ခုလုံးမှာ ဒုတိယလူတောင် ယှဉ်လို့မရတဲ့ မြားပစ်စွမ်းရည်ကို ပြသလိုက်လေပြီ။
ထို့နောက် ဟုန်ကျန်းရှန့်လည်း တာ့ဖုန်းပြည်နယ်မြို့တော်ကို လှုပ်ခတ်စေခဲ့တဲ့ အံ့ဩဖွယ်ရာ ဖြစ်ရပ်တစ်ခုကို မှတ်မိသွားခဲ့သည်။
တာ့ဖုန်းသံမဏိမြင်းတပ်ရဲ့ အကြီးအကဲနှစ်ယောက်ဟာ ပွဲတော်တစ်ခုအတွင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပညာရှင်တစ်ယောက်ဆီကနေ ပစ်သတ်ခံခဲ့ရသည်။ အဲဒီလျှို့ဝှက်ဆန်းကြယ်တဲ့ပညာရှင်ဟာ မြားပစ်ရာမှာ ကျွမ်းကျင်ပေမယ့် သူ့ရဲ့သရုပ်မှန်ကို မသိခဲ့ရဘဲ နောက်ဆုံးမှာ ဒီကိစ္စကို မဖြေရှင်းနိုင်ခဲ့ကြပါ။